← Chapters

အိမ်တော်ထိန်းလီ၏ ကမ်းလှမ်းချက်

Vol. 5 Ch. 57

အိမ်တော်ထိန်းလီ၏ ကမ်းလှမ်းချက်

Vol. 5 Ch. 57

အိမ်တော်ထိန်းလီမှ ခပ်ပြုံးပြုံးဖြင့် ဖုန့်ချန်းကိုစေ့စေ့စပ်စပ်ကြည့်ရှုနေသည်မှာ တစ်မျိုးတစ်မည် အထက်စီးဆန်သောခံစားချက်ကိုပေးစွမ်း၏။

အိမ်တော်ထိန်းလီမှာ ဖုန့်ချန်းထက်များစွာအားနည်းပါသော်လည်း တော်ဝင်မင်းသားတစ်ပါးနှင့်ပက်သက်ဆက်နွယ်ရသူဖြစ်သည့်အလျောက် အရှိန်အဝါတစ်ခုကတော့ အလိုလိုရှိနေသည်ပင်။

"ဖုန့်မိသားစုခေါင်းဆောင် ခင်ဗျားခုတလောပြီးမြောက်ခဲ့တဲ့အောင်မြင်မှုတွေက အင်း... အနေအထားတစ်ခုထိတော့ အသိအမှတ်ပြုချင်စရာပါပဲ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို တက်လှမ်းသွားတဲ့ကိစ္စနဲ့ အကြီးအကဲကျိုးထျန်းဟွာတို့ရဲ့ဖြစ်ရပ်တွေက အတော်လေးတော့ လူပြောများနေတာပဲနော်"

အိမ်တော်ထိန်းလီသည် ဖုန့်ချန်း၏အောင်မြင်မှုများအကြောင်းပြောနေခြင်းဖြစ်သော်လည်း သိပ်ပြီးအထင်တကြီးရှိလှသည့်ပုံမပေါ်သလို သိပ်လည်းယုံလှသည်မထင်။ သူကဆက်ပြောသည်။

"ပြီးတော့ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်း ခင်ဗျားရဲ့အာဏာကြီးထွားလာမှုက လူအတော်များများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။ ကျုပ်ရဲ့ အရှင်မင်းသားလည်း အပါအဝင်ပေါ့"

ဖုန့်ချန်းကား မျက်နှာအမူအရာပင်ပြောင်းလဲမသွားပေ။

"အကြီးအကဲကျိုးထျန်းဟွာက အသတ်ခံလိုက်ရတဲ့ပုံထောက်ရင် သိပ်အင်အားကြီးလောက်မယ်မထင်ဘူး ဒါပေမယ့် သူကကျိုးမိသားစုဝင်တစ်ဦးဖြစ်နေတုန်းပဲ အကြီးအကဲကျိုးထျန်းဟွာကို သတ်လိုက်နိုင်တယ်ဆိုရင်တောင် ကျိုးမိသားစုတစ်ခုလုံးဆိုရင်ရော ခင်ဗျားတကယ်ပဲခံတိုက်နိုင်ပါ့မလား နောက်ပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတွေဆိုတာကလည်း ရိုက်သတ်မကုန်နိုင်အောင်ပေါများနေတာ ဘာကများထူးခြားနေမတဲ့လဲ"

"ဆက်ပြောပါဦး အိမ်တော်ထိန်းလီက ဖုန့်မိသားစုကိုဂရုစိုက်ဖို့သတိပေးချင်ရုံသက်သက်နဲ့တော့ ဒီအထိလာမှာမဟုတ်လောက်ပါဘူး"

ဖုန့်ချန်း၏ထိုးထွင်းသိမြင်စိတ်ကို အသိအမှတ်ပြုသည့်အနေဖြင့် အိမ်တော်ထိန်းလီမှာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။

"ဟားဟား သေချာတာပေါ့ဗျာ မိုးပြာကောင်းကင်အင်ပါယာရဲ့ တတိယမင်းသားဖြစ်တဲ့ ကျုပ်ရဲ့အရှင်မင်းသားက ဖုန့်မိသားစုရဲ့အလားအလာကိုစိတ်ဝင်စားတော်မူတာကြောင့် ကာကွယ်ပေးမယ်လို့ ကတိကဝတ်ပြုလိုက်ပါတယ်ခင်ဗျာ"

