← Chapters

နောက်ပိုင်းအဆင့် မဟာယာန

Vol. 112 Ch. 1671

နောက်ပိုင်းအဆင့် မဟာယာန

Vol. 112 Ch. 1671

ဖန်တီးခြင်း ကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးခြင်းကို ခိုးယူထားပြီး အစကတည်းက လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေ၏။

ဖန်တီးခြင်း ကြာပဒုမ္မာသည် ၎င်း၏ ပြီးပြည့်စုံသော ပုံစံ.. အဆင့်၇မှာ ရှိခဲ့စဉ်က ၎င်းသည် ကြာခုံတစ်ခုမျှသာ ဖြစ်ခဲ့၏။ ထိုသို့ဆိုလျှင်တောင် ၎င်းသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ပြီး ထိုသို့ဖြင့် သူကို ဓမ္မပညာရပ်များစွာကို အဆက်မပြတ် ထုတ်ဖော်စေနိုင်ခဲ့၏။

၎င်း၏ အထွတ်အထိပ်မှာ သွေးကနေ ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူသော နတ်ဘုရားစွမ်းအားကပင် ဆင်းသက်ပေါ်ထွက်လာခဲ့၏။

ယခု ဖန်တီးခြင်း ကြာပဒုမ္မာက အဆင့်-၈ သို့ ရောက်ရှိလာပြီး ဆူဇီမိုသည် ၎င်းအတွင်းမှာ ရှိသည့် လျှို့ဝှက်နက်နဲမှုများကို ခံစားမိလာနိုင်ခဲ့ပြီဖြစ်၏။

ဖန်တီးခြင်း ကြာပဒုမ္မာတွင် အစကတည်းက အဆင့်မြင့် နတ်ဘုရားစွမ်းအား များစွာနှင့် အန္တိမ နတ်ဘုရားစွမ်းအားများပင် ပါဝင်လေသည်။

တကယ်တော့ ဆူဇီမိုသည် ယခုအချိန်မှာ အလယ်အလတ် မဟာယာနအဆင့်မှာသာ ရှိလေသည်။ သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဆိုလျှင်တောင် သူ့အနေဖြင့် အန္တိမ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့က ယုတ္တိမတန်ပေ။

သို့သော်လည်း.. ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူထဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယွီဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအားကြောင့် အဆက်မပြတ် ဖျက်ဆီးခံရလိုက် ပြန်လည်မွေးဖွားလာလိုက် ဖြစ်နေ၏။

ထိုဖြစ်စဉ်အတွင်း သူ၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားအပေါ် ဆူဇီမို၏ နားလည်ဆင်ခြင်နိုင်မှုက ပိုမိုနက်ရှိုင်းလာခဲ့၏။

အတိုင်းအတာတစ်ခုအထိတော့ သူသည် လူပုံသဏ္ဌာန် ဖန်တီးခြင်း ကြာပဒုမ္မာ ဖြစ်လေသည်။ သူ့အနေဖြင့် ဖန်တီးခြင်း ကြာပဒုမ္မာကနေ ထုတ်ပေးနိုင်သော နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့က အလွယ်ကူဆုံး ဖြစ်လေသည်။

“အသက်ဆယ်ရှိုက်စာ ကြာပြီးတာတောင်.. အထီးကျန်သိုင်းသခင်က မသေသေးဘူးလား”

“အဲ့လို မဖြစ်သင့်ဘူးမလား.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ် ပုဂ္ဂိုလ်တောင် အဲဒီ အန္တိမ နတ်ဘုရားစွမ်းအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. သူဆိုရင်တောင် သေသွားတာ ကြာနေလောက်ပြီ”

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက လိုက်မီလာပြီး တိတ်တဆိတ် ဆွေးနွေးပြောဆိုလိုက်ကြ၏။

“မင်းမသေဘူးလို့ ငါမယုံဘူး”

ယွီဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို အဆက်မပြတ် လှည့်ပတ်ပြီး ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူ အတွင်းရှိ လောကက လည်ပတ်လာ၏။ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆုတ်ဖြဲ၍ အသားနှင့် အသက်ဓာတ် တစ်မျှင်ချင်းစီကို ကြိတ်ချေလာခဲ့၏။

“မဟာကုသခြင်း နည်းစနစ်”

ထိုစဉ်မှာပင်.. ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူထဲကနေ ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။

အလွန်တရာ ကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက လည်ပတ်နေသော ကောင်းကင်လိုဏ်ဂူထဲကနေ ဖြန့်ကြက်ထွက်ပေါ်လာပြီး အဆုံးမဲ့ အသက်ဓာတ်အားက တလိပ်လိပ်ထိုးထွက်လာ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံရပြီးနောက် ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့လေပြီ။

သို့သော်လည်း ထိုစဉ်မှာပင် ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်သွားပြီး ချက်ချင်းပင် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားလှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

တစ်ခဏချင်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နောက်တစ်ဖန် ဖြစ်ပေါ်လာ၏။

ဆူဇီမိုသည် ခွန်လွင်အပျက်အစီးဒေသမှာတုန်းက နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခု၏ ဆေးကြောသန့်စင်မှုကို ခံယူခဲ့ဖူးလေသည်။

ထိုနတ်ဘုရားစွမ်းအား မုန်တိုင်းသည် ကုသခြင်း အမျိုးအစား နတ်ဘုရားစွမ်းအား မုန်တိုင်းဖြစ်လေသည်။

ဖန်တီးခြင်း ကြာပဒုမ္မာ အတွင်းမှာ အခြားသော အဆင့်မြင့် နတ်ဘုရားစွမ်းအားများလည်း ရှိလေသည်။ သို့သော်လည်း ဆူဇီမိုသည် ကုသခြင်း နတ်ဘုရားစွမ်းအားများအပေါ် အနက်ရှိုင်းဆုံး နားလည်ဆင်ခြင်နိုင်စွမ်းရှိပြီး သူက အဲဒါကို အရင်ဆုံး နားလည်ဆင်ခြင်နိုင်ခဲ့လေသည်။

“ဟမ်”

ယွီဧကရာဇ်က မျက်မှောင်ကြုတ်၍ သူ၏ အကြည့်က အေးခဲတောင့်တင်းသွား၏။

သူ၏ ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူထဲမှာ အထီးကျန်သိုင်းသခင်က သိပ်ကြာကြာ တောင့်မခံနိုင်တော့ဘူးဆိုတာကို သူ ရှင်းလင်းစွာ ခံစားမိနေခဲ့၏။

သို့သော်လည်း အထီးကျန်သိုင်းသခင်သည် တစ်ခဏချင်းမှာပင် ရှင်သန်လာပြီး အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်သွားနိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားပေ။ ဒါ့အပြင် အဲဒါက မဟာကုသခြင်း နည်းစနစ် ဖြစ်လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အစက သူ၏ လမ်းဆုံးသို့ ရောက်ရှိနေခဲ့လေပြီ။

သို့သော်လည်း မဟာကုသခြင်း နည်းစနစ်ကို ထုတ်ဖော်ပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အသက်ဓာတ်အားဖြင့် ပြည့်လျှမ်းကာ သူ၏ ဒဏ်ရာများ အားလုံးက သက်သာပျောက်ကင်းလာ၏။

အဆင့်မြင့် နတ်ဘုရားစွမ်းအားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို အဆက်မပြတ် သန့်စင်မွမ်းမံပေးနေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့၏ စွမ်းအားက အလျင်အမြန် မြင့်တက်လာ၏။

ထိုသိပ်သည်းပြင်းထန်သော အသက်ဓာတ်အား၏ နှိုးဆွမှုအောက်မှာ ဖန်တီးခြင်း ကြာပဒုမ္မာကလည်း အလျင်အမြန် ကြီးထွားလာခဲ့၏။

