ကျိလေကို သတ်ဖြတ်ခြင်း
Vol. 112 Ch. 1678
လင်းရွှမ်ကျီ ပြောသည်မှာ တစ်ဝက်သာ မှန်လေသည်။ စာအုပ်ကို ခိုးယူသွားသည့်သူက တကယ်ပင် ကိုယ်တော်တာမင်း ဖြစ်လေသည်။
သို့သော်လည်း အဲဒါကို ပြန်လာထားသွားသည့်သူက အခြားတစ်ယောက်ဖြစ်သည်ကို သူနှင့် စစ်တုရင်ဧကရာဇ်က ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
စစ်တုရင်ဧကရာဇ်၏ အကြည့်က ကိုယ်တော်တာမင်းပေါ်သို့ နောက်တစ်ဖန် ဆင်းသက်သွားပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တကယ်တော့ သူက ဘာနတ်ဘုရားစွမ်းအားကိုမှ မထုတ်ဖော်ခဲ့တာ မဟုတ်ဘူး.. အနည်းဆုံးတော့ သူက ဗုဒ္ဓကျောင်းတော်တွေရဲ့ နတ်ဘုရားစွမ်းအား ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ စိတ်နှလုံးထိုးဖောက်ကို လှည့်ပတ်နေတယ်”
“စိတ်နှလုံးထိုးဖောက်က အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဆိုပေမဲ့.. သူက အဲဒါကို အောင်အောင်မြင်မြင် ကျင့်ကြံထားနိုင်မယ်ဆိုရင် သူက တစ်ဖက်လူရဲ့ စိတ်ကို ဖတ်နိုင်ပြီး သူ့ရန်သူရဲ့ လှုပ်ရှားမှုတွေကို ကြိုတင်တွက်ချက်နိုင်နေလိမ့်မယ်.. အဲဒါက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်”
“ဒဏ္ဍာရီအရဆို.. အဆင့်မြင့် နတ်ဘုရားစွမ်းအားနှစ်ခုဖြစ်တဲ့ စိတ်နှလုံးထိုးဖောက်နဲ့ ကံကြမ္မာကို ကျင့်ကြံရတဲ့ ခက်ခဲမှု အတိုင်းအတာက အန္တိမ နတ်ဘုရားစွမ်းအားတွေနဲ့ ယှဉ်နိုင်တယ်လို့ ဆိုတယ်.. ဒီလူက စိတ်နှလုံးထိုးဖောက်ကို အောင်အောင်မြင်မြင် ကျင့်ကြံထားနိုင်တာပဲ”
လင်းရွှမ်ကျီက နားလည်သဘောပေါက်လာလေသည်။
“သူက မျိုးနွယ်စုခေါင်းဆောင် ကျိလေအပေါ် အပြတ်အသတ် အသာစီးရရှိနေတာ အံ့ဩစရာ မရှိတော့ဘူးပဲ”
“သူက မျိုးနွယ်စုခေါင်းဆောင် ကျိလေရဲ့ အတွေးတစ်ခုချင်းစီကို ဖတ်နိုင်ပြီး ကြိုတင်တုံ့ပြန်နိုင်နေတာပဲ.. အဲ့လိုဆိုရင် သူအနိုင်ရဖို့က သေချာသလောက် ဖြစ်နေပြီမလား”
“ဗုဒ္ဓဝါဒအပေါ် ဒီလူ့ရဲ့ အောင်မြင်ထွန်းပေါက်မှုက အရမ်းကို မြင့်မားနေပြီ.. သူက ဗုဒ္ဓကျောင်းတော်တွေက ပြန်ဝင်စား မွန်းစတားတစ်ယောက်များ ဖြစ်နေမလား”
“အဲဒါတော့ ငါလည်း မပြောတတ်ဘူး”
စစ်တုရင်ဧကရာဇ်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“သူက စိတ်နှလုံးထွင်းဖောက်ကို ကျင့်ကြံထားတာနဲ့ပဲ ငါတို့က သူ့ရဲ့ နောက်ခံကို ဆုံးဖြတ်လို့ မရဘူး”
“သူက အဲဒါကို ကောင်းကောင်းဖုံးကွယ်ထားပေမဲ့ သူ့စိတ်ကနေ အရမ်းကို ဆိုးယုတ်တဲ့ အော်ရာတစ်ခု ဖြာထွက်နေတာ ငါခံစားမိတယ်.. သူက စွမ်းအားကြီးမားတဲ့ မိစ္ဆာနည်းစနစ်တချို့ကို ကျင့်ကြံထားတာကြောင့်သာ မဟုတ်ရင်.. သူ့ဆီကနေ အဲ့လိုမျိုးအော်ရာ ထွက်ပေါ်လာစရာ အကြောင်းမရှိဘူး”
“အဲဒါကတော့ ထူးဆန်းတယ်”
