ကောင်းကင်ခွင်း ကျား
Vol. 5 Ch. 68
မည်သူမဆို မြင်လိုက်ရုံနှင့်ကြောက်သေးပါနိုင်မည့် အဆင့်၆သားရဲ၏တည်ရှိမှုသည်ကား ဖုန့်ချန်း၏သွေးများကို စိတ်လှုပ်ရှားစွာဆူပွက်လာစေသည်။
ဆေးမြစ်ကအဖိုးတန်သည်မှန်သော်လည်း တကယ့်ရတနာအစစ်သည်ကား သူ့ရှေ့တွင်မားမားမတ်မတ်ရပ်လျက်ရှိသော ထိုအဆင့်၆သားရဲပင်။
လာရာလမ်းတစ်လျှောက်တွင် မည်သည့်သားရဲမှမတွေ့ရခြင်းအပေါ် ဖုန့်ချန်းနားလည်လိုက်၏။ ကောင်းကင်ခွင်းကျား၏ပိုင်နက်နယ်မြေကို မည်သူမျှခြေမချဝံ့သည့်ပုံပင်။
ဖုန့်ချန်းသည် လက်ဆစ်များကိုတဖျောက်ဖျောက်ချိုးလိုက်ပြီး ခန္ဓာကိုယ်တွင်းလှည့်လည်နေသောချီစွမ်းအင်ကို ခံစားရင်း ရှေ့သို့လှမ်းလာသည်။
"မင်းနဲ့ ငါ" သူကသားရဲထံသို့ ခပ်တိုးတိုးကပ်ပြောလိုက်သည်။ "ပျော်စရာလေးတွေအတူလုပ်ကြရအောင်လေကွာ"
-ဝေါင်း (ကျားစကားဘာသာပြန် - ခွားမသေး၊ ကျားကို နှာဘူးစကားပြောနေတာလား)
ကောင်းကင်ခွင်းကျားသည် ဖုန့်ချန်းကို ဒေါသတကြီးဟိန်းဟောက်လာသည်။
ဖုန့်ချန်းသည်း သူ့နယ်မြေတွင်းသို့ကျူးကျော်လာပြီး သူ့ကိုစော်ကားမော်ကားပြုရုံသာမက အကြောက်အလန့်မရှိစွာ စကားဖြင့်ပင်မထီမဲ့မြင်လုပ်ရဲသေးသည်။
ကောင်းကင်ခွင်းကျား၏ဟိန်းဟောက်သံသည် တောင်ကြားတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။ ကြွက်သားများကို ခပ်တင်းတင်းဆန့်လိုက်သော် လျှပ်စီးကြောင်းများသည် ခန္ဓာကိုယ်တစ်လွှားကခုန်နေသည့်အလား အသက်ဝင်တောက်ပလာတော့သည်။
တွန့်ဆုတ်ခြင်းမရှိစွာဖြင့် ၎င်းသည် ဖုန့်ချန်းထံသို့ တစ်ဟုန်ထိုးခုန်အုပ်လာ၏။ လက်သည်းများမှာ လေဟုန်ကိုနှစ်ပိုင်းဆွဲဖြဲတော့မည့်အလားပင်။
"တစ္ဆေအရိပ်လှည့်စားမှု"
ဖုန့်ချန်းသည် ကောင်းကင်ခွင်းကျား၏ခုန်အုပ်မှုကို အသာအယာပဲရှောင်တိမ်းလိုက်သည်။ ဖုန့်ချန်း၏တည်ရှိမှုမှာ ဝေဝါးလို့သွားပြီး ကျား၏ ထုတ်ထားသောလက်သည်းမျာမှာ ကျန်ရစ်ခဲ့သော ပုံရိပ်ဝါးဝါးကိုသာ ဆွဲဖြဲနိုင်လိုက်တော့၏။
ဖုန့်ချန်း၏ တစ္ဆေအရိပ်လှည့်စားမှုတိုက်ကွက်သည်ကား လူကို သရဲတစ္ဆေကဲ့သို့ပင် ပြောင်းရွှေ့နိုင်စွမ်းရှိစေပြီး ပုံရိပ်ယောင်များကိုသာ ချန်ထားရစ်ခဲ့လေသည်။
ကောင်းကင်ခွင်းကျားမှာ ဖုန့်ချန်းရပ်ခဲ့သောမြေပြင်တွင်ရပ်လျက်ရှိပြီး လေကိုသာတိုက်ခိုက်မိကြောင်းသိလိုက်သည်နှင့် စိတ်တိုစွာထပ်မံဟိန်းဟောက်လိုက်သည်။
