← Chapters

ယွီဧကရာဇ်၏ တိုက်ခိုက်မှု

Vol. 112 Ch. 1669

ယွီဧကရာဇ်၏ တိုက်ခိုက်မှု

Vol. 112 Ch. 1669

ဖန်တီးခြင်း ကြာပဒုမ္မာသည် အဆင့်ရှစ်အထိ ကြီးထွားလာပြီးနောက်.. အဆင့်မြင့် နတ်ဘုရားစွမ်းအား များစွာကပင်လျှင် ၎င်း၏ အခြေခံအုတ်မြစ်ကို မကိုင်လှုပ်နိုင်တော့ပေ။

၎င်းက ထိခိုက်ဒဏ်ရာ ရရှိသွားမည်ဆိုလျှင်တောင် ဖန်တီးခြင်း ကြာပဒုမ္မာထဲရှိ စွမ်းအားကြီးမားသော အသက်ဓာတ်အားသည် သူ့ဘာသာသူ လှည့်ပတ်ပြီး ၎င်း၏ ဒဏ်ရာများကို တစ်ခဏချင်းမှာ သက်သာပျောက်ကင်းစေမည် ဖြစ်၏။

ဘေးပတ်လည်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက တိတ်တဆိတ် ထိတ်လန့်သွား၏။

ဤအတိုင်းသာ ဆက်သွားလျှင် ဆူဇီမိုအပေါ် တစ်စုံတစ်ရာ ထိခိုက်အောင် မလုပ်နိုင်ခင်မှာပင်.. သူတို့က ခြေကုန်လက်ပန်းကျပြီး သေဆုံးရပေလိမ့်မည်။

“မင်းတို့တွေက လူသားဧကရာဇ်ချိတ်စည်းကို လုယူဖို့ ဒီနေရာကို ရောက်လာကြတာမလား”

သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ အေးစက်စွာ ပြောလိုက်၏။

“အခု လူသားဧကရာဇ်ချိတ်စည်းရဲ့ စွမ်းပကားရဲ့ အရသာကို မင်းတို့တွေကို ငါပြပေးမယ်”

ဆူဇီမို၏ လက်ဖဝါးထဲမှာ ဧရာမ ချိတ်စည်းတစ်ခု ရှိနေ၏။ ၎င်းသည် ပိန်းပိတ်အောင် နက်မှောင်နေပြီး တိကျသော အနားစောင်းများနှင့်အတူ အေးစက်နေကာ ဧကရာဇ်တာအို၏ ရှေးကျ၍ အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဘုန်း…

ဆူဇီမိုသည် သူ၏ လက်ဖဝါးကို ပစ်ထုတ်ပြီး လူသားဧကရာဇ်ချိတ်စည်းကို ကောင်းကင်ထက်ကနေ ဆင်းသက်လာစေ၏။ ၎င်းသည် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ပါးယိုထံသို့ ဖိခြေကျဆင်းလာစေ၏။

မျိုးနွယ်စုခေါင်းဆောင် ပါးယို၏ အမူအရာက ပြောင်းလဲသွား၏။

လူသားဧကရာဇ်ချိတ်စည်းသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကြီးမားသော လက်နက်တစ်ခုဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ်များပင်လျှင် အဲဒါကို ခံနိုင်ရည် မရှိပေ။

ဆူဇီမိုသည် အလယ်အလတ် မဟာယာနအဆင့်မှာ ရှိပြီး လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်သော်လည်း မျိုးနွယ်စုခေါင်းဆောင် ပါးယိုက အဲဒါကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိဘဲ လှည့်ထွက်ပြေးလိုက်လေသည်။ သို့သော်လည်း.. သူက ဘယ်လောက်ပင် မြန်ဆန်သည်ဖြစ်စေ.. လူသားဧကရာဇ်ချိတ်စည်း၏ ဆင်းသက်လာမှု အလျင်အဟုန်က ပို၍ပင် မြန်ဆန်လေသည်။