လင်းရွှမ်ကျီက အတွေးနက်သွားပုံ ရလေသည်။
တိုက်ပွဲနယ်မြေတွင်…
ကိုယ်တော်တာမင်းသည် အသာစီးရရှိလာခဲ့ပြီဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင် ကျိလေကို တင်းတင်းကျပ်ကျပ် ဖိနှိမ်နေ၏။ သူက ကူကယ်ရာမဲ့လုနီးပါးပင်။
မျိုးနွယ်စုခေါင်းဆောင် ကျိလေသည် မည်သည့် ဝှက်ဖဲများ သို့မဟုတ် မည်သည့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်သည်ဖြစ်စေ.. ကိုယ်တော်တာမင်းက အဲဒါကို အရင်ဦးစွာသိရှိပြီး ကြိုတင်ပြင်ဆင်နိုင်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ လှုပ်ရှားကွက်တစ်ခုချင်းစီကို ကိုယ်တော်တာမင်းက အာရုံခံမိနေ၏။
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ အမူအရာက အနည်းငယ် ဖြူဖျော့လာပြီး သူက ချွေးများဖြင့် စိုရွှဲလာခဲ့၏။ သူက ဒဏ်ရာ မရရှိသေးသော်လည်း သိပ်သည်းပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိအားတစ်ရပ်ကို တွေ့ကြုံခံစားနေရပြီဖြစ်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် သူ့ဘဝမှာ တိုက်ပွဲပေါင်း မြောက်များစွာကို တိုက်ခိုက်ခဲ့သော်လည်း သူသည် ကျင့်ကြံမှု အဆင့်တူချင်းမှာ တစ်စုံတစ်ယောက်၏ ဤကဲ့သို့ ဖိနှိမ်ခံရခြင်းကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
အစကနေ ယခုအချိန်ထိ ကိုယ်တော်တာမင်းက တည်ငြိမ်နေ၏။
ဘေးကနေ ကြည့်နေသူများကို မပြောနှင့်.. သူပင်လျှင် ကိုယ်တော်တာမင်းက သူ၏ ခွန်အား အပြည့်အဝကို အသုံးပြုမထားဘူးဆိုတာကို ခံစားမိနိုင်လေသည်။ တစ်ဖက်လူသည် သူ့ကို ကလေးတစ်ယောက်လို သဘောထားပြီး ဆော့ကစားနေသည့် ပုံစံနှင့် တူနေလေသည်။
သူက မည်သို့ပင် လှုပ်ရှားရုန်းကန်သည်ဖြစ်စေ.. သူသည် တစ်ဖက်လူ၏ ချောင်ပိတ်ရိုက်ခြင်းကိုသာ အမြဲတမ်း ခံနေရ၏။
အဲဒါက ပကတိ အရှက်ခွဲခံရခြင်း ဖြစ်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ကျိလေသည် သူ၏ ရင်ထဲမှာ သိပ်သည်းပြင်းထန်သော မကျေမချမ်းမှုတစ်ခုကို ခံစားလာရ၏။
“မင်း ဘယ်သူလဲ.. ပြောစမ်းကွာ”
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ အမူအရာက ပျက်ယွင်းလာခဲ့၏။ သူက ခုခံနေရင်း အံကို တင်းတင်းကြိတ်ကာ မေးလိုက်၏။
“ငါ မင်းကို လုံးဝ မသိဘူး.. မင်း ဘာလို့ ငါ့ကို အမဲလိုက်နေတာလဲ”
ကိုယ်တော်တာမင်းက ပြန်ဖြေခြင်း မရှိဘဲ အမူအရာ ကင်းမဲ့စွာဖြင့် မျိုးနွယ်စုခေါင်းဆောင် ကျိလေကို ဆက်လက်ဖိနှိမ်နေ၏။
သူ၏ ဆံပင်ရှည်များက ယိမ်းထိုးနေပြီး သူ၏ အမြော်အမြင်ရှိသော မျက်လုံးများက မကြာမကြာ ထွက်ပေါ်လာတတ်၏။ သူ၏ အကြည့်က တည်ငြိမ်၍ စိတ်ခံစားချက် ကင်းမဲ့နေလေသည်။
“မင်းက ငါ့ကို မပြောဘူးဆိုမှတော့.. မင်း ငါ့ကို အပြစ်မတင်နဲ့တော့”