လျှပ်စီးကြောင်းများမှာ ကျားမွေးများပေါ်တွင် လက်ခနဲလက်ခနဲတောက်ပလို့နေပြီး အနားရှိလေထုကိုပင် ကူးစက်ပျံ့နှံ့စေ၏။ ကျား၏မျက်လုံများကား ဖုန့်ချန်းထံသို့ နောက်တစ်ကြိမ်ဦးတည်ပစ်မှတ်ထားလာသည်။
ဖုန့်ချန်းကား ပေအနည်းငယ်အကွာတွင် တည်ကြည်ငြိမ်သက်စွာရပ်နေပြီး ကောင်းကင်ခွင်းကျားကို ထပ်မံတိုက်ခိုက်ရန်ပင် လက်ယပ်ခေါ်လိုက်သေးသည်။
"မင်းတတ်နိုင်တာ ဒါအကုန်ပဲလား"
သူက ရယ်ချင်စိတ်ကိုထိန်းထားရသောအသံမျိုးဖြင့် လှောင်ပြောင်လာသေးသည်။
-ဝေါင်း (ကျားစကားဘာသာပြန် - မြေနိုး မင်းသေပြီ)
ကောင်းကင်ခွင်းကျားသည်ကား ဒေါသငယ်ထိပ်တက်သွားပုံဖြင့် ထပ်မံဟိန်းဟောက်လာတော့၏။
အစောကထက်ပိုမြန်သောအရှိန်ဖြင့် ဖုန့်ချန်းထံပြေးဝင်လာပြီး ခန္ဓာကိုယ်ပေါ်မျှလျှပ်စီးများကိုလည်းပစ်လွှတ်လေရာ မြေပြင်သည်ပင် မိုကြိုးဒဏ်ဖြင့်ပူလောင်ပြင်းပြသွားရတော့သည်။
ဖုန့်ချန်း၏ခန္ဓာကိုယ်ကား တစ်ချက်မျှသာလှုပ်သွားပြီး ကျား၏တိုက်ခိုက်မှုကို သီသီလေးရှောင်လိုက်ပြန်သည်။ ချန်ရစ်ခဲ့သောပုံရိပ်မှာ ကောင်းကင်ခွင်းကျား၏ဒေါသတကြီးကုတ်ခြစ်ခြင်းကြား မှေးမှိန်ပျောက်ကွယ်သွားသည်။
သူ့လှုပ်ရှားမှုများမှာ ချောမွေ့သွက်လက်လှပြီး ခြေလှမ်းတစ်လှမ်းခြင်းစီကအစ အတိအကျတွက်ချက်လို့ထားသည်။
မုန်တိုင်းတောင်ကြား၏သားရဲဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက်ပြုလိုက်ကာ ဖုန့်ချန်းထံသို့ စူးစူးဝါးဝါး စိုက်ကြည့်လာ၏။
အဝါရောင်မျက်လုံးများသည် ဒေါသငွေ့ဖြင့်ပြောင်လက်နေပြီး တိုက်ပွဲကိုလုံးဝအရှုံးပေးမည်မဟုတ်သော ဆုံးဖြတ်ချက်အား အတိုင်းသားမြင်တွေ့ရသည်။ သူ့ဘက်ကအားကုန်မတိုက်ခိုက်ရသေးဘဲ သူ့ပိုင်နက်နယ်မြေနှင့် ကျောက်စိမ်းနတ်မိမယ်အမြစ်ကို လုံးဝအပါခံလိမ့်မည်မဟုတ်။
သို့သော် တစ်ဖက်လူသားမှာ ထိုဆေးမြစ်ထက် သူ့အားပိုစိတ်ဝင်စာနေသည်ကို သူမသိရှာပါ။
ဖုန့်ချန်းသည် ငြိမ်ငြိမ်လေးရပ်လျက်သာရှိပြီး တစ်ဖက်သားရဲ၏စွမ်းအားများ စက္ကန့်နှင့်အမျှမြင့်တက်လာသည်ကို ခံစားမိနေ၏။ အဆင့်၆သားရဲမှာ အဆင့်၅သားရဲများလို အနိုင်ယူရလွယ်မည့်ပုံမပေါ်။
ဖုန့်ချန်းမှာ ကောင်းကင်ခွင်းကျားဒေါသထွက်လာအောင် တမင်ဆွနေသော်ငြား ခုန်အုပ်လာသည့်အရှိန်ကိုရှောင်နိုင်ဖို့ မနည်းကြိုးစားနေရသည်သာ။
ကောင်းကင်ခွင်းကျား၏တိုက်ခိုက်မှုကို ဖုန့်ချန်းရှောင်နိုင်နေသည်မှာ တစ်ဖက်ရန်သူ၏တိုက်ခိုက်မှုကို ကြိုတင်မှန်းဆနိုင်နေသောကြောင့်ဖြစ်၏။