ရွှစ်…

ကြီးမားသော အရိပ်တစ်ခုက အုပ်မိုးကျဆင်းလာ၏။

လူသားဧကရာဇ်ချိတ်စည်းက လုံးဝ ဆင်းသက်မလာခင်မှာပင်.. သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုက ဆင်းသက်လာခဲ့ပြီဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင် ပါးယိုသည် ရွှံ့ညွန်တစ်ခုထဲသို့ ကျဆင်းသွားသည့်အလား.. သူ၏ လှုပ်ရှားမှု အလျင်အဟုန်က ကြီးမားစွာ လျော့ကျသွား၏။

မျိုးနွယ်စုခေါင်းဆောင် ပါးယို၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။ သူက လူသားဧကရာဇ်ချိတ်စည်း၏ သက်ရောက်မှုကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိမြင်သွားပြီး စဉ်းစားနေဖို့ အချိန်မရဘဲ သူ့လက်ထဲရှိ ဆေဘာကို လွှဲယမ်းကာ လူသားဧကရာဇ်ချိတ်စည်းကို ခုတ်ပိုင်းချလိုက်၏။

ဘုန်း.. ဘုန်း..

လူသားဧကရာဇ်ချိတ်စည်းက ဆင်းသက်လာပြီး မြေပြင်က လှုပ်ခါသွားလေသည်။

မျိုးနွယ်စုခေါင်းဆောင် ပါးယိုသည် လူသားဧကရာဇ်ချိတ်စည်းဖြင့် အသားပျော့ဖတ်တစ်ခု ဖြစ်သည်အထိ ကြိတ်ချေခံလိုက်ရပြီး သေဆုံးသွားလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ.. သီယွင်၏ အမူအရာက ပြောင်းလဲသွားလေသည်။

သို့သော်လည်း သူက ကြောက်လန့်သွားခြင်း မရှိပေ။

အကြောင်းမှာ.. အချိန်တန်သည်နှင့် သီကလန်၏ ဧကရာဇ်က ဤနေရာသို့ ရောက်ရှိလာမည် ဖြစ်သောကြောင့်ပင်။

ထိုအချိန်ကျလျှင်.. ဆူဇီမိုမှာ လူသားဧကရာဇ်ချိတ်စည်း ရှိသည်ဆိုလျှင်တောင် သူသည် ဧကရာဇ်တစ်ပါး၏ အညှာတာမဲ့စွာ ဖိနှိမ်ခြင်းကို ခံရပေလိမ့်မည်။ ဤနေရာမှာ စုဝေးလာသော မျိုးနွယ်စုခေါင်းဆောင်များကလည်း ပို၍ ပို၍ များလာနေ၏။

သူတို့ကြားမှာ နှင်းပုံတောင်ကြား၊ ပဒေသရာဇ်နန်းတော်နှင့် ဒီပင်္ကရာကျောင်းတော်မှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့ပင် ပါဝင်လာ၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… မပူနဲ့.. ကျုပ် ခင်ဗျားကို ကူညီပေးမယ်”

ပဒေသရာဇ်နန်းတော်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဧရာမ လှံတစ်လက်ကို ကိုင်ဆွဲပြီး ဆူဇီမိုထံသို့ လျှောက်လှမ်းလာလေသည်။

“ငါ့ကိုပါ ထည့်တွက်လိုက်”

နှင်းပုံတောင်ကြား၏ မျိုးနွယ်စုခေါင်းဆောင်ကလည်း ရှေ့သို့ ထွက်လာခဲ့လေသည်။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ အပြီး၌.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ ထိပ်သီးဂိုဏ်းကြီးများ အားလုံးက ဆူဇီမိုနှင့် ရန်ဘက်ဖြစ်လာသည် မဟုတ်ပေ။

ဥပမာအားဖြင့်.. နှင်းပုံတောင်ကြား၊ ပဒေသရာဇ်နန်းတော်နှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းက အထီးကျန်သိုင်းသခင်အပေါ် အလွန်တရာ လေးစားမှု ရှိလေသည်။

