ဖျက်ဆီးချေမှုန်းခံရခြင်းနှင့် ပြန်လည်မွေးဖွားခြင်း
Vol. 112 Ch. 1670
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူက လုံးဝ အံ့အားသင့်သွားခြင်း မရှိပေ။
ရှေးဟောင်းတိုက်ပွဲမြေမှာ သူသည် ဧကရာဇ်များ၏ တိုက်ခိုက်ခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း ပုံပြောအဘိုးအိုက သတိပေးထားခဲ့ပြီးသား ဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ သီယွင်၏ အမြုတေစိတ်ဝိညာဉ်က အဝေးသို့ ပြေးထွက်သွားလေသည်။ ဆူဇီမိုက ဧကရာဇ်ယွီ၏ တိုက်ခိုက်မှုကို ရှောင်လွှဲချင်သည်ဆိုလျှင် သူက သီယွင်ကို သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး ကောင်းကင်ထက်နေ ဆင်းသက်လာသော ဧရာမ လက်ဝါးကို လျစ်လျူရှုလိုက်၏။ သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီများစွာကို ချက်ချင်းပင် ထုတ်ဖော်ကာ သီယွင်၏ အမြုတေစိတ်ဝိညာဉ်ကို ဝိုင်းပတ်စေလိုက်လေသည်။
“အထီးကျန်သိုင်းသခင်.. မင်း…”
သီယွင်၏ အမြုတေစိတ်ဝိညာဉ်က အမူအရာ ပြောင်းလဲသွားလေသည်။
အစကတော့.. သူက ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု တွေးထင်ခဲ့လေသည်။ ဆူဇီမိုသည် သူ၏ အသက်ကိုပင် ပဓာနမထားဘဲ ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ သူ့ကို သတ်ဖြတ်ဖို့ မရမက ကြိုးစားလာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ခုက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
သူ့ကို အပြီးတိုင် သတ်ဖြတ်ပြီး လုံးဝ ထွက်မပြေးနိုင်စေရန်အတွက် ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ များစွာကို ထုတ်ဖော်ပြီး သူ၏ ထွက်ပြေးရာ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့လိုက်လေသည်။
ဇီ..ဇီး.. ဇီး..
များစွာသော ဓားချီများက လက်တစ်ဖဝါးအရွယ် မထိုးဖောက်နိုင်သော ဓားပိုက်ကွန်တစ်ခုအဖြစ် ယှက်ဖြာသွားပြီး သီယွင်၏ အမြုတေစိတ်ဝိညာဉ်ကို အုပ်မိုးသွားလေသည်။
“အထီးကျန်သိုင်းသခင်.. ငါသေရမယ်ဆိုရင်တောင် မင်းလည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး”
သီယွင်က ဟိန်းဟောက်လိုက်လေသည်။
နောက်ခဏ၌.. သူ၏ အမြုတေစိတ်ဝိညာဉ်သည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီများစွာဖြင့် နေရာမှာပင် နုပ်နုပ်စဉ်းခံရပြီး သေဆုံးသွားလေသည်။
တစ်ချိန်တည်းမှာပင်.. ဧကရာဇ်၏ လက်ဝါးက ဆင်းသက်လာပြီး ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
အဲဒါက ဧကရာဇ်တစ်ပါး၏ စွမ်းအား ဖြစ်လေသည်။
၎င်းသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားဖြင့် ပေါင်းစည်းထားလေသည်။
သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သန်မာသော်လည်း ၎င်းသည် သာမန် နတ်ဘုရားစွမ်းအားများဖြင့် ဆေးကြောသန့်စင်မှုကိုသာ ခံယူထားရပြီး အဆင့်ရှစ်၏ အထွတ်အထိပ်သို့ ရောက်ရှိဖို့ ဝေးကွာလွန်းသေးလေသည်။
