← Chapters

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားထံမှ လက်ဆောင်

Vol. 88 Ch. 1353

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားထံမှ လက်ဆောင်

Vol. 88 Ch. 1353

မိုးရေထဲတွင် ရွှီချင်းက အရှေ့ဆုံးမှ လျှောက်နေသည်။ ဖန်းရှီရွှမ်းက အလယ်မှာရှိပြီး အားညိုက သူ့အနောက်မှာ ရှိသည်။

ယင်းက ဖန်းရှီရွှမ်းကို ပိုပြီးစိုးရိမ်ကြောင့်ကြစေသည်။ သူ့ကို စိုးရိမ်ကြောင့်ကြစေသည့် အကြောင်းအရင်းမှာ ဤအခိုက်အတန့်မှာ သူက လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းမှာ ရှိနေပြီး မည်သည့်အကူအညီမှ မရရှိနိုင်သောကြောင့် ဖြစ်သည်။

ရွှီချင်းတို့အုပ်စုထွက်သွားပြီးနောက် စတုတ္ထမင်းသား၏ ပွဲအခမ်းအနားသည် လုံးဝ တိတ်ဆိတ်သွားသည်။

လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

ထိုတိတ်ဆိတ်မှုအောက်မှာ မုန်တိုင်းက ဖြစ်ပေါ်လာသည်။

ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် ချောက်ချားခြင်း အစရှိသော စိတ်ခံစားချက်များက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

မီးလျှံလဆီသို့ ရွှီချင်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး သူတို့က ရလဒ်ကိုသာ သိကြသည်။ ရွှီချင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ မဟာရွှမ်ထျန်းစစ်သူကြီး မည်သို့မည်ပုံဖြစ်လာကြောင်း အသေးစိတ် သူတို့မသိကြပေ။

ထို့အတူ မီးလျှံလ၏ မဟာကောင်းကင်အရွေးချယ်ခံများနှင့် ရွှီချင်းကြားမှ ပဋိပက္ခများကို သူတို့က အသေးစိတ် မသိကြပေ။

သို့သော်လည်း သူတို့က သဲလွန်စများမှတဆင့် ခန့်မှန်းမှုတချို့ကို ပြုလုပ်နိုင်ကြသည်။

မည်သို့ဖြစ်ပါစေ နောက်ဆုံးမှာ ရွှီချင်းက မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်လာပြီး ရွှမ်မီးလျှံကို အနိုင်ယူခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း သဲလွန်စများက သဲလွန်စများသာ ဖြစ်သည်။ ဖန်းရှီရွှမ်းက မည်သည့်အတွေ့အကြုံကို တွေ့ကြုံခဲ့သောကြောင့် ရွှီချင်းကို မြင်လိုက်သည်နှင့် ထိုမျှကြောက်လန့်သွားရကြောင်း သူတို့စိတ်ကူးမကြည့်နိုင်ပေ။

တစ်ခုသိထားရမည်မှာ ဖန်းရှီရွှမ်းသည် ဝိညာဉ်စုစည်းခြင်းအဆင့် ဖြစ်သည်။

ထို့ပြင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံတစ်ဦး ဖြစ်သည်။

သူက နန်းမြို့တော်သို့ ရောက်လာပြီးနောက် တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ ထိုကိစ္စက စဉ်းစားစရာကောင်းသော်လည်း သိပ်မထူးဆန်းချေ။ သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ မကြာသေးခင်ကမှ အဆင့်တတ်ခဲ့လေရာ ကျင့်ကြံခြင်းအခြေခိုင်အောင် ပြုလုပ်ရန် တံခါးပိတ်ကျင့်ကြံသင့်သည်။ ယင်းက သူ့အတွက် ပုံမှန်ကိစ္စသာ ဖြစ်သည်။

မည်သို့ဖြစ်ပါစေ သူက ညှိနှိုင်းဆွေးနွေးခြင်းတွင် ပါဝင်စရာမလိုပေ။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေဖြင့် သူက သဘောတူညီမှုကို သက်သေပြုပေးရုံဖြင့် လုံလောက်သည်။