အဲဒါသည် ထာဝရ​ လူသားဧကရာဇ်က သူ၏ ဘွဲ့ကို လွှဲအပ်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ပေ။ အဲဒါထက် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ သူက ရှေ့သို့ ထွက်ပြီး လူသားများကို ဦးဆောင်ကာ ကမ္ဘာဦးမျိုးနွယ်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သောကြောင့်ပင်။

အဲဒါသည် အထီးကျန်သိုင်းသခင်က အတ္တမဆန်ဘဲ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများကို သူတို့ကို ပေးခဲ့သောကြောင့်လည်း ဖြစ်လေသည်။

ထိုမဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ နှလုံးသားထဲမှာ အထီးကျန်သိုင်းသခင်သည် ဒီဘက်မျိုးဆက်၏ လူသားဧကရာဇ်​ ဖြစ်လာခဲ့လေပြီ။

“ခင်ဗျားတို့ရဲ့ စေတနာအတွက် ကျုပ် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းတို့.. ခင်ဗျားတို့တွေ ဝင်ပြီးတိုက်ခိုက်စရာ မလိုပါဘူး… ဘေးကနေသာ စောင့်ကြည့်နေကြပါ”

ရုတ်တရက် ဆူဇီမိုက အော်ပြောလိုက်၏။

ပဒေသရာဇ်နန်းတော်၊ နှင်းပုံတောင်ကြားနှင့် အခြားသော အဖွဲ့အစည်းများမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင် များစွာသည် ရပ်တန့်၍ တွေဝေတုံ့ဆိုင်းသွားကြပြီး ဆူဇီမိုက သူတို့ကို ဘာကြောင့် တားဆီးလိုက်သည်ကို နားမလည်နိုင်ကြပေ။

ဘုန်း…

နောက်ထပ် ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် လူသားဧကရာဇ်ချိတ်စည်းကို ထိန်းချုပ်ပြီး နောက်ထပ် မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ကို သေသည့်တိုင်အောင် ပစ်ပေါက်ချလိုက်၏။

ဘန်း.. ဘန်း.. ဘန်း..

သီယွင်နှင့် အခြားသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြပြီး​ နောက်ထပ် တိုက်ခိုက်မှု လှိုင်းတစ်လှိုင်းကို ဆူဇီမိုထံသို့ ထုတ်ဖော်လိုက်လေသည်။ သို့သော်လည်း သူတို့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် မလုပ်နိုင်ကြပေ။

ဆန့်ကျင်ဘက်အနေဖြင့်.. ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ လူသားဧကရာဇ်ချိတ်စည်းက လူအုပ်ကြီးထဲသို့ ပစ်ဝင်လာခဲ့ပြီဖြစ်၏။

သူတို့သည် လူသားဧကရာဇ်ချိတ်စည်းနှင့် ထိခတ်ခြင်း ခံရလျှင် သူတို့က သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များပင်လျှင် ထွက်ပြေးရာမှာ နှောင့်နှေးသွားပါက နေရာမှာပင် သေဆုံးသွားရပေလိမ့်မည်။

သူတို့သည် လူသားဧကရာဇ်ချိတ်စည်းအပေါ် ခြစ်ရာထင်အောင် ပြုလုပ်နိုင်မည် ဆိုလျှင်တောင် သူတို့၏ အရွတ်များနှင့် အရိုးများက သေချာပေါက် ကျိုးပဲ့ကုန်ပေလိမ့်မည်။

သီယွင်သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့် ၃၃ ဝင်သော ပညာရှင်တစ်ဦး ဖြစ်သော်လည်း သူသည် လူသားဧကရာဇ်ချိတ်စည်းကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ သူ၏ မြင်းမြီးကျာပွတ်အပေါ်သာ မှီခိုပြီး လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားကို ချေဖျက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားရလေသည်။

ဆူဇီမိုသည် လူသားဧကရာဇ်ချိတ်စည်းကို သယ်ဆောင်ပြီး သီယွင် ရှိရာသို့ ခြေလှမ်းကျဲကြီးဖြင့် ပြေးဝင်လာ၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင် များစွာသည် လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားကို စိုးရိမ်ပူပန်နေပြီး ၎င်းကို ရှောင်လွှဲကာ ရှေ့သို့ တက်လှမ်းရဲခြင်း မရှိတော့ပေ။