နတ်ဘုရားစွမ်းအားဖြင့် တစ်ကြိမ်ဆေးကြောသန့်စင်လိုက်တိုင်း ဖန်တီးခြင်း ကြာပဒုမ္မာက အနည်းငယ် ပိုမိုတောက်ပလာပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ခွန်အားသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားဖြင့် ဆေးကြောသန့်စင်အပြီးမှသာ ထွက်ပေါ်လာခဲ့လေသည်။

အစကတော့ ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ချက်ချင်းပင် ဖျက်ဆီးပစ်နိုင်လေသည်။

သို့သော် ယခုအခါ အဆင့်ရှစ် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို ခုခံလာနိုင်ခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လတ်ဆတ်သော သွေးများက စီးကျနေ၏။ သူ၏ အသားများက အဆက်မပြတ် စုတ်ပြဲလာနေပြီး ကျောက်စိမ်းရောင် အရိုးများနှင့် အတွင်းပိုင်းမှ အင်္ဂါများက ပေါ်ထွက်လာခဲ့၏။

သို့သော်လည်း မဟာကုသခြင်း နည်းစနစ်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ဒဏ်ရာများကို အရူးအမူး ကုသပေးနေ၏။

ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို လုံးလုံး မဖျက်ဆီးနိုင်တော့ပေ။

သူသည် ယခုအချိန်မှာ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ရသေးလေသည်။

သူသည် နောက်ထပ် အဆင့်မြင့် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆက်လက်သန့်စင် မွမ်းမံနိုင်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်နှင့် ဖန်တီးခြင်း ကြာပဒုမ္မာက ဘယ်လောက် အတိုင်းအတာထိ ကြီးပြင်းလာနိုင်မလဲ ဆူဇီမို စဉ်းစားမကြည့်နိုင်ပေ။

ဆူဇီမိုသည် လူသားဧကရာဇ်ချိတ်စည်းကို ဆုပ်ကိုင်ပြီး ၎င်းကို ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူ၏ ဝင်ပေါက်ဝသို့ ပစ်ပေါက်ချလိုက်၏။

ဘုန်း.. ဘုန်း..

ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. ၎င်းသည် လူသားဧကရာဇ်ချိတ်စည်းကို တားဆီးနိုင်ခြင်း မရှိပေ။

လူသားဧကရာဇ်ချိတ်စည်းက ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူ အတွင်းမှာ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်၏။

ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွား၏။ သူက လူသားဧကရာဇ်ချိတ်စည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူထဲကနေ အလျင်အမြန် ရုန်းထွက်လိုက်၏။

“ဟားဟားဟားဟား”

ဆူဇီမိုသည် သွေးများဖြင့် စိုရွှဲနေသော်လည်း သူက သူ၏ ခေါင်းကို မော့၍ ရယ်မောလိုက်ဆဲဖြစ်၏။

“သီယွီ.. ငါက ဒီလောက် အချိန်တိုအတွင်းမှာ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ပြီး နောက်ပိုင်း မဟာယာနအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ မင်းကို ကျေးဇူးတင်ရမှာပဲ”

“ဒါက..”

“အထီးကျန်သိုင်းသခင်က စောစောကမှ အလယ်အလတ် မဟာယာနအဆင့်ကို ဝင်ရောက်ခဲ့တာလေ.. ဒါပေမဲ့ သူက ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်သွားပြီလား”

“ဘာပဲပြောပြော.. အဲဒါက ကောင်းကင်နဲ့မြေကြီးကို ခိုးယူထားတဲ့ ဖန်တီးခြင်း ကြာပဒုမ္မာ ဖြစ်နေတာပဲ… နောက်ပြီး လူသားဧကရာဇ်ကိုယ်တိုင်က သူ့ရဲ့ ဘွဲ့ကို လွှဲအပ်ပြီး လောကရဲ့ ကံကြမ္မာ အခွင့်အလမ်းတွေကို စုစည်းစေခဲ့တယ်ဆိုတော့.. သူ့ရဲ့ ကျင့်ကြံမှုက ဒီလိုမျိုး ခုန်ပေါက်ပြီး ထိုးတက်သွားတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“သူက အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် ဧကရာဇ်တစ်ပါးကို တကယ်ကြီး အသုံးချလိုက်တာပဲ.. သူ့ရဲ့ ရဲတင်းမှုကတော့…”