အစောနက တစ်စုံတစ်ယောက်က ရွှီချင်း၏ နာမည်ကို ပြောကြားခဲ့ပြီး သူက ချက်ချင်း တားဆီးခဲ့သော်လည်း ယင်းက သူ၏ စိတ်မပျော်ရွှင်မှုကိုသာ ဖော်ပြနိုင်ပေသည်။

အတွင်းဇာတ်လမ်းကို နားမလည်သူများသည် ဖန်းရှီရွှမ်းနှင့် ရွှီချင်းကြားမှာ ပဋိပက္ခတစ်ခုရှိရမည်ဟု ချက်ချင်း တွေးမိကြလိမ့်မည်။

သို့သော်လည်း ယခု လူတိုင်းက အဖြေကို ရရှိသွားကြသည်။

နန်းမြို့တော်သို့ ရောက်လာပြီးနောက် ဖန်းရှီရွှမ်းက တံခါးပိတ်ကျင့်ကြံခြင်းကို ဝင်ရောက်သွားခြင်းမှာ ရွှီချင်းကို ရှောင်တမ်းချင်သောကြောင့် ဖြစ်သည်။

တစ်စုံတစ်ယောက်က ရွှီချင်းနာမည်အား ပြောကြားခြင်းကို ချက်ချင်း သူတားဆီးခဲ့ခြင်းမှာ အမှန်တကယ်ပင် စိတ်မပျော်ရွှင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့ကြားမှာ ပဋိပက္ခတစ်ခုရှိကြောင်း ထင်ရှားသည်။ သို့သော်လည်း ထိုအမှန်တရားအောက်တွင် သတိထားမှုလည်း ပါရှိသည်။ သူက ရွှီချင်းအထင်လွဲမည်ကို စိုးရိမ်သည်။

ခန်းမထဲမှ လူများက ထိုအကြောင်းကို စဉ်းစားမိသွားသောအခါ သူတို့၏ စိတ်က ပိုပြီးတုန်လှုပ်သွားသည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ရွှီချင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ ”

လူတိုင်းက ထိတ်လန့်ချောက်ချားသွားကြသည်။

တတိယမင်းသမီးသည် မိန်းမောတွေဝေသွားသည်။ ရွှီချင်းနှင့် သူတွေ့ဆုံခဲ့သော မြင်ကွင်းကို ပြန်မစဉ်းစားမိဘဲ မနေနိုင်ပေ။

အစတွင် သူတို့က သန့်စင်ရေလှိုင်းဒေသကြီးထဲမှ သတ္တမမင်းသား၏ ပွဲအခမ်းအနားမှာ တွေ့ဆုံခဲ့ကြသည်။ နောက်တစ်ကြိမ် သူတို့ပြန်တွေ့ဆုံသည့်အခါ ရွှီချင်းက သန့်စင်ရေလှိုင်းဒေသကြီး၏ ဒေသအရှင်သခင် ဖြစ်လာခဲ့သည်။ ထို့နောက် သူတို့က မဟာနန်းမြို့တော်ဒေသကြီးဆီသို့ အတူတူ ဝင်ရောက်ခဲ့ကြသည်။

ထို့ပြင် သူက မဟာဧကရာဇ်ကို နိုးထစေခဲ့ပြီး မူကွဲအင်မော်တယ်ကျောင်းတော်ကို အထွတ်အထိပ်ဆီသို့ ပြန်လည်ဦးဆောင်ပေးခဲ့သည်။ သူက တာအိုဆွေးနွေးပွဲမှာ သတ္တမမင်းသားကို သတ်ဖြတ်ခဲ့ပြီး နန်းမြို့တော်ထဲမှ လူတိုင်းကို ထိတ်လန့်ချောက်ချားသွားစေခဲ့သည်။

