အာကာသလေ့ကျင့်ရေးခန်းမ
Vol. 5 Ch. 60
ဝမ်ရိဖန်းထွက်ခွာသွားပြီးနောက် ဖုန့်ချန်းသည် အစည်းအဝေးပြုလုပ်ရန် ဖုန့်မိသားစုဝင်အားလုံးကိုဆင့်ခေါ်လိုက်သည်။
ကျင့်ကြံရေးအချိန်ဇယားများအပြည့်ဖြင့် အားလုံးအလုပ်များနေကြသော်လည်း ဖုန့်ချန်းဆင့်ခေါ်သောအခါ လေ့ကျင့်ရေးများအားလုံးကိုရပ်၍ အပြေးရောက်လာကြပါသည်၊
ဖုန့်ချန်းသာဆင့်ခေါ်သည်ဆိုပါလျှင် ရောက်ရာအရပ်မှအပြေးလာကြမည့်သူများပင်။
မိသားစုဝင်အားလုံးကို အစည်းအဝေးခန်းမတွင်း စုဝေးစေလိုက်သော် သူတို့အားလုံး၏မျက်နှာထက်တွင် အကြောင်းအရာကို စူးစမ်းလိုဟန်ရှိကြသည်။
ဖုန့်ချန်းစကားပြောမည့်အချိန်ကိုစောင့်ဆိုင်းရင်း သူတို့အချင်းချင်း ခပ်တိုးတိုးဆွေးနွေးခန့်မှန်းလျက်ရှိကြ၏။
ကျင့်ကြံရေးလမ်းစဥ်များကို အားမာန်ပါပါ ကြုံးဝါးလေ့ကျင့်နေသူများမှာ မမျှော်လင့်ပဲဆင့်ခေါ်လာသောအစည်းအဝေးကြောင့် တိုးတိုးကျိတ်ကျိတ်ဆွေးနွေးခန့်မှန်းလို့ မပြီးနိုင်တော့ပေ။
လူစုံသောအခါ ဖုန့်ချန်းသည် အရှေ့ဘက်စီရင်စု စုဝေးပွဲသို့ တက်ရောက်ရမည့်အကြောင်းနှင့် ထိုစုဝေးပွဲက သူတို့မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုများရှိလာနိုင်သည့်အကြောင်း ရှင်းလင်းပြောပြလိုက်သည်။
"နောက်ဆုံးတော့ ငါတို့အလှည့်ရောက်ပြီပေါ့ကွာ"
"ဟားဟား ငါဆိုကောင်းကင်အဆင့်ဓားကျင့်စဥ်ကို ၃၀ရာခိုင်နှုန်းလောက်ကျွမ်းကျင်ပြီးနေပြီ ဒီပွဲမှာအစွမ်းထုတ်ပြရတော့မှာပဲ"
"အရူးကောင် အဲ့လောက်စွမ်းရည်နဲ့များ ခေါင်းဆောင်ဆီကအရွေးချယ်ခံရဖို့ မျှော်လင့်နေတာလား ငါတို့မိသားစုကိုကိုယ်စားပြုဖို့ဆိုရင် ငါလိုပါရမီရှင်မျိုးက အသင့်တော်ဆုံးပဲပေါ့ကွ"
"အောင်နိုင်သူတွေအတွက် ဆုလာဘ်တွေကရှယ်တွေချည်းပဲတဲ့ ငါဝင်ပြိုင်ပြီး မိသားစုအတွက်တစ်ခုလောက်ပြန်ယူလာနိုင်ရင်ကောင်းမယ်"
အရင်နှစ်များတုန်းက ဝင်ရောက်ယှဥ်ပြိုင်ဖို့ တစ်ခါမှအခွင့်အရေးမရခဲ့သဖြင့် ဤသို့ သူတို့ပါရမီအရည်အချင်းများကို ထုတ်ပြနိုင်သည့်အချိန်ရောက်လာသောအခါ အားလုံးမှာစိတ်လှုပ်ရှားကုန်ကြ၏။
ယှဥ်ပြိုင်အနိုင်ယူလို့သည် စိတ်အားထက်သန်မှုများမှာ သူတို့အားလုံး၏မျက်လုံးတွင် မြင်သာထင်ရှားလို့နေပြီး မိသားစုအတွက်ရပ်တည်ပေးဖို့ တက်ကြွလို့နေကြသည်။
