မိုးကြိုးလက်နက် နယ်ခြားစောင့်တပ်
Vol. 5 Ch. 62
ဖုန့်အိမ်တော်ဝင်းမှထွက်ခွာလိုက်သည်နှင့် ဖုန့်ချန်းအသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်သည်။ သူ့နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ခုန်ပေါက်လို့နေ၏။
အနားသို့ဖြတ်တိုက်သွားသောလေညင်းလေးမှတစ်ဆင့် နှစ်ပေါင်းများစွာကင်းကွာခဲ့ရသော လွတ်လပ်မှုအနံ့အသက်ကို ရှူရှိုက်လိုက်မိသလိုပင်။
မိသားစုခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ယာယီလွှတ်ချလိုက်ရသည့်အခိုက်အတန့်တွင် ထိုရာထူးကိုဆက်ခံလိုက်ကတည်းက မခံစားခဲ့ရသော လွတ်လပ်ပေါ့ပါးမှုကို သူပြန်ခံစားနိုင်လေပြီ။
မိသားစုကိုဦးဆောင်ရသည်မှာ စိတ်မကျေနပ်စရာတော့မရှိသော်လည်း သူသည် စွန့်စားလှည့်လည်ရသည့်ခံစားချက်ကို အင်မတန်ရူးသွပ်ခဲ့သူဖြစ်၏။ ဤခရီးအစမှာ သူ၏စိတ်တွင်းသို့သိုဝှက်ချုပ်နှောင်ထားသည့် ထိုခံစားချက်တို့ကို မီးစာပြန်ညှိပေးလိုက်သယောင်ပင်။
ကျောက်မိသားစုထံမှသိမ်းပိုက်ရရှိခဲ့သော ထိုရတနာသိုက်မြေပုံကြောင့် ပို၍စိတ်လှုပ်ရှားနေခြင်းဖြစ်မည်။ ရတနာသိုက်တကယ်ရှိမရှိ မသေချာသေးသော်လည်း လမ်းကြုံရှာကြည့်ခြင်းသာဖြစ်သည်မလို့ နစ်နာစရာမရှိပေ။
သူလိုသမျှကို စနစ်ဈေးဆိုင်မှာအကုန်ရနိုင်သည်ဆိုသော်ငြား ခက်ခက်ခဲခဲရလာသည့်စနစ်ရမှတ်တွေကို သူသိပ်သုံးချင်တာမဟုတ်။
ရတနာသိုက်တကယ်မရှိလျှင်တောင် လစ်လပ်လို့မရသောထိုနေရာမှ ခဏတဖြုတ်အနားရသည်ကပင် ထိုက်တန်နေလေပြီ။ နှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့သော ခရီးသွားချင်စိတ်ကို ပြန်လည်အသက်သွင်းရတော့မည့်အဖိုးတန်အချိန်ပင်။
မြူခိုးချိုင့်ဝှမ်းမြို့တော်မှထွက်၍ မုန်တိုင်းတောင်ကြားသို့ဦးတည်လာခဲ့သည့်လမ်းတစ်လျှောက် ခြေလှမ်းများမှာလွတ်လပ်ပေါ့ပါး၍ ဦးတည်ချက်ခိုင်မာလျက်ရှိကြသည်။
ရှည်လျားသောခရီးဖြည်ပေသည့် ဖုန့်ချန်းလိုကျင့်ကြံဆင့်မြင့်သူတစ်ဦးအတွက် ပြောပလောက်သည်မဟုတ်။
သာမန်လူအများအတွက် ရက်အနည်းငယ်ရှည်ကြာမည့်ခရီးကို သူ့အရှိန်နှင့်သွားသော် နာရီအနည်းငယ်သာကြာမြင့်လိုက်၏။ လမ်းတစ်လျှောက် စိမ်းလန်းစိုပြေလျက်ရှိသောတောအုပ်များကို ဟိုဟိုသည်သည်လေ့လာစူးစမ်းရင်း တစ်ဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ကို ကျောက်စိုင်ကျောက်သားများကနေရာယူလာတော့သည်။ သိပ်မလှမ်းတော့သော မုန်တိုင်းတောင်ကြား၏ အထက်ကောင်းကင်တွင် ညိုမှိုင်းအုံ့ဆိုင်းလျက်ရှိသည်ကိုပင် မြင်နေရလေပြီ။
