← Chapters

အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲ

Vol. 5 Ch. 59

အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲ

Vol. 5 Ch. 59

အရှေ့ဘက်စီရင်စု၏ စုဝေးပွဲ။

အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲဆိုသည်မှာ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော ကြီးမြတ်၍အရေးပါသည့် စုဝေးပွဲတစ်ခုဖြစ်သည်။ ထိုစုဝေးပွဲတွင် အင်ပါယာအရှေ့ခြမ်းရှိ အင်အားအကြီးဆုံးသောမိသားစုများကို ဖိတ်ကြားလေ့ရှိ၏။

စုဝေးပွဲသို့တက်ရောက်ရာတွင် မိသားစုခေါင်‌ဆောင်တစ်ဦးသာမဟုတ်ဘဲ မျိုးဆက်သစ်ကျင့်ကြံသူများကိုလည်း အတူတကွခေါ်ဆောင်သွားရသည်။ ဆိုလိုသည်မှာ အင်အားအကြီးဆုံးသောမိသားစုဟူသည့်ဂုဏ်ပုဒ်ကို မိသားစုခေါင်း‌ဆောင်တစ်ဦးတည်း၏စွမ်းအားနှင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မျိုးဆက်သစ်ကျင့်ကြံသူများ၏အလားအလာကိုပါ ထည့်တွက်ကြခြင်းဖြစ်သည်။

ထိုစုဝေးပွဲမှာ ဂုဏ်သရေရှိအစည်းအဝေးပွဲတစ်ခုသက်သက်သာ မဟုတ်။ အ‌ရှေ့ဘက်စီရင်စု၏ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများကို သက်ရောက်လွှမ်းမိုးနိုင်သည့် အနေအထားရှိ၏။

စုဝေးပွဲတွင် အဓိကကျသောရည်ရွယ်ချက်အချို့ပါဝင်သည်။ ပထမဆုံးအနေနှင့် အ‌ရှေ့ဘက်စီရင်စုတွင် အင်အားအကြီးဆုံးဟု သတ်မှတ်ဖိတ်ကြားထားသည့် ထိုမိသားစုများမှ ၎င်းတို့၏လွှမ်းမိုးနိုင်မှု အင်အားသက်ရောက်မှုတို့ကို ထုတ်ပြနိုင်ရန်ဖြစ်သည်။

တက်ရောက်ခွင့်ရသောမိသားစုများသည် ထိုစုဝေးပွဲကို အခွင့်အလမ်းတစ်ခုအနေနှင့်အသုံးချပြီး သူတို့မိသားစု၏သြဇာအာဏာသက်ရောက်မှု၊ အနာဂတ်အလားအလာနှင့် မဟာမိတ်အင်အားတို့ကို ထုတ်ဖော်ပြသလေ့ရှိကြသည်။ ဤစီရင်စုတွင် သြဇာအာဏာတည်မြဲစေဖို့နှင့် အင်အားအကြီးဆုံးဟူသောနေရာကို ခြေကုပ်ယူထားနိုင်ဖို့ အရေးပါသောရည်ရွယ်ချက်တစ်ခုပင်။

ဒုတိယရည်ရွယ်ချက်ကတော့ စုဝေးပွဲတွင် ညှိနှိုင်းဖလှယ်ရေးများ၊ မဟာမိတ်တည်ဆောက်ရေးများ ပြုလုပ်နိုင်ရန်ဖြစ်သည်။ တစ်ချိန်ကပြိုင်ဘက်များဖြစ်ခဲ့သော မိသားစုများလည်း ပြေလည်အောင်ညှိနှိုင်းဆွေးနွေးနိုင်သလို အင်အားကြီးမိသားစုများအချင်းချင်း မိတ်ဖွဲ့ချိတ်ဆက်ထားချင်သည်ဆိုလည်း အဆင်ပြေလှ၏။

