← Chapters

အရင်းအမြစ်များကိုစုဆောင်းခြင်း

Vol. 5 Ch. 66

အရင်းအမြစ်များကိုစုဆောင်းခြင်း

Vol. 5 Ch. 66

ဖုန့်ချန်းသည် အဆင့်၅အစီအရင်စာအုပ်ကို သိုလှောင်လက်စွပ်တွင်း ဂရုတစိုက်ထည့်သိုလိုက်ပါ၏။ အကြီးစားရှာဖွေတွေ့ရှိမှုကြီးကြောင့် စိတ်အစဥ်မှာ မြူးကြွလျက်ရှိသည်။

သေချာသည့်အချက်မှာတော့ ဤစာအုပ်လေးတစ်အုပ်သည် မိုးပြာကောင်းကင်အင်ပါယာတွင်းရှိ အာဏာစက်အပြောင်းအလဲကို ဖော်ဆောင်နိုင်ပေမည်။

လောလောဆယ်တော့ စာအုပ်အကြောင်းကို လျှို့ဝှက်ထားတာပိုကောင်းပေမည်။ ဖော်ထုတ်ရန်သင့်တော်သည့်အချိန်ကို စောင့်ဆိုင်းရဦးမည်။

"ဒါနဲ့ဆို ဖုန့်မိသားစုရဲ့အနာဂတ်ကို စိတ်ပူစရာမလိုတော့ဘူး"

ဖုန့်ချန်းစိတ်ကျေနပ်စွာတွေးတောရင်း အပြုံးတို့မှာလည်းဝင်းပလို့နေ၏။

မျှော်လင့်ထားသည်ထက်ပိုတန်ဖိုးရှိသော ရတနာသိုက်ကြောင့် ဖုန့်ချန်းမှာစိတ်ကြည်လင်မြူးကြွလို့နေသည်။ သူခရီးထွက်တိုင်းသာ ဤတစ်ခေါက်လိုအကျိုးအမြတ်တွေရခဲ့မည်ဆိုပါလျှင် မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးတွင် အချမ်းသာဆုံးသူကြွယ်ကြီးဖြစ်နေလောက်ပြီပင်။

သူအရင်ကထွက်ခဲ့သောခရီးတိုင်းမှာ ဤမျှလောက်မထိုက်တန်ခဲ့သဖြင့် သူကြွယ်ဖြစ်နိုင်မည့်အခွင့်အရေးကို လက်လွှတ်ခဲ့လိုက်ရခြင်းဖြစ်သည်။

သူအရင်ကရခဲ့သော ရတနာမြေပုံအများစုမှာ အတုအယောင်ဖြစ်ရတာနှင့် အခြားတစ်ယောက်ကလက်ဦးသွားသည်နှင့် ကောင်းကောင်းကန်းကန်းကိုမရှိခဲ့လှပေ။

ရတနာရှိနေခဲ့သည့်အခေါက်များတွင်လည်း ဤမျှလောက်ရင်ခုန်စရာမကောင်း။

တစ်ချိန်ကပစ္စည်းအပြည့်ရှိခဲ့သော်လည်း သူ့ကောင်းမှုဖြင့်ပြောင်သလင်းခါသွားသောဂူထဲတွင် ဖုန့်ချန်းထွက်မသွားဘဲရပ်နေသေးသည်။

ဖုန့်ချန်းအတွေးပေါင်းများစွာထဲနစ်မြုပ်ရင်း ရပ်နေခြင်းဖြစ်သည်။

သူလုပ်ခဲ့သည့်လုပ်ရပ်ကို ရှားရှားပါးပါး ပြန်လည်သုံးသပ်မိနေခြင်းဖြစ်လေ၏။ ထိုအဆင့်၄အစီအရင်ဆရာမှာ ဤဗဟုသုတများ ကြွယ်ဝမှုများကို စုဆောင်းရရှိဖို့ သူ့ဘဝတစ်ခုလုံ ရင်းနှီးမြှုပ်နှံခဲ့ရမည်မှာမလွဲပေ။

တစ်နည်းပြောရလျှင် ဖုန့်ချန်းမှာ ရတနာများစုဆောင်းရရှိခြင်းတင်မက ဤဂူ၏မူလပိုင်ရှင် ထိုဆရာသခင်ချန်ထားရစ်သော ပညာအမွေအနှစ်များကို အမွေဆက်ခံလိုက်ခြင်းလည်းဖြစ်သည်။