မုန်တိုင်းတောင်ကြားအနီး ချဥ်းကပ်လာသည်နှင့် တိုက်ခတ်နေသောလေမှာ တဖြည်းဖြည်းအေးစိမ့်လို့လာသည်။ အုံ့မှိုင်းနေသောကောင်းကင်တွင် လျှပ်စီးများတစ်ချက်တစ်ချက်လက်သောအခါ ကျောက်ကြမ်းချောက်ကမ်းပါးများ၏ ထိုးထွက်သောအရိပ်တို့ကို မြင်တွေ့နိုင်သည်။
တောင်ကြားသို့မရောက်မီ ချောက်ကမ်းပါးနှစ်ခုကြားတည်ထားသော နယ်ခြားစောင့်မြို့ငယ်လေးကို သူလှမ်းမြင်လိုက်ရသည်။
"ဒါ မိုးကြိုးလက်နက် နယ်ခြားစောင့်တပ်ပဲဖြစ်ရမယ်"
နယ်ခြားစောင့်မြို့၏ရည်ရွယ်ချက်ကား ရှင်းလင်းပါသည်။ ထိုသေမင်းတမန်တောင်ကြားသို့မရောက်မီ နောက်ဆုံးသော ကာကွယ်ရေးစည်းပင်။
မြို့လေးတစ်ခုလုံးကို ခိုင်ခံ့တောင့်တင်းသောတံတိုင်းများဖြင့် ကာရံထားပြီး ကင်းမျှော်စင်များကို ပတ်ပတ်လည်တည်ဆောက်ထားသည်။ အစောင့်များမှာ မကောင်းဆိုးရွားသားရဲများချဥ်းကပ်လာနိုင်ခြင်းမရှိအောင် အဆက်မပြတ်သတိကပ်ပြီး စစ်ဆေးစောင့်ကြည့်နေရသည်။
အစောင့်များ၏ကျင့်ကြံဆင့်ကို ဖုန့်ချန်းစစ်ဆေးကြည့်သော် အများစုမှာ အခြေတည်ထောင်ခြင်းအဆင့်ရှိပြီး အချို့မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
ဖုန့်ချန်းသေသေချာချာအကဲခတ်လိုက်သော် အစောင့်များသာမက ကြေးစားဖြစ်ဟန်တူသော ကျင့်ကြံသူအချို့ကိုပါ တွေ့လိုက်ရလေသည်။
ထိုကျင့်ကြံသူများမှာ သန်မာအားကောင်းသည့်ပုံပေါ်သည့်အပြင် စစ်မြေပြင်အတွေ့အကြုံပြည့်ဝနေပုံလည်းရသည်။ တောင်ကြားတွင်လှည့်လည်ကျက်စားသော သားရဲများကို အမဲလိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုကြပုံပင်။
အရှိန်အဝါများမှာလည်း ထက်ရှပြင်းထန်ပြီး သေမင်းခံတွင်းမှအကြိမ်ကြိမ်ရုန်းထွက်လာနိုင်ခဲ့သော ကျားတစ်ကောင်ကဲ့သို့ ယုံကြည်မှုတစ်မျိုးကို လွှင့်ထုတ်လျက်ရှိသည်။
အချို့မှာ လက်နက်ရိက္ခာများစုဆောင်းလျက်ရှိပြီး အချို့မှာမူ အဖွဲ့လိုက်ဝိုင်းထိုင်လျက် လောလောလတ်လတ်အမဲလိုက်ထွက်ခဲ့ရာမှရလာသောအတွေ့အကြုံတစ်ချို့ကို ဆွေးနွေးနေကြသည်။ အချို့သောသားရဲများမှာ တောင်ကြားတစ်လျှောက်စိုးမိုးနေသော လျှပ်စီးမိုးကြိုးဒဏ်ကိုခံနိုင်ရည်ရှိကြသဖြင့် ထိုအကောင်များကိုမည်သို့မည်ပုံဖြေရှင်းရန်အကြောင်း တိုင်ပင်နေကြခြင်းဖြစ်သည်။
ထိုအထဲတွင် မုန်တိုင်းတောင်ကြားထဲမှအတွေ့အကြုံများကို ဝေမျှနေသူများလည်းရှိ၏။
"ဟားဟား အဲ့အဆင့်၅သားရဲနဲ့တိုက်ပြီး ငါအသက်ရှင်လျက်ရှိနေသေးတာကိုကကံကောင်းတာပဲ အကောင်ကြီးကနည်းတာကြီးမဟုတ်ဘူး မြင်မြင်ချင်းငါ့မှာလိပ်ပြာလွင့်မတတ်ပဲ"