ယွီဧကရာဇ်သည် အဆင့်ရှစ် ဖန်တီးခြင်း ကြာပဒုမ္မာကို ချက်ချင်းနီးပါးပင် ပစ်ရိုက်ကာ ခြေမွှဖျက်စီးလိုက်လေသည်။ ၎င်းသည် နေရာမှာပင် ပေါက်ကွဲထွက်သွားပြီး သွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် ထိုသည်ကို တွေ့မြင်သောအခါ တွေဝေရှုပ်ထွေးသော အမူအရာများ ရှိနေကြ၏။
သူတို့ထဲမှ အချို့က အူမြူးအားရနေကြပြီး အချို့က မဆိုင်သလို နေကြကာ အခြားသူများကတော့ သနားကရုဏာသက်မှုနှင့် ဝမ်းနည်းမှုကို ခံစားရလေသည်။
အထီးကျန်သိုင်းသခင်သည် ထာဝရ လူသားဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခဲ့သော အရိုက်အရာ ဆက်ခံသူ ဖြစ်လေသည်။ သူသည် အလယ်အလတ် မဟာယာနအဆင့်သို့ တက်လှမ်းလာပြီးနောက်.. ဤကဲ့သို့ပင် ဧကရာဇ်တစ်ပါး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
ရုတ်တရက်ဆိုသလို…
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကြေမွသွားသော သွေးမြူများ ကြားကနေ အလင်းတန်းတစ်ခုက ပျံသန်းလာပြီး အဝေးသို့ ပြေးထွက်သွားလေသည်။
ကျင့်ကြံသူများစွာက မျက်လုံးပြူး၍ ကြည့်လိုက်ကြ၏။
ထိုအလင်းတန်းက စာလိပ်တစ်လိပ် ဖြစ်လေသည်။
စာလိပ်၏ အတွင်းမှာ.. သိုလှောင်အိတ်တစ်အိတ်၊ နက်မှောင်နေသော ချိတ်စည်းတစ်ခုနှင့် အမြုတေစိတ်ဝိညာဉ်တစ်ခု ရှိလေသည်။
“အဲဒီစာလိပ်က လူသားဧကရာဇ်ရဲ့ ဓမ္မအမိန့်ပြန်တမ်းပဲ”
မျိုးနွယ်စုတစ်သောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသော မဟာယာနမျိုးနွယ်စုခေါင်းဆောင် အချို့က ထိုစာလိပ်ကို ချက်ချင်းပင် မှတ်မိသွားပြီး အံ့အားတသင့် ရေရွတ်ပြောဆိုလိုက်ကြ၏။
“အထီးကျန်သိုင်းသခင်က မသေဘူးပဲ”
နောက်ထပ် လူတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“သူ့ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံလိုက်ရပေမဲ့… သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က လူသားဧကရာဇ်ရဲ့ ဓမ္မအမိန့်ပြန်တမ်းထဲမှာ ပုန်းကွယ်ပြီး လွတ်မြောက်သွားတယ်”
“စုဖွဲ့လိုက်”
ထိုစဉ်မှာပင်.. ဆူဇီမို၏ အသံက လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းထဲကနေ ထွက်ပေါ်လာ၏။
တစ်ခဏချင်းမှာပင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဖြစ်ပေါ်လာခဲ့၏။
“ဖန်တီးခြင်း ကြာပဒုမ္မာရဲ့ အသက်ဓာတ်အားက အရမ်းကို သန်မာတာပဲ… အဲဒါက ဧကရာဇ်တစ်ပါးရဲ့ စွမ်းအားနဲ့ ဖျက်ဆီးခံရပြီးတာတောင် သွေးတစ်စက်ကနေ ပြန်လည်မွေးဖွားနိုင်တယ်”
“အထီးကျန်သိုင်းသခင်က မဟာယာနအဆင့်ကို မဝင်ရောက်ခင်မှာတင်.. သူက သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်နေပြီလို့ ငါကြားမိတယ်.. သူက အခု အလယ်အလတ် မဟာယာနအဆင့်ကို ရောက်နေပြီဆိုတော့.. သူ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းက ပိုပြီးတော့ ကြောက်စရာကောင်းလာမှာပဲ”
ဆူဇီမို၏ ခန္ဓာကိုယ်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွား၏။ သူသည် မိုးကြိုးလျှပ်စီးကဲ့သို့ အဝေးသို့ ပြေးထွက်သွားပြီး သူ၏ နောက်ဘက်ရှိ တောင်ပံများကို ခတ်ကာ လျှပ်စီးလျှပ်ပန်းများကို ဖြာထွက်လာစေ၏။
