← Chapters

အဆင့်၅ အစီအရင်

Vol. 5 Ch. 65

အဆင့်၅ အစီအရင်

Vol. 5 Ch. 65

အကာအကွယ်ကျိုးပျက်သွားသည်နှင့် စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ်လာပြီး လေထုထဲသို့ပျံ့နှံ့သွားသည်။ ဖုန့်ချန်းလည်း ပေါ်ထွက်လာသောနေရာသစ်ကိုစူးစမ်းရန် ရှေ့တိုးဝင်ရောက်လိုက်၏။

အစီအရင်ပျက်သည်နှင့် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားတာဖြစ်သည်။ ကြမ်းတမ်းသောကျောက်ကြမ်းမြေတစ်လျှောက်ဆက်သွားလိုက်လျှင် တောင်ကြား၏အတွင်းပိုင်းကျကျနေရာတွင် လျှို့ဝှက်ဆန်းကြယ်စွာတည်ရှိနေသော ‌ရှေးဟောင်းဂူတစ်လုံးကို တွေ့ရပေမည်။

ကျောက်မိသားစုထံမှရလာသော ရတနာမြေပုံဖြစ်သဖြင့် သူ့ဘက်မှ သိပ်အများကြီးတော့မျှော်လင့်မထားခဲ့ပေ။ သို့သော် မျက်မြင်တွေ့ရချိန်တွင် သူထင်ထားသလိုမဟုတ်ခဲ့။

စွမ်းအားကြီးကျင့်ကြံသူတစ်ဦးမှ အဆင့်၄အစီအရင်ဆရာတစ်ဦးကိုပင်ငှားရမ်းနိုင်ပြီး အဆင့်၄အစီအရင်တစ်ခု တည်ဆောက်ခိုင်းနိုင်ပုံထောက်လျှင် ကြွယ်ဝမှုက သေချာပေါက်သာမန်အနေအထားထက်သာလွန်ပေမည်။ ဘဝတစ်သက်တာလုံးစုဆောင်းခဲ့သော ရေတွက်မကုန်နိုင်သည့် ကျောက်မျက်ရတနာတို့ကို လုံခြုံသိုဝှက်စွာ စုဆောင်းသိမ်းဆည်းထားခဲ့ခြင်းဖြစ်ရမည်။

ထိုရတနာများထဲတွင် မိုးပြာကောင်းကင်အင်ပါယာတွင်းရှိ ထိပ်သီးဂိုဏ်းဂဏများ မိသားစုများကို ခြိမ်းခြောက်ကိုင်လှုပ်နိုင်လောက်အောင် တန်ဖိုးကြီးသည့် မှော်ရတနာတစ်ခုခုပါလာလျှင် မည်မျှကောင်းလိုက်မည်နည်း?

ဖုန့်ချန်းသည်‌‌ ပေါ်လာသောလျှို့ဝှက်နယ်မြေကို တောက်ပသောမျက်လုံးအစုံဖြင့် လေ့လာနေလိုက်သည်။

"နည်းနည်းနောနောဂူကြီးလား"

အစကသူမျှော်လင့်ထားသည်မှာ ရွှေငွေရတနာများဖြင့်ပြည့်နှက်နေသော အသိုက်အမြုံလေးတစ်ခု သူ့ရှေ့တွင်ဝုန်းခနဲပေါ်လာမည်ဟု။

သူ့ကိုစောင့်ကြိုနေသည်မှာ ရွှေငွေရတနာများသာမကဘဲ အခြားသောပစ္စည်းကိရိယာများပါ ပါဝင်နေကြောင်းသိလိုက်ရသော် ဖုန့်ချန်းတစ်ယောက် ရင်ခုန်သံများပင်မြန်လာရတော့၏။

ကွယ်ဝှက်ထားသောထောင်ချောက်များ ထပ်ရှိမနေအောင် သေချာစစ်ဆေးရင်း ဂူတွင်းသို့ သူဖြည်းဖြည်းချင်းချဥ်းကပ်လာခဲ့သည်။ အန္တရာယ်အငွေ့အသက်ကင်းစင်ကြောင်း အတည်ပြုသည့်အနေဖြင့် ဝိဉာက်အာရုံခံစားမှုကိုလည်း ဖြန့်ကျက်ထားလိုက်သည်။