အားလုံး၏အာရုံကိုပြန်လည်စုစည်းရန် ဖုန့်ချန်းလက်ထောင်၍အချက်ပြလိုက်သည်။
"အဟမ်း အားလုံးပဲစိတ်အေးအေးထားကြပါဦး ငါတို့ကအခုဝင်ရောက်ယှဥ်ပြိုင်လိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး လွှမ်းမိုးနိုင်တဲ့အင်အားတစ်ခုကို သေချာပေါက် ချန်ထားခဲ့နိုင်ရမယ်"
ခန်းမတစ်ခုလုံးငြိမ်ကျသွားပြီး ဖုန့်ချန်းစကားကိုသာ စူးစိုက်နားထောင်လာကြသည်။
"အရှေ့ဘက်စီရင်စု စုဝေးပွဲက အရှေ့ပိုင်းဒေသတွင်းမိသားစုတွေကြားက ယှဥ်ပြိုင်မှုတစ်ခုသက်သက်တင်မဟုတ်ဘူး မိသားစုတိုင်းအတွက် အင်အားဖြန့်ကျက်ဖို့ အခွင့်အရေးတစ်ခုဆိုလည်းဟုတ်တယ်"
"ငါတို့အနေနဲ့ ယှဥ်ပြိုင်လိုက်ရုံနဲ့တင်မပြီးဘူး ထူးကဲသာလွန်နေရမယ့် ဖုန့်မိသားစုရဲ့အင်အားနဲ့ စုဝေးပွဲတစ်ခုလုံးကိုကိုင်လှုပ်နိုင်ရမယ် ငါတို့ရဲ့စွမ်းဆောင်ရည်ကောင်းသလောက် ဒီဒေသတစ်ကြောမှာ ဖုန့်မိသားစုရဲ့လွှမ်းမိုးနိုင်စွမ်းပိုကြီးလာမှာပဲ ဒီပြိုင်ပွဲကနေတစ်ဆင့် တစ်ခြားမိသားစုတွေနဲ့ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ငါတို့အပေါ်အထင်အမြင်ကို ဖန်တီးပေးရမယ်"
ဖုန့်ချန်းက လေးနက်ခိုင်မာနေသောအကြည့်ဖြင့် ရှင်းပြလာသည်။
"ဒီလိုဆင့်ခေါ်လိုက်ရတဲ့အကြောင်းရင်းက ငါတို့အနေနဲ့ မှတ်တိုင်တစ်ခုစိုက်ထူထားခဲ့နိုင်ရမယ် နောက်ပြီး ထိပ်ပိုင်းအဆင့်တစ်ခုကိုလည်း ရအောင်ယူနိုင်ရမယ်ဆိုတာ အသိပေးချင်လို့ပဲ ငါတို့အနေနဲ့ အရှေ့ဘက်စီရင်စုတစ်ခုလုံးမှာ အင်အားအကြီးဆုံးမိသားစုတစ်ခုဖြစ်ဖို့ အခွင့်အရေးရလာပြီ သူတကာထက်သာလွန်အောင်ထုတ်ပြနိုင်ဖို့ကလွဲပြီး တစ်ခြားရွေးချယ်မှုမရှိဘူး"
ဖုန့်မိသားစုဝင်များမှာ လာမည့်ပြိုင်ပွဲ၏ အရေးပါမှုကို နားလည်သွားကြသည်နှင့်အမျှ ခေါင်းတညိတ်ညိတ်နှင့် အလေးအနက်နားထောင်လာကြသည်။
ခုတလောနာမည်ကြီးနေသော ထိုဖုန့်မိသားစုဆိုသည်မှာ နှယ်နှယ်ရရမိသားစုမျိုးမဟုတ်လေကြောင်း သက်သေပြရမည့်အချိန်ပင်။
အရှေ့ဘက်စီရင်စု စုဝေးခြင်းတွင် သာလွန်သောစွမ်းရည်များကိုထုတ်ပြလိုက်နိုင်ပါက သူတို့ဖုန့်မိသားစု၏အာဏာကို အခိုင်အမာစိုက်ထူလိုက်နိုင်မှာဖြစ်ပြီး အင်အားကြီးမဟာမိတ်များလည်းရလာနိုင်သလို အရှေ့ပိုင်းဒေသတစ်ခုလုံး လက်လွတ်စပယ်မထိရဲသည့် မိသားစုကြီးဖြစ်လာနိုင်သည်။