အမြန်နှုန်းသက်သက်ကိုသာ ယှဥ်မည်ဆိုပါက သေချာပေါက် ကောင်းကင်ခွင်းကျားကသူ့ထက်သာမည်ပင်။
ကောင်းကင်ခွင်းကျားသည် ဖုန့်ချန်းကိုစက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေရင်း နောက်တိုက်ခိုက်မှုတစ်ခုအတွက် အသင့်ပြင်နေသည့်အလား သူ့ကြွက်သားများမှာ လှုပ်ရှားကြွတက်လို့နေကြသည်။ ထို့နောက် လှစ်ခနဲသာမြင်လိုက်ရသောအမြန်နှုန်းမျိုးဖြင့် အစောကတိုက်ကွက်များထက် ပိုခန့်မှန်းရခက်သောလှုပ်ရှားမှုကိုအသုံးပြုကာ ခုန်အုပ်လိုက်တော့သည်။ ဖုန့်ချန်းမှာ ရှောင်တိမ်းဖို့အချိန်ပင်မရှိလိုက်ဘဲ ကောင်းကင်ခွင်းကျား၏လက်သည်းများသည် သူ့ရင်ဘတ်ကိုဆွဲခြစ်သွားပြီး သွေးတို့စီးကျလာစေ၏။
"မဆိုးဘူးပဲ" ဒဏ်ရာမှသွေးများကိုသုတ်ပစ်လိုက်ရင်း ဖုန့်ချန်းခပ်တိုးတိုးမှတ်ချက်ပြုသည်။
ဤဒဏ်ရာမှာ သူမုန်တိုင်းတောင်ကြားသို့စရောက်ကတည်းက တမင်မရည်ရွယ်ဘဲရခဲ့သော ပထမဆုံး အစစ်အမှန်ဒဏ်ရာတစ်ခုပင်။
သူတော်စင်မိုးကြိုးခန္ဓာကိုရရှိထားသောကြောင့် သေစေလောက်သောတိုက်ခိုက်မှုမှာ ဖုန့်ချန်းကို ကုတ်ခြစ်ရာတစ်ခုသာချန်ထားနိုင်ခဲ့ခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေ အဆင့်၆သားရဲများမှာ အဆင့်၅သားရဲများထက် သေချာပေါက်အင်အားများစွာပိုကြီးပြီး သူ့ကိုသေစေနိုင်သည်အထိစွမ်းအားကြီးကြောင်း မျက်မြင်သိလိုက်ရသည်။
သို့သော် ကြောက်ရွံ့သွားရမည့်အစား ဖုန့်ချန်းမှာပိုလို့စိတ်လှုပ်ရှားလာဟန်ဖြင့် မျက်လုံးများတောက်ပလာသည်။
"မင်းလည်း အတိုက်အခိုက်ကျွမ်းတာပဲ"
ကောင်းကင်ခွင်းကျားသည်ကား ရန်သူ၏တုံ့ပြန်မှုကိုစောင့်မနေပေ။ လျှပ်စီးများကိုလေထုထဲသို့ပစ်လွှတ်ပြီး အစွယ်များဖြဲလျက် ထပ်မံခုန်ဝင်လာသည်။
ဖုန့်ချန်းတစ်ဖက်သို့ရှောင်တိမ်းလိုက်သော်ငြား သားရဲမှာ ထိုလှုပ်ရှားမှုကိုကြိုတင်ခန့်မှန်းထားပြီးဟန်ဖြင့် လေထဲတွင်ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်၍ ဖုန့်ချန်းအား အမြီးဖြင့် အားပြင်းပြင်းရိုက်ချလိုက်၏။
ဖုန့်ချန်းမှာ မြေပြင်ပေါ်သို့လဲကျမတတ်ယိုင်ထွက်သွားပြီး ခြေကိုထောက်ကန်လျက် ဟန်ချက်ထိန်းလိုက်ရသည်။
နာကျင်သွားသော်ငြား ဖုန့်ချန်းစိတ်ကျေနပ်စွာ အသံထွက်ရယ်မောလိုက်၏။ သားရဲမှာ စွမ်းအားကြီးရုံမက ဉာဏ်လည်းကောင်းသေးသည်။ တိုက်ပွဲကား ထင်ထားသည်ထက်ပိုပျော်ဖို့ကောင်းပေတော့မည်။
