ကျောက်စိမ်းနတ်မိမယ်ဆေးမြစ်
Vol. 5 Ch. 67
ဖုန့်ချန်းသည် စိတ်လက်ပေါ့ပါးစွာဖြင့် အနောက်ရပ်ကိုဦးတည်ခရီးဆက်လိုက်သည်။
အလျင်စလိုသွားမနေဘဲ လမ်းတစ်လျှောက် ရှုခင်းအလှတရားများကိုခံစားရင်း လာရောက်တိုက်ခိုက်ကြသောသားရဲတို့ကို အလွယ်တကူပင်အနိုင်ယူကာ ရှေ့သို့ဆက်သွားနေလိုက်တော့၏။
သူရောက်လာသောနေရာကား ရတနာဂူရှိရာနေရာနှင့်ကွဲပြားပြီး ကြေးစားကျင့်ကြံသူများကိုလည်း ဟိုတစ်စဒီတစ်စတွေ့ရတတ်သည်။
အများစုမှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများဖြစ်ပြီး အချို့မှာတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများဖြစ်သည်။ ခုန်ဝေ၏အဖွဲ့နှင့် အဆင့်တူတူလောက်ဖြစ်ကြပေမည်။
ထိုဧရိယာသည်လည်း အန္တရာယ်များသည်ဆိုပေမင့် အဆင့်၅သားရဲတစ်ကောင်နှင့်ထိပ်တိုက်တွေ့နိုင်ဖို့တော့ အခွင့်အရေးမရှိသလောက်ပင်။
ရတနာဂူရှိသောနေရာတွင်ကား အဖိုးတန်ဆေးဖက်ဝင်အပင်များကိုလည်း များစွာတွေ့ရပြီး အရင်းအမြစ်ရှာသူ အပြိုင်အဆိုင်များသော အခြားနေရာများနှင့်ယှဥ်လျှင် ပေါကြွယ်ဝလှပေ၏။
ထို့ကြောင့် ကျင့်ကြံဆင့်မြင့်သောသူများသာ လာရောက်လှည့်လည်စူးစမ်းရဲကြခြင်းဖြစ်၏။
အဆင့်၆သားရဲများမရှိသော်ငြား ကျင့်ကြံဆင့်နိမ့်သောကြေးစားများမှာ ဤကဲ့သို့အန္တရာယ်များသည့်နေရာကို လာရောက်ဖို့စိတ်ပင်မကူးရဲကြပါချေ။
အဆင့်၅သားရဲထံမှ ထွက်ပြေးလျှင်လွတ်မြောက်နိုင်ချေရှိသော်လည်း ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်မရှိသောသူအဖို့ အဆင့်၆သားရဲကိုရင်ဆိုင်ဖို့ရာမဖြစ်နိုင်ပေ။
ထို့ကြောင့် ရတနာဂူအနီးတစ်ဝိုက်တွင် မည်သည့်ကြေးစားကျင့်ကြံသူကိုမှ မတွေ့ခဲ့ရခြင်းဖြစ်ပြီး တောင်ကြားအနောက်ရပ်ဒေသတွင်တော့ အဆင့်၆သားရဲလုံးဝမရှိနိုင်သောကြောင့် ကြေးစားကျင့်ကြံသူများအား တွေ့လာရခြင်းပင်။
ဖုန့်ချန်းကတော့ သူများတွေလှည့်လည်ရှာဖွေပြီးသားနေရာတွေကို မစူးစမ်းချင်ပါ။
ထို့ကြောင့် ဆက်ပြီးခရီးဆက်ဖို့ဆုံးဖြတ်လိုက်သည်။
အန္တရာယ်များသည်ဟုသတ်မှတ်ခံထားရသောနေရာများတွင် ကြေးစားကျင့်ကြံသူများ ခြေမဆန့်ရဲသဖြင့် ခြေရာလက်ရာမပျက် မူလအတိုင်းရှိနေသေးသည်။
ထိုကဲ့သို့နေရာများတွင် အဆင့်၆သားရဲများကိုလည်းတွေ့နိုင်သဖြင့် တားမြစ်နယ်မြေများအဖြစ် လူသိများကြလေသည်။
ကြေးစားကျင့်ကြံသူများထဲတွင်လည်း ကျင့်ကြံဆင့်အမြင့်ဆုံးမှာ ချီအရည်ဖွဲ့ခြင်းအဆင့်သာဖြစ်လေရာ မုန်တိုင်းတောင်ကြားအတွင်းဘက်ရှိနေရာများသို့ မသွားရဲကြသည်မှာ မထူးဆန်းပေ။
သေချာပေါက် ဖုန့်ချန်းအတွက်တော့ သင့်တော်ကောင်းမွန်လှသည့် နေရာများပါပင်။
တားမြစ်နယ်မြေများထံသို့ ရောက်သွားသောအခါ မျှော်လင့်ထားသည့်အတိုင်းပင် လူတစ်ဦးတစ်ယောက်မှမတွေ့ရသလို လာရောက်ဖူးသည့်ခြေရာလက်ရာပင်မရှိပါချေ။