အထဲသို့ရောက်သော် ပေရွက်လိပ်တစ်ခုကို သူစိတ်ကျေနပ်စွာကောက်ကြည့်လိုက်သည်။

"အင်း ကြည့်ရတာဓားသိုင်းကျင့်စဥ်တစ်ခုနဲ့တူပါရဲ့" သူခပ်တိုးတိုးရေရွတ်ရင်း အကြောင်းအရာများကို အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။

"အဆင့်မြင့် မြေကမ္ဘာအဆင့်ဓားသိုင်းကျင့်စဥ်ပဲ မဆိုးဘူးဆိုပေမယ့် ငါ့အတွက်တော့အသုံးမလိုတော့ဘူးလေ"

ဖုန့်ချန်းမှတ်ချက်ပြုလိုက်၏။ စနစ်မရခင်ကသာတွေ့ရမည်ဆိုလျှင်တော့ ပွပေါက်ကြီးပင်။

ယခုတွင်တော့ ကောင်းကင်အဆင့်ကျင့်စဥ်များပါ တတ်မြောက်ထားပြီးဖြစ်သဖြင့် မြေကမ္ဘာအဆင့်ကျင့်စဥ်များကို အချိန်ကုန်ခံလေ့လာရန်မလိုတော့ပြီ။

ထို့အပြင် စနစ်မှရသောကျင့်စဥ်များမှာ စက္ကန့်ပိုင်းအတွင်းတစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်လို့ရပေမယ့် ပေရွက်လိပ်များမှဖတ်ရှုလေ့လာ ကျင့်ကြံရမည်ဆိုပါက ကျွမ်းကျင်အောင်အချိန်ပေးလေ့ကျင့်ရပေဦးမည်။

မည်သို့ပင်ဖြစ်စေ လေလံတင်ရောင်းချလျှင်တော့ ဈေးကောင်းရနိုင်သည့်ရှားပါးပစ္စည်းများဖြစ်သဖြင့် အသုံးဝင်သေးသည်ဟုဆိုနိုင်သည်။

"မြူခိုးချိုင့်ဝှမ်းမြို့တော်မှာရောင်းရင် ဒီလိုအဆင့်မြင့်ကျင့်စဥ်ကိုဝယ်နိုင်တဲ့သူရှိမှာမဟုတ်ဘူး အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲရှိတာ ကွက်တိဖြစ်သွားတာပဲ"

ဖုန့်ချန်းကပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် မြေကမ္ဘာအဆင့်ကျင့်စဥ်ကိုဝယ်နိုင်သူမှာ အထင်ကရမိသားစုကြီးများသာရှိပေမည်။ သူတို့တောင် ဈေးပိုသက်သာ‌သော အဆင့်နိမ့်ကျင့်စဥ်များသာ ဝယ်နိုင်သည်။

သို့သော် မိသားစုကြီးသုံးခုမှ သူ့စနက်ကြောင့် နေ့ချင်းညချင်းပျောက်ဆုံးသွားရပြီဖြစ်သဖြင့် ထည့်တွက်လို့ရနိုင်မည့်မိသားစုကြီးဟူ၍ ဝမ်မိသားစုသာကျန်တော့လေ၏။ ထိုဝမ်ရိဖန်မှာလည်း ဤမြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုအတွက် စုဆောင်းထားသမျှပုံအောလာမည့်ပုံမပေါ်ပါချေ။

ထိုအဖိုးတန်ကျင့်စဥ်မျိုးကို မြူခိုးချိုင့်ဝှမ်းမြို့တော်၌သာရောင်းမည်ဆိုလျှင် တတ်နိုင်သည့်ဝယ်သူရှာတွေ့ဖို့ နှစ်ပေါင်းငါးရာလောက်စောင့်ရလောက်ပေမည်။

သို့သော် ဖုန့်ချန်းတစ်ယောက်ကံကောင်းလိုက်သည်မှာ အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲကစောင့်ကြိုနေသည်လေ။ ထိုပွဲသို့တက်ရောက်ကြမည်ဖြစ်သောမိသားစုကြီးများမှာ အင်ပါယာအရှေ့ခြမ်း၏ စွမ်းအားအကြီးဆုံးများဖြစ်ရုံမက အချမ်းသာအကြွယ်ဝဆုံးသောမိသားစုများလည်း ဖြစ်ကြလေသည်။

ဒါမျိုးကိုမှ အ‌ရှေ့ဘက်ခြမ်းစုဝေးပွဲမှာ လေလံတင်မရောင်းရင် ဘယ်မှာသွားရောင်းရမတဲ့လဲ။