တစ်ချိန်တည်းမှာပင်.. သူသည် ကန့်သတ်မဲ့ ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်းနှင့် အခြားသော သာမန် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ သူ၏ အလျင်အဟုန်က ကြောက်ခမန်းလိလိ ဖြစ်လာခဲ့၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် သူတို့၏ ခွန်အားအပြည့်ကို အလောတကြီး ထုတ်ဖော်ပြီး နောက်ကနေ လိုက်ပါကာ နောက်ဆုံးရလဒ်ကို တွေ့မြင်လိုကြလေသည်။
“ဟမ်”
ဧကရာဇ်ယွီ၏ ပုံရိပ်က မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုကို ဖြာထုတ်လိုက်၏။ အေးစက်စက် အမူအရာတစ်ခုနှင့်အတူ သူက တင်းမာခက်ထန်စွာ ပြောလိုက်လေသည်။
“မင်းက ငါ့မျက်စိအောက်ကနေ ထွက်ပြေးဖို့ ကြိုးစားချင်တာလား”
ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် တိုက်ခိုက်မှု တစ်ခုနှင့်အတူ ဆူဇီမိုကို မသတ်ဖြတ်နိုင်သည်က သူ့အတွက် အရှက်ရစရာ ဖြစ်နေခဲ့လေပြီ။
အထီးကျန်သိုင်းသခင်က ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် ပို၍ ရှက်စရာကောင်းသွားပေလိမ့်မည်။
“ဘန်း…”
သူ၏ ဝတ်ရုံစကို လွှဲယမ်းလိုက်ခြင်းနှင့်အတူ မြင်းမြီးကျာပွတ်တစ်ခုက လေထုကို ဆုတ်ဖြဲလာပြီး ငွေရောင်ချည်မျှင် သုံးထောင်သည် ကြောက်စရာကောင်းသော ကျာပွတ် သုံးထောင်ကဲ့သို့ ဆူဇီမိုပေါ်ကို ပစ်ကျလာခဲ့၏။
ငွေရောင်ချည်မျှင် သုံးထောင်သည် လေဟာနယ်ကို ဖြတ်ကျော်သွားသည်ဟု ထင်ရလေသည်။ ဆူဇီမိုက ဘယ်လောက်ပင် မြန်ဆန်စွာ ထွက်ပြေးသည်ဖြစ်စေ.. သူသည် ငွေရောင်ချည်မျှင် သုံးထောင်၏ လွှဲယမ်းမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
ဖောင်း..
ထိုမြင်းမြီးကျာပွတ်သည် ဧကရာဇ်ယွီ၏ မူပိုင်ဧကရာဇ်လက်နက် ဖြစ်လေသည်။
ဤကဲ့သို့ စွမ်းအားကြီးမားသော အားလှိုင်းတစ်ခုက ဆူဇီမိုပေါ်သို့ ကျဆင်းလာသောအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သွေးမြူတစ်ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်တစ်ဝက်က ငွေရောင်ချည်မျှင် သုံးထောင်ဖြင့် ကြိတ်ချေခံလိုက်ရ၏။
ဆူဇီမိုသည် အဲဒါကို ခုခံဖို့အတွက် လူသားဧကရာဇ်ချိတ်စည်းကို အသုံးမပြုခဲ့ပေ။
လူသားဧကရာဇ်ချိတ်စည်းသည် ထိုမြင်းမြီးကျာပွတ်၏ လွှဲရိုက်မှုကို ခုခံနိုင်သော်လည်း ၎င်းသည် ဧကရာဇ်တစ်ပါး၏ စွမ်းအားကို ခုခံနိုင်မည် မဟုတ်ဘဲ သူက ဒဏ်ရာ အပြင်းအထန် ရရှိသွားမည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။
ဒါ့အပြင် သူက လူသားဧကရာဇ်ချိတ်စည်းကို ထုတ်ဖော်လိုက်မည်ဆိုလျှင် အဲဒါက ယွီဧကရာဇ်၏ လက်ထဲသို့ ချက်ချင်းပင် ကျဆင်းသွားပေလိမ့်မည်။