ဖရိုဖရဲဖြစ်လာသော တိုက်ပွဲနယ်မြေမှာ သူတို့နှစ်ယောက်က တေ့တေ့ဆိုင်ဆိုင် ရပ်လိုက်ကြလေသည်။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၃၃တဲ့လား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“ဒီနေ့ ငါ မင်းကို နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ကနေ ဖယ်ထုတ်ပစ်မယ်”

“တောင်ကို မ,ယူခြင်း”

သီယွင်က နမော်နမဲ့ ပြုမူရဲခြင်း မရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကို အလောတကြီး လှည့်ပတ်လိုက်ကာ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို ဆင့်ခေါ်လိုက်၏။ သူ၏ မြင်းမြီးကျာပွတ်ကို ဝှေ့ယမ်းပြီး ခပ်လှမ်းလှမ်းရှိ ဧရာမ တောင်တစ်လုံးကို မ,ယူကာ ဆူဇီမိုထံသို့ ပစ်ပေါက်ချလိုက်လေသည်။

“ကြေမွစမ်း”

ဆူဇီမိုက လူသားဧကရာဇ်ချိတ်စည်းကို ကိုင်မြှောက်ပြီး ထိုတောင် ရှိရာသို့ ပစ်ပေါက်လိုက်လေသည်။

ဘုန်း.. ဘုန်း..

သဲများနှင့် ကျောက်ခဲများက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။

ဧရာမ တောင်ထွတ်နှင့် ယှဉ်လျှင် လူသားဧကရာဇ်ချိတ်စည်းက အရမ်းကို သေးငယ်လေသည်။ သို့သော်လည်း ၎င်းသည် တောင်ထွတ်ကို မရေမတွက်နိုင်သော ကျောက်တုံး၊ ကျောက်ခဲများအဖြစ် ကြေမွသွားစေလေသည်။

ဆူဇီမိုသည် ဖုန်လုံးများနှင့် ကျောက်ခဲများကို ဖြတ်ကျော်ပြီး သီယွင် ရှိရာသို့ ပြေးဝင်လာလေသည်။

“လ ဖမ်းခြင်း”

သီယွင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူသည် ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိတော့ဘဲ ကြောက်ခမန်းလိလိ အမြန်နှုန်းနှင့်အတူ လှည့်ထွက်ပြေးလိုက်လေသည်။

တောင်ကို မ,ယူခြင်းနှင့် လ ဖမ်းခြင်းသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားနှစ်ခု ဖြစ်လေသည်။

“အမြစ်တွယ်လိုက်”

ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး တီးတိုးရေရွတ်လိုက်၏။

သီယွင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခြေဖဝါးအောက်ရှိ လေဟာနယ်ထဲကနေ တုတ်ခိုင်သော အမြစ်များက ပေါ်ထွက်လာပြီး သူ၏ ခြေကျင်းဝတ်ကို ရစ်ပတ်လိုက်လေသည်။

တကယ်တော့ အဲဒါသည် သာမန် နတ်ဘုရားစွမ်းအားတစ်ခုသာ ဖြစ်ပြီး သီယွင်ကို ချုပ်နှောင်ထားနိုင်လိမ့်မည် မဟုတ်ပေ။

သီယွင်က သူ၏ သွေးချီကို လှည့်ပတ်ပြီး အနည်းငယ် လှုပ်ရှားရုန်းကန်ရုံဖြင့် သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိနိုင်လေသည်။

သို့သော်လည်း ထိုအမြစ်များက သီယွင်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုတစ်ခု ဖြစ်နေဆဲပင်။

အဆက်မပြတ် ဟန့်တားနှောင့်ယှက်မှုအောက်တွင် သီယွင်၏ အလျင်အဟုန်က တဖြည်းဖြည်း လျော့ကျလာခဲ့၏။