လေးစားသမှုကိုပြသသည့်အနေဖြင့် ဂူပေါက်ဝသို့ ဖုန့်ချန်းအသာဦးညွှတ်လိုက်၏။

"အမွေအနှစ်များကိုချန်ထားပေးခဲ့တဲ့လူကြီးမင်းခင်ဗျာ ကျွန်တော်တကယ်ကိုကျေးဇူးတင်မိပါတယ် လူကြီးမင်းရဲ့ပညာဗဟုသုတတွေကို ကောင်းတဲ့နေရာတွေမှာ အသုံးချလိုက်ပါ့မယ် မထင်မရှားဂူတစ်လုံးထဲမှာ ဆွေးမြည့်ပျက်စီးသွားမှာမဟုတ်တော့ပါဘူး"

ဂူပိုင်ရှင် သက်ရှိထင်ရှားရှိနေသေးသလား ဆုံးပါးသွားသလားဆိုတာကို သူသေချာမသိပေမယ့် နှစ်ထောင်ပေါင်းများစွာမထိကိုင်ခဲ့ပုံရသောပစ္စည်းများ၏ပုံစံအရ ဆုံးပါးသွားလောက်ပေပြီဟု သူယူဆလိုက်သည်။

နောက်ပြီး သူဖောက်ထွင်းလုယက်ခဲ့သော (အဲလေ မှားလို့) သူအမွေဆက်ဆံခဲ့သော ဤဂူသည်ကား ထိုအဆင့်၄အစီအရင်ဆရာ၏ ပညာဗဟုသုတတို့ သိုလှောင်သိမ်းဆည်းရာခန်းမဖြစ်လေသည်။

အမွေဆက်ခံသောသူကို ဆက်ခံသူဟုပင် ခေါ်ဆိုရပေမည်။

ဖုန့်ချန်းတစ်ယောက် အတွေးပင်လယ်တွင် နစ်မြောနေဆဲဖြစ်သည်။ သူ့မိသားစုတွင်းမှာ တစ်ယောက်ယောက် အစီအရင်ဆရာဖြစ်လာခဲ့ပါက ဤနေရာသို့ခေါ်ဆောင်လာပြီး အဖိုးတန်စာပေတို့ဖြင့် ကူညီခဲ့သူဆရာသခင်အား ဦးညွှတ်အရိုအသေပြုစေမည်ဟု သူတွေးလျက်ရှိသည်။

သူ့ထံတွင် အတိတ်မှ ရန်ငြှိုးအာဃာတများမရှိတတ်သော်ငြား သူ့ကိုတစ်ခါကျေးဇူးပြုဖူးသောသူအား သေလူဖြစ်စေ ရှင်လူဖြစ်စေ ဘယ်တော့မှမမေ့ပျောက်တတ်သော စိတ်ကောင်းလေးရှိသည်ပင်။

ဂူထဲမှပြန်ထွက်လာသောလမ်းတွင် ဝင်ပေါက်နားရှိဂူနံရံပေါ် ထွင်းထုထားသောစာလုံးများကိုတွေ့လိုက်ရသည်။

နာမည်တစ်ခုကိုရေးသားထားခြင်းဖြစ်ပြီး မှိန်ဖျော့နေသော်ငြား ထွင်းချက်များမှာရှင်းလင်းပြတ်သားလို့နေ၏။ ဖုန့်ချန်းတစ်ချက်လှမ်းကြည့်ကာ အသံထွက်ဖတ်လိုက်သည်။

"အင်း.....ထျန်းရုံ?"

