အန္တရာယ်ကြားမှ မိန်းမငယ်
Vol. 5 Ch. 63
"ခေါင်းဆောင် အဖိုးတန်တဲ့သတင်းကို အဲ့လူစိမ်းဆီ ဘာလို့ပြောပြလိုက်တာလဲ"
အဝေးသို့တဖြည်းဖြည်းပျောက်ကွယ်သွားသော ဖုန့်ချန်းကိုကျောပြင်ကို စိတ်ရှုပ်ထွေးစွာလိုက်ကြည့်ရင်း ကြေးစားကျင့်ကြံသူအငယ်တစ်ယောက်ကမေးလာသည်။
ခုန်ဝေက ထိုင်ခုံနောက်မှီသို့ကျောဆန့်လိုက်ပြီး ခွက်ကိုလှုပ်၍ သေရည်တစ်ငုံထပ်သောက်လိုက်သည်။
"ဒီဒေသကို တစ်ကိုယ်တော်ခရီးထွက်လာရဲတဲ့သူရှားတယ် အဲ့လူက ငါ့ထက်အဆပေါင်းများစွာ ပိုသန်မာလိမ့်မယ်လို့ ခံစားမိနေတယ်"
(စားသောက်ဆိုင်ထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ငါ့ဆီကို တိုက်ရိုက်ချဥ်းကပ်လာတာ တိုက်ဆိုင်မှုတော့မဟုတ်နိုင်ဘူး)
ခုန်ဝေတွေးနေမိသည်။
သူတွေးသလိုပင် ဖုန့်ချန်းသည် စားသောက်ဆိုင်တွင်း အင်အားအကြီးမားဆုံးသော အမြုတေဖွဲ့စည်းခြင်းအထွဋ်အထိပ်အဆင့်ကျင့်ကြံသူထံ တမင်ရည်ရွယ်၍ချဥ်းကပ်ခဲ့ခြင်းဖြစ်၏။
အင်အားအကြီးဆုံးသောသူများသည် သတင်းအချက်အလက်သိရှိရာတွင်လည်း အခြားသူထက်ပိုသာတတ်သဖြင့် ခုန်ဝေကိုသူတမင်ချဥ်းကပ်သတင်းနှိုက်ခဲ့ခြင်းဖြစ်သည်။
ခုန်ဝေကလည်း သူ့အကြံကိုအကဲခတ်မိသဖြင့် လူတစ်ဦး၏ကျင့်ကြံဆင့်ကိုမြင်နိုင်စွမ်းသောကျင့်ကြံသူသည် သူ့ထက်လွန်စွာမှသန်မာလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
မေးခွန်းထုတ်သော ကြေးစားလူငယ်လေးသည် နားမလည်စွာခေါင်းကိုတဗျင်းဗျင်းကုတ်လိုက်မိသည်။ ခေါင်းဆောင်ထက်ပိုသာသည့်လူဖြစ်ရုံဖြင့် ဘာကြောင့်သတင်းအချက်အလက်များကို မခြွင်းမချန်ပြောပြရန်လိုပါသနည်း?
