← Chapters

မုန်တိုင်းတောင်ကြားမှထွက်ခွာခြင်း

Vol. 5 Ch. 69

မုန်တိုင်းတောင်ကြားမှထွက်ခွာခြင်း

Vol. 5 Ch. 69

ဤသို့ဖြင့် နောက်ထပ်ရက်အနည်းငယ်ကြာအထိ ဖုန့်ချန်းတစ်ယောက် မုန်တိုင်းတောင်ကြားရှိ မရောက်ရသေးသောနေရာမှန်သမျှ နှံ့နှံ့စပ်စပ် လှည့်လည်စပ်စုနေတော့၏။

တစ်နေ့တစ်နေ့ အဆင့်၅သားရဲများအမျိုးမျိုးကို ရင်ဆိုင်နေရပြီး သူ့ကိုကောင်းကောင်းစိန်ခေါ်လာနိုင်မည့်ကောင် တစ်ကောင်မျှပါမလာသေးချေ။

ရံဖန်ရံခါ အဆင့်၆သားရဲများလည်းပေါ်လာတတ်ပြီး အချို့ကိုဖုန့်ချန်းအနိုင်ယူလိုက်နိုင်သော်လည်း အချို့မှာမူ ထွက်ပြေးတိမ်းရှောင်သွားကြလေသည်။

မုန်တိုင်းတောင်ကြားသို့ တစ်ကိုယ်တော်ခြေဆန့်လာပြီး သားရဲသတ်ပွဲကျင်းပနေသည့် လူသားတစ်ဦးအကြောင်းမှာ သားရဲတို့အချင်းချင်းကြားတွင် ခဏချင်းပင်ပျံ့နှံ့သွားလေ၏။

အဆင့်၆သွေးစွယ်ဝံပုလွေတစ်ကောင်မှာ တောင်ကြားတစ်လျှောက် ဒ‌ရောသောပါးပြေးလွှားလျက်ရှိပြီး လမ်းတွင် ကစဥ့်ကလျားဖြစ်လျက်ရှိသော လေဟုန်သိမ်းငှက်တစ်အုပ်နှင့်တိုးခဲ့သေးရာ အသက်ရှူသံများမှာ ဟောဟဲလိုက်လို့နေသည်။

"ပြေးကြတော့ ဒီမှာအရင်လိုဘေးမကင်းတော့ဘူး"

ဝံပုလွေက သားရဲများကို သတိပေး‌လောဆော်လာသည်။

အနားရှိ အဆင့်၆ ကျောက်ဆောင်ဝက်ဝံတစ်ကောင်မှာ စိတ်ရှုပ်သလိုခေါင်းထောင်ကြည့်လာ၏။

"ဘာ‌လဲ ဘာဖြစ်ခဲ့တာလဲ"

"နတ်ဆိုး-နတ်ဆိုးတစ်ကောင်တောင်ကြားထဲဝင်လာပြီး သူ့ရှေ့ရောက်လာတဲ့သားရဲမှန်သမျှ လိုက်သတ်နေတာကွ"

ဝံပုလွေမှာ မရပ်မနားအော်ဟစ်နေတော့သည်။

သူ့နယ်မြေနှင့်သူ အုပ်စိုးမင်းမူခဲ့သော ဂုဏ်သိက္ခာရှိအဆင့်၆သားရဲတစ်ကောင်ဖြစ်သော်ငြား ယခုအချိန်တွင်တော့ ဘာသိက္ခာကိုမှ မငဲ့ကွက်နိုင်တော့ပေ။

"မင်းပြောသ‌လောက်လည်း မဆိုးလောက်ပါဘူးကွာ"

ဝက်ဝံကအ‌ရေးမစိုက်သလို ပြန်တုံ့ပြန်လိုက်ပြီး အနားရှိချုံပုတ်တစ်ခုကို ဆက်ပြီးအာရုံစိုက်စောင့်ကြည့်နေလိုက်သည်။ မကြာခင်မှာပင် စူးရှသောကွဲအက်သံတစ်ခု ပျံ့လွင့်လာပြီး နားကွဲမတတ်ဟိန်းဟောက်ငြီးတွားသံတစ်ခုပါ ကပ်ပါလာတော့၏။

"ဟားဟားဟားဟား"