"မင်းက ငါထင်ထားတာထက် ပိုအင်အားကြီးနေတာကိုး" ဖုန့်ချန်းပြောရင်းဆိုရင်း သူ့ကိုယ်သူတည်ငြိမ်စေလိုက်ကာ ချီစွမ်းအင်များကို တစ်ဟုန်ထိုးနိုးကြွလာစေသည်။
စောစောကအထိ သူ့ဘက်ကကာကွယ်ရုံသာတုံ့ပြန်ခဲ့သည်မှာ တစ်ဖက်ရန်သူ၏စွမ်းရည်အပြည့်အဝကို မခန့်မှန်းနိုင်သေး၍သာ။
ခဏလောက်တိုက်ခိုက်ပြီးချိန်တွင် ထိုသားရဲကိုသူအနိုင်ယူလို့ရမှန်း သိလိုက်ရသည်။
-ဝေါင်း (တာ့တာ လူသား)
ကောင်ကင်ခွင်းကျားသည် ထပ်မံဟိန်းဟောက်လျက် သူ့ဆီဦးတည်ပြေးဝင်လာသည်။ စွမ်းအားအကုန်ထုတ်သုံးလိုက်သဖြင့် လျှပ်စီးကြောင်းများမှာ သားမွေးတစ်လျှောက်ပြင်းထန်စွာ ခုန်ပေါက်မြူးကြွလာကြသည်။
ရွှစ် ရွှစ်
လေထုထဲတွင် လျှပ်စီးကြောင်းများကူးခတ်လို့နေပြီး မြေပြင်မှာ ပြေးလွှားအားယူခြင်းကြောင့် တုန်ခါလို့နေသည်။ ဤတစ်ချက်ကိုသာမိသွားပါက သေလောက်အောင်ဒဏ်ရာကြီးမည်မှန်း ဖုန့်ချန်းသိလိုက်သည်။
ဖုန့်ချန်း၏ချီစွမ်းအင်များ ဖြာထွက်လာပြီး အလင်းတစ်ချက်ပြိုးပြက်သွားချိန်တွင် သူ့စွမ်းအားများကိုစုစည်းလျက် လက်ဝါးထက်စုပို့လိုက်သည်။
"မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း"
တိုက်ကွက်နှစ်ခုဆုံစည်းသွားသည်နှင့် လေထုမှာနှစ်ပိုင်းကွဲသွားသကဲ့သို့ပင်။ ဖုန့်ချန်း၏လက်ဝါးရိုက်ချက်ကား တစ်ဖက်သားရဲ၏လျှပ်စီးလက်သည်းများဖြင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရသည်။
စွမ်းအားတို့ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲမှုအရှိန်မှာ တောင်ကြားတစ်ခုလုံးကိုတုန်ဟီးသွားစေပြီး မြေပြင်ကိုပင်ကွဲအက်သွားစေ၏။ လေထုထဲတွင် ဖုန်နှင့်အညစ်အကြေးများပြည့်နှက်သွားပြီး မြင်ကွင်းကိုခဏတာဝေဝါးသွားစေသည်။
ဖုန့်ချန်းသည် ခိုင်မြဲစွာရပ်လို့နေသည်။ သူ့တိုက်ကွက်၏အင်အားနှင့် သားရဲတို့ ထိပ်တိုက်တွေ့ဆုံပြီး သူခြေထောက်များမှာ အပင်များအမြစ်တွယ်သကဲ့သို့ မြေပြင်ပေါ်တွင် မားမားမတ်မတ်ရပ်တည်နေဆဲပင်။ ထိုအခိုက်အတန့်တွင် သူထိုသားရဲကိုအနိုင်ပိုင်းနိုင်လိုက်ပြီလားဟု တွေးထင်မိသား၏။
သို့သော် အမှုန်များတဖြည်းဖြည်းအနည်ထိုင်သွားသည်နှင့်အမျှ တစ်ခုခုလွတ်နေတာကိုသူနားလည်သွားသည်။ ကောင်းကင်ခွင်းကျားထံမှ သူမျှော်လင့်ထားသောခုခံမှုမှာ ရောက်မလာခဲ့ပေ။