မိသားစုဝင်အများစုမှာ ကျင့်ကြံဆင့်များတိုးတက်လာသည်နှင့်အမျှ သူတို့၏စွမ်းရည်နှင့်ပက်သက်ပြီး ယုံကြည်မှုအပြည့်အဝရှိကြသော်လည်း တစ်ဖက်ရန်သူကိုလျှော့တွက်လို့မဖြစ်ချေ။
မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အားအနည်းဆုံးမြို့တော်များထဲ တစ်ခုအပါအဝင်ဖြစ်၏။ သူတို့မိသားစုမှာ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အင်အားအကြီးဆုံးဖြစ်သော်လည်း တစ်ဖက်ရန်သူများမှာ သူတို့ထက်အင်အားကြီးနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
မိသားစုအတွက် အကူအညီဖြစ်ပေးချင်လျှင် သူတို့ကိုယ်သူတို့တွန်းအားပေးကြိုးစားရမည်ကိုသိလာကြသည်။ ခိုင်မာသောစိတ်ပိုင်းဖြတ်ခြင်းများဖြင့် မိသားစုအတွက် အရိုးကျေကျေ အရေခန်းခန်းကြိုးစားကျင့်ကြံကြဖို့ ဆုံးဖြတ်ထားလိုက်ကြသည်။
ဖုန့်ချန်းလည်း ပြောစရာရှိတာပြောပြီးသွားချိန်တွင် မိသားစုဝင်များ၏မျက်နှာထားများကိုလိုက်လံအကဲခတ်၍ ကျေနပ်သွားရသည်။
ခန်းမထဲစဝင်လာချိန်နှင့်စာလျှင် အခြေအနေအရပ်ရပ်ကိုသဘောပေါက်သွားကြပုံပေါ်ပြီး သူတို့မျက်နှာထက်တွင်လည်း စိတ်ပိုင်းဖြတ်မှုများကို တွေ့မြင်နေရသည်။
"အနောက်ဘက်ခြံဝန်းမှာဆောက်လုပ်ထားတဲ့ အဆောက်အဦးသစ်ကို မင်းတို့မြင်ပြီးကြလောက်ပြီထင်ပါတယ်"
ဖုန့်ချန်းပြောလိုက်သည်။
မိသားစုဝင်များမှာ ချက်ချင်းပင်စူးစမ်းလိုဟန်များပေါ်ထွက်လာကြတော့သည်။ ထိုအဆောက်အဦးကြီးကို သူတို့သတိထားမိခဲ့ကြသော်လည်း သိပ်အများကြီးမတွေးဖြစ်ခဲ့ကြပါ။
သူတို့ကျင့်ကြံရေးထဲစိတ်ရောက်နေချိန်တွင် ဘွားခနဲပေါ်လာသောအဆောက်အဦးကြီးကိုမြင်လိုက်ကြသော် အချို့မှာ အနည်းငယ်ထူးဆန်းသည်ဟုခံစားရသော်လည်း သူတို့မိသားစု၏ ဆောက်လုပ်ရေးတစ်ခုသက်သက်သာဟုထင်ခဲ့ကြသည်ပင်။
သို့သော် ဂူပိတ်ကျင့်ကြံရေးဝင်မနေသောသူများပင်လျှင် ထိုအဆောက်အဦးဆောက်လုပ်သည်ကို မမြင်လိုက်ကြရပေ။
