← Chapters

အဆူရာ တာအို

Vol. 112 Ch. 1676

အဆူရာ တာအို

Vol. 112 Ch. 1676

ဆူဇီမိုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသောကြောင့် ကိုယ်တော်တာမင်းသည် သူ့ကို သတ်ဖြတ်ချင်စိတ် ရှိခဲ့သည်ဟု ပြောခဲ့ဖူးလေသည်။

ထို့ကြောင့်ပင်လျှင်.. ကြယ်ခြောက်စင်းတောင်ပေါ်မှာ ကိုယ်တော်တာမင်း တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ခြင်းသည် ဆူဇီမိုကို စမ်းသပ်ဖို့ ဖြစ်လေသည်။

ဆူဇီမိုသည် သေရတော့မည့်ဆဲဆဲ အခြေအနေနှင့် ရင်ဆိုင်နေရချိန်မှာတောင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးမပြုခဲ့သည့်အတွက် ကိုယ်တော်တာမင်းက ဆူဇီမိုကို မတိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် သူသတ်ခဲ့သော ထိုသူများ အားလုံးသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသည်ဟု ကိုယ်တော်တာမင်းက သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။

“ဘာတွေဖြစ်ခဲ့တာလဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ကိုယ်တော်တာမင်းက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။

“တကယ်တမ်း အခြေအနေက မင်းစဉ်းစားနိုင်တာထက် ပိုပြီးကြောက်စရာကောင်းတယ်”

သူတို့နှစ်ယောက်ကြား အပြန်အလှန် ပြောဆိုမှုသည် မည်သည့် သတင်းအချက်အလက်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိဘဲ သူတို့နှစ်ယောက်သာလျှင် အဓိပ္ပာယ်ကို နားလည်နိုင်လေသည်။ ဘေးပတ်ဝန်းကျင်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက တွေဝေရှုပ်ထွေးနေကြ၏။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ သူတို့လို လူတွေ ကျန်နေသေးလား”

ဆူဇီမိုက ထပ်မေးလိုက်၏။

“ရှိတာပေါ့”

ကိုယ်တော်တာမင်းက ပြန်ဖြေလိုက်၏။

ဆူဇီမိုသည် ကိုယ်တော်တာမင်းနှင့် အကြည့်ချင်း ဖလှယ်ပြီး ရုတ်တရက် ပြုံးလိုက်ကြ၏။

သူတို့နှစ်ယောက်သည် ဆက်လက်၍ ပြောစရာ မလိုဘဲ တစ်ဖက်လူ ဘာလုပ်ချင်သည်ကို နားလည်သဘောပေါက်လိုက်ကြ၏။ အဲဒါက အလိုအလျောက် နားလည်မှု ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် ထိတွေ့ဆက်ဆံမှု များစွာ မရှိခဲ့သော်လည်း သူတို့သည် ငယ်ပေါင်းကြီးဖော် မိတ်ဆွေများ ဖြစ်သည်ဟု ထင်ရလေသည်။

ထိုစဉ်မှာပင်.. စွမ်းအားကြီးမားသော အော်ရာတစ်ခု ဆင်းသက်လာ၏။

စာပေသမားနှင့်တူသော ကျင့်ကြံသူတစ်ယောက်က သူ၏ ကျောပေါ်မှာ လေးထောင့်သဏ္ဌာန် ကျောက်ဖျာတစ်ချပ်ကို သယ်ပြီး လေထဲကနေ ပေါ်ထွက်လာ၏။ အဲဒါက ဘာဓမ္မရတနာ ဖြစ်သည်ကို မသိရပေ။

သူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် စာပေပညာရှင်တစ်ယောက်၏ သွင်ပြင်ဟန်ပန်မျိုး ရှိသော်လည်း သူ့ထံမှ ဧကရာဇ်တာအို၏ စွမ်းပကားက ဖြာထွက်နေ၏။

ဧကရာဇ်တစ်ပါးက ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။

“စီနီယာ စစ်တုရင်ဧကရာဇ်.. ဒီတစ်ခေါက် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်တိုက်ပွဲကို လက်ခံကျင်းပပေးမယ့်သူက ခင်ဗျားဖြစ်နေတာကိုး”

လူအုပ်ကြီးထဲက​နေ လင်းရွှမ်ကျီက ရှေ့သို့ထွက်ပြီး အဖြူရောင်ဝတ် စာပေသမားကို ဦးညွှတ်လိုက်၏။

လူအုပ်ကြီးအတွင်းမှာ ဆူဇီမို၏ အသိအကျွမ်းတချို့ကလည်း ရောက်ရှိနေလေပြီ။

လင်းရွှမ်ကျီ၊ မင်းကျန်နှင့် နတ်ဆိုးမကျိတို့က မဟာယာနအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်ရှိလာခဲ့ကြ၏။ သို့သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိနေပြီး သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ဝင်မပါနိုင်ပေ။