အိမ်တော်ထိန်းလီသည် တတိယမင်းသားမှ ဖုန့်မိသားစုကို အခွင့်ကောင်းကြီးတစ်ရပ်ချပေးလိုက်သည့်နှယ်ပြောလာသည်။

ဖုန့်ချန်း၏မျက်လုံးများကျဥ်းမြောင်းသွားသည်။ ဤလောကတွင် အရာအားလုံးအတွက် ပြန်ပေးဆပ်ရမည့်တန်ကြေးတစ်ခုရှိကိုရှိသည်လေ။

"ဆိုတော့ ဒီကာကွယ်မှုအတွက် တတိယမင်းသားကဘာများပြန်တောင်းဆိုလိုက်သလဲ"

"တတိယမင်းသားမိန့်ကြားလိုက်တာက ဖုန့်မိသားစုသာ သူ့ကိုအရှင်သခင်အဖြစ်မှတ်ယူပြီး သစ္စာစောင့်သိမယ်ဆိုရင် တော်ဝင်မိသားစုရဲ့ကျောထောက်နောက်ခံကို စိတ်ချလက်ချရယူနိုင်မှာဖြစ်သလို အင်အားကြီးမားလာမှုအတွက် နောက်ဆက်တွဲဘေးရန်တွေကိုလည်း ရင်ဆိုင်နေစရာမလိုတော့ပါဘူး ကျိုးမိသားစုတင်မက ဖုန့်မိသားစုအပေါ် မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့သူမှန်သမျှ အမြန်ရှင်းလင်းပေးမှာဖြစ်ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်း ဖုန့်မိသားစုအာဏာဆက်တည်မြဲစေဖို့ ကောင်းကောင်းအာမခံပါတယ်တဲ့ခင်ဗျာ"

အိမ်တော်ထိန်းလီမှ မျက်နှာကိုမော့ချီလျက် ယုံကြည်မှုရှိစွာပြောကြားလာ၏။

တတိယမင်းသားနှင့်ချိတ်ဆက်၍ အရှင်သခင်အဖြစ်သတ်မှတ်ကာ အကာအကွယ်ယူလိုကြသောမိသားစုများစွာရှိလေသည်။

ထို့ကြောင့် ဖုန့်မိသားစုကဲ့သို့ အင်ပါယာအစွန်အဖျားနယ်တွင်ရှိ မိသားစုငယ်လေးသည် ဤသို့သောအခွင့်အရေးကို လုံးဝငြင်းဆန်လိမ့်မည်မဟုတ်။

သို့သော် ဤတစ်ကြိမ်တွင်တော့ အိမ်တော်ထိန်းလီ၏တွက်ချက်မှုမှာ လွဲမှားသွားချေပြီ။

"ကျုပ်ငြင်းပယ်ပါရစေ"

အိမ်တော်ထိန်းလီ၏အဆိုပြုချက်ကို ဖုန့်ချန်းမှာမဆိုင်းမတွပင်ငြင်းပယ်လိုက်တော့သည်။

"ဒါပေါ့ လက်ကိုလက်ခံရမယ့်- ဘာရယ်?"

အိမ်တော်ထိန်းလီမှာ နားကြားမှားသွားသည်အထင်နှင့် ခေတ္တမျှတောင့်တင်းသွားလေသည်။

ဝမ်ရိဖန်လည်း ထိုနည်းတူပင်ကြောင်အသွားပြီး ဖုန့်ချန်းမှားပြောလိုက်မိလေသလားဟုတောင် တွေးလိုက်မိသေးသည်။

တတိယမင်းသား၏အထောက်အပံ့ကိုသာရထားလျှင် ဖုန့်မိသားစုသည် မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်သာမက အခြားမြို့တော်များဆီသို့ပင် အတားအဆီးမရှိ အာဏာဖြန့်ကျက်နိုင်ပေ၏။

ကျိုးမိသားစုသာမက မုန်တိုင်းဝိဉာဥ်နန်းတော်လိုဂိုဏ်းမျိုးသည်ပင် တတိယမင်းသားလက်အောက်မှမိသားစုကိုလာထိဖို့ နှစ်ခါပြန်စဥ်းစားရမည်ပင်။

ဤသို့အခွင့်ကောင်းကို ဖုန့်ချန်းဘာကြောင့်ငြင်းဆန်မှန်း သူစဥ်းစားမရပါချေ။

အိမ်တော်ထိန်းလီသည် တည်ငြိမ်သောပုံရိပ်ကိုပြန်လည်ထိန်းသိမ်းလိုက်ပြီး ဖုန့်ချန်းကိုတစ်ဖန်အကဲခတ်လိုက်သည်။ သူသည်လည်း ဝမ်ရိဖန်းကဲ့သို့ပင် ဤလူစကားပြောများမှားမိလေသလားဟု တွေးနေသည်ပင်။