ဖုန့်ချန်းကဆက်ပြောသည်။ "အဲ့ဒီအဆောက်အဦးက အလှသက်သက်မဟုတ်ဘူး အဲ့ဒါ အာကာသလေ့ကျင့်ရေးခန်းမပဲ အဆင့်မြင့်ပြီး ပြည့်စုံတယ် မင်းတို့ရဲ့စွမ်းရည်တွေကို အကန့်အသတ်မထားဘဲတွန်းတင်ပေးဖို့ ဆောက်လုပ်ထားတဲ့ တစ်ကိုယ်တော်လေ့ကျင့်ရေးခန်းမပဲ ခန်းမထဲမှာ ပတ်ဝန်းကျင်အမျိုးမျိုးပြောင်းလဲနေလိမ့်မယ် အဲ့ဒီထဲမှာ လေ့ကျင့်ရေးစင်မြင့်တွေ၊ မင်းတို့အသက်ရှင်နေထိုင်ဖို့ရုန်းကန်ကြိုးစားရမယ့် တောနက်ကြီးတွေ ပြီးတော့ တိုက်ပွဲကွင်းကျယ်ကြီးတွေ ကြိုက်သလိုလေ့ကျင့်လို့ရတယ် မင်းတို့အသက်အန္တရာယ်ကို လုံးဝထိခိုက်မှာမဟုတ်ဘူး"
မိသားစုဝင်များမှာ အံ့သြမင်သက်စွာ မယုံကြည်နိုင်စွာဖြင့် ပါးစပ်ဟောင်းလောင်းနားထောင်နေကြသည်။
"တစ်ချို့အင်အားကြီးဂိုဏ်းတွေမှာ ဒီလိုခန်းမတွေရှိတယ်လို့ငါကြားဖူးတယ် ဆန်းကြယ်မီးတောက်ဂိုဏ်းထဲ အကုန်ဝင်ချင်နေကြတာလည်း ဒီခန်းမရှိလို့တဲ့"
"ငါတို့က တကယ်ကြီး ဒီလိုမှော်ခန်းမကြီးအတွင်းမှာ လေ့ကျင့်ရေးဆင်းရမှာပေါ့"
"မိသားစုခေါင်းဆောင်ကိုယ်တိုင်ပြောမှတော့ မဟုတ်စရာအကြောင်းမရှိဘူး ငါအခုပဲပြေးပြီးသွားစမ်းကြည့်ချင်လှပြီ"
"မိုက်တယ်ကွာ ငါတောင်တွေပေါ်တက်ပြီး မကောင်းဆိုးရွားတွေနဲ့တိုက်ခိုက်လေ့ကျင့်ဖို့စဥ်းစားနေတာ ဒီတိုင်းဆို အဲ့လိုသွားစွန့်စားစရာမလိုတော့ဘူး"
သတင်းကောင်းကြားလိုက်ရခြင်းကြောင့် သူတို့အားလုံးမှာ မယုံကြည်နိုင်ခြင်းများ စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် လှုပ်ရွနေကြတော့သည်။
ဤသို့တန်ဖိုးကြီးလေ့ကျင့်ရေးခန်မကြီးကို အသုံးပြုရတော့မည်ဆိုသည်နှင့် သူတို့အားလုံးစိတ်အားထက်သန်မှုများထိန်းမရအောင်မြင့်တက်လာကြသည်။ စောစောကစိုးရိမ်မှုများလည်း လွင့်စင်ပပျောက်ကုန်လေပြီ။
ဤသို့အံ့ဖွယ်သတင်းကြီးကို တစ်ခြားတစ်ယောက်ကလာပြောသည်ဆိုလျှင် လုံးဝယုံနိုင်ကြမည်မဟုတ်ပေ။ သို့သော် သူတို့၏မိသားစုခေါင်းဆောင်ကိုယ်တိုင်ပြောလာသောအခါ ချွင်းချက်မရှိ ပစ်ယုံလိုက်မည်ပင်။
ဖုန့်ချန်း၏စကားဆိုသည်မှာ သူတို့အတွက် ဘုရားသခင်၏ဟောပြောချက်ကဲ့သို့ပင်။
"ပတ်ဝန်းကျင်အမျိုးမျိုးမှာ မင်းတို့ရဲ့စွမ်းရည်တွေကို စစ်ဆေးလေ့ကျင့်လို့ရတယ် သင့်တော်တဲ့ပြိုင်ဘက်တွေကိုရွေးပြီး မင်းတို့ကိုယ်မင်းတို့ စိန်ခေါ်ကြည့် ဝိဉာဥ်စွမ်းအားတိုးမြှင့်ပေးတဲ့ လေ့ကျင့်ရေးတွေလည်းပါတယ် အရှေ့ဘက်စီရင်စု စုဝေးပွဲအတွက် ဒီခန်းမက အဖိုးတန်အထောက်အကူတစ်ခုပဲ"
ဖုန့်ချန်းဆက်ပြောနေလိုက်သည်။
ဤမှော်ခန်းမကို စနစ်ဈေးဆိုင်ထံမှ သူအရယူလာခြင်းပင်။