ဆူဇီမိုသည် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း အဆူရာ ယန်ပေးချန်ကို မတွေ့မြင်ရပေ။

စစ်တုရင်ဧကရာဇ်က သူ၏ မုတ်ဆိတ်ကို သပ်လိုက်၏။

“မင်းရဲ့ဆရာက လူသားဧကရာဇ်နန်းတော်ထဲကို ဝင်သွားပြီးကတည်းက သူ့ဆီက ဘာသတင်းမှ ရမလာတော့ဘူး.. အဲဒါကြောင့် ငါ့မှာ ရွေးချယ်စရာ မရှိဘဲ အဲဒါကို ကျင်းပပေးရတော့မှာပေါ့”

စစ်တုရင်ဧကရာဇ်သည် ပဟေဠိနန်းတော်၏ နောက်ထပ် ဧကရာဇ်တစ်ပါး ဖြစ်လေသည်။

ဒဏ္ဍာရီအရဆို.. စစ်တုရင်ဧကရာဇ်သည် အခြား မည်သည့်အရာထက်မဆို စစ်တုရင် ကစားရသည်ကို နှစ်သက်သဘောကျလေသည်။ သူ့ဘဝတွင် အကြိုက်ဆုံးအရာမှာ စစ်တုရင် ကစားကွက်များကို အထူးပြုပြီး စစ်တုရင်ခုံပေါ်ကနေ အခြားသူများနှင့် တိုက်ခိုက်ရခြင်း ဖြစ်လေသည်။ နောက်ဆုံးမှာတော့ သူသည် သူ့မူပိုင် တာအိုတစ်ခုကို အမှန်တကယ်ပင် ဖန်တီးနိုင်ခဲ့လေသည်။ သူသည် သူ့စစ်တုရင်တာအို၏ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး သူ၏ စစ်တုရင်တာအိုထဲသို့ ပဟေဠိနန်းတော်၏ လျှို့ဝှက်အတတ်များကို ထည့်သွင်းပေါင်းစည်းကာ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်၍ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့၏။

စစ်တုရင်ဧကရာဇ်သည် ကျင့်ကြံရေးလောကမှာ တစ်မူထူးခြားသည့် မူကွဲတစ်ခု ဖြစ်သည်ဟု ဆိုနိုင်လေသည်။

“ကဲ.. တော်လောက်ပြီ”

စစ်တုရင်ဧကရာဇ်က လက်ကာပြလိုက်၏။

“ဘာမှ အလ္လာပ သလ္လာပတွေ ပြောစရာ မလိုတော့ဘူး… နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ ရှိတဲ့ နေရာတစ်နေရာအတွက် တိုက်ခိုက်ချင်တဲ့သူတွေက ယှဉ်ပြိုင်တိုက်ခိုက်ကြ.. ပြီးရင် အဲဒါကို မြန်မြန်အဆုံးသတ်လိုက်ကြ… ငါ့ရဲ့ စစ်တုရင်ခုံပေါ်မှာ ငါဖြေရှင်းရမယ့်အရာတွေ ရှိနေသေးတယ်”

စိတ်မရှည်နိုင်သော ဟန်ပန်နှင့်အတူ စစ်တုရင်ဧကရာဇ်က အောက်ဘက်ရှိ မဟာယာနမျိုးနွယ်စု ခေါင်းဆောင်များကို လောဆော်လိုက်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၊ မျိုးနွယ်စုခေါင်းဆောင် ကျိလေနှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာ​ပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကနေ မီးမောင်းထိုးထားသည့် ရွှေရောင်နယ်မြေဒေသထဲသို့ ဝင်ရောက်လာကြ၏။

သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်တစ်ခုဝင်ထားသူများ ဖြစ်လေသည်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ သူတို့၏ နေရာများကို ရယူချင်သူ မည်သူမဆို.. သူတို့ကို စိန်ခေါ်ရပေလိမ့်မည်။

လစ်လပ်နေသော နေရာများအတွက်ကိုတော့ အခြားသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ အားလုံးက လွတ်လပ်စွာ တိုက်ခိုက်နိုင်လေသည်။

ကိုယ်တော်တာမင်း၏ အကြည့်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များထံ ဖြတ်သန်းသွားပြီး နောက်ဆုံးမှာ သူ၏ အကြည့်က လူတစ်ယောက်ပေါ် ဆင်းသက်သွားကာ ထိုသူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလေသည်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်သုံး မျိုးနွယ်စုခေါင်းဆောင် ကျိလေ…