(မိသားစုခေါင်းဆောင်တွေတော့ ဒီဓားကျင့်စဥ်ကိုလုရင်း ထသတ်ကုန်ကြမယ်ထင်ပါရဲ့)

ဖုန့်ချန်းခပ်ရွှင်ရွှင်တွေးနေမိ၏။

ကောင်းကင်အဆင့်ကျင့်စဥ်များကိုပိုင်ဆိုင်ထားသော ဖုန့်မိသားစုအတွက် ထိုကျင့်စဥ်ပေရွက်လိပ်က မက်လောက်စရာမဟုတ်ပေသည့် အခြားမိသားစုများအတွက်တော့ မိသားစုအင်အားကို တစ်ဆစ်ချိုးပြောင်းလဲပေးနိုင်သည့် အဖိုးတန်ရှာဖွေတွေ့ရှိမှုမျိုး ဖြစ်နေနိုင်ပေသည်။

ထိုသို့သောအချိန်မျိုးမှာ မည်သူမှကပ်စီးကုပ်မနေနိုင်တော့ဘဲ ရှိသမျှပုံအောလျက်လေလံဆွဲကြမည်မှာမလွဲပေ။

"ဟဲဟဲ နောက်ပေရွက်လိပ်နှစ်လိပ်လည်းရှိသေးတယ်ဟ"

နောက်ထပ်တွေ့သောပေရွက်လိပ်နှစ်လိပ်ကိုလည်း ဖုန့်ချန်းပြုံးစိစိဖြင့်ပင် ကောက်ကြည့်လိုက်သည်။ မြေကမ္ဘာအဆင့်ကျင့်စဥ်များပင်ဖြစ်ပြီး ထိုနှစ်ခုမှာတော့ အလယ်အလတ်အဆင့်သာပင်။

"ရှယ်ပဲ"

ထိုကျင့်စဥ်ပေရွက်လိပ်သုံးခုကိုရောင်းချလျှင်ပင် သူ‌‌ဌေးဖြစ်လာနိုင်ပြီး သူလာရသည့်ခရီးကိုထိုက်တန်စေလိမ့်မည်။

ဤရတနာမြေပုံကို သူဘာမှများများစားစားမမျှော်လင့်ထားသော်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တန်ဖိုးရှိနေသည်ပင်။

သို့သော် ထိုပေရွက်လိပ်များမှာ ဂူအဝင်တွင်သာရှိနေခြင်းဖြစ်ပြီး အတွင်းသို့ပိုဝင်လေ ရတနာများပိုတွေ့ရလေဖြစ်နေတော့၏။

နောက်ထပ်တွေ့ရသည်မှာ နံရံကပ်ရိုက်ထားသော စာအုပ်စင်များဖြစ်ပြီး စာအုပ်အရွယ်အစားစားကို နေရာတကျစီတင်ထားလေသည်။

ဖုန့်ချန်း စာအုပ်တစ်အုပ်ကိုလှမ်းယူလိုက်ပြီး ဂရုတစိုက်ဖြင့်ဖွင့်ကြည့်လိုက်သည်။

"အဆင့်၁ အစီအရင်စည်းမျဥ်းတွေပဲ"

လွှတ်ခနဲပြောမိသွားပြီး စာအုပ်တွင်ပါသော အသေးစိတ်ရေးဆွဲထားသည် ပုံများနှင့် ရှင်းလင်းဖော်ပြချက်များကို ဖတ်ရှုကြည့်နေ၏။

ပါဝင်သောပုံများ၏ စုတ်ချက်တစ်ချက်ချင်းစီက ရှင်းလင်းတိကျလို့နေပြီး ရှုပ်ထွေးခက်ခဲလှသော အစီအရင်တည်ဆောက်နည်းများကို စာဖတ်သူနားလည်နိုင်ရန် စကားလုံးများအား စိစိစစ်စစ်ရွေးချယ်ရေးသားထားသည်။

ဂူတွင်းသို့ တဖြည်းဖြည်းခရီးရောက်လာလေလေ ဖုန့်ချန်းပိုလို့စိတ်လှုပ်ရှားလာလေလေဖြစ်၏။ အဆင့်၁အစီအရင်စာအုပ်များမှတစ်ဆင့် အဆင့်၄အစီအရင်စာအုပ်များအထိပါ သူတွေ့ရှိထားလေပြီ။