တတိယရည်ရွယ်ချက်မှာ မိသားစုများ၏ထုတ်ပြနိုင်သော သြဇာအရှိန်အဝါ၊ အချိတ်အဆက်တို့ကို အခြေခံ၍ အဆင့်သတ်မှတ်ရန်ဖြစ်သည်။ ထိုအဆင့်များအလိုက် မြို့တော်များကိုခွဲဝေပေးမည့် အရင်းအမြစ်ပမာဏများလည်း ကွာခြားသွားလိမ့်မည်။ အဆင့်ကောင်းကောင်းရသော မိသားစုအဖို့ စီးပွားရေးနယ်ပယ်တွင်သာမက ဗျူဟာကျကျအကျိုးအမြတ်များစွာရရှိနိုင်မည့် အစီအစဥ်ဖြစ်၏။

နောက်ဆုံးတွင်မူ ထိုသတ်မှတ်ထားသောအဆင့်များကို တော်ဝင်မိသားစုနှင့် ဂိုဏ်းဂဏကြီးများက အနီးကပ်စောင့်ကြည့်ပေလိမ့်မည်။

သာလွန်ထူးကဲသောစွမ်းအားနှင့် အရည်အချင်းကို ထုတ်ပြနိုင်သည့်ပြိုင်ပွဲဝင်များမှာ စောင့်ကြည့်နေသောအဖွဲ့အစည်းများ၏ အထူးအာရုံစိုက်မှုကိုရရှိပြီး သူတို့အာဏာစက်တွင်း ဆွဲသွင်းခေါ်ဆောင်ခံရနိုင်ချေလည်းရှိ၏။

အင်အားကြီးကျောထောက်နောက်ခံအချိတ်အဆက်မျိုးလိုချင်သော မိသားစုများအတွက်မူ ထိုစုဝေးပွဲသည် မဟာမိတ်ကွန်ယက်ဖြန့်ကျက်ရန် အဖိုးတန်အခွင့်အရေးတစ်ခုပင်။

"အရင်နှစ်တွေတုန်းကတော့ မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အင်အားအကြီးဆုံးက ယန်မိသားစုဖြစ်တဲ့အတွက် စုဝေးပွဲကို သူတို့တက်ရောက်လေ့ရှိတယ် အခုနှစ်မှာတော့ ခေါင်းဆောင်ကသူတို့နေရာကိုယူသွားပြဖြစ်လို့ မြို့တော်ကိုယ်စားပြုအဖြစ် တက်ရောက်ပေးရပါမယ်"

ဝမ်ရိဖန်းက ရှင်းပြလာသည်။

ဖုန့်မိသားစု၏အောင်မြင်မှုများမတိုင်မီက အင်အားအကြီးဆုံးမိသားစုမှာ ဝမ်မိသားစုဖြစ်သော်လည်း စုဝေးပွဲကိုတက်ရောက်ရသည်မှာ ယန်မိသားစုသာဖြစ်သည်။ ဝမ်မိသားစုမှာ တော်ဝင်မိသားစုမှ ခန့်အပ်နေရာချထားပေးခြင်းဖြစ်သဖြင့် အင်အားအကြီးဆုံးဖြစ်နေသော်ငြား ထိုပြိုင်ပွဲတွင်ပါဝင်ဆင်နွှဲခွင့်မရှိပါ။

ယခုတော့ မိသားစုကြီးသုံးခုမှာ တစ်ပြိုင်တည်းရှင်းထုတ်ခံလိုက်ရသည့်အတွက် မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် စုဝေးပွဲတက်ရန်အသင့်တော်ဆုံးမိသားစုမှာ ဖုန့်မိသားစုသာကျန်ပေ‌တော့သည်။

ယခင်က မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူမရှိသည့်အတွက် အ‌ရှေ့ဘက်ခြမ်းစီရင်စုတွင် အတော်လေးမျက်နှာငယ်ရသည်ဟု ဆိုရပေမည်။

အဆင့်သတ်မှတ်ရာတွင်လည်း အောက်ဆုံးထိတော့ရောက်မနေသော်ငြား ထိပ်ပိုင်းအဆင့်များကိုရယူချင်လျှင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူမိသားစုများနှင့် ယှဥ်ပြိုင်ရမည်ဖြစ်သောကြောင့် မလွယ်ကူခဲ့ပါ။