သေချာပေါက် ကြေးစားကျင့်ကြံသူများမသွားရဲသောနေရာမျိုးပါပေ။ သို့သော် နောက်တစ်နာရီလောက်ဆက်လျှောက်ကြည့်ပြီး တစ်ခုခုထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။
"ထူးဆန်းတယ် သားရဲတစ်ကောင်မှမရှိဘူးပဲ"
ဖုန့်ချန်းမှတ်ချက်ပြုလိုက်သည်။
တားမြစ်နယ်မြေဆိုသဖြင့် လူတစ်ယောက်မှမတွေ့ရသည်မှာ မထူးဆန်းသော်လည်း သားရဲတစ်ကောင်မှမတွေ့ရခြင်းကတော့ အတော်လေးထူးဆန်းနေပေ၏။
ထိုအချက်ကြောင့် ပို၍ပင်စိတ်ဝင်စားစရာကောင်းသွားပြီး ဖုန့်ချန်းဆက်သွားရန်ဆုံးဖြတ်လိုက်သည်။
ထိုပဟေဠိကိုအဖြေရှာဖို့ သိပ်မကြာလိုက်ပါ။
ဖုန့်ချန်းမျက်လုံးများကျဥ်းမြောင်းသွားပြီး သီးသန့်ဖြစ်နေသော တောင်ကြားတစ်နေရာလေးအနား ချဥ်းကပ်လိုက်သည်။ ကျောက်ကြမ်းများ သစ်ပင်များဖြင့် ဝန်းရံကာအသိုက်ဖွဲ့ထားပြီး ထွက်ပေါ်နေသောခပ်ဖျော့ဖျော့အလင်းတန်းလေးက သူ့ာအာရုံကို ဖမ်းစားနေလေသည်။
ဖုန့်ချန်းတစ်ချက်ပြုံးလိုက်မိ၏။ ဆေးဖက်ဝင်အပင်တစ်မျိုး၏အငွေ့အသက်ကိုခံစားမိသည်နှင့် သူ့ရင်ခုန်သံများလည်းမြန်ဆန်လို့လာသည်။ သူထိုအပင်ကို ချက်ချင်းမှတ်မိလိုက်လေပြီ။
"ကျောက်စိမ်းနတ်မိမယ်အမြစ်"
သူတိုးတိုးလေးရေရွတ်လိုက်ပြီး စိတ်လှုပ်ရှားမှုကိုလည်း မထိန်းနိုင်တော့။
အဆင့်၆ဆေးဖက်ဝင်အပင်၏စွမ်းအားသည် လူတစ်ဦး၏ရုပ်ပိုင်းဆိုင်ရာကို အားအင်တောင့်တင်းခိုင်မာလာစေပြီး မွေးရာပါထူးကဲသော ကြန်အင်လက္ခဏာရှိသူများနှင့်အပြိုင် အစွမ်းထက်လာစေနိုင်၏။
အလယ်အလတ်ကျင့်ကြံသူတစ်ဦးကို ပါရမီရှင်တစ်ဦးအဖြစ် နေ့ချင်းညချင်းပြောင်းလဲပေးနိုင်သော ဆေးမြစ်မျိုးပင်။
သို့သော် သူ့မျက်လုံးများသည် ထိုတောက်ပနေသောဆေးမြစ်မှ အနားသို့ကပ်လာသည့် နက်ရှိုင်းသောအငွေ့အသက်ဖြင့် တည်ရှိမှုတစ်ခုအား သတိထားမိလိုက်သည်။
ဆေးမြစ်ကိုစောင့်ကြပ်နေသည့်သားရဲအား မြင်တွေ့လိုက်ရသည်နှင့် ဖုန့်ချန်း၏မျက်လုံးများမှာ အစာတွေ့သောခြင်္သေ့ကဲ့သို့ စူးရှတောက်ပသွားတော့၏။
မြေပြင်အနည်းငယ်တုန်ခါသွားပြီး အလင်းတစ်ပြက်နှင့်အတူ ကြီးမားသောသတ္တဝါတစ်ကောင် ခုန်ဝင်လာခဲ့သည်။
အဆင့်၆ "ကောင်းကင်ခွင်း"ကျား။ အမွေးများမှာ လျှပ်စီးကြောင်းများတဖျတ်ဖျတ်စီးဆင်းနေပြီး ဆေးမြစ်နားမှမခွာဘဲ တစ်ချိန်လုံးကာကွယ်စောင့်ရှောက်နေသည့် အစောင့်အကြပ်ဖြစ်ပုံရ၏။ အဝါရောင်မျက်လုံးစူးစူးများမှာ ဖုန့်ချန်းအားမျက်တောင်မခတ် စိုက်ကြည့်နေသည်။
ကြည့်ရသည်မှာ ဖုန့်ချန်းတစ်ယောက် ဤနယ်မြေတွင်းဝင်လာကတည်းက ထိုကောင်းကင်ခွင်းကျားသည် အာရုံခံမိပြီးဖြစ်လောက်မည်။
ဖုန့်ချန်းကား ညစ်ကျယ်ကျယ်ပြုံးလိုက်မိတော့၏။
"နောက်ဆုံးတော့.."
သူကပြောရင်း အားရဝမ်းသာစွာပင်ရယ်မောလိုက်သေးသည်။
"ငါမင်းကို အကြာကြီးပတ်ရှာလိုက်ရတာကွာ"