ဖုန့်ချန်း၏ ရူးကြောင်ကြောင်အောင်ပွဲခံရယ်မောသံမှာ ပဲ့တင်ထပ်လျက်လွင့်ပျံလာပြီး နောက်ထပ်သားရဲတစ်ကောင်ကို အနိုင်ပိုင်းလိုက်နိုင်ပုံပင်။

ဝက်ဝံမှာလည်း ငြိမ်သက်တောင့်ခဲသွားရ၏။ မျက်လုံးများပြူးကျယ်လာပြီး ခပ်တိုးတိုးရေရွတ်မိသည်။ "ဒုက္ခပဲ ဟိုကောင်ပြောတဲ့နတ်ဆိုး ဒီနားရောက်လာပြီ"

ကြောက်မက်ဖွယ်အရှိန်အဝါတို့ဖြင့် မာန်တဝင့်ဝင့်ရှိခဲ့ကြသော မုန်တိုင်းတောင်ကြားရှိ အဆင့်၆သားရဲများမှာ အကြောက်အလန့်မရှိ လိုက်လံသတ်ဖြတ်၍ အရင်းအမြစ်စုဆောင်းလျက်ရှိသောထိုနတ်ဆိုးထံမှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပြေးတိမ်းရှောင်နေရပါတော့သည်။

မုန်တိုင်းတောင်ကြားတွင်သာ တရားရုံးတစ်ခုလောက်ရှိပါက သားရဲများစုရုံး၍ ဖုန့်ချန်းကိုဝိုင်းဝန်းတရားစွဲကြမည်မှာမလွဲပေ။ အမှုနာမည်သည်ကား မလိုလားအပ်သောအကြမ်းဖက်မှုနှင့် ဂုဏ်သိက္ခာယိုယွင်းပျက်စီးစေမှု။

ဖြစ်ချင်တော့ ဤသဘာဝတောတောင်ကြားတွင် တရားမျှတမှုဟူ၍မရှိပါသဖြင့် သားရဲများမှာ ဖုန့်ချန်းတစ်ယောက် သူတို့နေအိမ်များကို စိတ်ရှိသလိုဖျက်ဆီးဓားပြတိုက်နေခြင်းအား အံကြိတ်မျိုသိပ်လျက်ပင် စောင့်ကြည့်နေရရှာ၏။

ဖုန့်ချန်း ဤတောင်ကြားရှိသားရဲကမ္ဘာတွင် သူဘယ်လိုမွှေနှောက်ရမ်းကားမိနေမှန်း ရက်တော်တော်ကြာသည်အထိ သတိမထားမိခဲ့ပါချေ။

လေ့ကျင့်ရေးဆင်းရင်း အပျော်ခရီးထွက်သကဲ့သို့ သက်သက်သာသာနှင့်ပျော်မွေ့နေသောဖုန့်ချန်းမှာ မုန်တိုင်းတောင်ကြားရှိသားရဲတို့အတွက်မူ လွတ်မြောက်ရန်မဖြစ်နိုင်သောအိပ်မက်ဆိုးကြီးပါပင်။

ရက်အနည်းငယ်ကြာသော် စုဆောင်းရရှိမှုများကိုကျေနပ်သွားဟန်ဖြင့် ဖုန့်ချန်းအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တော့သည်။

သားရဲများထံမှာ အရင်းအမြစ်များ အမြုတေများအပြင် တန်ဖိုးကြီးဆေးဖက်ဝင်အပင်များကိုလည်း သူစုဆောင်းရှိခဲ့ပြီးဖြစ်၏။

ဖုန့်ချန်း လာရာလမ်းသို့ပြန်လှည့်သွားသည်နှင့် အဆင့်၆ အရိပ်ကျားသစ်နက်တစ်ကောင်သည် အရိပ်တွင်းမှ သတိကြီးစွာဖြင့်ထွက်ပြူလာပြီး စစ်ဆေးကြည့်လိုက်သည်။

ကျားသစ်နက်မှာ စိတ်လျှော့လိုက်သလို သက်ပြင်းမောတစ်ချက်ချလိုက်သည်။ "သူ သွားပြီထင်တယ်"