"မင်းတကယ်ကံကောင်းသွားတာ မင်းရဲ့ကိုယ်ပျောက်စွမ်းရည်ကြောင့်သာမဟုတ်ရင် ရှိမဲ့စုမဲ့အသက်လေးကို တာ့တာပြသွားရတာကြာရောပေါ့ အဲ့ဒါကြောင့် မုန်တိုင်းတောင်ကြားထဲကို စွတ်စွတ်မဝင်ချင်စမ်းပါနဲ့လို့ မင်းလိုလောဘကြီးလို့ အဲ့တောင်ကြားမှာအသက်ပျောက်သွားတဲ့ကြေးစားတွေ ဘယ်လောက်တောင်များတယ်ထင်လဲ"
"ဟားဟား နောက်ဆိုဂရုစိုက်ပါ့မယ်ကွာ"
အသက်ဘေးအန္တရာယ်နှင့်နီးကပ်လှသော ထိုအတွေ့အကြုံများအကြောင်းကို သူတို့ကတော့ အလ္လာပသလ္လာပအဖြစ်နှင့်ပင် ပြောဆိုနေကြသေးသည်။ ကြေးစားအလုပ်က မည်မျှပင်အန္တရာယ်များသော်ငြား စွန့်လွှတ်ကြမည့်ပုံမပေါ်ချေ။
သူတို့အမဲလိုက်သော ထိုမကောင်းဆိုးရွားများမှာ ရှားပါးအရင်းအမြစ်များကို ထုတ်လုပ်ပေးနိုင်သည့်အပြင် ထိုမုန်တိုင်းတောင်ကြားတွင် ဆေးဖက်ဝင်အပင်များသာမက ရတနာများလည်းတွေ့ရတတ်သည်ပင်။ ထိုအကြောင်းရင်းကြောင့် ကြေးစားကျင့်ကြံသူများ အသက်စွန့်၍စူးစမ်းချင်နေကြခြင်းဖြစ်၏။
(မဝင်ခင် မုန်တိုင်းတောင်ကြားအကြောင်းနည်းနည်းပါးပါးနဲ့ ငါဦးတည်မယ့်နေရာအကြောင်းလေး စုံစမ်းလိုက်ဦးမှပါ)
ဖုန့်ချန်းတွေးလိုက်မိသည်။
ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော်ငြား သတိဆိုသည်မှာပိုသည်မရှိပေ။ ကိုယ်သွားမည့်နေရာကအန္တရာယ်များနေလျှင် မည်မျှပင်စွမ်းအားကြီးနေပါစေ သတင်းအချက်အလက်စုဆောင်းရမှာက အခြေခံအဆင့်တစ်ခုဖြစ်သည်။
သူ့ဘက်က အင်အားဘယ်လောက်ပင်ရှိနေပါစေ မုန်တိုင်းတောင်ကြားအကြောင်း ကောင်းကောင်းသိထားလျှင် မလိုလားအပ်သည့်အန္တရာယ်များကိုလည်း ထိထိရောက်ရောက်ရှောင်ရှားနိုင်ပြီး ပြဿနာနည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်မည်သာ။
သောက်စရာရောင်းသောဆိုင်အနီး ဝိုင်းဖွဲ့ထိုင်နေကြသောအုပ်စုတစ်ခုအနီးသို့ သူစတင်ချဥ်းကပ်ပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ရောင်းရင်းတို့ ကျုပ်နာမည်ကဖုန့်ချန်းပါ မုန်တိုင်းတောင်ကြားကို နည်းနည်းလောက်သွားစူးစမ်းကြည့်ချင်လို့ ကျုပ်သိထားရမှာလေးတွေများ ရှိမလားလို့ပါ"
ကြေးစားကျင့်ကြံသူများမှာ သူ့ထံသို့ စူးစမ်းလိုမှုများ မယုံသင်္ကာဟန်များအပြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြသည်။ ပါးပြင်တစ်လျှောက် ဒေါင်လိုက်အမာရွတ်ကြီးရှိသော လူထွားကြီးတစ်ယောက်က သူ့ကိုစုန်ချည်ဆန်ချည်အကဲခတ်လာသည်။
"မင်းကတောင်ကြားကိုသွားမယ်ပေါ့ ဟုတ်လား? အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ အဲ့ထဲကိုဘယ်သူမှသိပ်မသွားရဲကြဘူးနော်"
ဖုန့်ချန်းခေါင်းညိတ်လိုက်ပြီး ရွှေဒင်္ဂါးတစ်ဆုပ်ကို စားပွဲပေါ်တင်လိုက်သည်။