ယင်းက ရွှီချင်း၏ အထွတ်အထိပ် အောင်မြင်မှုဖြစ်မည်ဟု အစက သူထင်မှတ်ခဲ့သည်။

သို့သော်လည်း မီးလျှံလဆီသို့ ခရီးထွက်ပြီးနောက် တစ်ဖက်လူသည် မဟာရွှမ်ထျန်းစစ်သူကြီး ဖြစ်လာခဲ့သည်။ သူက ဘုရင်ကျန်းကန်ဘွဲ့ကို လူသားဧကရာဇ်ထံမှ ချီးမြှောက်ခံခဲ့ရပြီး တော်ဝင်မင်းသားများ၏ ပညာရှိအမတ်အဖြစ်လည်း ရာထူးခန့်အပ်ခံခဲ့ရသည်။

ထိုအရာအားလုံးက တစ်ဖက်လူက သူနှင့် တဖြည်းဖြည်း ဝေးကွာလာကြောင်း သူ့အား ခံစားမိစေသည်။

ထို့ပြင် ယနေ့ သူက ရွှီချင်းဟာ မည်မျှကြောက်စရာကောင်းကြောင်း တိုက်ရိုက် မြင်တွေ့ခဲ့သည်။ ဖန်းရှီရွှမ်းသည် အဆင့်အတန်းမြင့်မားပြီး မောက်မာထောင်လွှားသည်။ သူက သူတို့ကဲ့သို့ မင်းသားမင်းသမီးများကိုပင် အလေးမထားပေ။ သို့သော်လည်း ရွှီချင်း၏ အရှေ့တွင် သူက ခေါင်းမမော့ဝံ့ချေ။

ယင်းကို ကြည့်ခြင်းအားဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ ရွှီချင်း၏ ဂုဏ်အရှိန်အဝါက မည်မျှကြီးမားကြောင်း သူစိတ်ကူးကြည့်နိုင်သည်။

တတိယမင်းသမီး၏ ဘေးမှ စတုတ္ထမင်းသား၏ အမူအရာသည် ယခင်ကဲ့သို့ တည်ငြိမ်မနေတော့ပေ။ သို့သော်လည်း ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

‘ တစ်ယောက်ယောက်က ငါ့ကို အသုံးချပြီး ဖန်းရှီရွှမ်းကို အပြင်ခေါ်ထုတ်ချင်တယ်… ဒါပေမဲ့ ဆရာက အဲ့ဒါကို ကြိုမြင်ထားပြီးသား… ဆရာက ငါ့ကို အတူလိုက်ကစားပေးဖို့ ပြောခဲ့တယ်… ဒါဆို အခု ရွှီချင်းရောက်လာပြီဆိုတော့… သူတို့နှစ်ယောက်က အတူတူ သေဆုံးတော့မှာလား ’

ထိုသို့တွေးမိသောအခါ စတုတ္ထမင်းသားက အရှုံးအမြတ်ကို ချက်ချင်း ဆင်ခြင်သုံးသပ်လိုက်သည်။

ခန်းမထဲမှ လူများထဲမှာ အမျိုးသမီးတစ်ယောက်သည်လည်း ဤအခိုက်အတန့်မှာ တုန်လှုပ်သွားသည်။ သူက ခန်းမ၏ အပြင်ဘက်သို့ ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက တောက်ပသွားသည်။

ထိုအမျိုးသမီးသည် နာမည်ကျော် ကုချင်းပညာရှင်ဆုယွဲ့မှလွဲ၍ တခြားမဟုတ်ပေ။

‘ သူက အဲ့ဒီလူရဲ့ ညီလေးပဲ… ’

ရွှီချင်းသည် ခန်းမထဲမှ အဖြစ်အပျက်များကို မသိပေ။ မကြာမီ သူတို့သုံးယောက်က အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ဆီသို့ ရောက်ရှိသွားကြသည်။

စံအိမ်ထဲတွင် ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက မျက်နှာသုန်မှုန်နေသော ဖန်းရှီရွှမ်းကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည်တော့ ပြုံးလိုက်သည်။