ပုန်းကွယ်နေကြသောသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင်ထွက်လာကြတော့၏။ စိုးရိမ်ပူပန်ရိပ်မပျောက်သေးသော်ငြား စိတ်သက်သာသွားဟန်မှာ သူ့တို့မျက်နှာများထက်အထင်းသားပင်။

"နောက်ဆုံးတော့ ငါတို့ငြိမ်းငြိမ်းချမ်းချမ်းပြန်နေနိုင်ပြီပဲ" သွေးအစွယ်ဝံပုလွေက ခပ်တိုးတိုးရေရွတ်လိုက်ပြီး မြေပြင်ထက်လှဲချလိုက်တော့သည်။ "ငါ့ဘဝမှာ တစ်ခါမှဒီလောက်မကြောက်ဖူးဘူး" ကျောက်ဆောင်ဝက်ဝံမှာလည်း သစ်ပင်တစ်ပင်ကိုပစ်မှီထားရင်း ငြီးတွားလာသည်။

သားရဲများ သူတို့ပိုင်နယ်မြေများသို့ ပြန်လည်နေရာချထားစဥ်တွင် လေဟုန်သိမ်းငှက်တစ်ကောင်က နယ်မြေတစ်လျှောက်ဝဲပျံစူးစမ်းရင်း ကြေငြာလိုက်သည်။

"အားလုံးရှင်းတယ်ဟေ့ ရူးကြောင်ကြောင် မကောင်းဆိုးဝါးနတ်ဆိုးထွက်သွားပြီ"

သားရဲများမှာလည်း စိတ်သက်သာသွားကြဟန်ဖြင့် အော်ဟစ်ကြွေးကြော်လာတော့သည်။ သူတို့အတွက်မူ ကပ်ဆိုးကြီးတစ်ခုကျော်ဖြတ်နိုင်သွားသကဲ့သို့ပင်။

မာန်မာနကြီး၍ အကြောက်အလန့်မရှိတတ်သော အဆင့်၆သားရဲများမှာ ဖုန့်ချန်းဆိုသည့်ထိုလူသားထံမှ နေ့နေညညအလိုက်ခံနေရ၍ မနားမနေထွက်ပြေးနေရသည်ဆိုသည့်အဖြစ်ကား ပုံမှန်ဟုတ်မနေပေ။

ထိုသူထွက်ခွာသွားမှသာ သူတို့၏ အဆင့်၆သားရဲဂုဏ်ကို ပြန်လည်ထိန်းသိမ်းဝင့်ကြွားနိုင်ခဲ့ရပေသည်။

ဖုန့်ချန်းဘက်က ပြန်လှည့်မလာသရွေ့ သူတို့တောင်ကြားသည်ကား အရင်လိုသူတို့ပိုင်နက်ဖြစ်နေဆဲပါလေ။

"မုန်တိုင်းတောင်ကြားကိုလာလိုက်တာ အတော်လေးအမြတ်ထွက်သွားတာပဲ"

တစ်ဖက်တွင် ထွက်ခွာသွားသော်ဖုန့်ချန်းမှာ သူများတကာ၏ရိပ်မြုံကိုကပ်ဆိုးကဲ့သို့ဒုက္ခပေးမိခဲ့ကြောင်း မသိနိုင်ရှာဘဲ စိတ်လက်ပေါ့ပါးစွာပင် မုန်တိုင်းတောင်ကြားမှရလာသည့်အရင်းအမြစ်များအကြောင်း တွေးရင်း ပျော်မဆုံးနိုင်ပေ။

အဆင့်၄အစီအရင်ဆရာ၏ဂူတွင်းမှရလာသော ထိုရတနာများကိုမဆိုထားနှင့်၊ သူစုဆောင်းနိုင်ခဲ့သော ဆေးဖက်ဝင်အပင်ပမာဏဖြင့်ပင် ဤခရီးမှာအဖိုးတန်နေလှပေပြီ။

ထို့အပြင် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုလည်း အကုန်ထုတ်သုံးခွင့်ရခဲ့ပြီး သူကိုယ်တိုင်၏စွမ်းအားအတိုင်းအတာကို သိမြင်နိုင်ခဲ့သည်။

ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်သို့ တက်လှမ်းချိုးဖျက်နိုင်ခဲ့ခြင်းနှင့် သူတော်စင်အလယ်အဆင့် ခန္ဓာသန့်စင်ကျမ်းကိုတတ်မြောက်ပြီး သူတော်စင်မိုးကြိုးခန္ဓာကို အရယူနိုင်ခဲ့ခြင်းကြောင့် တစ်ဖက်ပြိုင်ဘက်က ကျင့်ကြံဆင့်တစ်ဆင့်မြင့်သည့် စိတ်ဝိဉာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူဖြစ်နေလျှင်တောင် အနိုင်ယူနိုင်လောက်သည်ဟု ခံစားရလေ၏။

အကယ်၍ တစ်ဖက်ပြိုင်ဘက်က ကောင်းကင်ဘုံ၏သားရတနာကဲ့သို့ ကောင်းချီးမင်္ဂလာအဖြာဖြာဖြင့် ကံတရားမျက်နှာပေးခံထားရပြီး သူတော်စင်ကျင့်စဥ်ကိုလည်း ထုံးလိုချေရေလိုနှောက် တတ်ကျွမ်းသိမြင်ထားလျှင်တော့ သူလည်းမတတ်နိုင်ပါချေ။

မည်သို့ပင်ဖြစ်စေ ဒီရက်ပိုင်းအတွင်း သူကိုယ်တိုင်၏စွမ်းအားပမာဏကို သူသိမြင်နိုင်ခဲ့ပြီး တစ်ဖက်ရန်သူအပေါ်မူတည်၍ အင်အားမည်မျှချိန်ဆသုံးရမည်ကို ခန့်မှန်းတွက်ချက်လာနိုင်ခဲ့သည်။

သို့သော် ‌အရင်ရက်အနည်းငယ်အတွင်း အဆင့်၆သားရဲများကို သူထင်သ‌လောက်မတွေ့ခဲ့ရသဖြင့် အနည်းငယ်တော့ ဝမ်းနည်းကြေကွဲနေဟန်ပင်။

သို့သော် အိမ်တော်ကိုအကြာကြီးပစ်ထားရသည်မှာ စိတ်မချနိုင်သလိုခံစားရ၍ သူလည်းဒီ့ထက်ကြာအောင်ဆက်မနေနိုင်တော့ပါ။

ညီဖြစ်သူက ဇာတ်လိုက်မင်းသားဖြစ်နေသောကြောင့် သူ့မိသားစုမှာ ဘယ်အချိန်ဘာထဖြစ်မည်မှန်း မည်သူမှမခန့်မှန်းနိုင်ပါချေ။

သို့သော် အကြီးအကဲဝေ့ကိုပေးခဲ့သော ဝိဉာဥ်အငွေ့အသက်ပုလင်းလေးမှာ ယခုထိတိုင်ခွဲရသေးပုံမပေါ်သဖြင့် ပြဿနာကြီးကြီးမားမားတော့ ရှိမနေလောက်ပေ။

အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲကလည်း မကြာခင်စတင်တော့မည်ဖြစ်သဖြင့် မိသားစုခေါင်းဆောင်တစ်ယောက်အနေနှင့် ပြင်ဆင်စရာတွေရှိနေသေးရာ သူမဖြစ်မနေပြန်လာဖို့ အချိန်တန်ပြီဖြစ်၏။

နာရီအနည်းငယ်မျှပြေးလွှားပြီးသော် မိုးကြိုးလက်နက်နယ်ခြားစောင့်တပ်စခန်းသို့ ပြန်ရောက်လုဆဲဆဲဖြစ်လေပြီ။

"အား ကယ်ကြပါဦး"

"တစ်ယောက်လောက် လာကယ်ပေးပါဦး"

မိုးကြိုးလက်နက်စခန်းကို ပြန်ရောက်လုဆဲဆဲဖုန့်ချန်းမှာ အဝေးတစ်နေရာမှငိုကြွေးအော်ဟစ်သံကြောင့် အာရုံပျက်သွားရတော့၏။

"လာပြန်ပြီလား နောက်ထပ်ကယ်ကြပါဦး"

အလာတုန်းကကဲ့သို့ ထောင်ချောက်တစ်ခုဖြစ်မည်ဟု ဖုန့်ချန်းခန့်မှန်းထားသော်လည်း တကယ်တမ်းတွင် လူအများကြီးတိုက်ခိုက်ခံနေရသည်ကို သိရှိလိုက်ရသည်။