ဂူပိုင်ရှင်၏နာမည်ဖြစ်မည်ဟု ယူဆကာ ထိုနာမည်နှင့်တစ်စုံတစ်ယောက်ကို ကြားဖူးသလားဟု ပြန်စဥ်းစားကြည့်လိုက်သည်။

"တစ်ခါမှမကြားဖူးဘူးပဲ"

ဖုန့်ချန်းတစ်ခဏမျှရပ်စဥ်းစားကြည့်သော်လည်း ထိုနာမည်နှင့်တစ်စုံတစ်ယောက်ကို လုံးဝမကြားဖူးသည်မှာသေချာ၏။ အဆင့်၄အစီအရင်ဆရာတစ်ယောက်သာ ဒီအချိန်ထိသက်ရှိထင်ရှားရှိနေသေးပါက သူ့နာမည်မှာ နေရာတိုင်းသို့ကျော်ကြားမွှေးပျံ့နေမည်ပင်။

ပိုင်ရှင်ဖြစ်သူမှာ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာလောက်က ဆရာသခင်တစ်ဦးဖြစ်ဟန်တူပြီး ဆုံးပါးသွားလောက်လေပြီဟု ဖုန့်ချန်းအတပ်မှတ်ချက်ပြုလိုက်သည်။

ထိုသို့မဟုတ်ပါက အဆင့်၄အစီအရင်ဆရာဆိုသည်မျိုးမှာ လွန်စွာမှအင်အားကြီး၍ ကျော်ကြားတတ်သည်ဖြစ်ရာ ဖုန့်ချန်းအနေနှင့် ထျန်းရုံကိုမကြားဖူးစရာအကြောင်းမရှိချေ။

ထို့အပြင် အဆင့်၄အစီအရင်ဆရာဘိုးဘေးတစ်ဦး ရှိခဲ့ဖူးသော အင်အားကြီးထျန်းမိသားစုဆိုသည်ကိုလည်း သူမကြားဖူး။

အကျဥ်းချုပ်ကောက်ချက်ချရသော် ထိုထျန်းရုံဆိုသူမှာ မိသားစုမရှိသောတစ်ကောင်ကြွက်ပေလား သို့မဟုတ် မိသားစုဝင်ပါမကျန်တော့သည်ထိ အကုန်ဆုံးပါးသွားကြလေသလားပင်။

မိသားစုသာကျန်ရှိခဲ့လျှင် ဤရတနာများကို အဘယ့်ကြောင့်ဂူထဲတွင် ရှာရှာပေါက်ပေါက်ဝှက်ထားမည်နည်း? မိသားစုကိုအမွေဆက်ခံခိုင်းလိုက်ရုံ‌ပေါ့။

ထိုအကြောင်းကို နက်နက်နဲနဲစဥ်းစားကြည့်မိလိုက်သော် ဖုန့်ချန်းခဏတာမျှ ယဲ့ယဲ့ပြုံးမိ၏။

"အဆင့်၄အစီအရင်ဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ဘယ်လောက်ပဲအင်အားကြီးခဲ့ပေမယ့် နာမည်ကိုဆက်ခံပေးနိုင်မယ့်မျိုးဆက်မရှိရင် ဒီလိုအမေ့ပျောက်ခံဖြစ်ရတာပါပဲလား"

ထိုအတွေးသည် သူ့နှလုံးသားထက်သို့ နက်ရှိုင်းစွာထွင်းထုခံလိုက်ရသည်။

အင်အားတွေဘယ်လောက်ကြီးကြီး ဗဟုသုတတွေဘယ်လောက်ပေါများများ အမွေအနှစ်များကိုဆက်ခံပေးမည့် သားသမီးမြေးမြစ်မရှိပါလျှင် အလဟဿသာဖြစ်ချေ၏။

သူရှာတွေ့ခဲ့သော ထိုရတနာများမှာ တစ်ချိန်က ဆရာသခင်တစ်ဦး၏ မာန်မာနပြယုဂ်များဖြစ်ခဲ့သော်လည်း ဆက်ခံထိန်းသိမ်းမည့်မိသားစုဝင်မရှိသော် ဤသို့ဟောင်းနွမ်းပျက်စီးခြင်းနှင့်သာ ကြုံရပေမည်။

"ကောင်းကောင်းအနားယူပါ" ဖုန့်ချန်းခပ်တိုးတိုးပြောလိုက်သည်။

"လူကြီးမင်းရဲ့ရတနာတွေ မထိုက်တန်သူလက်ထဲ ရောက်မသွားခဲ့ပါဘူး"

ထို့နောက် ဖုန့်ချန်းဂူပေါက်ဝမှလှည့်ထွက်ခဲ့လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဆုံးဖြတ်ချက်တစ်ခု မသိမသာကပ်ငြိလာ၏။