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ မျက်လုံးများက သွေးရောင်အလင်းတစ်ခုနှင့် တောက်ပလာခဲ့၏။
ရုတ်တရက်ဆိုသလို…
ကိုယ်တော်တာမင်းက ရှေ့သို့ တက်လှမ်းပြီး မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ ရှေ့သို့ ဖြတ်ဝင်ကာ ထိုသူ၏ ရင်ဘတ်ကို သူ၏ လက်ဝါးဖြင့် ပစ်ရိုက်ချလိုက်လေသည်။
ဖြောင်း..
လက်ဝါးရိုက်ချက်က ပေါ့ပါး၍ အားနည်းသည်ဟု ထင်ရသော်လည်း ၎င်းသည် မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ ရင်ဘတ်ကို နက်ရှိုင်းစွာ ချိုင့်ဝင်သွားစေ၏။
ဖြီး..
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ နောက်ကျောဘက်မှ သွေးများက ပန်းထွက်လာခဲ့၏။
သူ၏ နှလုံးက ကိုယ်တော်တာမင်း၏ လက်ဝါးရိုက်ချက်ဖြင့် စုတ်ပြတ်သတ်သွားပြီ ဖြစ်လေသည်။
“မင်းက စကားတော်တော်များတာပဲ”
ကိုယ်တော်တာမင်းက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“များများပြောတဲ့ လူတွေက မြန်မြန်သေတတ်တယ်”
ကိုယ်တော်တာမင်းနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်မှာ တစ်စုံတစ်ယောက်က အာရုံစူးစိုက်ထားမည် ဆိုလျှင်တောင် သူတို့က အနိုင်ရဖို့ အခွင့်အရေး မရှိသလောက်နီးပါးပင်။ ယခု မျိုးနွယ်စုခေါင်းဆောင် ကျိလေက စကားများကိုပင် တတွတ်တွတ် ပြောဆိုနေခဲ့၏။
သူတို့သည် အာရုံများစွာ ခွဲဝေနိုင်သည့် နတ်ဘုရားစွမ်းအားတစ်ခုကို မကျင့်ကြံထားသရွေ့.. သူတို့ စကားပြောသည့်အခါ သေချာပေါက် စိတ်အာရုံ ပျက်ယွင်းမှု ဖြစ်ပေါ်လာပေလိမ့်မည်။
လူတစ်ယောက်က စိတ်အာရုံ ပျက်ယွင်းသွားသည်နှင့် ဟာကွက်များ ပေါ်ထွက်လာမည်က မလွဲဧကန်ပင်။
ထိုဟာကွက်များက သိသာထင်ရှားမှု မရှိသော်လည်း သူတို့က ကိုယ်တော်တာမင်း၏ မျက်လုံးထဲမှာ အရမ်းကို ပေါ်လွင်နေ၏။
“ထူးဆန်းတယ်”
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်လိုက်၏။
“မျိုးနွယ်စုခေါင်းဆောင် ကျိလေရဲ့ နှလုံးက ကြေမွသွားပြီ.. ဒါတောင် သူ့ရဲ့ သွေးချီက လုံးဝ ကျဆင်းမသွားဘဲ ဘာလို့ ပိုပြီးသန်မာလာတာလဲ”
စစ်တုရင်ဧကရာဇ်က မျက်မှောင်ကြုတ်ပြီး မျိုးနွယ်စုခေါင်းဆောင် ကျိလေကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
“ဒီအော်ရာက ရင်းနှီးနေသလို…”
“မင်းက သေချင်နေပြီပဲ”
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ မျက်လုံးများက နီရဲလာပြီး သူက မာန်ဖီအော်ဟစ်လိုက်လေသည်။ သွေးဆာရက်စက်သော ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် ဆင်တူသည့် သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုက သူ့ထံကနေ ဖြာထွက်လာ၏။
