← Chapters

မြူခိုးချိုင့်ဝှမ်းမြို့တော်သို့ အပြန်

Vol. 5 Ch. 70

မြူခိုးချိုင့်ဝှမ်းမြို့တော်သို့ အပြန်

Vol. 5 Ch. 70

ဖုန့်ချန်းသည် သွေးစက်များပေကျံသွားသောဓားသွားကို ဖြစ်သလိုသုတ်လိုက်ပြီး တိုက်ပွဲတစ်ခုတိုက်ပြီးစတွင် တစ်စက်မှပင်ပန်းမောဟိုက်ခြင်းမရှိဘဲ တည်ငြိမ်သောမျက်နှာထားဖြင့်သာရှိနေ၏။

ဖုန့်ချန်းအတွက် အဆင့်၄သားရဲတွေဆိုသည်မှာ ပုရွက်ဆိတ်ငယ်များနှင့်ဘာမှမခြားပင်။ သူသတ်လိုက သတ်ချင်သလောက်သတ်ပစ်နိုင်သော အနေအထားရှိသည်။

ခုန်ဝေနှင့် သူ၏အုပ်စုတစ်ခုလုံးမှာလည်း အံ့သြတကြီးဖြင့် လှုပ်ပင်မလှုပ်နိုင်ကြသေးချေ။ စောနလေးတင်ဖြစ်ပေါ်နေသော စိုးရိမ်ထိတ်လန့်စိတ်များမှာ ရုတ်ချည်းမေ့ပျောက်ခံလိုက်ရပြီး အံ့သြအထင်ကြီးမှုများဖြင့် ကြောင်တောင်တောင်ဖြစ်လို့နေကြ၏။

(ဒီလိုစီနီယာကို အရင်တစ်ခေါက်တွေ့တုန်းက ယဥ်ယဥ်ကျေးကျေးဆက်ဆံလိုက်မိလို့တော်သေးတာပေါ့ မဟုတ်ရင်...)

ဖုန့်ချန်းအပေါ်တွင် မောက်မာရိုင်းစိုင်းမှုမပြလိုက်ဘဲ အကူအညီပါပေးခဲ့သည့် အတိတ်ကသူ့ကိုယ်သူ ခုန်ဝေချီးကျူးမြှောက်ပင့်မိနေတော့သည်။

နှိမ့်ချရိုးသားခြင်းသည် သင့်ကို သေဘေးမှပင်ကယ်တင်နိုင်ပေ၏။

သေရည်ဆိုင်မှာသာ ဖုန့်ချန်းကိုရိုင်းရိုင်းစိုင်းစိုင်းသာပြုမူဆက်ဆံခဲ့မိပါက အခုချိန်ဘာဖြစ်ရပ်ကိုရင်ဆိုင်နေရမည်မှန်း သူစိတ်ပင်မကူးရဲပါ။

"ကျုပ်တို့ကိုအခုလိုအသက်ကယ်ပေးလို့ အများကြီးကျေးဇူးတင်မိပါတယ် စီနီယာ"

ခုန်ဝေက ရိုသေသမှုဖြင့် လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ကျေးဇူးတင်လာသည်။

ဖုန့်ချန်း၏ပုံပန်းသွင်ပြင်မှာ ခုန်ဝေထက်ငယ်ရွယ်ပုံပေါ်သော်လည်း ဤလူကြီးမင်းသည် ကျင့်စဥ်တစ်မျိုးမျိုးကိုသုံး၍ မူရင်းအသက်မှန်ကိုဖုံးကွယ်ထားခြင်းဖြစ်မည်ဟု ခုန်ဝေတစ်ထစ်ချတွက်လိုက်သည်။

သို့မဟုတ်ပါက ဤမျှငယ်ရွယ်နုပျိုလှသေးသော လူငယ်လေးထံမှ ထိုမျှကြီးကျယ်သောစွမ်းအင်ပမာဏကို ထုတ်လွှတ်နေနိုင်စရာအကြောင်းမရှိပေ။