“ အကိုဖန်း… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ မင်းကို ငါတွေ့လိုက်တော့ မင်းက ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဆိုတာ ငါသိလိုက်တယ်… မင်းရဲ့ ရုပ်သေးအတတ်ပညာက အထွတ်အထိပ်ကို ရောက်နေပြီ ”

“ မင်းငါ့ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်တယ်… ဘာလို့လဲဆိုတော့ ငါစိတ်ပျက်သွားရင် ငါ့ဂျူနီယာညီလေးလည်း စိတ်ပျက်သွားလိမ့်မယ်… တကယ်လို့ ငါတို့နှစ်ယောက်စလုံး စိတ်ပျက်သွားရင်တော့… အဲ့ဒီအခါကျရင် မင်းလည်း စိတ်ပျက်သွားလိမ့်မယ် ”

ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး ဖန်းရှီရွှမ်းကို စကားပြောခွင့်မပေးချေ။ သူက လက်မြှောက်လိုက်လေရာ သူ၏ ရုပ်သေးရုပ်က ဖန်းရှီရွှမ်း၏ အရှေ့သို့ ကျရောက်သွားသည်။

“ အကိုဖန်း… ကျေးဇူးပြုပြီးတော့ ဒီရုပ်သေးရုပ်ကို ပြုပြင်ပေးပါ… အဲ့ဒါရဲ့ တိုက်ပွဲစွမ်းအားကတော့… မူလအဆင့်ကို ရောက်ရှိရမယ် ”

ခေါင်းဆောင်က နှုတ်ခမ်းသပ်လိုက်သည်။

ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေသည်။

ဖန်းရှီရွှမ်းသည် စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ သို့သော်လည်း အပြင်ပန်းတွင်တော့ သူက မကျေနပ်ကြောင်း မဖော်ပြဝံ့ချေ။ သို့သော်လည်း နောက်ဆုံးမှာ သူက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ တစ်ဖက်လူက တကယ်အကူအညီတောင်းရန် ရောက်လာခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။ သူတို့မှာ တခြားရည်ရွယ်ချက်မရှိပေ။

အကယ်၍ တခြားလူများက သူ့ကို အကူအညီတောင်းမည်ဆိုလျှင် သူက ကိန်းကြီးခန်းကြီးပုံစံဖြင့် ဈေးတောင်းလိမ့်မည်။ သို့သော်လည်း ယခုတော့ ဖန်းရှီရွှမ်းသည် အလုပ်ကို မြန်မြန်အဆုံးသတ်ပြီး ဤနေရာမှ ထွက်သွားချင်နေသည်။

ထို့ကြောင့် သူက မည်သည့်စကားမှ မပြောပေ။ သူ၏ အကြည့်က ရုပ်သေးရုပ်ပေါ်သို့ ကျရောက်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ရုပ်သေးရုပ်က အပိုင်းအစအများကြီးသို့ ပြန်ပြောင်းလဲသွားသည်။

ဖန်းရှီရွှမ်းသည် လက်ဝှေ့ယမ်းလိုက်ပြီး ရုပ်သေးအပိုင်းအစတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်တည်ငြိမ်အောင် ထားလိုက်ကာ ရုပ်သေးအပိုင်းအစကို စူးစမ်းစစ်ဆေးလိုက်သည်။

ယင်းကို လေ့လာနေရင်း သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ အဲ့ဒါက နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့တဲ့ ရှေးဟောင်းသတ္ထုပစ္စည်းတစ်ခုပဲ ”

“ အဲ့ဒီထဲမှာ အလောင်းကောင်စွမ်းအင် ကိန်းအောင်းနေတယ်… ဒီရုပ်သေးရုပ်ကို သန့်စင်ထားတဲ့ အတတ်ပညာက ရှေးဘုရင်ရွှမ်ယုံခေတ်က လျောင်ရွှမ်းမျိုးနွယ်ရဲ့ နာမည်ကျော် ရုပ်သေးသန့်စင်ခြင်းအတတ်ပညာပဲ ”