**********
အာကာသလေ့ကျင့်ရေးခန်းမ -
အကျဥ်းချုပ်ရှင်းလင်းချက် - အာကာသလေ့ကျင့်ရေးခန်းမဆိုသည်မှာ ကောင်းကင်အဆင့်မှော်ရတနာတစ်မျိုးဖြစ်ပြီး တိုက်ပွဲများနှင့် လေ့ကျင့်ရေးများအတွက် ပုံရိယောင်ကမ္ဘာတစ်ခုကို ဖန်တီးပေးနိုင်သည်။ ထိုခန်းမတွင်းတွင် ပြိုင်ပွဲဝင်များမှာ တိုက်ပွဲမျိုးစုံကိုစိန်ခေါ်တိုက်ခိုက်နိုင်ပြီး ပုံစံအမျိုးမျိုး နေရာဒေသအမျိုးမျိုးတွင် စမ်းသပ်လေ့လာနိုင်သည်။ အသက်သေနိုင်ချေ လုံးဝမရှိပါ။
ကောင်းကျိုး - ပြင်းထန်သောတိုက်ပွဲတွင်းလေ့ကျင့်ရေးများနှင့် စွမ်းရည်တိုးမြှင့်မှုအတွက် လုံခြုံစိတ်ချရသောပတ်ဝန်းကျင်တစ်ခု ပေးစွမ်းနိုင်သည်။ မည်သည့်အတွေ့အကြုံကိုယူချင်ပါစေ မည်သည့်နေရာဒေသကို ရွေးချယ်ပါစေ အသုံးပြုသူအတွက် ထိခိုက်ဒဏ်ရာတစ်ခုမှမရစေနိုင်ပါ။ တိုက်ပွဲတွင်း စွမ်းအင်ထိန်းသိမ်းရေး ပြန်လည်ဖြည့်တင်းရေးနည်းလမ်းများ၊ တိုက်ပွဲစွမ်းရည်နှင့် ဗျူဟာကျကျတွေးခေါ်ပုံကို မြှင့်တင်ပေးနိုင်ပါသည်။ ဝိဉာဥ်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။
ဆိုးကျိုး - ပုံရိပ်ယောင်ကမ္ဘာအတွင်းသေဆုံးခြင်းမှာ အပြင်ပန်းထိခိုက်ဒဏ်ရာမရှိစေသော်လည်း အသုံးပြုသူ၏ဝိဉာဥ်စွမ်းအားနှင့် ချီစွမ်းအင်ကို လျော့ကျစေသည့်အတွက် တစ်ခါသေပြီးလျှင် ရက်မကူးသေးဘဲ ခန်းမတွင်းပြန်ဝင်ခွင့်မရှိပါ။
ဈေးနှုန်း - စနစ်ရမှတ်တစ်သိန်း
**********
(ကောင်းပါလေ့ ခုတော့ ငါတော့ ကုန်းကောက်စရာမရှိအောင် တရားဝင်နဲ့ တကယ်ကိုမွဲသွားပါပြီခင်ဗျာ)
ကျလုဆဲဆဲမျက်ရည်များကိုပြန်သိမ်းရင်း ဖုန့်ချန်းမချိတင်ကဲတွေးလိုက်မိသည်။
သူခက်ခက်ခဲခဲ စိစိစစ်စစ်စုဆောင်းသိမ်းဆည်းလာရသော စနစ်ရမှတ်များမှာ ထိုမှော်ရတနာကိုဝယ်လိုက်သောကြောင့် ပြုတ်ပြုတ်ပြုန်းလုနီးပါးပင်။
အဆမတန်ဈေးကြီးလွန်းသော်ငြား သူ့မိသားစု၏တိုးတက်ရေးအတွက် အလွန်အထောက်အကူပြုမည့်ပစ္စည်းဖြစ်ကြောင်း သူသိသည်။ ဈေးဘယ်လောက်ပင်ကြီးကြီး မိသားစုအတွက်ဆိုလျှင်တော့ စွန့်လွှတ်ရမည်သာ။
အင်အားတူပြိုင်ပွဲဝင်နှစ်ဦးထိပ်တိုက်တွေ့ပါက မည်သူကသာမည်ထင်သနည်း? မှော်လက်နက်တွေဖောဖောသီသီသုံးနိုင်သူကသာမှာလား သို့မဟုတ် နည်းလမ်းများများသုံးနိုင်သူက သာမှာလား?