သွေးချီသည် ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားပြီး ချက်ချင်းပင် လောကက မှောင်မည်း၍ မနှိုင်းယှဉ်သာအောင် နတ်ဆိုးဆန်လာခဲ့၏။ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဖြူရောင် အလင်းကပင်လျှင် ဖိနှိမ်ခံလိုက်ရ၏။
”မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်”
စစ်တုရင်ဧကရာဇ်နှင့် လင်းရွှမ်ကျီက ထိုသည်ကို တွေ့မြင်သောအခါ.. တစ်ချိန်တည်းမှာ အံ့အားတသင့် ရေရွတ်လိုက်၏။
လူအုပ်ကြီးထဲရှိ မျိုးနွယ်စုခေါင်းဆောင်များစွာကလည်း ထိုဆိုးယုတ်အော်ရာ၏ ဇစ်မြစ်ကို မှတ်မိသိရှိသွားပြီး စိုးရိမ်ပူပန်သော အမူအရာများနှင့်အတူ ဆတ်ခနဲ တုန်ယင်သွားကြ၏။
လင်းရွှမ်ကျီက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကြောင့်သာ မဟုတ်လျှင် သူ၏ စီနီယာအစ်ကို ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အဆုံးမဲ့ ချောက်နက်ထဲသို့ ကျဆင်းကာ သေဆုံးခဲ့ရလိမ့်မည် မဟုတ်ပေ။
မျိုးနွယ်စုခေါင်းဆောင် ကျိလေက ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင့်အတူ မလှမ်းမကမ်းရှိ ကိုယ်တော်တာမင်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“မင်း ငါ့ကို ဖိအားပေးလိုက်တာပဲ.. ငါက မရှင်သန်နိုင်ဘူးဆိုရင်တောင်မှ မင်းကို အရင်သတ်မယ်”
ဤကိစ္စက ပေါက်ကြားသွားသည့် ခဏမှာပင်.. အခြားသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက သူ့ကို ပစ်မှတ်ထားလာမည်ကို မျိုးနွယ်စုခေါင်းဆောင် ကျိလေက သိရှိလေသည်။
သူသည် ထိုမိစ္ဆာနည်းစနစ်ကို ထုတ်ဖော်ခြင်းဖြင့် ကိုယ်တော်တာမင်းကို သတ်ဖြတ်နိုင်မည် ဆိုလျှင်တောင် သူကလည်း သေကြေပျက်သုဉ်းရဖို့ များသွားလေပြီ။
ကိုယ်တော်တာမင်းက ပြန်ဖြေခြင်း မရှိဘဲ ပြုံးရုံသာ ပြုံးနေ၏။
ရုတ်တရက်.. မျိုးနွယ်စုခေါင်းဆောင် ကျိလေက အေးခဲတောင့်တင်းသွား၏။
သူသည် ကိုယ်တော်တာမင်း၏ နက်ရှိုင်းသော မျက်လုံးများထဲမှာ လှောင်ပြောင်သရော်လိုသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
သူ၏ လှုပ်ရှားမှုတိုင်းသည် တစ်ဖက်လူ၏ ကြိုတင်တွက်ချက်မှုကနေ မလွတ်မြောက်နိုင်သည့်အလားပင်။
“ဖြစ်နိုင်တာက…”
ရုတ်တရက်.. မျိုးနွယ်စုခေါင်းဆောင် ကျိလေသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။
ဤလူက သူ့ကို ပစ်မှတ်ထားလာသည့် အကြောင်းရင်းမှာ သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသောကြောင့် ဖြစ်လေသည်။
‘ဒါပေမဲ့.. ဒီလူက အဲဒါကို ဘယ်လိုသိသွားတာလဲ’
ထိုစဉ်မှာပင်.. ကိုယ်တော်တာမင်းက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး မျိုးနွယ်စုခေါင်းဆောင် ကျိလေကို လေဟာနယ်ကနေတစ်ဆင့် ညင်သာစွာ ဖမ်းဆွဲလိုက်လေသည်။
“ဟမ်”