မိန်းမပျိုတစ်ယောက်တည်း ကူကယ်ရာမဲ့နေပြီး အော်ဟစ်အကူအညီတောင်းနေသည့်ဖြစ်ရပ်နှင့်မတူဘဲ ဒီတစ်ခုမှာမူ စစ်မှန်ဟန်ပေါ်လေ၏။

မည်သို့ပင်ဖြစ်စေ တကယ့်ထောင်ချောက်ဟုတ်သည်မဟုတ်သည်ကို မကြာခင်သိရတော့မည်ပေ။

ထောင်ချောက်ဖြစ်နေလျှင်တောင် သူ့ကိုသတ်နိုင်ကြမည်မဟုတ်သဖြင့် များများစားစားတွေးမနေတော့ပါ။

စက္ကန့်အနည်းငယ်အတွင်း အကူအညီတောင်းခံရာနေရာသို့ရောက်သွားပြီး အသိတစ်ယောက်ကိုတွေ့လိုက်ရသော် အံ့သြသွားမိသည်။

"ခုန်ဝေ?"

ဒုက္ခရောက်နေသူများမှာ ခုန်ဝေနှင့်သူ့အုပ်စုဖြစ်ပြီး အဆင့်၄သားရဲဦးဆောင်သည့် သားရဲတစ်အုပ်ဝန်းရံထားခြင်းကို ခံနေရတာဖြစ်သည်။

"ချီးပဲကွာ"

ခုန်ဝေစိတ်တိုစွာကျိန်ဆဲမိသည်။ အောင်အောင်မြင်မြင်အမဲလိုက်ထွက်ပြီး အိမ်အပြန်လမ်းတွင် ထိုသားရဲတစ်အုပ်ချုံခိုတိုက်ခိုက်ခြင်းခံလိုက်ရတာဖြစ်၏။

ပုံမှန်ဆိုလျှင် ဤသားရဲတစ်အုပ်ကို သူတို့အုပ်စုကိုင်တွယ်နိုင်ပေသည့် တိုက်ခိုက်ပြေးလွှား၍ အမဲလိုက်ရာမှပင်ပင်ပန်းပန်းပြန်လာချိန်တွင် အဆင့်၄သားရဲဦးဆောင်သည့် သားရဲအုပ်စုကို ခုခံနိုင်သည့်အင်အားမကျန်တော့ချေ။

"ခေါင်းဆောင် ထွက်ပြေးလိုက်ပါ"

ကြေးစားကျင့်ကြံသူတစ်ဦးကပြောလာသည်။ သူတို့ထဲတွင် ခေါင်းဆောင်ဖြစ်သူခုန်ဝေမှာ အင်အားအကြီးဆုံးဖြစ်ပြီး ပြေးလျှင်လွတ်နိုင်ချေရှိသည်။

"အရူးကောင် ငါကငါ့လူတွေကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး ပြီးတော့ ငါတို့ရှုံးမလားနိုင်မလားလည်း မသေချာသေးပါဘူး"

ခုန်ဝေပြန်ငေါက်လိုက်သည်။ အဖွဲ့ကိုချန်ထားရစ်ပြီး ထွက်ပြေးသည့်အလုပ်ကို သူဘယ်တော့မှလုပ်မည်မဟုတ်။

ဦးဆောင်လာသောအဆင့်၄သားရဲကို သူတိုက်ခိုက်နိုင်သေးသဖြင့် အခုချိန်မှာ တစ်အုပ်စုလုံးဘေးကင်းနေသေးတာဖြစ်၏။ သူထွက်ပြေးသွားသည်နှင့် ကျန်လူများမှာ စက္ကန့်ပိုင်းအတွင်း ဇီဝိန်ချုပ်မည်မလွဲပေ။

တစ်ယောက်ယောက်လာကယ်နိုင်ဖို့မျှော်လင့်ရင်း ခုန်ဝေအံကြိတ်အားတင်းလျက် ဆက်လက်တိုက်ခိုက်သည်။