အချို့စာအုပ်များမှာ ဟောင်းနွမ်းစုတ်ပြဲလို့နေပြီဖြစ်သော်လည်း မကြာသေးခင်လောက်မှ အသစ်တစ်ဖန်ပြန်လည်ကူးရေးထားသည့် စာအုပ်သစ်များလည်းရှိနေ၏။

"ကြည့်ရတာဒီဂူပိုင်ရှင်က အဆင့်၄အစီအရင်ဆရာတစ်ယောက်ဖြစ်မယ်ထင်တယ်"

ဖုန့်ချန်း ခပ်တိုးတိုးမှတ်ချက်ပြုလိုက်၏။

ချက်ချင်းဆိုသလိုပင် စာအုပ်များကို သိုလှောင်လက်စွပ်တွင်းထည့်သွင်းသိမ်းဆည်းထားလိုက်သည်။ ထိုစာအုပ်များမှာ မိသားစုရှိလူငယ်များကို အစီအရင်ဆရာများဖြစ်လာအောင် အကူအညီပေးနိုင်လောက်၏။

(အစီအရင်ဆရာတွေများ သူတို့ပညာဗဟုသုတတွေကို နောက်လူတွေသိသွားမှာအတော်ကြောက်ပုံပဲ ရှာရဖွေရခက်အောင် သိမ်းထားနိုင်လိုက်တာများ)

ထို့ကြောင့်ပင် ဖုန့်မိသားစုတွင်လည်း အစီအရင်ဆရာတစ်ယောက်မှမရှိရခြင်းဖြစ်၏။

မှီငြမ်းစရာ အကြောင်းအရာအချက်အလက် တစ်ခုမှမရှိပါဘဲ လမ်းသစ်တစ်ခုကို မည်သို့စတင်နိုင်မည်နည်း?

သို့သော် နောက်ဆုံးတွင်တော့ အဆင့်၄အစီအရင်စာအုပ်များကိုပါ ဖုန့်ချန်းအရယူနိုင်ခဲ့လေပြီ။

"ဒီလိုဆို အစီအရင်ဆရာဖြစ်ချင်တဲ့ မိသားစုဝင်တွေ ‌လေ့လာလို့ရသွားပြီပဲ"

ဖုန့်ချန်းဆက်ပြောနေသည်။

"အရင်က စနစ်ဈေးဆိုင်ကနေများ ရှာကြည့်ရမလားတွေးနေတာ အခုတော့မလိုလောက်တော့ဘူး"

ထိုစနစ်တွင် လိုအပ်သမျှ လိုချင်သမျှ အကုန်အစုံအလင်ရှိနေတတ်သော်ငြား ထိုသို့စုံလင်လှသောကြောင့်ပင် ဖုန့်ချန်းတစ်ယောက် တစ်နေ့တစ်ခြားမွဲတေလိုက်လာခြင်းဖြစ်၏။

ကျန်သည့်စနစ်ရမှတ်လေးများကို သုံးစရာမလို‌တော့သည်ကိုပင် ကျေးဇူးတင်ရပေမည်။

"ကြည့်ရတာ ဂူထဲအကုန်လှည့်ကြည့်ပြီးသွားပြီထင်တယ် ဒီသေတ္တာပဲကျန်တော့တယ်"

သေချာစွာ ပိတ်ပင်ထိန်းသိမ်းထားသောသေတ္တာကိုကြည့်ပြီး ဖုန့်ချန်းအမှန်ပင် အကြီးကြီးမျှော်လင့်မိ၏။ ဤသေတ္တာအခွံသက်သက်သည်ပင် အတော်တန်ဖိုးကြီးမည့်ပုံပေါ်လေသည်။

-ကလစ်

တည်ငြိမ်သော်လက်အစုံဖြင့် သေတ္တာအဖုံးကိုဖွင့်လိုက်သော် အပြာရင့်ရောင်သားရေစဖြင့်ထုပ်ပိုးသိမ်းဆည်းထားသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရတော့သည်။

"ဒါ အဆင့်၅ အာကာသဒိုင်းကာအစီအရင်ပဲ" ဖုန့်ချန်းအံ့အားသင့်စွာဖြင့် အသံတိုးတိုးထွက်သွား၏။

အဆင့်၅အစီအရင်စာအုပ်များထဲတွင် ထိုအမျိုးအစားမှာ လွန်စွာမှရှားပါးလှသောစာအုပ်ဖြစ်လေသည်။ မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံး၌ပင် တစ်အုပ်တွေ့ဖို့ အတော်ရှာယူရပေမည်။