"ခုန်ဝေ ခင်ဗျားဒီ့ထက်ပိုပြီးဂရုစိုက်သင့်တယ် ဘယ်လိုလုပ်အန္တရာယ်တောထဲကျသွားရတာလဲ"

ဖုန့်ချန်း၏လေသံက ပေါ့ပေါ့ပါးပါးပင်ဖြစ်သော်လည်း အနည်းငယ်ပြစ်တင်ဟန်ပါဝင်သည်။

ခုန်ဝေလိုမျိုး အတွေ့အကြုံရှိကျင့်ကြံသူတစ်ဦးက ဤမျှအန္တရာယ်များသောအခြေအနေကြား မည်သို့ကျရောက်သွားမှန်း သူအမှန်ပင်နားမလည်နိုင်ပါ။

ခုန်ဝေက အရှက်ရဟန်ဖြင့်ခေါင်းညိတ်ပြလာပြီး နဖူးပေါ်မှချွေးများကိုသပ်ချလိုက်သည်။

"စီနီယာပြောတာမှန်ပါတယ် ကျုပ်တို့လည်းချုံခိုတိုက်ခိုက်ခံလိုက်ရတာ အဆင့်၄သားရဲက ဘယ်ကနေဘယ်လိုပေါ်လာမှန်းကိုမသိဘူး"

ဖုန့်ချန်းအပြစ်တင်သင့်သည်မှာမှန်သောကြောင့် ခုန်ဝေလည်း ရှက်တက်တက်ဟန်ဖြင့်ပြန်လည်ဖြေရှင်းလေသည်။ သူ့လိုအတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် ဤသို့ကျဥ်းထဲကျပ်ထဲမရောက်မိသင့်သလို ပုံမှန်အားဖြင့်လည်း ဖြစ်တတ်သည့်အခြေအနေမဟုတ်ပါချေ။

ဒီနေ့တွင်တော့ ထူးထူးဆန်းဆန်းပင် အဆင့်၄သားရဲတစ်ကောင်၏ ပုံမှန်မဟုတ်စွာ ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ပိုဆိုးသည်မှာ မုန်တိုင်းတောင်ကြားရှိသားရဲအားလုံး လတ်တလော စိတ်အလိုမကျနေကြပုံပင်။

ပုံမှန်နေ့ရက်များတွင် သူတို့အုပ်စု အားအင်ကုန်ခမ်းမသွားခင် ဘယ်အချိန်နောက်ပြန်ဆုတ်လို့ ဘယ်အချိန်လှည့်ပြန်ရမည်မှန်း ခုန်ဝေကောင်းကောင်းနားလည်၏။

သို့သော် အတော်လေးကိုမူမမှန်စွာပင် သားရဲအများကြီးနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသောကြောင့် အုပ်စုတစ်ခုလုံး အချိန်မတိုင်မီပင်ပန်းမောဟိုက်နေခဲ့ခြင်းပင်။

အခြေအနေများမူမမှန်သည်ကို သတိပြုမိသောကြောင့် ခုန်ဝေလည်း အချိန်မီပြန်လည်ဆုတ်ခွာဖို့စီစဥ်ခဲ့ပေမယ့် အပြန်လမ်းတွင် အဆင့်၄သားရဲဦးဆောင်သော ချုံခိုတိုက်ခိုက်မှုကို ထိပ်တိုက်ကြုံလိုက်ရတော့သည်။

ခုန်ဝေမသိသောအချက်တစ်ချက်ကတော့ မုန်တိုင်းတောင်ကြားရှိမူမမှန်မှု၏ဇာစ်မြစ်မှာ ဖုန့်ချန်းဖြစ်နေခြင်းပင်။

စွမ်းအားကြီးသားရဲများကို ဖုန့်ချန်းကြောက်လန့်စေခဲ့မိသောကြောင့် သူတို့၏ပုံမှန်ကျက်စားရာနယ်မြေများမှ ကစဥ့်ကလျားထွက်ပြေးလာကြရာ သားရဲများ သူ့နေရာနှင့်သူ အပိုင်းလိုက်ကျက်စားစိုးမိုးလေ့ရှိကြသော မုန်တိုင်းတောင်ကြားနယ်မြေတစ်ခုလုံးကို ကမောက်ကမဖြစ်သွားစေတော့၏။