ဝရုန်းသုန်းကားဖြစ်နေသာတိုက်ပွဲမှာ အခြေအနေတင်းမာလို့လာလေပြီ။

လူငယ်တစ်ဦးနှင့် သန်မာသောအမျိုးသမီးတစ်ဦးမှာ တိုက်ခိုက်နိုင်စွမ်းကုန်ဆုံးကာနီးဖြစ်ပြီး အမောဆို့မတတ်ပင်ပန်းနေပြီဖြစ်၏။

ဆယ်ကျော်သက်သာသာအရွယ်သာရှိသေးသော လူငယ်လေးမှာ အဆင့်၃ ဆူးတောင်ပင့်ကူနှစ်ကောင်ကို ယှဥ်လျက်တိုက်ခိုက်နေရလေသည်။

သူ့ဓားချက်များမှာ ကြမ်းတမ်းပြင်းထန်သော်ငြား ပင်ပန်းမှုနှင့်ကြောက်စိတ်တို့ကြောင့် ပုံမှန်ထပ်ပိုပြီးနှေးကွေးလျက်ရှိနေသည်။

သူ့ဘေးရှိ အမျိုးသမီးမှာ လှံတံတစ်ချောင်းကိုစွဲကိုင်ထားပြီး သားရဲများကိုဖယ်ထုတ်ရန်တိုက်ခိုက်နေသော်ငြား တိုက်ကွက်များမှာ ယိုင်နဲ့အားပျော့နေလေပြီ။ ပင့်ကူများ၏တိုက်ခိုက်မှုမှာလည်း မရပ်မနားတိုး၍သာလာသဖြင့် သူမမှာ နောက်သို့တဖြည်းဖြည်းဆုတ်လို့နေရသည်။

တိုက်ပွဲတွင်းသို့ ဧရာမမြွေသားရဲတစ်ကောင် ချဥ်းကပ်လာသောအခါ အခြေအနေမှာပိုဆိုးသွားတော့သည်။ ထိုမြွေမှာ ချောမွတ်လျက်အဆိပ်ပြင်းပြီး တည်ငြိမ်အေးဆေးစွာဖြင့်သာ သူတို့အနားသို့ချဥ်းကပ်လာ၏။

နီးကပ်လာသောအောင်ပွဲကို အရသာကြိုမြည်းချင်သည့်အလား မြွေသားရဲ၏လျှာနှစ်ခွမှာ ပြူတစ်ပြူတစ်ထွက်ပေါ်လို့လာသည်။

ပင့်ကူတစ်ကောင်၏ အားအပြည့်ကိုက်ခဲမှုကြောင့် အမျိုးသမီး၏လှံတံမှာ ကျိုးပဲ့လုလုဖြစ်နေပြီး လူငယ်လေးမှာလည်း ဓားကိုပင်မသယ်နိုင်လောက်‌အောင် အားအင်ကုန်ခမ်းနေလေပြီ။

အခြေအနေမှာ အရေးပေါ်ဖြစ်လာသော်လည်း အဆင့်၄သားရဲဖြစ်သော ဓားသွားပုတ်သင်နှင့် အသေအကျေတိုက်ခိုက်နေရသည့်ခုန်ဝေမှာ အမျိုးသမီးနှင့်လူငယ်လေးဘက်သို့ လှည့်မလာနိုင်ခဲ့ပါ။ စိုးရိပ်ထိတ်လန့်နေသောအသံဖြင့် အလောတကြီးနိုင်စွာ အော်ပြောလာသည်။

"ပေါင်မေ့နဲ့ ရွှမ်းချန် ခဏ‌တောင့်ထားဦး ငါလာပြီ"

သို့သော် ဓားသွားပုတ်သင်၏ဟိန်းဟောက်သံနှင့် ခုတ်ဖြတ်တိုက်ခိုက်သံများကြား ခုန်ဝေ၏အသံမှာ ကွယ်ပျောက်သွားမတတ်ပင်။

သူကိုယ်တိုင်လည်း မနည်းတောင့်ခံနေရသည့်အနေအထားတွင် တိုက်ပွဲကျလုနီးနီးဖြစ်နေသော ထိုနှစ်ယောက်အား အကူအညီမပေးနိုင်ခဲ့ချေ။

အဆင့်၃သားရဲများမှာ နီးသည်ထက်နီးကပ်လို့လာပြီး ပွဲသိမ်းတိုက်ကွက်ကို အပီချရန် အစွယ်များကိုဖြဲလျက် လက်သည်းများကိုအသင့်ပြင်ထားလိုက်ကြသည်။