ဆူဇီမိုကတော့.. သူသည် ကောင်းကင်ဘုံခြေလှမ်းနှင့်အတူ လျင်မြန်စွာ ချဉ်းကပ်လာပြီး ကြမ်းကြုတ်ခက်ထန်သော​ အော်ရာတစ်ခုနှင့်အတူ အေးစက်စွာ ပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ သီကလန်က အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့ ငါထင်တယ်.. အဲ့လိုဆိုမှတော့ ငါက မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ပေးရတာပေါ့”

ထိုသို့ ပြောရင်း.. ဆူဇီမိုသည် လူသားဧကရာဇ်ချိတ်စည်းကို ကိုင်မြှောက်ကာ သီယွင်ထံသို့ ပစ်ပေါက်ချလိုက်လေသည်။

“မဟာကာကွယ်ခြင်း နည်းစနစ်”

သီယွင်က ဟိန်းဟောက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ နတ်ဘုရားစွမ်းအားများက ဖြာထွက်လာကာ သူ၏ ဘေးပတ်လည်မှာ မထိုးဖောက်နိုင်သော အကာအရံ အလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဘုန်း…

လူသားဧကရာဇ်ချိတ်စည်းက ပစ်ကျလာခဲ့၏။

ဝုန်းခနဲ မြည်သံနှင့်အတူ လူသားဧကရာဇ်ချိတ်စည်းက မဟာကာကွယ်ခြင်း နည်းစနစ်ကို ကြေမွသွားစေပြီး တုန်ခါလှိုင်းသည် သီယွင်ကို ပစ်ဆောင့်ကာ သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ကြေမွသွားစေ၏။

သီယွင်၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးသွားခဲ့လေသည်။

“သေလိုက်တော့”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ဓားကွက်တစ်ခုကို ဆင့်ခေါ်၍ သီယွင်ကို နေရာမှာပင် သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်၏။

ရုတ်တရက်ဆိုသလို…

အလွန်တရာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ဆင်းသက်လာပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ အားလုံးသည် တုန်လှုပ်ချောက်ချားနေသော အမူအရာများနှင့်အတူ မော့ကြည့်လိုက်ကြ၏။

ဧကရာဇ်တာအို၏ စွမ်းအား..

ဧကရာဇ်တစ်ပါးက ကိုယ်တိုင်ရောက်ရှိလာခဲ့လေပြီ။

“ယွီဧကရာဇ်.. ကျုပ်ကို ကယ်ပါဦး”

သီယွင်က ထိုအော်ရာကို ခံစားမိသောအခါ.. ထိတ်လန့်တကြား အော်ပြောလိုက်လေသည်။

အဲဒါသည် သီကလန်၏ ဧကရာဇ်… သီယွီ ဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်.. မင်းအသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့”

ရုတ်တရက်.. ဧရာမ လက်ဖဝါးတစ်ဖက်က လေဟာနယ်ထဲကနေ ဆင်းသက်လာပြီး ကောင်းကင်တစ်ခွင် အုပ်မိုးကာ ဆူဇီမိုထံသို့ ဖမ်းအုပ်လာခဲ့၏။

အလယ်အလတ်အဆင့် မဟာယာနတစ်ယောက်ကို ဖိနှိမ်ဖို့အတွက် ဧကရာဇ်တစ်ပါးက ကိုယ်တိုင် လှုပ်ရှားလာခဲ့လေပြီ။ ထွက်ပေါ်လာမည့် ရလဒ်ကို လုံးဝ သံသယရှိစရာ မလိုတော့ပေ။

ပဒေသရာဇ်နန်းတော်၊ နှင်းပုံတောင်ကြားနှင့် အခြားသော ဂိုဏ်းများ၏ မျိုးနွယ်စုခေါင်းဆောင်များက ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားကြ၏။

ဆူဇီမိုသည် အဲဒါကို ကြိုတင်ခန့်မှန်းမိထားသောကြောင့် စောစောက သူတို့ တိုက်ခိုက်လာမည်ကို တားဆီးခဲ့တာများလား… ။

All Chapters