အဆင့်၄အစီအရင်ဆရာများရှိသည်ကို ကြားဖူးသော်လည်း ဤမိုးပြာကောင်းကင်အင်ပါယာအနှံ့တွင် အဆင့်၅အစီအရင်ဆရာရှိသည်ဟုတော့ တစ်ခါမျှပင်မကြားဖူးခဲ့ပါ။

တစ်ဦးတစ်ယောက်မှမရှိတာလည်းဖြစ်နိုင်သလို တမင်လူလုံးထွက်မပြချင်တာလည်းဖြစ်နိုင်၏။ အရင်ကတော့ တစ်ဦးမှမရှိတာဖြစ်လိမ့်မည်ဟု ဖုန့်ချန်းတွေးထင်ခဲ့တာဖြစ်သည်။

ထိုမျှ ရှားပါးအင်အားကြီးလှသော အစီအရင်ဆရာတစ်ယောက်သည် ‌ရွှေပုံ‌ငွေပုံပေါ်လှဲလျောင်း၍ အောင်မြင်ကျော်ကြားမှုတို့ကြား စံစားရမည့်အစား အဘယ့်ကြောင့်ဤမျှပုန်းကွယ်နေရပါသနည်း?

မိုးပြာကောင်းကင်အင်ပါယာတွင် အဆင့်၅အစီအရင်ဆရာမပြောလေနှင့်၊ အဆင့်၅အစီအရင်စာအုပ်တစ်အုပ်ပင်ရှိသည်ဟု ဖုန့်ချန်းမကြားခဲ့ဖူးပါ။

"ဒါ လုံးဝ အဖိုးမဖြတ်နိုင်စရာပဲ"

ဖုန့်ချန်းစိတ်လှုပ်ရှားစွာ ရေရွတ်မိသည်။

အစောကတွေ့ခဲ့သောကျင့်စဥ်များထက် အဖိုးတန်သည်။ ဤစာအုပ်သည် မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးရှိ စွမ်းအားကြီးကျင့်ကြံသူများကို ငမ်းငမ်းတက်လိုချင်တပ်မက်အောင် ဆွဲဆောင်နိုင်လိမ့်မည်။

အစီအရင်ဆရာတစ်ယောက်မှမရှိသော ဂိုဏ်းများ မိသားစုများပင်လျှင် ဤစာအုပ်ကိုရဖို့ အသည်းအသန်ကြိုးစားကြပေလိမ့်မည်။

ဘာကြောင့်ပါလဲ?

ဘာကြောင့်များ အစီအရင်ဆရာတစ်ယောက်တောင်မဟုတ်ပါဘဲ အစီအရင်စာအုပ်ကို လိုချင်တပ်မက်ကြပါသလဲ?

အဘယ့်ကြောင့်ဆိုသော် အဆင့်၄အစီအရင်ဆရာများ ငမ်းငမ်းတက်လိုချင်ကြသောပစ္စည်းမျိုးဖြစ်သဖြင့် ထိုသူတို့ကို လာဘ်ထိုးအသုံးချချင်ပါက လွန်စွာမှလွယ်ကူသောကြောင့်ဖြစ်၏။

အဆင့်၄အစီအရင်ဆရာဆိုသည်မှာ လိုချင်သမျှကို လက်တစ်ချောင်းပင်မလှုပ်ဘဲ အရယူနိုင်သောစွမ်းအားရှင်များဖြစ်ကြပြီး မည်သည့်ဂိုဏ်းဂဏ မည်သည့်မိသားစုကိုမှ သစ္စာခံမှီခိုနေစရာမလိုပါ။

သို့ပေမယ့် အဆင့်၅အစီအရင်စာအုပ်တစ်အုပ်ကို လက်ဝယ်ကိုင်ထားနိုင်ရုံဖြင့် ထိုအစီအရင်ဆရာကို ကြိုးဆွဲခိုင်းစေနိုင်ပေသည်။

မိုးပြာကောင်းကင်အင်ပါယာ၏ ပထမဆုံးသော အဆင့်၅အစီအရင်ဆရာဖြစ်လာမည့်နည်းလမ်းကို ဘယ်သူကလက်လွှတ်ခံချင်ပါ့မည်နည်း?

အခုအချိန်တွင်တော့ ဒီစာအုပ်ကိုဘယ်လိုသုံးရမည်မှန်း ဖုန့်ချန်းစဥ်းစားမရသေးသော်လည်း အနာဂတ်တွင်အသုံးဝင်လာမည်မှာ သေချာပေါက်ပင်။

All Chapters