“ လျောင်ရွှမ်းမျိုးနွယ်ရဲ့ ရုပ်သေးရုပ်တွေထဲမှာ ယဇ်ပူဇော်မှုတွေ ပါဝင်လေ့ရှိတယ်… သူတို့က သက်ရှိတွေရဲ့ သွေးတွေကို ရုပ်သေးရုပ်အတွက် အာဟာရဓာတ်အဖြစ် အသုံးပြုတယ်… မရီဒျန်တွေက ဆက်သွယ်ချက်ဖြစ်ပြီး အသွေးအသားတွေနဲ့ အရိုးတွေက သတ္ထုပစ္စည်းတွေ ဖြစ်တယ်… အဲ့ဒါကို တခြားသတ္ထုပစ္စည်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အသွေးအသားရုပ်သေးရုပ်တွေ ဖြစ်ပေါ်လာလိမ့်မယ် ”

ဖန်းရှီရွှမ်းက ထူးချွန်သော ရုပ်သေးပညာရှင်တစ်ဦး ဖြစ်သည်။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ရုပ်သေးရုပ်၏ ဇစ်မြစ်ကို ချက်ချင်း ပြောနိုင်သည်။

အားညို၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ချီးကျူးလေးစားသော အကြည့်ဖြင့် ဖန်းရှီရွှမ်းကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ အံ့ဩစရာပဲ ”

ယင်းကို ရွှီချင်းမြင်သောအခါ သူ၏ မျက်လုံးထဲတွင် ချီးကျူးသော အရိပ်အယောင် ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်၏ ချီးကျူးမှုကို ရရှိပြီးနောက် ဖန်းရှီရွှမ်းသည် အပြင်ပန်းတွင် ယင်းကို ဂရုမစိုက်သည့်ပုံပေါ်သည်။ သို့သော်လည်း သူက စိတ်ထဲမှာတော့ ဂုဏ်ယူဝင့်ကြွားမှုကို ခံစားမိသွားသည်။

အားညိုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ အကိုဖန်းက တကယ်ပဲ ထူးချွန်ပါပေတယ်… ကြည့်ရတာ အကိုဖန်းက ဒီရုပ်သေးရုပ်ကို မူလအဆင့်ထက် ကျော်လွန်သွားအောင် ပြုပြင်ပေးနိုင်တဲ့ပုံပဲ ”

ယင်းကို ဖန်းရှီရွှမ်းကြားသောအခါ သူက တည်ငြိမ်စွာ ပြောသည်။

“ အဲ့လိုလုပ်ဖို့က နည်းနည်း ခက်ခဲတယ်ဆိုပေမဲ့ ပစ္စည်းအလုံအလောက်ရှိမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ် ”

အားညိုက ပြုံးလိုက်သည်။

“ ဒါပေမဲ့ ငါတို့မှာ ဒီပစ္စည်းတွေပဲ ရှိတယ်… အကိုဖန်းရဲ့ စွမ်းရည်နဲ့ဆိုရင် မင်းက ရုပ်သေးရုပ် ခုနစ်ခုရှစ်ခုလောက် ဖန်တီးနိုင်မှာပါ… ထားလိုက်ပါ… ငါက ရုပ်သေးရုပ်ငါးခုပဲ လိုချင်တယ်… ကျန်တဲ့ ရုပ်သေးရုပ်တွေကိုတော့ အကိုဖန်းကို အဖိုးအခအဖြစ် ပေးပါ့မယ် ”

ဖန်းရှီရွှမ်းသည် စိတ်ထဲမှာ မကျိန်ဆဲဘဲ မနေနိုင်ပေ။ သူ၏ နှလုံးသားထဲမှ မကျေနပ်မှုက ပိုပြီးပြင်းထန်လာသည်။ ထိုနှစ်ကောင်က သူ့ကို ရုပ်သေးရုပ် အလကားပြင်ခိုင်းရုံသာမက သတ္ထုပစ္စည်းများကိုပင် သူ့အား အိတ်စိုက်ခိုင်းချင်သေးသည်။