ဖုန့်ချန်း၏မျက်နှာထားကိုလေ့လာရသလောက် မှားယွင်းပြောဆိုလိုက်မိပုံတစ်စုံတစ်ရာမရှိဘဲ အမှန်တကယ်ပင် ကမ်းလှမ်းချက်ကိုငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း သေချာသွားရ၏။

"မင်းကိုမင်းဘာပြောလိုက်လဲဆိုတာကော သိသေးရဲ့လား မင်းက တတိယမင်းသားရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာနော်"

အိမ်တော်ထိန်းလီမှ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။ ကမ်းလှမ်းချက်ကိုကြားလျှင် ဖုန့်ချန်းတစ်ယောက်အပျော်လွန်ပြီးထများခုန်လေမလားဟု သူတွေးမိခဲ့သော်လည်း ငြင်းပယ်လိမ့်မည်ဟုတော့ တစ်ခါမှတွေးမထားမိခဲ့ပါ။

ဖုန့်ချန်းတစ်ယောက် ဘာတွေကိုပဲအောင်နိုင်ခဲ့ပါစေ၊ မြူခိုးချိုင့်ဝှမ်းလိုဇနပုဒ်မြို့ငယ်တွင် မည်မျှပင်အင်အားကြီးနေပါစေ၊ တော်ဝင်မိသားစုနှင့်ယှဥ်လျှင် ပုရွက်ဆိတ်သာသာမျှပင်။

"တောင်းပန်ပါတယ်ခင်ဗျာ ကျုပ်တို့မိသားစုလေးကသေးငယ်တဲ့အတွက် တော်ဝင်မိသားစုကို ဘာအကူအညီမှပေးနိုင်သေးမှာမဟုတ်ပါဘူး မြူခိုးချိုင့်ဝှမ်းမြို့တွင်းမှာပဲ တိုးတက်ရာတိုးတက်ကြောင်းဆက်ရှာနေတာပိုကောင်းပါတယ် ကျုပ်တို့က တတိယမင်းသားရဲ့လက်အောက်ငယ်သားအဖြစ်အမှုထမ်းဖို့ အရည်အချင်းမပြည့်မီသေးကြောင်းပါ"

ဖုန့်ချန်းမှ ပြန်လည်ရှင်းပြလိုက်သည်။

သေချာပေါက် သူရှင်းပြသည့်လုပ်ဇာတ်ကြီးမှာ အတော်ကိုပုံပန်းမကျသည်ပင်။ သို့သော် တိုက်ရိုက်ငြင်းဆန်လိုက်ရာကျမည်စိုးသဖြင့် ကျုပ်တို့မိသားစုက တတိယမင်းသားဆီမှာအမှုတော်ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသေးပါဘူး ဆိုသည့်အကြောင်းပြချက်ကိုပေးလိုက်ရခြင်းဖြစ်၏။

အမှန်မှာ ကျိုးမိသားစုကို ဖုန့်ချန်းတစ်ခါမှမကြောက်ရွံ့ဖူးပါ။ ဓာတ်ကြီးသုံးပါးနတ်အဆင့်သာရှိသောမိသားစုက သူ့ကိုဘာမှမလုပ်နိုင်ပေ။

သူက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ရောက်ရှိပြီးသူဖြစ်သောကြောင့် ကျိုးမိသားစုကိုရှင်းပစ်ရန်မှာ လုံးဝမခက်ခဲပေ။ ဖုန့်ချန်းက နယ်စွန်နယ်ဖျားမြို့လေးမှာနေသည်ဆိုပေမယ့် သူ့မိသားစုကိုသက်ရောက်လာနိုင်သောဖြစ်ရပ်မှန်သမျှကို မပြတ်နားစွင့်စောင့်ကြည့်ထားသည်ပင်။ ထိုအထဲတွင် တော်ဝင်မိသားစုသတင်းများလည်း အပါအဝင်ဖြစ်၏။