ဖုန့်ချန်းသာဝင်မမွှေခဲ့ပါက ခုန်ဝေနှင့်သူ့အဖွဲ့လည်း ဤသို့အန္တရာယ်ကြုံတွေ့စရာအကြောင်းမရှိပေ။

ပေါင်မေ့နှင့်ရွှမ်းချန်မှာ အားနည်းဖြူဖျော့နေသော်ငြား ကျေးဇူးတင်စိတ်များပြည့်နှက်နေသောမျက်နှာထားများဖြင့် သူ့အနားသို့ချဥ်းကပ်လာကြသည်။

"ကျွန်မတို့ကိုကယ်ပေးလို့ ကျေးဇူးပါရှင်"

ပေါင်မေ့သည် တုန်ယင်နေသောအသံလေးဖြင့် ကျေးဇူးစကားဆိုလာ၏။

"လူကြီးမင်းသာမရှိရင် ဘာဆက်ဖြစ်မလဲမတွေးဝံ့ပါဘူး"

ဖုန့်ချန်းသည် ကျေးဇူးစကားကိုမခံယူဝံ့သလို လက်ကိုခါယမ်းပြလိုက်သည်။

"ဒီမှာဘေးကင်းသွားပြီဆိုတော့ ကျုပ်သွားပြီနော်"

ဖုန့်ချန်းလည်း ပြောပြောဆိုဆိုပင် ဝှစ်ခနဲပျောက်သွားတော့လေသည်။

အနီးအနားပတ်ဝန်းကျင်တွင် ပုန်းခိုချောင်းမြောင်းနေသောသားရဲများ ရှိနေဦးမလားဟု ပတ်ရှာကြည့်သေးသော်လား တစ်ကောင်မျှမတွေ့ရပါ။

ခုန်ဝေနှင့်သူ့အဖွဲ့လည်း ဖြောင့်ဖြောင့်တန်းတန်းသာပြန်မည်ဆိုပါက ဘေးတွေ့စရာအကြောင်းမရှိတော့ပေ။

စိတ်ချရသွားသည်နှင့် အမြန်ထွက်ခွာလာခဲ့ပြီး မကြာခင်ပင် မိုးကြိုးလက်နက်နယ်ခြားစောင့်မြို့သို့ ပြန်ဝင်လာခဲ့တော့သည်။

အနောက်တွင်ကျန်ခဲ့သော မုန်တိုင်းတောင်ကြားကို တစ်ချက်မျှလှည့်ကြည့်နှုတ်ဆက်ပြီးနောက် မြူခိုးချိုင့်ဝှမ်းမြို့သို့ တစ်ဖန်ပြန်လည်ဦးတည်လိုက်တော့၏။

*********

ဖုန့်အိမ်တော်သို့ပြန်ရောက်လာသော ဖုန့်ချန်းတွင် ဒဏ်ရာအနာတရတစ်ခုမှပါမလာသည်ကို ကိုယ်တွေ့မြင်လိုက်ရမှ အကြီးအကဲဝေ့မှာ စိတ်အေးစွာ သက်ပြင်းမောချလိုက်မိတော့၏။

မုန်တိုင်းတောင်ကြားတွင်း လေ့လာရီးခရီးဆိုသည်မှာ မည်မျှအန္တရာယ်များမည်မှန်း အကြီးအကဲဝေ့သိထား၍ ဖုန့်ချန်းပြန်အလာကို ရင်တမမဖြင့် စောင့်မျှော်နေခဲ့ရတာဖြစ်သည်။

ထို့နောက် ဖုန့်ချန်းမရှိစဥ်အတောအတွင်း ဖုန့်မိသားစု၏ လတ်တလောဖြစ်ရပ်များ တိုးတက်မှုများကို ဆက်လက်တင်ပြလာတော့သည်။