‘ ဒါတော့ အရမ်းလွန်သွားပြီ ’

“ ဒီပစ္စည်းတွေက ရုပ်သေးရုပ်တစ်ခုအတွက်တောင် မလုံလောက်ဘူး… မင်းတို့ဆီမှာ အကြွင်းမဲ့မြေသလင်းကျောက်နဲ့ ကြက်သွေးရောင်ဝိညာဉ်သံမဏိတွေ မရှိဘူးလား ”

ဖန်းရှီရွှမ်း၏ စကားကို ကြားသောအခါ အားညိုက စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

ရွှီချင်း၏ အမူအရာသည်လည်း မည်းမှောင်သွားသည်။

ဖန်းရှီရွှမ်းသည် အံတင်းတင်းကြိတ်လိုက်ပြီး အားညိုကို ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်းထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ အခုကစပြီး ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိတော့ဘူးလို့ ငါ့ကို ကတိပေးရမယ် ”

ဖန်းရှီရွှမ်း၏ တောင်းဆိုမှုကို ကြားသောအခါ အားညိုက ပြုံးလိုက်ပြီး သဘောတူလိုက်သည်။

ရွှီချင်းသည် တစ်ခဏကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

ဖန်းရှီရွှမ်းသည် အံတင်းတင်းကြိတ်လိုက်ပြီး အရေအတွက်များပြားသော သတ္ထုပစ္စည်းများကို ထုတ်လိုက်သည်။ သူက ရွှီချင်းနှင့် အားညို၏ အရှေ့မှာ ရုပ်သေးရုပ်ကို စတင်ပြုပြင်လိုက်သည်။

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး လဝက်ကုန်ဆုံးသွားသည်။

ထိုလဝက်အတွင်းမှာ ဖန်းရှီရွှမ်းသည် သူ၏ ထူးချွန်သော ရုပ်သေးအတတ်ပညာကို ထုတ်ဖော်ပြခဲ့သည်။ သူက ရွှီချင်းနှင့် အားညို၏ စောင့်ကြည့်မှုအောက်မှာ ရုပ်သေးအားလုံးကို ပြန်ပြုပြင်ပေးခဲ့သည်။ သို့ဖြစ်၍ ရုပ်သေးရုပ်များ၏ စိတ်ဝိညာဉ်များက ပြန်နိုးထလာကြသည်။

ထိုအတောအတွင်းမှာ သူက သတ္ထုပစ္စည်းအများကြီးကို အသုံးပြုခဲ့သည်။

ရွှီချင်းက မည်သည့်စကားမှ မပြောသော်လည်း ခေါင်းဆောင်က မကြာခဏ အားပေးချီးကျူးခဲ့သည်။

ဖန်းရှီရွှမ်းက စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း သူက သတိမမူဘဲ သတ္ထုပစ္စည်းအများအပြားကို အသုံးပြုမိသွားသည်။

အဆုံးမှာ ယခင်က သူသတ်ခဲ့သော သားရဲများ၏ အသွေးအသားများနှင့် ဝိညာဉ်များကိုပင် ထုတ်သုံးလိုက်သည်။

ယင်းတို့၏ ပေါင်းစပ်မှုအောက်မှာ ရုပ်သေးရုပ်များ၏ အစိတ်အပိုင်းများသည် စိတ်ဝိညာဉ်များဖြင့် ပြည့်နှက်လာကြသည်။

နောက်ဆုံးနေ့တွင် သူက ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်လေရာ အနက်ရောင်စစ်ချပ်ဝတ်ဖြင့် ရုပ်သေးရုပ်နှစ်ခုက သူတို့သုံးယောက်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ထိုရုပ်သေးရုပ်နှစ်ခုသည် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ ထွက်ပေါ်နေသည်။ ၎င်းတို့သည် လှိုဏ်ခေါင်းထဲမှာ ရွှီချင်းတို့တွေ့ဆုံခဲ့သော ရုပ်သေးရုပ်များထက် ပိုပြီးသန်မာကြသည်။

“ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်က မဟာလောကတစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်နဲ့ နှိုင်းယှဉ်နိုင်တယ် ”

ခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွားသည်။

တစ်ခုသိထားရမည်မှာ လူသားမျိုးနွယ်တစ်ခုလုံးတွင် ထိုသို့ရုပ်သေးမျိုးရှိသည်ဟု တစ်ခါမှ သူတို့မကြားဖူးကြချေ။ အားညို၏ ယခင်ဘဝများမှ မှတ်ဉာဏ်များထဲမှာပင် ထိုသို့ရုပ်သေးရုပ်သည် အလွန်ရှားပါးသည်။

“ ဒီလိုရုပ်သေးရုပ်ကို ငါဘဝမှာ ပထမဆုံး တွေ့ကြုံဖူးပြီး ဒီအဆင့်ထိရောက်အောင် ပထမဆုံးအကြိမ် သန့်စင်ဖူးတာပဲ ”

ဖန်းရှီရွှမ်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အရှေ့မှ ရုပ်သေးရုပ်များကို ကြည့်လိုက်သည်။ ပြင်းထန်သော လောဘရမ္မက်က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ရုပ်သေးပညာရှင်တစ်ယောက်အနေဖြင့် သူ့အရှေ့မှ ထိုရုပ်သေးရုပ်များက မည်မျှတန်ဖိုးကြီးမားကြောင်း တခြားလူများထက် ပိုပြီး သူနားလည်သည်။

‘ ဒီနှစ်ကောင်က ငါ့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ စိတ်မကောင်းစရာပဲ… ဒါကြောင့် အဲ့ဒါကို ငါမစမ်းသပ်ကြည့်နိုင်ဘူး… ’

“ ရုပ်သေးရုပ်နှစ်ခုက ဒီအဆင့်ထိ ရောက်လာတာ ငါ့ရဲ့ သတ္ထုပစ္စည်းတွေကြောင့်ဆိုပေမဲ့ အဓိကအကြောင်းအရင်းကတော့ ရုပ်သေးရုပ်ရဲ့ မူလပစ္စည်းတွေကြောင့်ပဲ ”

“ ဒီရုပ်သေးရုပ်ကို သန့်စင်ခဲ့တဲ့လူက အဆင့်မြင့် ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ဦးဖြစ်ရမယ်… အဲ့ဒီလူက အုပ်ချုပ်သူအဆင့်တောင် ဖြစ်နိုင်တယ်… ဒါကြောင့် သူက ဝိညာဉ်စုစည်းခြင်းအဆင့် ရုပ်သေးရုပ်တွေကို ဖန်တီးနိုင်တာပဲ ”

“ ရုပ်သေးရုပ်ရဲ့ မူလပစ္စည်းတွေ ထပ်မရှိတော့ဘူးဆိုရင် တတိယရုပ်သေးရုပ်ကို ဖန်တီးဖို့ အရမ်းခက်ခဲလိမ့်မယ် ”

ဖန်းရှီရွှမ်းက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက သူ့နှလုံးသားထဲမှ လောဘရမ္မက်ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ ရွှီချင်းနှင့် အားညိုကို ကြည့်လိုက်သည်။

“ အခု ငါသွားနိုင်ပြီလား ”

အားညိုက အမြန်မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ချီးကျူးလိုက်သည်။ ရွှီချင်းသည်လည်း ပြုံးလိုက်သည်။

“ တာအိုရောင်းရင်းဖန်းက တကယ်ပဲ ထူးချွန်ပါပေတယ် ”

ဖန်းရှီရွှမ်းက အမူအရာကင်းမဲ့စွာ ရှိနေသော်လည်း ရွှီချင်းနှင့် အားညို၏ ချီးကျူးမှုကို ကြားသောအခါ စိတ်ထဲမှာ ဘဝင်မြင့်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ဝမ်းနည်းသွားသည်။ သူက ဤတစ်လအတွင်းမှာ စိတ်ခံစားချက်မျိုးစုံကို ခံစားခဲ့ရသည်။