ပင့်ကူတစ်ကောင်ထံမှ အမိအရအကိုက်ခံလိုက်ရသောပေါင်မေ၏လှံတံမှာ သွင်သွင်ကျိုးသွားခဲ့ပြီး ဓားလက်ကိုင်အားဆက်မဆုပ်ကိုင်ထားနိုင်တော့ပြီဖြစ်သော လူငယ်လေးထံ မြွေသားရဲမှာချဥ်းကပ်သွားတော့၏။

အခြေအနေမှာ မျှော်လင့်ချက်မဲ့နေချိန်တွင် ဓားချက်တစ်ချက်သည် ဝှစ်ခနဲထွက်ပေါ်လို့လာပြီး အဆင့်၃သားရဲနှစ်ကောင်အား တစ်ချက်တည်းဇီဝိန်ခြွေလို့သွားသည်။

အကူအညီပေါ်လာသဖြင့် ခုန်ဝေ၏မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အရောင်များလင်းလက်လာပြီး စိတ်သက်သာရာရသွားဟန်လည်းရှိ၏။

"ခင်ဗျားက.."

ခုန်ဝေမှာ ဖုန့်ချန်းကိုသတိထားမိလိုက်ပြီး တစ်နေရာရာတွင်မြင်ဖူးသလိုရှိနေလေသည်။

"ခင်ဗျားက အဲ့ဒီလူကြီးမင်းပဲ"

ပေါင်မေသည်လည်း အံ့အားသင့်သွားဟန်ဖြင့် ဝင်ပြောလာသည်။

"ရှင်ကဘယ်လိုလုပ် ဒီမှာရှိနေတာလဲ"

ပေါင်မေက စိတ်ရှုပ်ထွေးစွာမေးလာသည်။ စစတွေ့ခဲ့သည်မှာ ရက်ပေါင်းများစွာကြာသွားပြီဖြစ်သဖြင့် ဖုန့်ချန်းတစ်ယောက် အိမ်သို့ပြန်ရောက်နေလောက်ပြီဟု သူတို့ထင်ထားခဲ့တာပင်။

အဆင့်၆သားရဲတို့ကျက်စားသောနယ်မြေတွင် ဖုန့်ချန်းတစ်ကိုယ်တည်း ရက်အကြာကြီးနေနိုင်လိမ့်မည်ဟု ဘယ်သူမှထင်မထားခဲ့ပါ။

"နောက်မှပြောကြတာပေါ့"

ဖုန့်ချန်းဤသို့တုံ့ပြန်လိုက်ပြီး အသက်ရှင်နေသေးသောသားရဲများထံ အာရုံစိုက်လိုက်သည်။

သေချာပေါက် သူ့စွမ်းအားကို ထိုသားရဲများတောင့်မခံနိုင်ပါပေ။ တိုက်ကွက်သုံးကွက်ဖြင့် အနီးအနားရှိသားရဲအားလုံး သေပွဲဝင်သွားရပြီဖြစ်၏။

အဆင့်၆သားရဲများ၏အခေါ် ထို"နတ်ဆိုး"သည်ကား ပရိတ်သတ်ကြီးကို စိတ်မပျက်စေခဲ့ပါလေ။

ခုန်ဝေနှင့်အပေါင်းအပါများမှာ သူတို့ခက်ခက်ခဲခဲတောင့်ခံခဲ့ရသောသားရဲအုပ်ကြီး စက္ကန့်ပိုင်းအတွက်သုတ်သင်ခံလိုက်ရသည်ကို ပါးစပ်အဟောင်းသားဖြင့်သာကြည့်နေနိုင်ခဲ့ကြသည်။

မျက်စိရှေ့တွင်မြင်လိုက်ရသော စွမ်းအားပြပွဲကြီးကြောင့် သူတို့ခန့်မှန်းချက်အရ ဖုန့်ချန်းမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ထက် သာရင်သာပေမည်၊ လုံးဝတော့မလျော့နိုင်။

"အမှန်အကန်ကိုစွမ်းအားကြီးလှတဲ့ လူကြီးမင်းပါကလား"

All Chapters