သူလျှောက်မည့်လမ်းကား ရှင်းပါသည်။

သူကြိုးစားပမ်းစားကိုင်ဆုပ်ထားသော ဤစွမ်းအားများသည် သူတစ်ယောက်တည်းအတွက်မဟုတ်ဘဲ သူ့မိသားစုနှင့် ဖုန့်မိသားစုတစ်ခုလုံးအတွက်ဖြစ်ချေ၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့မိသားစုနာမည်မှာ သမိုင်းမှတ်တမ်းထဲကွယ်ပျောက်မသွားဖို့အရေး သူအတတ်နိုင်ဆုံးကြိုးစားရမည်။

"အင်အားကြီးနေရုံတစ်ခုတည်းနဲ့ မလုံလောက်ဘူး"

ဂူထဲမှထွက်လာပြီး သူခပ်တိုးတိုးရေရွတ်မိသည်။

"တစ်ယောက်တည်းလျှောက်ရမယ့်လမ်းကို ငါရွေးချယ်မှာမဟုတ်ဘူး ဖုန့်မိသားစုနာမည် အဓွန့်ရှည်စေရမယ် ငါတို့ရဲ့အမွေအနှစ်တွေက မျိုးဆက်အဆင့်ဆင့်ထိ အသက်ဝင်နေရမယ်"

ထျန်းရုံ၏ရတနာများကဲ့သို့မဟုတ်ဘဲ သူတို့မိသားစု၏အမွေအနှစ်များသည် ဖုန့်မျိုးဆက်သစ်များထံသို့ သေချာပေါက်စီးဆင်းသွားစေရမည်။

ဂူတွင်းမှထွက်လာပြီးနောက် ဖုန့်ချန်းသည် ဖုန့်အိမ်တော်သို့တန်းမပြန်သေးပေ။

မူလရည်ရွယ်ချက်ကိုပြီးမြောက်အောင်မြင်သွားသော်လည်း ချက်ချင်းပြန်သွားရမည်ဟု မဆိုလို။

ရှားရှားပါးပါးလျှောက်လည်ရသည့်အခွင့်အရေးဖြစ်သည့်အတွက် ဖုန့်ချန်းဆက်လက်စူးစမ်းဖို့ဆုံးဖြတ်လိုက်သည်။ ဤတောင်ကြားတွင် နတ်ဆိုးသားရဲအမြုတေများနှင့် ရှားပါးဆေးဖက်ဝင်အပင်များကဲ့သို့ အဖိုးတန်အရင်းအမြစ်များစွာရှိနေသေးသည်လေ။

အဆင့်၁မှ အဆင့်၄အထိရှိသော ဆေးဖက်ဝင်အပင်များစွာကို ဖုန့်ချန်းစုဆောင်းထားနိုင်ပြီးပြီဖြစ်၏။

ဤတောင်ကြားမှာ ကြေးစားကျင့်ကြံသူများအတွက်ပင် အန္တရာယ်များလှသည်ဖြစ်ရာ လူသူအရောက်အပေါက် မရှိသ‌လောက်ရှားသောနေရာပင်။

ထို့ကြောင့် ဤနေရာရှိအဖိုးတန်ဆေးဖက်ဝင်အပင်များမှာ သဘာဝအတိုင်းကျန်ရှိနေတော့သည်။

(ဒါတွေကိုသာ ဖုန့်ယွင်ကိုလက်ဆောင်ပေးလိုက်ရင် ဘယ်လောက်ပျော်နေလိုက်မလဲ)

ဖုန့်ချန်းတွေးနေမိသည်။ အဆင့်၃နှင့် အဆင့်၄ဆေးအမယ်များမှာ တန်ဖိုးကြီးလှသဖြင့် ဖုန့်မိသားစုမှာ ဖုန့်ယွင်စမ်းသပ်ရန်ပင် အလုံအလောက်ရှာမပေးနိုင်ချေ။

တန်ဖိုးကြီးရုံသာမကဘဲ ရှားပါးလွန်းလှသဖြင့် ငွေပုံအောပေးလျှင်တောင် ဝယ်ချင်တိုင်းဝယ်မရသည့်ပင်မျိုးများဖြစ်၏။