လေထုငြိမ်သက်သွားသည်နှင့် ဖုန့်ချန်းမျက်လုံးများပြူးကျယ်သွားရသည်။
ကောင်းကင်ခွင်းကျားသည်ကား ထွက်ပြေးပျောက်ကွယ်သွားသည်ပင်။
"ဟမ်"
ဖုန့်ချန်းမှာ လွန်စွာအံ့အားသင့်သွားရသည်။ အဆင့်၆သားရဲ ကောင်းကင်ခွင်းကျားက ဤကဲ့သို့ထွက်ပြေးတတ်လိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပါပေ။
ထိုကျား၏အရှိန်နှုန်းနှင့်ဆိုလျှင် အမီလိုက်ဖမ်းဖို့လည်း ခက်လှပေ၏။
ထို့အပြင် ဘယ်ဆီဘယ်ဝယ်သို့ထွက်ပြေးသွားမည်မှန်းလည်း စဥ်းစားမရပါ။
ကြည့်ရသည်မှာ တိုက်ပွဲအတွင်းတစ်ဖက်ရန်သူကိုအကဲခတ်စစ်ဆေးနေသည်မှာ ဖုန့်ချန်းတစ်ယောက်သာမဟုတ်။
ကောင်းကင်ခွင်းကျားသည်လည်း ဖုန့်ချန်း၏အင်အားကို တစ်ချိန်လုံးလေ့လာစစ်ဆေးနေပုံပေါ်ပြီး သူ့ဘက်မှအနိုင်မယူနိုင်ကြောင်း သေချာသွားသည်နှင့် ဉာဏ်သုံးကာထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်သည်။ ထိုကျား၏ဆုံးဖြတ်ချက်ကို လေးစားမိရုံမှအပ ဖုန့်ချန်းဘာမှမတတ်နိုင်တော့ပါလေ။
ဤသည်မှာ သူရဲဘောကြောင်ခြင်းမဟုတ်ပေ။ တစ်ဖက်ရန်သူ၏အင်အားကိုအသိအမှတ်ပြုပြီး အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်သွားခဲ့ခြင်းသာဖြစ်၏။ ဖုန့်ချန်းပင် တစ်ချိန်ကထိုသို့လုပ်ခဲ့ဖူးသေးသည်။
ကိုယ့်အသက်နှင့်ယှဥ်လျှင် ဆေးမြစ်ကဘာတန်ဖိုးရှိတော့မည်နည်း?
ကောင်းကင်ခွင်းကျား ထွက်ပြေးလွတ်မြောက်သွားရသည်မှာ ဖုန့်ချန်း၏ပေါ့ဆမှုကြောင့်လည်းပါသည်။ တစ်ဖက်သားရဲမှာ ထွက်ပြေးဖို့မတွေးတတ်လောက်ဟုယူဆကာ ထိုသို့အင်အားကြီးတိုက်ကွက်ကိုသုံးလိုက်မိသည်မှာလည်း ရန်သူကိုအခွင့်အရေးပေးလိုက်ခြင်းပင်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲမှာ အဆင့်၆သားရဲနှင့်ပထမဆုံးထိပ်တိုက်တွေ့ရခြင်းဖြစ်ပြီး အတွေ့အကြုံများစွာလည်း ရရှိလိုက်ပါပေသည်။
ကောင်းကင်ခွင်းကျားကိုလွတ်သွားသော်ငြား ဖုန့်ချန်းသိပ်ပြီးနစ်နာသည်ဟုမခံစားရပေ။ နောက်တစ်ကြိမ် အဆင့်၆သားရဲနှင့်တွေ့ပါက ဒီ့ထက်ပိုပြီးပြင်ဆင်ထားရမည်ဟု တေးမှတ်ထားလိုက်သည်။
ကျောက်ဆောင်ကြားတွင် ဖျော့တော့စွာလင်းလက်လျက်ရှိဆဲဖြစ်သော ကျောက်စိမ်းနတ်မိမယ်အမြစ်အား သူခူးယူလိုက်ပြီး ဂရုတစိုက်သိမ်းဆည်းလိုက်သည်။
အဆင့်၆သားရဲ၏ခန္ဓာကိုယ်ကို မရနိုင်လိုက်သည်မှာ မချင့်မရဲဖြစ်စရာကောင်းလှသော်လည်း အနည်းဆုံးတော့ ကျောက်စိမ်းနတ်မိမယ်လေးရှိနေသေးသည်လေ။