ထို့အပြင် မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ပါရမီရှင်ကျင့်ကြံသူများ ရှားပါးလှသည်ဖြစ်သောကြောင့် မြို့တော်သည်ကား ထိပ်ပိုင်းအဆင့်များကိုမှန်းရန် မျှော်လင့်ချက်ပင်မရှိခဲ့ပါချေ။

စုဝေးပွဲဝင်ရောက်ဆင်နွှဲသောမိသားစုများထဲတွင် အင်အားကြီးဂိုဏ်းအဖွဲ့အစည်းများမှ တပည့်ငယ်သားများလည်း ပါဝင်လာတတ်သည့်အတွက် ယန်မိသားစုပါရမီရှင်များ မယှဥ်နိုင်သည့်အနေအထားဖြစ်နေခဲ့ပေသည်။

ထိုသို့သော အကြောင်းကြောင်းများပေါင်းဆုံလေသော် မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အရှေ့ဘက်စီရင်စုတွင် ထင်ပေါ်ကျော်ကြားမော်ကြွားရန်အခွင့်အရေးတစ်ခုမျှပင် ရှိမလာခဲ့ပါချေ။

"အရှေ့ဘက်စီရင်စု စုဝေးပွဲက ဒီနှစ်ပေါ့လေ"

ထိုစုဝေးပွဲ၏ရလဒ်မှာ မြို့တော်တစ်ခုလုံးကိုသက်ရောက်သည်ဖြစ်၍ သူတို့ဖုန့်မိသားစုသည်လည်း အနည်းနှင့်အများနစ်နာခဲ့သည်သာ။ သို့သော် ယန်မိသားစုသာနှစ်တိုင်းသွားရောက်ရသောပွဲဖြစ်သဖြင့် ဖုန့်ချန်းမှာ တစ်ခါမှပင်အာရုံထဲမထည့်ဖူးပေ။

ထို့အပြင် ယန်မိသားစုမှာ ပွဲတိုင်းအဆင့်မကောင်းလေသဖြင့် သူတို့သွားသွား မသွားသွား မြို့တော်အတွက် တိုးတက်မှု ဆုတ်ယုတ်မှု တစ်ခုမှပင်သိသိသာသာမရှိဖူးပါချေ။

ထို့ကြောင့်ဖုန့်ချန်းမှာ ထိုစုဝေးပွဲတည်ရှိကြောင်းကိုပင် မေ့ချင်ချင်ဖြစ်နေလေပြီ။

"ဟုတ်တယ် သုံးလအတွင်းစတော့မှာဆိုတော့ ခင်ဗျားသတိမထားမိမှာစိုးတာနဲ့ လိုရမယ်ရလာသတိပေးတာ"

ဝမ်ရိဖန်းကပြောလိုက်သည်။ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ယန်မိသားစုသာသွားနေကျပွဲဖြစ်သဖြင့် ဖုန့်မိသားစုသိချင်မှသိလောက်မည်ဟုစိုးရိမ်ကာ လာရောက်ခဲ့ခြင်းဖြစ်သည်။

"ခေါင်းဆောင်တို့ညီအစ်ကိုနှစ်ယောက်သာသွားမယ်ဆိုရင် ဒီနှစ်တော့ မြူခိုးချိုင့်ဝှမ်းမြို့တော် အဆင့်ကောင်းကောင်းရရချည်သေးရဲ့ဗျာ"

ဝမ်ရိဖန်းမှ အားရစွာပြောလာသည်။

အရင်နှစ်များတွင် သွားရောက်ယှဥ်ပြိုင်သော ယန်မိသားစုမှာ ချီအရည်ဖွဲ့ခြင်းအလယ်အလတ်ဆင့်သာရှိသည်ဖြစ်၍ ထိပ်ပိုင်းအဆင့်များအနားသို့ သီပင်မသီနိုင်မှာသူသိသည့်အတွက် မျှော်လင့်ချက်သိပ်မထားဖြစ်ခဲ့ပေ။

သို့သော် ဖုန့်ချန်းမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူဖြစ်ရုံသာမက ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ အလယ်အလတ်ဆင့်ကျင့်ကြံသူကိုပင် သတ်နိုင်လောက်သည့်အရည်အချင်းရှိလေသည်။