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် ယခုတင် ရောက်ရှိလာပြီး အဲဒါကို တွေ့မြင်လိုက်ကြရ၏။

သူသည် မဟာကုသခြင်း နည်းစနစ်ကို နားလည်ဆင်ခြင်နိုင်ခဲ့သည် ဆိုလျှင်တောင် အဲဒါက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုသာ ဖြစ်သည်ကို ဆူဇီမိုက ကောင်းကောင်းသိထားလေသည်။ သူသည် အန္တိမ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်တစ်ပါးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ကစဉ့်ကလျား အမြုတေ ကောင်းကင်လိုဏ်ဂူထဲကနေ ရုန်းထွက်လာပြီးနောက်.. အော်ဟစ်ရယ်မောကာ လှည့်ထွက်ပြေးလိုက်လေသည်။

မဟာကုသခြင်း နည်းစနစ် နတ်ဘုရားစွမ်းအားက ဆူဇီမို၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့ကို အဆက်မပြတ် သန့်စင်မွမ်းမံပေးနေဆဲဖြစ်၏။

ဤတစ်ခေါက်မှာ သူသည် ဆန်းကြယ်တောင်ပံများကို စုဖွဲ့၊ မိုးကြိုလေပြေ ထွက်ပြေးခြင်းကို လှည့်ပတ်ပြီး ကန့်သတ်မဲ့ ရွှေအလင်းနှင့် ကောင်းကင်ဘုံခြေလှမ်းကို ထုတ်ဖော်လိုက်ပြီးနောက်… သူ၏ အလျင်အဟုန်က ယခင်ကထက် ပို၍မြန်ဆန်လာခဲ့၏။

တစ်ခဏချင်းမှာပင်.. သူက လူတိုင်း၏ ရှေ့ကနေ ပျောက်ကွယ်သွားလေသည်။

ပကတိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက သူတို့၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်လိုက်တာတောင် ဆူဇီမိုကို လိုက်မီနိုင်ခြင်း မရှိပေ။

“အထီးကျန်သိုင်းသခင်မှာ ထွက်ပြေးခြင်း နည်းစနစ်တွေ အများကြီးရှိနေတာပဲ”

“သူတို့ထဲက တစ်ခုက ဗုဒ္ဓကျောင်းတော်တွေက ကောင်းကင်ဘုံခြေလှမ်း ဖြစ်လိမ့်မယ်”

“အဲဒီ နတ်ဘုရားစွမ်းအားကို သူ့ရဲ့ အကန့်အသတ်ထိ ကျင့်ကြံပြီးသွားရင်.. အဲဒါက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာလိမ့်မယ်.. အဲဒီအခါကျရင် သူက အာကာသဆုံမှတ်တိုင်းကို တိုက်ရိုက်ခုန်ကူးပြီး လောကရဲ့ ဘယ်နေရာကိုမဆို ရောက်ရှိနိုင်လိမ့်မယ်”

“အထီးကျန်သိုင်းသခင်ရဲ့ ဗုဒ္ဓဝါဒအပေါ် အောင်မြင်ထွန်းပေါက်မှုအရဆို.. သူက ကောင်းကင်ဘုံခြေလှမ်းကို အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာအောင် ကျင့်ကြံဖို့က သိပ်ကြာလိုက်မှာ မဟုတ်ဘူး”

“မင်းက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့တယ်ဆိုရင်တောင်.. မင်း ငါ့လက်က မလွတ်နိုင်စေရဘူး”

ယွီဧကရာဇ်၏ အမူအရာက ပျက်ယွင်းနေပြီး သူက မာန်ဖီအော်ဟစ်လိုက်လေသည်။ သူ၏ ခြေလှမ်းတိုင်းက ပေပေါင်းထောင်ချီကို တစ်ခဏချင်း ဖြတ်ကျော်သွားပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဆူဇီမို နောက်သို့ ပြေးလိုက်သွားလေသည်။