"နောက်ပြီး သွားပုံလာပုံဝတ်စားပုံကိုကြည့်ရသလောက် ဂုဏ်သရေရှိအင်အားကြီးမိသားစုတစ်ခုခုကလာတာဖြစ်လောက်မယ် ဒီလိုလူကိုကူညီလိုက်ရလို့ နစ်နာသွားတာမရှိပါဘူး"
ခုန်ဝေကဆက်ခန့်မှန်းနေ၏။
"ဘာပဲဖြစ်ဖြစ်ပါကွာ လောလောဆယ်တော့ငါတို့ ရွေဒင်္ဂါးရာချီနဲ့ သေရည်ဝိုင်းတစ်ဝိုင်းရလိုက်ပြီးပြီပဲ သတင်းနည်းနည်းပါးပါးမျှရတာဘာဖြစ်မှာကျလို့ ကဲ သောက်ကြရအောင်ပါ"
*********
ဖုန့်ချန်းကတော့ မိုးကြိုးလက်နက်နယ်ခြားစောင့်တပ်မှ အမြန်ထွက်ခွာလို့နေသည်။
ခုန်ဝေနှင့်ပြောခဲ့ရသောစကားဝိုင်းမှ အဖိုးတန်သတင်းအချက်အလက်များအပြင် ရတနာသိုက်ရှိရာနေရာနှင့်ပက်သက်ပြီး အတွင်းကျကျသိလိုက်ရလေသည်။
မုန်တိုင်းတောင်ကြားသို့ဦးတည်သော ဂိတ်ဝသို့ ဖုန့်ချန်းရောက်သော် အစောင့်တစ်ဦးကလက်မြှောက်၍ ရပ်ရန်အချက်ပြလာ၏။
"ဟေ့ ရပ်စမ်း ခွင့်ပြုချက်မရှိဘဲ ဒါမှမဟုတ် လုံလောက်တဲ့ကျင့်ကြံဆင့်မရှိဘဲ ဒီဂိတ်ကိုမဖြတ်ရဘူး"
ဖုန့်ချန်းခပ်အေးအေးသာပြုံးလျက် ဓာတ်ကြီးသုံးပါးနတ်အဆင့်အရှိန်အဝါကို ထုတ်လွှင့်ပြလိုက်သည်။ အစောင့်တပ်သား၏မျက်လုံးများမှာလည်း ပြူးကျယ်ဝင်းပသွားကာ ချက်ချင်းဦးညွှတ်အရိုအသေပြုလာ၏။
"တောင်း-တောင်းပန်ပါတယ် စီနီယာ အလိုက်မသိမှုကိုခွင့်လွတ်ပေးပါ"
အစောင့်တပ်သားလေးမှာ တုန်ယင်စွာဖြင့် ဘေးသို့ကပ်ပေးလိုက်သည်။
"သွားလို့ရပါပြီခင်ဗျာ"
ဖုန့်ချန်းခေါင်းညိတ်ပြလျက် ဆက်သွားလိုက်သည်။ ဂိတ်တံခါးမှာ တကျွီကျွီပွင့်ဟသွားပြီး တားမြစ်နယ်မြေဖြစ်သော မုန်တိုင်းတောင်ကြားသို့ လမ်းဖွင့်ပေးလျက်ရှိလေ၏။
လေထုမှာ ရုတ်ချည်းအေးစိမ့်သွားပြီး မိုးချိန်းသံများမှာ ကျောက်ကြမ်းကမ်းပါးများအထက် ပဲ့တင်ထပ်လို့နေလေသည်။
"ဆိုတော့ ဒါက နာမည်ကြီးမုန်တိုင်းတောင်ကြားပေါ့လေ"
ဖုန့်ချန်းခပ်တိုးတိုးရေရွတ်လျက် နှုတ်ခမ်းတစ်ဖက်စွန်းမှာ ကော့တက်သွားသည်။
"ဒီနေရာမှာ ဘာတွေကများစောင့်ကြိုနေမလဲ ကြည့်လိုက်ကြတာပေါ့"
သူ့ထံသို့ တွန်းကန်တိုက်ခတ်နေသာ လေစီးကြောင်းလားရာတောင်ကြားသို့ ဖုန့်ချန်းတည့်တည့်လျှောက်ဝင်သွားလိုက်သည်။