တတိယမင်းသားမှ ဖုန့်မိသားစုကိုစည်းရုံးဖို့ အိမ်တော်ထိန်းကိုလွှတ်လိုက်ရခြင်းအကြောင်းရင်းကိုလည်း သူနားလည်သည်။ ဧကရာဇ်၏ကျန်းမာရေးအခြေအနေမှာ သိသိသာသာပင် ဆိုးရွားပြင်းထန်လာ၍ နတ်ရွာစံရန်လည်းသိပ်မလိုတော့လေပြီ။ ဆိုလိုသည်မှာ အင်ပါယာတွင်းဂယက်ရိုက်ရန်လည်း အချိန်သိပ်မလိုတော့ဟု။

မင်းနေပြည်တော်မှာမူ နဂိုကတည်းကရှုပ်ထွေးပွေလီနေပြီးသားပင်။ တော်ဝင်မင်းသားမင်းသမီးများက အင်အားကြီးအဖွဲ့အစည်းများကို စုစည်းမွေးမြူလျက် နန်းပုလ္လင်ကိုအရယူဖို့ အသင့်ပြင်ထားကြပြီးဖြစ်သည်။

ထိုပြိုင်ပွဲဝင်များကြားတွင် တတိယမင်းသားမှာ အင်အားနည်းသူတစ်ဦးအဖြစ်သတ်မှတ်ခံထားရပြီး အမှန်တကယ် သူ့သြဇာအာဏာမှာလည်း နောက်ခံကြီးသည့်ညီအစ်ကိုမောင်နှမများကြားတွင် ခပ်မှိန်မှိန်ပင်။

ထို့ကြောင့် မင်းနေပြည်တော်အပြင်ဘက်ရပ်ဝေးမှ မဟာမိတ်များကိုလှည့်လည်စည်းရုံးရင်း သူ့ရပ်တည်မှုပိုခိုင်မာလာအောင် ကြိုးစားနေရဆဲဖြစ်၏။

တတိယမင်းသား၏ခြေလှမ်းကို ဖုန့်ချန်းကောင်းကောင်းမြင်သည်။ ဤကမ်းလှမ်းချက်မှာလည်း အင်ပါယာ၏နယ်တစ်နယ်တွင် သူ့အာဏာစက်ကိုဖြန့်ချိဖို့အတွက်သာဖြစ်၏။

ဖုန့်မိသားစုကိုလုံခြုံမှုထက် တတိယမင်းသား၏အာဏာကစားပွဲတွင် ထိုးကျွေးခံရမည့်နယ်ရုပ်များဖြစ်မသွားဖို့အရေးက ပိုသည်။

တတိယမင်းသားနှင့်သာ သွားရောက်ပေါင်းစည်းလိုက်ပါက သူတို့မိသားစုအနေဖြင့် စိတ်ပင်မကူးဖူးသော ထီးနန်းအရှုပ်အထွေးများကြားထဲသို့ သေချာပေါက်ဆွဲထည့်ခံရမည်ပင်။

ကမ်းလှမ်းချက်ကို နှစ်ကြိမ်တိုင်တိုင်ပင်ငြင်းပယ်ခံလိုက်ရပြီးနောက် အိမ်တော်ထိန်းလီ၏မျက်နှာမှာ ဒေါသတကြီးဖြင့်တွန့်ရှုံ့သွားတော့၏။

တတိယမင်းသား၏အိမ်တော်ထိန်းတစ်ဦးအနေဖြင့် တလေးတစားဆက်ဆံခံရသည်ကို သူအသားကျနေပြီဖြစ်သည်။ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများစွာရှိသည့် အင်အားကြီးဂိုဏ်းများသည်ပင် သူ့ဆိုပျာပျာသလဲမျက်နှာချိုသွေးတတ်ကြသည်သာ။

ထိုနယ်စွန်နယ်ဖျားမှ ဖြုတ်အရွယ်အစားလောက်မိသားစုလေး၏ခေါင်းဆောင် ထိုဖုန့်ချန်းထံမှ ဤသို့ငြင်းပယ်ခံရခြင်းသည် သူ့အတွက်တော့ အံ့သြစိတ်တိုစရာလုပ်ရပ်တစ်ခုဖြစ်ရုံသာမက အင်မတန်စော်ကားမော်ကားရှိလှသည်ဟုပင် တွေးလိုက်သည်။

ဖုန့်ချန်းသာ တတိယမင်းသားကို အမှန်တကယ်ရိုသေလေးစားသည်ဆိုလျှင် ကမ်းလှမ်းချက်ကို တုံ့ဆိုင်းခြင်းမရှိလက်ခံရမည်သာပင်။

All Chapters