မျိုးနွယ်စုခေါင်းဆောင် ကျိလေသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထုတ်ဖော်လိုက်သောအခါ သူ၏ သွေးချီက သိပ်သည်းပြင်းထန်လာပြီး သူ့ကို မိစ္ဆာချီများက ရစ်သိုင်းလာခဲ့၏။
သို့သော်လည်း ကိုယ်တော်တာမင်းက သူ၏ လက်ဖဝါးကို ရုတ်သိမ်းလိုက်စဉ် သွေးချီများ အားလုံးသည် ကိုယ်တော်တာမင်း၏ လက်ဖဝါးထဲသို့ ဖမ်းဆုပ်ယူသွားခြင်း ခံလိုက်ရသည်ဟု ထင်ရလေသည်။
မျိုးနွယ်စုခေါင်းဆောင် ကျိလေက ဖြစ်စဉ်တစ်ခုလုံးကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
ထိုမျိုးဆက်သွေးကို ကျင့်ကြံထားသည့်သူက သူဖြစ်သော်လည်း သူက အဲဒါကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
“ငါ သိပြီ”
မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲ ဝင်ရောက်လာ၏။
သူသည် အမှန်တရားကို ခန့်မှန်းမိသွားပြီ ဖြစ်သော်လည်း သူသည် အဲဒါကို ပြောဖို့ အခွင့်အရေး မရတော့ပေ။
ကိုယ်တော်တာမင်း၏ ထိန်းချုပ်မှုအောက်မှာ သူ၏ မျိုးဆက်သွေးများ အားလုံးနှင့် သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ မည်သည့် စိတ်ဝိညာဉ် အတက်အကျကိုမှ မထုတ်ဖော်နိုင်တော့ပေ။
ကိုယ်တော်တာမင်းက အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖမ်းဆုပ်လိုက်လေသည်။ မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးများ အားလုံးသည် အဆက်မပြတ် စုစည်းလာပြီး အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ သွေးလုံးတစ်လုံးအဖြစ် ဖိသိပ်ခြင်း ခံလိုက်ရလေသည်။
ကိုယ်တော်တာမင်းက သူ၏ ဖမ်းဆုပ်ထားသော လက်ဖဝါးကို ဖြည်လိုက်လေသည်။
ဘန်း…
သွေးလုံးက ပေါက်ကွဲထွက်သွားပြီး သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်ကာ မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။
မျိုးဆက်သွေး၏ ပေါက်ကွဲအားနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် နေရာမှာပင် နစ်မြုပ်သွားပြီး ဖျက်ဆီးခြင်း ခံလိုက်ရ၏။
မျိုးနွယ်စုခေါင်းဆောင် ကျိလေက သေဆုံးသွားလေပြီ။
နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။
မျိုးနွယ်စုခေါင်းဆောင်များစွာသည် အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေလေသည်။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ တတိယနေရာကို နှစ်ပေါင်းနှစ်သောင်းကြာအောင် စိုးမိုးခြယ်လှယ်ခဲ့သော မျိုးနွယ်စုခေါင်းဆောင် ကျိလေသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကဲ့သို့ ဝှက်ဖဲတစ်ခုကို ထုတ်ဖော်ခဲ့တာတောင် သူက ဤအဖြူရောင်ဝတ်လူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
အဆုံးသတ်မှာ အဖြူရောင်ဝတ်လူ ထုတ်ဖော်ခဲ့သော နည်းလမ်းက ဘာပါလိမ့်…။