“အဲဒီလူက ဘယ်သူလဲ.. သူက မျိုးနွယ်စုခေါင်းဆောင် ကျိလေကို ချက်ချင်းကြီး တကယ်ပဲ စိန်ခေါ်တော့မလို့လား”

“သူ့ရဲ့ ကျင့်ကြံမှုကို ကြည့်ရတာ သူက နောက်ပိုင်း မဟာယာနအဆင့်မှာပဲ ရှိသေးတယ်.. သူက ပကတိ မဟာယာနအဆင့်ထိတောင် မကျင့်ကြံရသေးတာကို သူက ဘယ်လောက်ထိ သန်မာနိုင်မှာမို့လဲ”

“သူ ဘယ်လောက်သန်မာလဲတော့ ငါမသိဘူး.. အနည်းဆုံးတော့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်ခြောက်ကို သူသတ်ပြီးသွားပြီ”

ဘေးပတ်ဝန်းကျင်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ပြပွဲကို စောင့်ကြည့်နေရုံသာ ဖြစ်ကြ၏။

သို့သော်လည်း ကိုယ်တော်တာမင်းသည် ဘာကြောင့် မျိုးနွယ်စုခေါင်းဆောင် ကျိလေကို ပစ်မှတ်ထားလာရသည်ကို ဆူဇီမိုကသာလျှင် သိလေသည်။

‘မျိုးနွယ်စုခေါင်းဆောင် ကျိလေက သူ့ရဲ့ ဘဝသက်တမ်း နှစ်ရှစ်သောင်းနီးပါးထိ ရောက်ရှိလာတာတောင် သူ့ရဲ့ သွေးချီက ဒီလောက်ထိ သန်မာနေတာ မထူးဆန်းတော့ဘူး.. သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတာကိုး’

ဆူဇီမိုသည် မျိုးနွယ်စုခေါင်းဆောင် ကျိလေကို တစ်ချက်ကြည့်ပြီး နောက်ထပ် ရွှေရောင်နယ်မြေတစ်ခုဆီသို့ လှည့်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်ကလည်း လှုပ်ရှားတော့မယ်ဟေ့”

“ကြည့်ရတာတော့ သူက မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းဆီကို သွားမယ့်ပုံပဲ”

“မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း.. သူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၂၁ပဲ.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက သူရယ် ဖေးသွမ်ရယ် ယွဲ့လော့ရယ်ကြားမှာ သူတစ်ယောက်ပဲ အသက်ရှင်နိုင်ခဲ့တယ်”

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသည် ချဉ်းကပ်လာသော ဆူဇီမိုကို တည်တံ့သော အမူအရာဖြင့် ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဘာလို့လဲ တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်.. ခင်ဗျားက ကျုပ်နဲ့ စာရင်းဟောင်းတချို့ ရှင်းချင်လို့လား”

“ဟုတ်မှာပါ”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် လူသားဧကရာဇ် အမွေပေးခဲ့တဲ့ ရတနာတစ်ခုပဲ.. မင်းက အဲဒီပေါ်မှာ ရပ်တည်ဖို့ မထိုက်တန်ဘူး”

အဲဒါသည် သူနှင့် ကိုယ်တော်တာမင်း၏ ရွေးချယ်မှု ဖြစ်လေသည်။

ကိုယ်တော်တာမင်းသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်တွင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသည့် မျိုးနွယ်စုခေါင်းဆောင်များကို ဖယ်ရှားရှင်းလင်းမည် ဖြစ်လေသည်။

သူကတော့ ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းမှ မျိုးနွယ်စုခေါင်းဆောင်များကို ဖယ်ရှားမည် ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းဖို့အတွက် ပူးပေါင်းကြမည် ဖြစ်လေသည်။

“ငါ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာ မင်းဆုံးဖြတ်ပေးရမယ့်အရာ မဟုတ်ဘူး”

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ အမူအရာက ညိုမည်းသွားလေသည်။

“အထီးကျန်သိုင်းသခင်.. မင်းရဲ့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာဆိုရင်တော့ ငါကြောက်ရင် ကြောက်လိမ့်မယ်.. မင်းရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ နောက်ပိုင်း မဟာယာနအဆင့်မှာပဲ ရှိသေးတယ်.. ဟမ့်.. ငါတို့က ခွန်အားအပြည့်နဲ့ တိုက်ခိုက်ကြမယ်ဆိုရင် နောက်ဆုံး ဘယ်သူအနိုင်ရမလဲ ဘယ်သူသိမှာလဲ”

“အဲ့လိုလား”

ဆူဇီမိုက ရပ်တန့်ခြင်း မရှိဘဲ ရွှေရောင်အလင်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့၏။ ခြေလှမ်းကျဲတစ်ချက်နှင့်အတူ သူသည် တစ်ခဏချင်းမှာပင်.. မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း ရှေ့သို့ ရောက်ရှိလာပြီး အော်ပြောလိုက်လေသည်။

“အဲဒါဆိုလည်း မင်းမှာ ဘာရှိလဲ ကြည့်ရသေးတာပေါ့”

ဘုန်း.. ဘုန်း..