လက်ရှိရထားသော သြဇာအာဏာနှင့် ကျော်ကြားမှုအရ ဖုန့်မိသားစု၏စီးပွားရေးလုပ်ငန်းများမှာလည်း ဖြစ်မြောက်မြိုင်ဆိုင်လို့နေ၏။ လက်ရှိအခြေအနေအတိုင်းသာဆိုလျှင် မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်သီးဂိုဏ်းအဖွဲ့အစည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်လာတော့မည်ကို စိတ်ချထားလို့ရနိုင်ပေပြီ။

ထို့အပြင် ဖုန့်မိသားစုတွင် အဆင့်၂ဆေးဆရာနှစ်ယောက်တောင်ရှိနေပြီဖြစ်ပြီး လက်ရှိဆေးလုံးဈေးကွက်တွင်း လွှမ်းမိုးထားနိုင်သော အစွမ်းထက်သမားတော်များဖြစ်လေသည်။

ဖုန့်ယွင်၏ အသစ်တီထွင်စမ်းသပ်ထားသော‌ဆေးလုံးဖော်စပ်နည်းများနှင့် လမ်းညွှန်သင်ပြပေးမှုလက်အောက်တွင် ဖုန့်မိသားစုဆေးဆရာများမှာ မျှော်လင့်ချက်များအသစ်တစ်ဖန်တောက်ပ၍ အလားအလာများလည်းပိုကောင်းလာတော့၏။

အရည်အချင်းများလည်းတိုးတက်လာပြီး ဆန်းသစ်သောဆေးလုံးဖော်စပ်သန့်စင်နည်းများကြောင့် ထုတ်လုပ်သောဆေးလုံးများ၏ အရည်အသွေးရော အရေအတွက်ပါ တိုးတက်ပွားများလာပြီး ပြိုင်ဘက်များထက်အမြဲတစ်ပန်းသာနေပြီးသားပင်။

ဆေးပညာပိုင်းတွင် သိသိသာသာတိုးတက်လာမှုကြောင့် မိသားစု၏ရပ်တည်မှုပိုခိုင်မာလာရုံသာမက ထိုဒေသတစ်ဝိုက်၏ ဆေးပညာလောကို ဦးစီးဦးဆောင်ပြုနေသူများအဖြစ်ပါ အသိအမှတ်ပြုခံလာရတော့သည်။

ဤကဲ့သို့ အဘက်ဘက်မှတိုးတက်လာမှုများကြောင့် ဖုန့်မိသားစုသည် မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်းသာမက အရှေ့ဘက်ခြမ်းစီရင်စုတစ်ခုလုံးကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ရန် အဆင့်တက်လာတော့၏။

ဖုန့်မိသားစုဝင်များ၏ ကျင့်ကြံဆင့်တိုးတက်မှုမှာလည်း ရပ်တန့်နေသည်ဟူ၍မရှိဘဲ ဖုန့်ယွင်အပါအဝင် အတော်များများမှာ နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ကြပြီးဖြစ်သည်။

အကြီးအကဲဝေ့မှာ ဖုန့်မိသားစု၏ လက်တလောအခြေအနေများနှင့် အောင်မြင်မှုများကို ဖုန့်ချန်းထံအစီရင်ခံရင်း မျက်နှာထားမှာ ဂုဏ်ယူဝင့်ကြွားနေဟန်ကို ဖုံးဖိမရပေ။

"ဖုန့်မိသားစုကတော့ အဆက်မပြတ်တိုးတက်နေတာပဲ ချန်းအာ" အကြီးအကဲဝေ့က စိတ်ကျေနပ်အားရနေဟန်ဖြင့် ထပ်ပေါင်းပြောလာသည်။

"ဖုန့်ယွင်လည်း အမြုတေဖွဲ့စည်းအဆင့်ကိုချိုးဖျက်နိုင်သွားပြီဆိုတော့ အရှေ့ဘက်စီရင်စု စုဝေးပွဲမှာ ဖုန့်မိသားက သေချာပေါက်အဆင့်တော်တော်မြင့်လိမ့်မယ်"

"အကြီးအကဲရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

အကြီးအကဲဝေ့မှာ နှိမ့်ချစွာခေါင်းကိုခါယမ်းလာသည်။

"မခံယူဝံ့ပါဘူး ဒီလောက်ထိဖြစ်လာနိုင်တာ တူလေးရဲ့ဦးစီးဦးဆောင်မှုနဲ့ ထောက်ပံ့မှုတွေကြောင့်ပါ"

"ဟားဟား ကျွန်တော်လည်း လုပ်နိုင်သမျှလုပ်ပေးခဲ့ရုံပါပဲ"

ဖုန့်ချန်းလည်း နှိမ့်ချစွာပင်တုံ့ပြန်လိုက်သည်။

"အကြီးအကဲဝေ့ကို မိသားစုအရေးကိစ္စတွေ နည်းနည်းထပ်စောင့်ကြည့်ခိုင်းရဦးမယ်ထင်ပါတယ် ကျွန်တော်အခုလောလောဆယ် ကျင့်ကြံဆင့်ချိုးဖျက်ခါနီးဆဲဆဲဖြစ်နေလို့ တံခါးပိတ်ကျင့်ကြံခြင်းဝင်ရဦးမယ်"

"ကျင့်ကြံဆင့်ချိုးဖျက်မယ်?"

"ကောင်းတယ် ကောင်းတယ် တူ‌လေး အပြင်ကိစ္စတွေကို ငါ့လက်ထဲသာအပ်ခဲ့လိုက် ကျင့်ကြံဆင့်ချိုးဖျက်ဖို့ကိုပဲ အာရုံစိုက်ချည်တော့"

ဖုန့်ချန်းတစ်ယောက် ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ အစောပို်ငးအဆင့်ကို ချိုးဖျက်တော့မည်ထင်သဖြင့် အကြီးအကဲဝေ့မှာ အားရဝမ်းသာစွာတိုက်တွန်းနေတာ့သည်။

တကယ်တမ်းမှာ ဖုန့်ချန်းသည် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏ အစောပိုင်းအဆင့်ကို ချိုးဖျက်တက်လှမ်းရန်ဖြစ်ပါသည်။

လူတစ်ယောက်၏ကျင့်ကြံဆင့်ကမြင့်လာလေလေ နောက်တစ်ဆင့်ဆီတက်လှမ်းဖို့ အချိန်ပိုကြာလေလေဖြစ်၏။

သို့သော် တစ်နှစ်ပင်မကြာသေးသောအချိန်အတွင်း ဖုန့်ချန်းမှာ ဝိဉာဥ်သန္ဓေ အစောပိုင်းအဆင့်ကိုချိုးဖျက်ရန် တာစူနေပြီဖြစ်လေသည်။ မည်သူမျှ ထိုကိစ္စကိုခန့်မှန်းနိုင်ကြမည်မဟုတ်ပါချေ။

ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများပင် တစ်နှစ်ပင်မပြည့်သေးသောအချိန်အတွင်း နောက်တစ်ဆင့်တက်ရန် အဆင်သင့်မဖြစ်နိုင်သေးပါ။

မည်သို့ပင်ဖြစ်စေ အကြီးအကဲဝေ့မှာ ဖုန့်ချန်းအတွက်ပျော်ရွှင်ဝမ်းမြောက်ပေးပြီး မိသားစု၏တာဝန်ကြီးများကို ဆက်လက်ထမ်းဆောင်ထားရန် ငြိုငြင်မနေခဲ့ပါချေ။

အရှေ့ဘက်စီရင်စု စုဝေးပွဲသို့မရောက်ခင် ဖုန့်ချန်းဘက်မှအမြန်ချိုးဖျက်နိုင်ဖို့သာမျှော်လင့်သည်။ ထိုတိုးတက်မှုမှာ သူတို့မိသားစုတစ်ခုလုံးကို အမြင့်သို့တင်ပေးနိုင်ပေလိမ့်မည်။

All Chapters