ဧကရာဇ်ယွီသည် လူသားဧကရာဇ်ချိတ်စည်းကို သေချာပေါက် ချက်ချင်းပင် လုယူသွားလိမ့်မည် ဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဧကရာဇ်ယွီ၏ မြင်းမြီးကျာပွတ်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး သူ၏ အသက်ဓာတ်အား ထက်ဝက်ကျော်က ပျက်စီးသွားလေသည်။ သို့သော်လည်း သူ၏ မျိုးဆက်သွေး တစ်စိတ်တစ်ပိုင်းသည် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းထဲသို့ ဝင်ရောက်သွားပြီး သူက တိုက်ပွဲနယ်မြေကနေ ပြေးထွက်သွားလေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်၊ သိုလှောင်အိတ်နှင့် လူသားဧကရာဇ်ချိတ်စည်းတို့သည် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်း အတွင်းမှာ ပုန်းကွယ်နေလေသည်။
“စုဖွဲ့လိုက်”
ဆူဇီမိုက ညင်သာစွာ ရေရွတ်လိုက်၏။
တစ်ခဏချင်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တစ်ဖန်ဖြစ်ပေါ်လာ၏။
ဧကရာဇ်ယွီ၏ အမူအရာက လုံးဝ ညိုမည်းသွားလေသည်။ သူသည် အထီးကျန်သိုင်းသခင်၏ ဖန်တီးခြင်း ကြာပဒုမ္မာကို နှစ်ကြိမ်ဆင့်၍ ဖျက်ဆီးခဲ့သော်လည်း သူသည် အထီးကျန်သိုင်းသခင်ကို နေရာမှာပင် သတ်ဖြတ်နိုင်ခြင်း မရှိပေ။ အဲဒါက သူ့ကို ဒေါသူပုန်ထသွားစေ၏။
“ကစဉ့်ကလျား အမြုတေလိုဏ်ဂူ”
သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်တရက်.. ဆူဇီမို၏ ရှေ့ လေဟာနယ်က ပြိုကျသွားပြီး ကြီးမား၍ နက်မှောင်နေသော တွင်းပေါက်တစ်ခု ပေါ်ထွက်လာကာ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုနှင့်အတူ အဆက်မပြတ် လည်ပတ်လာ၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
သို့သော်လည်း.. ဧရာမ လိုဏ်ဂူသည် အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဘုရားစွမ်းအားတစ်ခုဖြင့် ပြည့်လျှမ်းနေလေသည်။ သူက ရပ်တန့်လိုက်သည် ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လိုဏ်ဂူထဲသို့ ဆွဲယူသွင်းခြင်း ခံလိုက်ရလေသည်။
“အဲဒါက အန္တိမ နတ်ဘုရားစွမ်းအား.. ကစဉ့်ကလျား အမြုတေလိုဏ်ဂူပဲ”
“မင်းက ကစဉ့်ကလျား အမြုတေလိုဏ်ဂူထဲကို ကျဆင်းသွားတာနဲ့.. အဲဒီထဲမှာ လုံးဝ မှောင်မည်းသွားပြီး မင်းက အချိန်နဲ့ နေရာကို အာရုံခံနိုင်မှာ မဟုတ်တော့ဘူး… ကျင့်ကြံသူတွေကို မပြောနဲ့.. ဓမ္မရတနာတွေတောင် အဲဒီထဲကို ရောက်သွားတာနဲ့ စိစိညက်ညက် ကြိတ်ချေခံရပြီး ဘာမှကျန်မှာ မဟုတ်ဘူး”
“အဲဒါ အမှန်ပဲ.. မင်းက ကစဉ့်ကလျား အမြုတေလိုဏ်ဂူထဲကို ကျဆင်းသွားတာနဲ့.. အသက်ရှင်လျက် ထွက်လာဖို့ကို စဉ်းတောင် မစဉ်းစားနဲ့တော့”
တစ်ခဏချင်းမှာပင်.. ဆူဇီမိုသည် ကစဉ့်ကလျား အမြုတေလိုဏ်ဂူ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ဘေးပတ်ဝန်းကျင်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက သူတို့၏ ခေါင်းများကို ညင်သာစွာ ခါယမ်းလိုက်ကြ၏။
သူတို့၏ ထင်မြင်ချက်အရ.. အထီးကျန်သိုင်းသခင်က သေလူတစ်ယောက် ဖြစ်သွားခဲ့လေပြီ။
ဆူဇီမိုသည် ကစဉ့်ကလျား အမြုတေလိုဏ်ဂူထဲမှာ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆုတ်ဖြဲဖိခြေကာ ဖျစ်ညှစ်လာသည်ကို ခံစားလိုက်ရ၏။ သူက ထိုစွမ်းအားကို လုံးဝ ခုခံနိုင်ခြင်း မရှိပေ။
ဖောင်း..