ထိုစွမ်းအားအဆင့်ဖြင့်သာဆိုလျှင် အရှေ့ဘက်စီရင်စုတွင် အင်အားအကြီးဆုံးမိသားစုဖြစ်လာနိုင်ချေရှိသည်။ တတိယမင်းသားမှ ဖုန့်မိသားစုကိုထောက်ပံ့ကာကွယ်ပေးမည်ဟု ကမ်းလှမ်းလာခြင်းမှာလည်း ထိုအကြောင်းရင်းကြောင့်ပင်။

ဖုန့်ယွင်နှင့်ဖုန့်မေမှာလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူငါးဦးကို ယှဥ်တိုက်နိုင်ခဲ့သည်မှန်လျှင် ဂိုဏ်းဂဏကြီးများထံမှ အတော်ဆုံးဆိုသောပါရမီရှင်များဖြင့် ယှဥ်နိုင်လောက်သည့်အနေအထားဖြစ်၏။

ထို့အပြင် ပါရမီရှင်ယှဥ်ပြိုင်ပွဲတွင် အစွမ်းပြနိုင်ခဲ့သည့် ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်၊ ဖုန့်လျန်းတို့ကဲ့သို့ မျိုးဆက်သစ်လေးများလည်း ရှိနေသေးသည်။

ထိုသို့သောပြိုင်ပွဲဝင်များဖြင့်သာဆိုလျှင် လာမည့်အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲတွင် ဖုန့်မိသားစုအနိုင်ယူလာဖို့ ဝမ်ရိဖန်းအသေအချာပင်ယုံကြည်ထားမိသည်။

သူ့အမြင်ကို ဖုန့်ချန်းအားပြောမပြလိုက်သေးပေ။

အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲသို့ တက်ရောက်ရမည်ဟု ကြားလိုက်သည်နှင့် ဖုန့်ချန်းမှာ စိတ်ရှုပ်သလိုမျက်မှောင်ကြုတ်သွားခဲ့သည်လေ။ သို့သော် မတက်ရောက်ဘဲနေလိုက်ပြန်ရင်လည်း တက်ရောက်သော မိသားစုကြီးများ၊ ဂိုဏ်းအဖွဲ့အစည်းများသာမက တော်ဝင်မိသားစုကိုပင် ဆန့်ကျင်ရာရောက်ပေမည်။

(ကံဆိုးချက်ပဲကွာ... ဘောပဲ)

ဖုန့်ချန်းစိတ်ထဲမှ အော်ဟစ်နေလိုက်သည်။

စုဝေးပွဲတွင် အဆင့်ကောင်းကောင်းရလာပါက အခွန်အခလည်းလျော့ကျပြီး အရင်းအမြစ်များများချီးမြှင့်ခံရမည်မှန်သော်လည်း ဤအချိန်မှာ ပြိုင်ပွဲဝင်ရန်အချိန်ကောင်းဟုတ်မနေသေးပေ။

ဖုန့်ချန်းမှာ တတိယမင်းသား၏ကမ်းလှမ်းချက်ကိုငြင်းပယ်လိုက်သော်လည်း လက်ခံပေါင်းစည်းထားမည့် မိသားစုများ ဤအ‌ရှေ့ဘက်စီရင်စုတွင် များစွာရှိနေနိုင်သည်။

ထို့ကြောင့် ထိုမိသားစုတစ်ပုံတစ်ခေါင်းမှ ဖုန့်မိသားစုကိုဦးတည်တိုက်ခိုက်လာကြမည်မလွဲပေ။ တတိယမင်းသားကိုယ်တိုင်ကပင် ဖုန့်မိသားစုကိုရှင်းထုတ်ရန် အမိန့်ပေးကောင်းပေးပြီးလောက်ပြီပင်။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ကာလတစ်ခုထိအောင်းနေလျက် အခြေခိုင်အောင်စုစည်းအားဖြည့်ထားရန် ဖု့န်ချန်းစီစဥ်ထားသော်လည်း ထိုအစီအစဥ်အထမြောက်ရန်မှာ ထင်သ‌လောက်လွယ်ကူပုံမရပေ။