သိပ်မကြာခင်.. ဆူဇီမိုနှင့် ယွီဧကရာဇ်သည် လက်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာကို သူတို့၏ နောက်မှာ အပြတ်အသတ် ကျန်ရစ်ခဲ့စေလေသည်။

“အထီးကျန်သိုင်းသခင်.. မင်း မလွတ်ပါဘူးကွာ”

ယွီဧကရာဇ်က သရော်တော်တော် အမူအရာတစ်ခု ရှိနေပြီး သူက အေးအေးလူလူ လမ်းလျှောက်နေပုံ ရလေသည်။ သို့သော်လည်း သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက လေဟာနယ်ကို ဖြတ်ကျော်ပြီး ဆူဇီမိုထံသို့ အလျင်အမြန် ချဉ်းကပ်သွားနေလေသည်။

အဲဒါသည် မြေပြင်ကို ဆွဲကျုံ့နိုင်သော အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။

ရွှစ်..

ယွီဧကရာဇ်က တိုက်ခိုက်လိုက်ပြီဖြစ်ပြီး သူ၏ မြင်းမြီးကျာပွတ်က လေထုကို ဆုတ်ဖြဲကာ တဝီဝီအော်မြည်လာ၏။ ငွေရောင်ချည်မျှင် သုံးထောင်က ဖြန့်ကြက်သွားပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ရှောင်တိမ်းဖို့အတွက် မည်သည့် နေရာလွတ်မှ မပေးတော့ပေ။

ဘန်း…

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဒလိမ့်ခေါက်ကွေး ကျွမ်းပစ်သွားပြီး သူ၏ အသား ထက်ဝက်ကျော်က ဆွဲဆုတ်ခံရတာ သူ့ကို အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါက်သွားစေလေသည်။

သို့သော်လည်း ဆူဇီမိုက ပြုံးနေဆဲဖြစ်၏။

“သီယွီ.. မင်းက ကြောက်နေပြီပဲ.. ငါက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးတဲ့နောက်.. မင်း ငါ့ကို မသတ်နိုင်ဘူးဆိုရင် ငါပြန်လာမယ့်နေ့က မင်းရဲ့ သေနေ့ပဲဆိုတာ မင်းသိနေပြီမလား”

ဆူဇီမို၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင် အလင်းများက သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားနှင့်အတူ လျှံထွက်လာလေသည်။ မြင်းမြီးကျာပွတ်ကြောင့် ကွာကျသွားသော အသားများက လျင်မြန်စွာ ပြန်လည်ကြီးထွားလာပြီး သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းလာနေ၏။

ဆူဇီမိုသည် ယွီဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိဘဲ ဆက်လက်ထွက်ပြေးနေ၏။ ယခု ဆူဇီမိုက အဓိက အချက်ကို ထုတ်ဖော်ပြောဆိုလိုက်သောအခါ ယွီဧကရာဇ်က သူ့ကို သတ်ဖို့အတွက် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်ပြီး မရပ်မနား လိုက်ပါလာခဲ့၏။

ဆူဇီမိုသည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး သူ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတစ်ခု လက်လာခဲ့၏။

သူသည် ဧကရာဇ်များကို သတ်ဖြတ်နိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း အဲဒါက သူ၏ ဝှက်ဖဲဖြစ်ပြီး ယခုအချိန်မှာ သူက အဲဒါကို ထုတ်ဖော်လိုခြင်း မရှိပေ။

သို့သော်လည်း ယွီဧကရာဇ်က အလျှော့မပေးဘဲ သူ့နောက်သို့ မရမက လိုက်လာနေမည်ဆိုလျှင် သူက ယွီဧကရာဇ်ကို ဤနေရာမှာ သတ်ဖြတ်ဖို့အတွက် သူ၏ ဝှက်ဖဲကို အသုံးပြုရပေတော့မည်။

All Chapters