ဤအခိုက်အတန့်မှာ သူက ဤနေရာမှ ထွက်သွားချင်နေသည်။ သူက မည်သည့်စကားမှ မပြောဘဲ စံအိမ်ထဲမှ ပျံသန်းထွက်သွားပြီး သူတည်းခိုသော စံအိမ်ဆီသို့ ဦးတည်သွားသည်။

ထိုနေ့မှာပင် ဖန်းရှီရွှမ်းသည် သူ့အား စောင့်ဆိုင်းနေသော မျိုးနွယ်စုနှစ်ခုမှ သံတမန်များနှင့်အတူ နန်းမြို့တော်ထဲမှ ထွက်ခွာသွားသည်။

ရုပ်သေးရုပ်နှစ်ခုကိုတော့ ရွှီချင်းနှင့် အားညိုက တစ်ယောက်တစ်ခုစီ ယူဆောင်လိုက်သည်။ အားညိုသည် စံအိမ်ထဲမှ ဝမ်းသာပျော်ရွှင်စွာ ထွက်ခွာသွားပြီး ရုပ်သေးရုပ်၏ လုပ်နိုင်စွမ်းကို စူးစမ်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူက ဖန်းရှီရွှမ်းကို သူ၏ ရုပ်သေးရုပ်ထဲသို့ ခြေရာခံနိုင်သော စွမ်းရည်တစ်ခု ထည့်သွင်းပေးရန် တောင်းဆိုခဲ့သည်။

“ သက်ကျားအိုကြီး… ငါမင်းကို မတွေ့တွေ့အောင် ရှာမယ် ”

အားညိုသည် ရွှီချင်း၏ စံအိမ်ထဲမှ ထွက်ခွာသွားပြီးနောက် စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်လိုက်သည်။

ထိုသို့ဖြင့် အချိန်က ကုန်ဆုံးသွားသည်။

ရက်ပေါင်းများစွာ ကုန်လွန်သွားပြီးနောက် ဘိုးဘေးကန်တော့ပွဲစတင်ရန် နှစ်ရက်သာ လိုတော့သည်။

အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲမှာ ကျင့်ကြံနေသော ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး စံအိမ်၏ အပြင်သို့ ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က သူ့အား သေတ္တာတစ်လုံး လာပို့သည်။

ထိုလူက သေတ္တာကို ဂိတ်တံခါး၏ အရှေ့မှာ ချလိုက်သည်။

သေတ္တာလာပို့သူသည် ငယ်ရွယ်သော ကောင်လေးတစ်ယောက် ဖြစ်သည်။

“ ငါက ပရောဟိတ်ဆရာရဲ့ အမိန့်ကြောင့် ဒီပစ္စည်းကို လာပို့တာပါ ”

ထိုသို့ပြောပြီးနောက် ကောင်လေးသည် အရိုအသေပေးပြီး ထွက်သွားသည်။

အချိန်အတော်ကြာပြီးနောက် လေတိုက်ခတ်မှုအောက်မှာ သေတ္တာသည် အက်ကွဲသွားပြီး အထဲမှ ပစ္စည်းက ထွက်ပေါ်လာသည်။

ယင်းက အဝတ်ရုပ်တစ်ရုပ် ဖြစ်သည်။

အဝတ်ရုပ်သည် ကျင့်ကြံသူများ၏ ပစ္စည်းမဟုတ်ပေ။ ယင်းက သေမျိုးလောက၏ ပစ္စည်းဖြစ်သည်။

သို့သော်လည်း အဝတ်ရုပ်သည် မရေမတွက်နိုင်အောင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံထားရပြီး အပ်ချည်ဖြင့် ပြန်ချုပ်ခံထားရဟန် ရသည်။

အရုပ်၏ မျက်နှာသည်သော ငိုကြွေးနေပုံပေါ်သည်။

All Chapters