(ကြည့်ရတာ ငါကိုယ်တိုင်ရော ငါ့မိသားစုရော ကျင့်ကြံဆင့်မြှင့်ဖို့ အမြန်အားထုတ်ကြရတော့မယ့်ပုံပဲ)

ဖုန့်ချန်းဆက်တွေးနေရင်း မျက်နှာထားမှာလည်း တင်းမာလို့လာ၏။

လောကကြီးတစ်ခုလုံးမှာ ကျွမ်းထိုးမှောက်ခုံဖြစ်လုနီးပြီ။ ဧကရာဇ်၏ကျန်းမာရေးမှာလည်း ယဲ့ယဲ့သာကျန်တော့သည်။ ဂိုဏ်းဂဏများမှာလည်း ကိုယ့်နေရာမြဲဖို့အ‌ရေး အချင်းချင်းတွန်းတိုက်ယှဥ်ပြိုင်နကြရသည်။ ထိုအာဏာလုပွဲကြီးကြားတွင် ဖုန့်မိသားစုမှာ ရှင်သန်လိုလျှင် အင်အားပိုကြီးအောင်ကြိုးစားကြဖို့ တစ်လမ်းသာ ရှိတော့၏။

လုပ်ပိုင်ခွင့်အာဏာများ မရပ်မနားရွေ့ပြောင်းနေရသည်နှင့်အမျှ မင်းနေပြည်တော်မှာလည်း ငြိမ်းငြိမ်းချမ်းချမ်းမရှိလှတော့ပေ။ အဖွဲ့အစည်းတစ်ခု အမြင့်သို့ထိုးတက်လာခြင်းသည် အခြားအဖွဲ့အစည်းတစ်ခု အောက်ခြေသို့ထိုးကျသွားခြင်းဖြစ်၏။

ဒီတစ်ခေါက် အရှေ့ဘက်စီရင်စုသည် အရေးပါသောစမ်းသပ်ပွဲတစ်ခုပင်။ မိသားစုများမှာ ရှင်သန်နိုင်ဖို့အရေး အင်အားကုန်ထုတ်သုံးလျက် ခြေကုပ်ယူကြပေမည်။

အရှေ့ဘက်စီရင်စုတစ်လွှားရှိ မိသားစုများနှင့် ဂိုဏ်းအဖွဲ့အစည်းများမှာ ၎င်းတို့၏စွမ်းအားလက်နက်များကိုထုတ်ခင်းလျက် နေရာဆက်လက်တည်မြဲနိုင်ရန် ကျောထောက်နောက်ခံကောင်းကောင်းတစ်ခု ရအောင်ရှာကြတော့မည့်ပွဲပင်။ တော်ဝင်မင်းသား၊ မင်းသမီးများကို ချိတ်ဆက်နိုင်ရန် အခွင့်ကောင်းတစ်ရပ်ပင်။

"ကောင်းပါတယ် ကျုပ်လည်း အရှေ့ဘက်စီရင်စုတစ်ခုလုံးကမိသားစုတွေကြား ကျုပ်မိသားစုကဘယ်အဆင့်မှာရှိနေမလဲ သိချင်သားပဲ"

ဖုန့်ချန်းပြောလိုက်သည်။ ထိုပွဲက သူ့အစီအစဥ်များကိုဖျက်ဆီးပြီး ဆိုးကျိုးရလဒ်များကိုသာသယ်ဆောင်လာမည်မှန်း သူသိသော်လည်း ဖုန့်မိသားစု ယခုထက်ပိုတိုးတက်ရန် တွန်းအားတစ်ရပ်ဖြစ်လိမ့်မည်ဟု သူခံစားမိသည်။

တိမ်မြုပ်နေတဲ့စွမ်းအားဆိုတာ အန္တရာယ်ကြားမှာမှ ပေါ်ထွက်လာတတ်တာပဲလေ။

(စိတ်အေးအေးနဲ့တိုးတက်ရာတိုးတက်ကြောင်းလေးရှာဖို့ စိတ်ကူးခဲ့ပေမယ့် ကိစ္စတွေဒီလိုဖြစ်လာပုံကိုကြည့်ရရင် ထိုင်နေလို့မဖြစ်တော့ဘူးပဲ)