အင်အားနည်းသူတို့အဖို့ မုန်တိုင်းလေပြင်း၏ဖိအားမှာ ရင်ဆိုင်နိုင်စရာမဟုတ်လောက်သော်လည်း ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးအဖို့တော့ ကျောက်ကြမ်းလမ်းထက် လွယ်လွယ်ကူကူ သာသာယာယာပင် တိုးဝင်သွားလို့ရနိုင်ပေ၏။
အဝင်လမ်းတစ်လျှောက်တွင် အဆင့်၁သားရဲအချို့ကိုတွေ့ရသော်လည်း သူ့ကိုမြင်ရုံဖြင့်ထွက်ပြေးနေကြပေရာ ဘာမှတောင်လုပ်စရာမလိုသေးပေ။
သားရဲများမှာ သူတို့မျက်စိရှေ့ဖြတ်သွားသူမှန်သမျှကို မဲမဲမြင်ရာလိုက်ဆွဲလိမ့်မည်ဟု ထင်စရာရှိသော်လည်း ထိုသတ္တဝါများတွင် အခြေခံရှင်သန်လိုစိတ်တစ်ခုတော့ ရှိကြပေသေးသည်။ တိုက်ခိုက်ရမည့်သူက သူတို့ထက်သိသိသာသာအင်အားကြီးနေပါလျှင် လူများကဲ့သို့ ဝေးဝေးထွက်ပြေးတတ်ကြသည်ပင်။
"ကယ်ကြပါဦးရှင့်"
မုန်တိုင်းတောင်ကြားတွင်းသို့ ဖုန့်ချန်းဆက်သွားနေရင်း လေပြင်းမုန်တိုင်းကိုဖြတ်၍ အဝေးတစ်နေရာမှလွင့်ပျံလာသော အော်သံတစ်သံကိုကြားလိုက်ရ၏။
"ကယ်ကြပါဦး ကျေးဇူးပြုပြီး တစ်ယောက်ယောက်လာကူပါဦးရှင်"
ကြောက်ရွံ့စိုးထိတ်မှုအပြည့်ဖြင့် တစ်နေရာရာမှပဲ့တင်ထပ်လာသော အမျိုးသမီးတစ်ဦး၏အသံ။
ဖုန့်ချန်းမျက်လုံးများကိုကျဥ်းမြောင်းလျက် အသံလာရာအရပ်မှသက်ရှိများကို အာရုံခံကြည့်သော် အမျိုးသမီးတစ်ဦးကိုဝိုင်းရံထားသော အဆင့်နိမ့်သားရဲများကိုမြင်လိုက်သည်။
ထောင်ချောက်တစ်ခုဖြစ်နေနိုင်သော်ငြား သူစူးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ အနည်းဆုံး ဘာအစီအစဥ်တွေသုံးထားသလဲ သိရတာပေါ့လေ။
(ဒီလိုမျိုးဝင်မရှုပ်ရတာတောင် နှစ်တော်တော်ကြာသွားပြီပဲ)
ဖုန့်ချန်းခပ်ပြုံးပြုံးဖြင့် တွေးနေမိသည်။
ခဏချင်းပင် ချောက်ကမ်းပါးအစွန်းတွင်ရပ်လျက်ရှိသော အသက်နှစ်ဆယ်ကျော်ဝန်းကျင် မိန်းမငယ်လေးတစ်ဦးကို အဆင့်၂သားရဲသုံးကောင်ဝန်းရံလျက် တွေ့လိုက်ရသည်။
သူမ၏အဝတ်အစားများမှာ စုတ်ပြဲနေလျက် မျက်လုံးများမှာလည်း ကြောက်စိတ်ဖြင့်ပြူးကျယ်လျက်ရှိကြသည်။ သားရဲများမှာ ဟိန်းဟောက်သံပြုလျက် သူမအနားသို့ တစ်လှမ်းချင်းတိုးကပ်လာကြတော့၏။
"ကယ်ပါဦး ကျွန်-ကျွန်မသူတို့ကိုပြန်မတိုက်နိုင်တော့ဘူး"
အသက်ရှင်ရန် အခွင့်အရေးမရှိတော့သည်ကိုသိသည့်အလား သူမထပ်မံအော်ဟစ်ကာ အကူအညီတောင်းပြန်သည်။