"သတင်းနည်းနည်းလောက်ဝယ်ချင်ရုံပါဗျာ ဒီတစ်ဝိုင်းကျုပ်ဧည့်ခံမယ်လေ ဘယ်နှယ့်လဲ"
ရွေဒင်္ဂါးများကိုမြင်သော် အမာရွတ်နှင့်လူ၏မျက်နှာမှာ မဆိုစလောက်ဝင်းပသွားပြီး ကျန်သူများလည်း ပြုံးစစဖြစ်လာကြသည်။
"ညီနောင်ကတော်တော်ရက်ရောသားပဲ လာထိုင် စကားပြောကြတာပေါ့"
ကြေးစားကျင့်ကြံသူများသည် ရွေဒင်္ဂါးများနှင့် သေရည်များကို ဝမ်းပန်းတသာပင်လက်ခံလိုက်ကြပြီး လေထုမှာလည်းပို၍ပေါ့ပါးလာသည်။
ခရီးတွေပတ်သွားရင်း ကြေးစားကျင့်ကြံသူအတော်များများနှင့် တွေ့ဆုံဖူးသောဖုန့်ချန်းမှာ ဤလူတွေဆီကသတင်းနှိုက်လိုလျှင် ပိုက်ဆံနှင့်သောက်စရာကအထိရောက်ဆုံးမှန်း ကောင်းကောင်းသိလေသည်။
ဝတ္ထုတွေထဲကလို ဘရိန်းချောင်နေသည့် မင်းသားများလို သူ့ဘက်က အစွမ်းနည်းနည်းလောက်ပြပြီး အထင်ကြီးလိုက်စေလို့ရသော်လည်း လူအများအာရုံစိုက်လာမှာကို သူမနှစ်မြို့ပေ။
ထို့အပြင် ရွေဒင်္ဂါးလေးနည်းနည်းရင်းလိုက်ရုံဖြင့် ဘာမှမထိခိုက်ပေ။ သူဝယ်ချင်လျှင် သေရည်ဆိုင်တစ်ခုလုံးကိုတောင်ကောက်ဝယ်လို့ရနေသည်လေ။
"အရင်ဆုံး ကျုပ်နာမည်ကခုန်ဝေပါ" အမာရွတ်နှင့်လူက သေရည်တစ်မော့ မော့လိုက်ပြီး မိတ်ဆက်လာသည်။ "မုန်တိုင်းတောင်ကြားနဲ့ပက်သက်ပြီး အကြမ်းဖျင်းရှင်းပြပေးမယ်"
"ခင်ဗျား မုန်တိုင်းတောင်ကြားကိုလာတာ ပထမဆုံးအကြိမ်လား"
ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။
"အင်း သတင်းတွေအတိုင်းပဲ မုန်တိုင်းတောင်ကြားက ကြမ်းတယ်"
"ရာသီဥတုကလည်းကြမ်းတမ်းပြီး သားရဲတွေကလည်းသွားနောက်လို့မရဘူး စစချင်းကံကောင်းရင်တော့ အဆင့်၂သားရဲနည်းနည်းလောက်ပဲ တွေ့ရလောက်ပေမယ့် အထဲဘက်ကိုပိုသွားလေလေ အဆင့်၄ ဒါမှမဟုတ် အဆင့်၅ သားရဲကောင်တွေပါ တွေ့လာရမှာပဲ အဲ့အဆင့်တွေက ဓာတ်ကြီးသုံးပါးနတ်အဆင့်ထက်ပိုသန်မာပြီး အကြည့်တစ်ချက်နဲ့တင် သေးထွက်ကျချင်စရာပဲ"
သေရည်ကို တစ်ငုံထပ်မော့လိုက်ပြီး သူကစကားဆက်သည်။ "အဲ့ကြားထဲကမှ အသက်ရှင်လျက်လွတ်လာချင်ရင်တော့ သတိမပြတ်ထားပြီး ချောင်မပိတ်မိအောင်ရှောင်ရမှာပဲ လျှပ်စီးတွေကလည်းတောက်လျှောက်လက်နေပြီး အဲ့ကောင်တွေကတော့ကျင့်သားရနေကြပြီ အရင်ဆုံး ကိုယ့်ဘက်ကယှဥ်နိုင်ပါ့မလားမသေချာရင် ထိပ်တိုက်မတွေ့တာအကောင်းဆုံးပဲ"
ထက်ရှသောမျက်လုံးအစုံဖြင့် ကြေးစားလူသန်ကြီးတစ်ယောက်လည်း ဝင်ပြောလာသည်။
"နောက်ပြီး ဆေးဖက်ဝင်အပင်တွေတို့ သားရဲကောင်အသေတွေတို့ လိုက်ရှာကြည့်ထား အဲ့ဒါတွေက တန်ဖိုးရှိတယ် ရောင်းစားလို့လည်းရပြီး ကျင့်ကြံဆင့်တက်အောင်သုံးချင်လည်းရတယ် ဒါပေမယ့်လောဘတော့အရမ်းမကြီးနဲ့ များသောအားဖြင့်အဖိုးတန်တဲ့ဟာတွေကို အင်အားကြီးသားရဲတွေက စောင့်ရှောက်နေကြတာ"