သူဖတ်ခဲ့ဖူးသမျှ ကျင့်ကြံရေးဝတ္ထုတိုင်းတွင် အားနည်းသောရန်သူများကို ရှင်းပစ်ပြီးသည်နှင့် ပိုအားကြီးသောရန်သူများ ပေါ်ပေါက်လာစမြဲဖြစ်သည်။ ထိုသဘာဝကိုသိသောကြောင့် သူ့စွမ်းအာများကိုဖုံးကွယ်ထားပြီး လက်ရှိရန်သူများကိုလည်း လွှတ်ထားပေးခြင်းပင်။

ယခုတွင်တော့ သူစီစဥ်ထားသလို ရှောင်ပြေးနေ၍မဖြစ်တော့ပါ။ ဝတ္ထု၏သဘာဝသည် သူ့ထံဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာနေလေပြီ။

ရန်ဘက်မိသားစုသုံးခုကို ရှင်းလင်းပစ်ခဲ့ပြီး သူ့မိသားစုကိုခြိမ်းခြောက်အန္တရာယ်ပြုလာသော အကြီးအကဲကျိုးအား သူကောင်းကောင်းပညာပေးခဲ့သည်။ ထိုလုပ်ရပ်များ၏အကျိုးဆက်အနေဖြင့် ပိုကြီးသောရန်သူများ အမှန်ပင်ရောက်လာလေပြီ။

သို့သော်လည်း သူ့လုပ်ရပ်များကိုနောင်တမရပါ။

လက်ရှိအခြေအနေအရတော့ ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲကို လွယ်လွယ်နဲ့ရှောင်မရဘူးပဲ။

တတိယမင်းသားမှ လက်အောက်ငယ်သားအဖြစ်သစ္စာခံဖို့ ကမ်းလှမ်းလာသလိုမျိုးပင် သူ့အင်အားအစစ်အမှန်ကိုသိသွားကြမည်ဆိုလျှင် အလားတူကမ်းလှမ်းမှုများ မရေမတွက်နိုင်အောင်ရောက်လာကြပေဦးမည်။

"ကောင်းပြီလေ ဒီအချိန်မှတော့ပြန်လှည့်စရာလမ်းမရှိတော့ဘူး" ဖုန့်ချန်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ဒီ့ထက်ပိုပြီးအင်အားကြီးလာဖို့ဆိုရင် လမ်းမှာပိတ်နေတဲ့အတားအဆီးတွေကိုတော့ ဖယ်ထုတ်ပစ်ရမှာပေါ့"

လက်ရှိရင်ဆိုင်ရမည့်ရန်သူများမှာ သေချာပေါက်ပေါ့သေးသေးမဟုတ်သည့်အတွက် သူ့ဘက်မှလည်း ကျင့်ကြံဆင့်ကိုဖုံးကွယ်ထားလို့ မဖြစ်တော့ပေ။

ထို့အပြင် သူ့မိသားစုကိုလည်း ဒီ့ထက်ပိုသန်မာအားကောင်းစေချင်သေးသည်။ သို့သော် အင်အားကောင်းလာသည်နှင့်အမျှ အခြားမိသားစုများသတိမထားမိ‌အောင်ဖုံးကွယ်ဖို့မှာ ပိုလို့မဖြစ်နိုင်တော့ပါ။

‌နောင်တစ်ချိန်ကျလည်း ရင်ဆိုင်ရမည့်အတူတူ လာမည့်အရှေ့ဘက်စီရင်စု စုဝေးပွဲကို သူ့အင်အားအစစ်အမှန်ထုတ်ပြဖို့နှင့် ဖုန့်မိသားစုမျိုးဆက်သစ်လေးများအား ကျယ်ပြန့်သောလောကကြီးကို မျက်မြင်တွေ့ခွင့်ရစေရန် အသုံးချလိုက်တော့မည်။

All Chapters