ဖုန့်ချန်းစကားတစ်ခွန်းမှဟမနေတော့ဘဲ လက်တစ်ဖက်ကိုမြှောက်၍ဝေ့ကာ ဝိဉာဥ်စွမ်းအင်တစ်ချို့ကို လွှတ်ထုတ်လိုက်သော် လေပြင်းတစ်ချက်သည် သူ့ထံမှပြေးထွက်သွားတော့၏။
အဆင့်၂သားရဲသုံးကောင်သည် ချက်ချင်းဆိုသလိုပင် ဘေးသို့လွင့်ထွက်သွားကြပြီး လေထဲခေတ္တလွင့်ပျံကာ မြေပြင်ပေါ်သို့တစ်စစီပြန့်ကျဲပြုတ်ကျလာကုန်တော့သည်။
အမျိုးသမီးလည်း ဒူးများခွေယိုင်ညွှတ်ကျသွားပြီး ကြောက်စိတ်မကုန်သေးစွာဖြင့် ဟောဟဲလိုက်လျက်အသက်ရှူနေရသည်။
သူမသည် ဖုန့်ချန်းကို ကျေးဇူးတင်စိတ်များပြည့်နှက်နေသောမျက်လုံးတို့ဖြင့် မော့ကြည့်လာလေသည်။
"ကျေး-ကျေးဇူးတင်ပါတယ်ရှင် လူကြီးမင်းက ကျွန်မအသက်ကိုကယ်လိုက်တာပါပဲ"
အသက်ကိုပင်ပန်းခက်ခဲစွာရှူရှိုက်ရင်း မိန်းမပျိုကပြောလာသည်။
ဖုန့်ချန်းကပြုံးလျက်သာပင် ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။
"မင်းထိခိုက်သွားသေးလား"
ဖုန့်ချန်းက တည်ငြိမ်စွာပင်မေးလိုက်သည်။
မျက်ရည်များအပြည့်ဖြင့် မိန်းမပျိုသည်ကား ခေါင်းကိုခါယမ်းပြလာ၏။
"မ-မထိခိုက်ပါဘူးရှင် ထပ်ပြီးကျေးဇူးတင်ပါတယ် ရှင်သာပေါ်မလာရင် ကျွန်မဘာလုပ်လို့လုပ်ရမှန်းတောင်မသိတော့ပါဘူး"
မိန်းမပျိုကပြောရင်းဆိုရင်း လက်တစ်ဖက်သည် အင်္ကျီလက်ဖျားတွင်းသို့ မသိမသာဝင်ရောက်သွားပြီး ဝှက်ထားသောဓားမြှောင်လက်ကိုင်ကို အသာစမ်းလိုက်သည်။
လှုပ်ရှားရန်အသင့်ဖြစ်သွားသည်နှင့် ကျေးဇူးတင်စွာကြည့်နေသောသူမ၏မျက်လုံးများသည် ချက်ချင်းအကြံဆိုးများဖြင့်ပြည့်နှက်သွားတော့၏။
ထို့နောက် ဖုန့်ချန်းကိုအနောက်မှဓားဖြင့်ထောက်ရန် စတင်လှုပ်ရှားလိုက်သည်နှင့် ဖုန့်ချန်း၏အသံက အေးစက်စက်ထွက်ပေါ်လို့လာသည်။
"ဪ သရုပ်ဆောင်တာပြီးသွားပြီလား"
သူမ မတုံ့ပြန်နိုင်သေးခင်မှာပင် ဖုန့်ချန်းသည် ရပ်နေရာမှရုတ်တရတ်ပျောက်သွားပြီး သူမအနောက်တွင်ဝုန်းခနဲပေါ်လို့လာသည်။
ဓားမြှောင်သည်ကား ဗလာသက်သက်လေထုကိုသာ ထိုးခွင်းမိသွားတော့သည်။
"ဘာဖြစ်-"
သူမအစီအစဥ်ကို တစ်ဖက်ကကြိုမြင်နေသည်အား နားလည်လိုက်ရပြီး လန့်ဖျပ်သွားရ၏။
ဓားမြှောင်ကား ကျောက်ကြမ်းမြေပေါ်သို့ ပြုတ်ကျသွားရ၏။ အဆိပ်ဖြင့်သုတ်လိမ်းထားသောဓားသွားကို ဖုန့်ချန်းကစိုက်ကြည့်နေသည်။