ခုန်ဝေကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လာသည်။ ထို့နောက် မုန်တိုင်းတောင်ကြား၏မြေပုံကိုဆွဲထုတ်ပြီး ရှောင်ရမည့်နေရာများအား ထောက်ပြလာကြသည်။
ဖုန့်ချန်းလည်း ဂရုတစိုက်နားထောင်ပြီး စိတ်မှတ်ဖြင့်လိုက်မှတ်သည်။
ထို့နောက် ရတနာမြေပုံတွင်ပြထားသောနေရာသို့ထောက်ပြီး ခုန်ဝေအားမေးလိုက်သည်။
"ကျုပ်က ဒီဘက်ခြမ်းကိုနည်းနည်းစိတ်ဝင်စားနေတာ" ဖုန့်ချန်းသာမန်ကာလျှံကာဟန်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားအဲ့ဘက်အကြောင်းရော သိလား"
ဖုန့်ချန်းညွှန်ပြနေသောနေရာကို ခုန်ဝေကြည့်ပြီးနောက် ဦးခေါင်းကို ဖြည်းညင်းစွာခါရမ်းပြလာသည်။
"အဲ့နေရာက နာမည်ဆိုးနဲ့ကျော်ကြားတယ် နေရာကလည်းကြမ်းတမ်းပြီး အန္တရာယ်ကောင်တွေလည်းပေါတယ် သွားမယ့်သူတော့ ကိုယ့်သေလမ်းကိုယ်ရှာတာပဲ"
လူသန်ကြီးကလည်း ဝင်ပြောလာသည်။
"အဲ့နေရာကိုသွားတဲ့ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်ဖွဲ့ဆိုရင် ပြန်ကိုမလာနိုင်တော့ဘူးတဲ့ ကြေးစားတွေတောင်အဲ့ဘက်တော့ရှောင်ကြတယ် ခင်ဗျားလည်းမသေချင်သေးရင် သွားဖို့မစဥ်းစားနဲ့"
ထိုအကြောင်းကိုကြားပြီး ဖုန့်ချန်းကြောက်ရမည့်အစားပိုလို့တောင်စိတ်လှုပ်ရှားလာ၏။ အန္တရာယ်များသောကြောင့် ကျောက်မိသားစုမှ တစ်ခါမှသွားမရှာခဲ့ဖူးတာသေချာလေပြီ။
အခြားသူများလည်း လမ်းမှားရောက်သွားနိုင်စရာနေရာမျိုးမဟုတ်ပေ။
ခုန်ဝေကလည်း လူသန်ကြီး၏စကားကိုထောက်ခံသလို ခေါင်းညိတ်၏။
"အဲ့ဘက်ခြမ်းမှာ မိုးကြိုးမုန်တိုင်းတွေလည်းထူထပ်ပြီး အန္တရာယ်လည်းပေါတယ် အဲ့ဘက်ကိုမှသွားချင်တယ်ဆိုရင်တော့ အဆိုးဆုံးကိုကြိုတွေးသွားတာကောင်းမယ် အဆင့်၅ အဆင့်၆သားရဲတွေ ကျက်စားတဲ့နယ်မြေပဲကွ"
"အကြံပေးတဲ့အတွက်ကျေးဇူးပါဗျာ သေချာမှတ်ထားပါ့မယ်"
ဖုန့်ချန်းပြောပြောဆိုဆိုပင် သွားဖို့ပြင်လိုက်သည်။
"တစ်ခုခုအကူအညီလိုရင်ဖြစ်ဖြစ် အချက်အလက်ထပ်လိုရင်ဖြစ်ဖြစ် ဒီကိုလာနော် ကျုပ်တို့မှာအဆက်အသွယ်တွေရှိလို့ လိုချင်တာရှိရင်ရှာပေးလို့ရတယ်"
ကမ်းလှမ်းမှုကိုအသိအမှတ်ပြုသည့်အနေဖြင့် ဖုန့်ချန်းခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် မိုးကြိုးလက်နက်နယ်ခြားစောင့်တပ်၏ ထွက်ပေါက်ထံသို့ သူဦးတည်လိုက်သည်။ သွားရောက်မည့်နေရာတွင် ဘာတွေစောင့်ကြိုနေမည်ဆိုတာကို အကြမ်းဖျင်းတော့သိပြီးလေပြီ။