ထို့ကြောင့် ဆေးဖက်ဝင်အပင်များကိုလည်း အခွင့်ရတုန်းများများကြုံးယူရင်း မိသားစုငွေကြေးကိုတောင့်တင်းစေမည့် နတ်ဆိုးသားရဲအမြုတေများကိုလည်း ထပ်စုဆောင်းဖို့ သူဆုံးဖြတ်လိုက်သည်။

ဖုန့်မိသားစုမှာ အလုံအလောက်ချမ်းသာပြီးသားဖြစ်သော်လည်း အဓိကဇာတ်ကောင်၏မိသားစုအနေနှင့် အတော်လိုသေးပေသည်။

ဇာတ်လမ်းတိုင်းတွင် အဓိကဇာတ်ကောင်၏မိသားစုဆိုသည်မှာ သကောင့်သားက တလောကလုံးကို ပတ်မွှေသဖြင့် ပြဿနာအမြဲတက်နေလေ့ရှိပြီး အင်အားကြီးရန်သူများကိုလည်း အမြဲရင်ဆိုင်နေရသည်ပင်။

ထို့ကြောင့် သူ့မိသားစုကို လုံခြုံဘေးကင်းစွာထားနိုင်ရန်ဆိုလျှင် တတ်နိုင်သမျှ အင်အားပိုကြီးလာအောင်ကြိုးစားရုံမှအပ အခြားနည်းလမ်းမရှိပေ။

အင်အားပိုကြီးလာဖို့ဆိုလျှင် အရင်းအမြစ်များစွာလို၏။

ဖုန့်ချန်းရက်အနည်းငယ်မျှဆက်နေလိုက်ပြီး ထိုဧရိယာတစ်ဝိုက်ရှိ ဆေးဖက်ဝင်အပင်များစွာနှင့် နတ်ဆိုးသားရဲအမြုတေများကို စိမ်ပြေနပြေဆက်လက်စုဆောင်းနေတော့သည်။

အဆင့်၅သားရဲများနှင့် သူထပ်ရင်ဆိုင်‌ရသေးသော်ငြား အဆင့်၆သားရဲများကိုတော့ တစ်ကောင်တစ်မြီးပင်မတွေ့ရပေ။

"ကျစ် ခုလောက်ထိဆက်နေရင် အဆင့်၆သားရဲတစ်ကောင်လောက်တော့တွေ့ဦးမယ်ထင်တာ ကံတရားကမျက်နှာမပေးဘူးထင်ပါရဲ့"

ဖုန့်ချန်းညည်းညူရင်း သူ့ကိုယ်သူကံမကောင်းလှဟုခံစားနေရသည်။

အကယ်၍ဖုန့်ချန်းအတွေးများကို တစ်ယောက်ယောက်သာကြားသွားပါက ဒီလူရူးများသွားသလားဟု တွေးကြမည်ပင်။

အဆင့်၆သားရဲနှင့်မကြုံရခြင်းကို ကံကောင်းလှသည်ဟုဆိုရမည်ဖြစ်သော်ငြား ဤကိုထူးဆန်းကတော့ ကံဆိုးလှသည်ဟုပင် ငြီးတွားပြစ်တင်နေလိုက်သေးသည်။

"နောက်တစ်နေရာရွှေ့ကြည့်ရင်တော့ တွေ့ရင်တွေ့လောက်မှာပါ"

ဖုန့်ချန်းအရင်သွားခဲ့သောနေရာများကပင် အတော်လေးအန္တရာယ်များနေပြီဖြစ်၏။

အန္တရာယ်များသည်ဟုသတ်မှတ်ခံထားရသောနေရာများမှာ ကြေးစားကျင့်ကြံသူများအရောက်အပေါက်နည်းလှသောနေရာများဖြစ်ပြီး ဆိုလိုသည်မှာ အဖိုးတန်ပစ္စည်းများလည်း ပိုပေါသည်။

သို့သော် အဆင့်၆သားရဲနှင့်မတွေ့ရ၍ ကံဆိုးသည်ဟုညည်းညူနေသော ထိုသူအတွက် ဘာကများ အန္တရာယ်ရှိနိုင်ဦးမည်နည်း?

သူများရှောင်သောအရာသည် သူတည့်တည့်ဝင်တိုးချင်လှသောအရာဖြစ်၏။

ရှောင်စရာအကြောင်းကို ရှိမနေပါလေ။

All Chapters