ဖုန့်ချန်းသည် လက်ကောက်ဝတ်အားကိုအသုံးပြု၍ မိန်းမပျိုကိုတွန်းထုတ်လိုက်သည်။ သူမခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ဖရိုဖရဲလဲကျသွားပြီး ပေကျံသွားရ၏။
(အကွက်ကြီးကလည်းသိသာလိုက်တာ အန္တရာယ်တောထဲမှာ မိန်းမပျိုလေးတစ်ယောက်တည်းရောက်နေတာ ဘယ်သူကသံသယမဖြစ်ပဲနေမတဲ့လဲ)
ဖုန့်ချန်းတွေးနေမိသည်။
သို့သော် ဖုန့်ချန်းကသာထောင်ချောက်ကိုကြိုမြင်ပြီး တုံးအသည်ဟုသတ်မှတ်လိုက်သော်လည်း သူမ၏ထိုအကွက်ထဲကျရောက်သွားရသော လူငယ်လေးများ မနည်းမနောရှိခဲ့လေသည်။
မိန်းမပျိုတစ်ယောက်၏ တောင်ကြားတစ်ခုလုံးပဲ့တင်ထပ်အောင် ငိုယိုအကူအညီတောင်းခံနေသံမှာ ဖြတ်သွားဖြတ်လာသူရဲကောင်းတိုင်း၏ ပျော့ကွက်ကို ကိုင်လှုပ်နိုင်သည်သာပင်။
အန္တရာယ်ကြားတွင် အကူအညီမဲ့လျက်ရှိသော အားနွဲ့သူမိန်းမငယ်လေးကို အပြေးအလွှားသွားရောက်ကယ်တင်ချင်စိတ်အား ပုရိသယောက်ျားတိုင်းတောင့်မခံနိုင်ချေ။
မည်သည့်ယောကျ်ားသားက သူရဲကောင်းမဖြစ်ချင်ဘဲရှိမည်နည်း?
သူခိုးဓားပြမိန်းမပျိုများမှာ ထိုအချက်ကိုကောင်းကောင်းသိပြီး အသုံးလည်းချတတ်ကြပေသည်။
မိန်းမငယ်လေးကိုအသက်ဘေးမှကယ်တင်ရသော စိတ်ကျေနပ်မှုနှင့် ကယ်တင်ရှင်သူရဲကောင်းကြီးဘွဲ့ကိုလိုချင်လှသော ကျင့်ကြံသူတို့မှာ ထိုဓားပြများ၏ပစ်မှတ်သားကောင်ပင်။
ဤတစ်ယောက်ကိုလည်း ထိုအကွက်ဖြင့်ပင်ထောင်ချောက်ဆင်ရန်စီစဥ်ခဲ့သော်လည်း သူတို့ထင်သည့်အတိုင်းဖြစ်မလာခဲ့ပေ။
မိန်းမပျိုမှာ နာကျင်တုန်လှုပ်စွာဖြင့် တုန်တုန်ယင်ယင်ထရပ်လိုက်သည်။
"နင်-နင်နောင်တရလိမ့်မယ် ငါတို့ဘက်ကမပြီးသေးဘူး"
သူမအချက်ပြလိုက်သော် ကျောက်တုံးများအနောက်တွင်ပုန်းကွယ်လျက်ရှိသောလူတစ်ချို့ ထွက်ပေါ်လာသည်။ လက်နက်ကိုယ်စီကိုင်စွဲထားကြပြီး ဆိုးယုတ်သောသွင်ပြင်ရှိကြလေသည်။
မိန်းမပျိုမှာ မျက်နှာထက်ပေကျံနေသောဖုန်မှုန့်များကိုသုတ်ပစ်လိုက်ပြီး မဲ့ပြုံးပြုံးသည်။
"ငါတစ်ယောက်တည်းပဲလို့ထင်နေတာလား လူကြီးမင်းရေ ရှိတာအကုန် အသာတကြည်ထုတ်ပေး အဲ့လိုဆိုအသက်ချမ်းသာပေးမယ်"
ဖုန့်ချန်းသက်ပြင်းအသာချလျက် မျက်လုံးများကျဥ်းမြောင်းသွားသည်။
"ရှင်ဒါကို ကြိုတွေးထားလိုက်သင့်တာပေါ့"
ဓားပြများ၏ကျင့်ကြံဆင့်မှာ အမြင့်ဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာရှိပြီး အများစုမှာ အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူများသာ။