သူသည် သူ၏ လက်ဖဝါးကို လှုပ်ယမ်းပြီး ဆူနာမီအသံနှင့်အတူ သူ၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာ၏။ သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခု ထွက်ပေါ်လာပြီး မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းကို ဖိနှိမ်လာခဲ့လေသည်။

“အဆူရာ တာအို”

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက ရုတ်တရက် အော်ဟစ်လိုက်၏။

သူ၏ နောက်ဘက်တွင် မိစ္ဆာနတ်ဆိုးတစ်ကောင်ကဲ့သို့ စွမ်းပကားကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် ခေါင်းကိုးလုံး၊ ခြေရှစ်ဖက်၊ လက်တစ်ထောင်နှင့်အတူ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

အဆူရာ တာအိုသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ဗုဒ္ဓကျောင်းတော်များ၏ တာအိုခြောက်ခုထဲမှ တစ်ခုဖြစ်လေသည်။

ဒဏ္ဍာရီအရဆို.. အဆူရာများသည် ရဲရင့်၍ တိုက်ခိုက်ရသည်ကို နှစ်သက်သဘောကျသော လူသားတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း သက်ရှိများ ဖြစ်ကြလေသည်။ သူတို့က အရမ်းကို သန်မာလေသည်။

လူတစ်ယောက်သည် အဆူရာ တာအိုကို ကျင့်ကြံနိုင်မည်ဆိုလျှင် အဆူရာတစ်ကောင်၏ ပုံရိပ်ယောင်က ဆင်းသက်လာပြီး ထိုကျင့်ကြံသူကို သန်မာသော ရန်သူများနှင့် တိုက်ခိုက်နိုင်စေရန် ကူညီပေးမည် ဖြစ်၏။ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း ဆပေါင်းများစွာ တိုးလာပေလိမ့်မည်။

“ငြိမ်းသေစမ်း”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်ကာ ထက်ရှသော ဓားချီတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားလေသည်။

အဆူရာက ကောင်းကောင်း မစုဖွဲ့နိုင်ခင်မှာပင်.. ၎င်းသည် အစိမ်းရောင်အလင်းများဖြင့် ထိုးဖောက်ခြင်း ခံရပြီး ခဏမျှ လွန်ဆွဲပြီးနောက်.. ပျက်ပြယ်သွားလေသည်။

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည့် ခဏမှာပင်.. ၎င်းသည် ဆူဇီမို၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက လုံးဝ ရပ်တန့်မသွားဘဲ သူ၏ ဧရာမ လက်ဖဝါးက ဆင်းသက်လာခဲ့၏။

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသည် ဒုတိယမြောက် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ဖို့ အချိန်မရတော့ပေ။ သူက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး အေးစက်နေသော ဆေဘာတစ်လက်ကို ဆွဲထုတ်ကာ ဆူဇီမို၏ လက်ကောက်ဝတ်ထံသို့ ခုတ်ပိုင်းချလိုက်၏။

“ဟမ်”

ဆူဇီမိုက ရှောင်တိမ်းခြင်း မရှိဘဲ သူ၏ လက်ချောင်းများကို အနည်းငယ် ကွေးညွှတ်လိုက်၏။ ရွှစ်ခနဲ မြည်သံနှင့်အတူ ဓားမြှောင်များကဲ့သို့ ထက်ရှသော လက်သည်းချွန်များက ပြူထွက်လာပြီး မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ ဆေဘာကို ချက်ချင်းပင် ထိုးစိုက်လိုက်လေသည်။

ချွမ်း..

အဲဒီမှာ ကြွပ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်လာ၏။

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ ဆေဘာသည် ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ ဆူဇီမို၏ လက်ချောင်းများကြားမှာ တုပ်တုပ်မျှ မလှုပ်နိုင်တော့ပေ။

“ကြေမွစမ်း”

ဆူဇီမိုက ငေါက်ငမ်း၍ သူ့လက်ချောင်းထိပ်များဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။

ဖျောက်.. ဖျောက်.. ဖျောက်..

ဆေဘာပေါ်တွင် အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

ဟာ…

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက တုန်လှုပ်စွာဖြင့် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

All Chapters