အမှန်မှာ အတွေ့အကြုံပိုရှိသူက ပိုသာလိမ့်မည်။
တစ်ဖက်ရန်သူ၏လှုပ်ရှားမှုများကိုမခန့်မှန်းနိုင်ဘဲ ကိုယ့်တိုက်ကွက်ကိုလည်း အချိန်ကိုက်ထုတ်မသုံးနိုင်လျှင် ဘာနည်းလမ်းတွေပဲသုံးသုံး အလဟဿပင်။
အတွေ့အကြုံရှိမှသာ တိုက်ပွဲ၏အရှိန်ကိုခန့်မှန်းတွက်ချက်နိုင်ပြီး မထင်မှတ်ထားသည့်ဖြစ်ရပ်များကို အလိုက်သင့်ချိန်ညှိနိုင်မည်။ ထို့နောက်မှ ကိုက်ညီသောအချိန်ကို ဖမ်းဆုပ်အသုံးချနိုင်မည်။
ထို့ကြောင့် တိုက်ပွဲအတွေ့အကြုံမှာ ကျင့်ကြံဆင့်ကဲ့သို့ပင် တန်းတူအရေးပါ၏။
အာကာသခန်းမမှာ ဈေးအလွန်ကြီး၍ ဖုန့်ချန်းတစ်ယောက် စနစ်ရမှတ်ငါးသောင်းသာကျန်တော့သည့်အထိ ငမွဲလေးဖြစ်သွားရသော်လည်း မိသားစု၏ရှေ့ရေးအတွက် ထိုက်တန်သည့်ပေးဆပ်မှုတစ်ခုပင်။
ထို့အပြင် အာကာသခန်းမအတွက် စနစ်ရမှတ်ဤမျှရင်းနှီးလိုက်ရခြင်းမှာ တစ်ခြားသောအကြောင်းအရင်းတစ်ခုလည်း ရှိနေသေးသည်။
[တာဝန် - လာမည့်အရှေ့ဘက်စီရင်စု စုဝေးပွဲတွင် အရှေ့ပိုင်းဒေသတစ်ခုလုံး၏ အင်အားအကြီးဆုံးမိသားစုသုံးခုထဲ တစ်ခုအပါအဝင်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်းကို ထုတ်ပြရမည်။]
[ဆုလာဘ် - စနစ်ရမှတ်တစ်သိန်းနှင့် ရလဒ်အပေါ်မူတည်၍ပေးမည့် လျှို့ဝှက်ဆုလာဘ်တစ်ခု]
သူသာ စနစ်၏တာဝန်ကိုပြီးမြောက်အောင်ထမ်းဆောင်နိုင်လျှင် ရင်းနှီးခဲ့ရသည့်စနစ်ရမှတ်အားလုံးကို အလိုအလျောက်ပြန်ရနိုင်မည့်အပြင် ပိုကြီးသည့်ဆုလာဘ်တစ်ခုကပါ စောင့်ကြိုနေဦးမည်။
သို့ဆိုလျှင် အာကာသခန်းမကိုဝယ်လိုက်ခြင်းဖြင့် မိသားစု၏အင်အားကိုတိုးမြှင့်ပေးနိုင်ရုံသာမက တန်ဖိုးကြီးဆုလာဘ်များကိုပါ လက်ခံနိုင်လိမ့်မည်။
သူ့ဘက်က တာဝန်ကိုကျရှုံးလျှင်တော့ ရင်းနှီးခဲ့ရသမျှ အချည်းနှီးသာဖြစ်ပေမည်။
သို့သော် ကျရှုံးနိုင်ချေကို ဖုန့်ချန်းထည့်တွက်မနေတော့ပါ။ သူကိုယ်တိုင်လည်း ယခုထက်ပိုကြိုးစား၍ ကျင့်ကြံဆင့်တက်ရန်စီစဥ်ထားသည်။
မမျှော်လင့်ထားတာတစ်ခုခု ဖြစ်ပျက်လာခဲ့ရင်တောင် သူ့ဘက်က အောင်ပွဲကိုမရအရယူပြီး စနစ်ရမှတ်များပြန်ယူနိုင်လိမ့်မည်ဟု သူယုံကြည်သည်။
"ဟားဟား ငါသူဌေးဖြစ်မယ့်လမ်းကို ဘယ်သူဝင်ပိတ်နိုင်ကြဦးမလဲကွ"