ဓားပြများဘက်မှ မလှုပ်ရှားရသေးချိန်တွင် ဖုန့်ချန်း၏ထံမှ ဝိဉာဥ်စွမ်းအင်များ ဧရိယာတစ်ပြင်လုံးသို့ ပေါက်ကွဲပျံ့နှံ့လာကုန်တော့၏။
"ဒါ..ဒါက"
"ချီအရည်ဖွဲ့ခြင်းအဆင့်လား မဟုတ်ဘူး အဲ့ထက်မြင့်တယ်မလား"
ဓားပြများမှာ အသက်ရှူသံများမူမမှန်တော့။ မျက်နှာများထက်တွင် ကြောက်စိတ်နှင့်စိတ်ရှုပ်ထွေးမှုများ ရောယှက်လို့လာသည်။
"ခင်-ခင်ဗျားက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူပဲ ကျုပ်တို့မသိခဲ့လို့ပါ"
သူတို့ဓားပြအဖွဲ့မှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို အနိုင်ယူသတ်ဖြတ်နိုင်ခဲ့ဖူးသည့်အတွက် အစဥ်မာန်တက်နေသောအုပ်စုပင်။
သို့သော် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် ယှဥ်ရလျှင်တော့ ဘယ်ထောင်ချောက် ဘယ်နည်းလမ်းကို အသုံးပြုပါစေ သူတို့သေချာပေါက်ရှုံးနိမ့်မည်သာ။
"ကျေးဇူးပြုပြီးချမ်းသာပေးပါ ကျွန်တော်တို့ကဓားပြအုပ်စုငယ်လေးတစ်ခုပါပဲ ဒီလိုဖြစ်ဖို့မရည်ရွယ်-"
ဆင်ခြေများကို ဆက်နားထောင်ဖို့ ဖုန့်ချန်းစိတ်မရှည်ပါ။
သူလက်တစ်ချက်ယမ်းလိုက်သော် ဓားပြများရပ်နေသောမြေပြင်မှာကွဲအက်သွားသည်။ လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့်ရောက်လာသောတွန်းအားသည် အရာအားလုံးကို ထိုးခွင်းဖျက်ဆီးသွားလေ၏။
မိန်းမပျိုသည်လည်း ဆက်မပြုံးနိုင်တော့ဘဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည့်အခြေအနေတွင် ပြင်းစွာသောဖိအားကြီးတစ်ခုကို ခံစားသိရှိလိုက်ရလေသည်။
"နေ-နေပါဦး"
ဖုန့်ချန်းသည် ရှေ့သို့တိုးလာပြီး ကြောက်စိတ်ဖြင့်တုန်ယင်နေသော မိန်းမပျိုကိုမျက်တောင်မခတ်စိုက်ကြည့်လို့နေသည်။
မိန်းမပျို၏ကျင့်ကြံဆင့်အရ ဓားပြအဖွဲ့၏ခေါင်းဆောင်ဖြစ်မည်ဟုခန့်မှန်းမိလိုက်သည်။ ထို့အပြင် သူ့ကိုတိုက်ခိုက်ရာတွင် တွန့်ဆုတ်မှုမရှိသွက်လက်လျင်မြန်နေသည်ကိုကြည့်ခြင်းဖြင့် ဤသို့သောထောင်ချောက်မျိုးကို အကြိမ်ပေါင်းများစွာအသုံးပြုအောင်မြင်ပြီးဖြစ်ကြောင်း သိနိုင်လေသည်။ ဖရိုဖရဲဖြစ်လျက်ရှိသော ဘေးပတ်လည်ရှိဓားပြအုပ်စုကိုကြည့်ရင်း ဖုန့်ချန်း၏မျက်လုံးများမှာ အေးစက်ထက်ရှလို့နေ၏။