တစ်ခဏချင်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ကစဉ့်ကလျား အမြုတေလိုဏ်ဂူဖြင့် နုပ်နုပ်စဉ်းခံလိုက်ရလေသည်။
လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းက ပြန်လည်ပေါ်ထွက်လာပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နှင့် မျိုးဆက်သွေး တစ်စိတ်တစ်ပိုင်းကို အလောတကြီး ကာကွယ်လိုက်လေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကိုသာ ကာကွယ်ပေးမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက ဘာမှမကျန်အောင် ကြိတ်ချေခံရမည်ဖြစ်ပြီး သူက သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
“စုဖွဲ့လိုက်”
ဆူဇီမိုက သွေးကနေ ပြန်လည်မွေးဖွားခြင်းကို လှည့်ပတ်လိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နောက်တစ်ဖန် စုဖွဲ့လာခဲ့၏။
သို့သော်လည်း သူက ကစဉ့်ကလျား အမြုတေလိုဏ်ဂူ၏ အချုပ်အနှောင်ကနေ ရုန်းထွက်နိုင်ခြင်း မရှိပေ။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပြန်လည်ဖြစ်ပေါ်လာသည့် ခဏမှာပင် ၎င်းသည် ကစဉ့်ကလျား အမြုတေလိုဏ်ဂူဖြင့် ကြိတ်ချေခံရပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားပြန်လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နောက်တစ်ဖန် ဖျက်ဆီးခံလိုက်ရ၏။
လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းက ပွင့်ဟလာပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နှင့် မျိုးဆက်သွေးကို ကာကွယ်ပေးလိုက်၏။
“ဟီးဟီး”
ယွီဧကရာဇ်က ထိုသည်ကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်၏။
“မင်း ပြန်လည်မွေးဖွားလာတိုင်း ငါက မင်းကို ဖျက်ဆီးပစ်မယ်.. မင်းရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဘယ်နှစ်ကြိမ် ပြန်မွေးဖွားနိုင်မလဲ ကြည့်ရသေးတာပေါ့”
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. အဲဒီမှာ အကန့်အသတ်တစ်ခု ရှိလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆက်မပြတ် ဖျက်ဆီးခံနေရပြီး သူ၏ သွေးချီက အပြင်းအထန် လျော့ကျလာ၏။
သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အဆက်မပြတ် ပြုလုပ်ခြင်းက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်အပေါ် ကြီးမားသည့် အားအင်ကုန်ခမ်းမှုကို ဖြစ်ပေါ်စေလေသည်။
သူ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်စုဖွဲ့လိုက်တိုင်း ဆူဇီမို၏ မျက်နှာက ပို၍ ဖြူဖျော့သွားခဲ့၏။
သို့သော်လည်း.. သူ၏ မျက်နှာပေါ်မှာ မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မှ မရှိသေးပေ။ ထိုအစား သူက အလွန်တရာ တည်ငြိမ်နေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံရပြီး ပြန်လည်မွေးဖွားလာတိုင်း ဆူဇီမို၏ မျက်လုံးများသည် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နေသည့်အလား ဝင်းလက်သော အရောင်တစ်ခုနှင့်အတူ တောက်ပလာနေ၏။