ဓားပြများမှာ မြေပြင်ထက်လူးလှိမ့်လျက်ရှိပြီး ဖုန့်ချန်း၏ဝိဉာဥ်စွမ်းအင်ဖိအားအောက် သည်းမခံနိုင်စွာ နာကျင်ညည်းညူလျက်ရှိကြလေသည်။
ဖုန့်ချန်းအနားကပ်လာသည်နှင့်အမျှ ယုံကြည်မှုအပြည့်ရှိခဲ့သော မိန်းမပျို၏မျက်နှာထက်တွင် အကြောက်တရားများထိန်းမရအောင်ပေါ်ထွက်လာတော့သည်။
"ခ-ခဏနေပါဦး"
တုန်ယင်သောအသံဖြင့် တစ်ခါလောက်ထပ်တောင်းပန်ရန်ကြိုးစားသော်လည်း သူမ၏အသံမှာ ငိုညည်းနေကြသောအပေါင်းအဖော်များ၏အသံကြား ဖုံးကွယ်ပျောက်ဆုံးသွားရတော့၏။
ဖုန့်ချန်းမျက်နှာအမူအရာသည်ကား ဘာမှထူးဆန်းမနေသလိုပင်။
"ထောင်ချောက်ဆင်တာကိုက စောက်ဖြစ်မှမရှိတာ"
အသံကခပ်အေးအေးပင်ဖြစ်သော်လည်း ကြားရသူအဖို့ ကြက်သီးမွေးညင်းထချင်စရာပင်။
"ကလေးဆန်ဆန်အကွက်နဲ့ ငါ့ကိုလှည့်စားလို့ရလိမ့်မယ်လို့ ထင်နေတယ်ပေါ့"
ဖုန့်ချန်းလက်ကိုဆန့်ထုတ်လိုက်သောအခါ တောက်ပသောစွမ်းအင်လှိုင်းခပ်ပါးပါးသည် လေထုထဲတွင်ပေါ်ထွက်လို့လာ၏။
ထို့နောက် ဓားပြများထံသို့ခပ်ဖြည်းဖြည်းလျှောက်သွားပြီး လမ်းတွင်ပြုတ်ကျနေသော အဆိပ်ပါဓားမြှောင်ကို ကောက်ယူလိုက်သည်။
ထိုဓားကိုပဲအသုံးပြု၍ ဓားပြများကိုတစ်ယောက်ပြီးတစ်ယောက် ထိုးသွင်းသတ်ဖြတ်ပစ်လိုက်တော့သည်။ သေကွင်းသေကွက်ကိုဦးတည်ထားသောဓားချက်များကြား ဓားပြများမှာ လဲပြိုကျသွားသည်နှင့် အသက်ပါတစ်ခါတည်းပျောက်ရသည့်အဖြစ်ပင်။
နောက်လိုက်များအားလုံး အေးအေးဆေးဆေးအသတ်ခံနေရသည့်မြင်ကွင်းကို ကြည့်နေရသောမိန်းမပျိုမှာ ကြောက်စိတ်များဖုံးလွှမ်း၍ အော်ဟစ်အသနားခံသံမှာပင် အစီအစဥ်အကျတော့။
"ဟင့်အင်း ကျေးဇူးပြုပြီးရပ်ပါတော့ ကျွန်-ကျွန်မ ခိုင်းတာအကုန်လုပ်- သတ်တော့မသတ်-"
ဖုန့်ချန်းမှာမူ အလျှော့ပေးမည့်ပုံမပေါ်ချေ။
"ဒီအကွက်ကိုသုံးပြီး ကျင့်ကြံသူအတော်များများကို သတ်ခဲ့ဖူးလောက်မှာပေါ့"
အေးစက်တည်ငြိမ်သောအသံဖြင့် ဖုန့်ချန်းမေးလိုက်သည်။
"ဝဋ်လည်တယ်လို့ သဘောထားပေါ့ကွာ"
မိန်းမပျို၏ နောက်ဆုံးသော်အော်ဟစ်ငိုကြွေးသံသည် တောင်ကြားတစ်လျှောက်ပဲ့တင်ထပ်သွားတော့၏။ ဖုန့်ချန်းလည်း ကိစ္စပြီးသည်နှင့် နေရာမှလှည့်ထွက်လာတော့သည်။
"မုဒ်ပျက်လိုက်တာကွာ"