← Chapters

မရွေ့လျားနိုင်သော မင်းဝမ်ချိပ်စည်း

Vol. 112 Ch. 1680

မရွေ့လျားနိုင်သော မင်းဝမ်ချိပ်စည်း

Vol. 112 Ch. 1680

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကနေ ကီလိုမီတာ သိန်းချီအကွာအဝေး၌ ပုံရိပ်၇ခုသည် လေထဲမှာ မတ်တတ်ရပ်ပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရှိရာဘက်သို့ ကြည့်နေကြ၏။

သူတို့၏ အကြည့်က လေဟာနယ်များကို ဖြတ်ကျော်ပြီး ကီလိုမီတာ သိန်းချီအကွာအဝေးရှိ အရာရာတိုင်းကို တွေ့မြင်နေရသည်ဟု ထင်ရလေသည်။

ထိုပုံရိပ် ၇ခုထံမှ အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုစီ ဖြာထွက်နေကြ၏။ ဒီတိုင်းရပ်နေရုံနှင့် သူတို့သည် လောကကို အထင်အမြင်သေးနေသည့်အလား ဧကရာဇ်တာအို၏ စွမ်းအားကို ထုတ်ဖော်နေကြ၏။

ဧကရာဇ်၇ပါး...

သူတို့ထဲမှတစ်ယောက်သည် ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် သီကလန်၏ ဧကရာဇ်သီယွီဖြစ်လေသည်။

“သီယွီ... အထီးကျန်သိုင်းသခင်ကို မင်းတို့တွေအတွက် ငါထားလိုက်မယ်... ငါရယ်.. ဆီးနှင်းသတ္တုရယ်... ၇မျိုးသတ်ဖြတ်ခြင်းရယ်က အဖြူရောင်ဝတ်ကျင့်ကြံသူကို ကိုင်တွယ်လိုက်မယ်”

ခရမ်းရောင် လျှပ်စီးများဖြင့် တောက်ပနေသည့် ဧကရာဇ်တစ်ပါးက ဖြည်းဖြည်းချင်း ပြောလိုက်၏။

သူသည် မိုးကြိုးလေပြေနန်းတော်မှ ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏ တာအိုဘွဲ့က ခရမ်းရောင်မိုးကြိုးဖြစ်လေသည်။

ဆီးနှင်းသတ္တုနှင့် ၇မျိုးသတ်ဖြတ်ခြင်းသည် သူ၏ ဘေးဘက်မှာ ရှိလေသည်။

သူတို့သည် ဖန်သားနန်းတော်နှင့် ဓားဂိုဏ်းမှ ဖြစ်ကြလေသည်။

ခရမ်းရောင်မိုးကြိုးဧကရာဇ်သည် ကိုယ်တော်တာမင်းကို သတ်ဖြတ်ချင်ရသည့်အကြောင်းရင်းမှာ ကိုယ်တော်တာမင်းသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင် ကျိလေနှင့် အခြားမျိုးနွယ်စုခေါင်းဆောင်များကို အမဲလိုက်ခဲ့သောကြောင့်ဖြစ်၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ ဖန်သားနန်းတော်နှင့် ဓားဂိုဏ်းမှသူများကလည်း ချမ်းသာရာမရခဲ့ပေ။

“မင်းတို့လေးယောက်က အထီးကျန်သိုင်းသခင်ကို ကိုယ်တွယ်မယ်ဆိုရင် ပြဿနာတစ်စုံတစ်ရာ မရှိလောက်ဘူးမလား”

၇မျိုးသတ်ဖြတ်​ခြင်းဧကရာဇ်က သီယွီကို လှည့်ကြည့်ပြီးမေးလိုက်၏။

သီယွီက ညင်သာစွာ ပြုံးပြလိုက်၏။

“မပူပါနဲ့... အရင်တစ်ခါ အထီးကျန်သိုင်းသခင် လွတ်မြောက်သွားတယ်ဆိုတာ မတော်တဆပဲ.. ဒီတစ်ခေါက် ဧကရာဇ်လေးပါး ပူးပေါင်းလိုက်မယ်ဆိုရင် အထီးကျန်သိုင်းသခင်မှာ အတောင်ပံတွေရှိတယ်ဆိုရင်တောင် ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး”

“စစ်တုရင်ဧကရာဇ်ကိုတော့ ငါ့အတွက်ထားလိုက်”

ထိုစကားကိုပြောလိုက်သောသူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဆိုးယုတ်ဧကရာဇ်ဖြစ်လေသည်။

“ကောင်းပြီလေ... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က ရွှေ​ရောင်အလင်း ပျက်ပြယ်သွားတာနဲ့ ငါတို့တိုက်ခိုက်ကြမယ်”

ထိုအခိုက်အတန့်၌ ဆူဇီမိုနှင့် ကိုယ်တော်တာမင်း နှစ်ယောက်စလုံးသည် ရွှေရောင်အလင်းနယ်မြေထဲမှာရှိနေကြ၏။ ဧကရာဇ်များပင်လျှင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ရွှေရောင်အလင်းကို ချိုးဖျက်ဖို့အတွက် အားထုတ်မှုအချို့ သုံးစွဲရပေလိမ့်မည်။

သီယွီကပြောလိုက်၏။

“သူတို့နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရရှိပြီး ​ခြေကုန် လက်ပန်းကျသွားတာနဲ့ သူတို့က ငါတို့ရဲ့လှောင်ချိုင့်ထဲက ငှက်ကလေးတွေဖြစ်သွားပြီ”

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အောက်တွင်...

မျိုးနွယ်စုခေါင်းဆောင်များစွာသည် စုဝေးလာကြပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်-၁ နေရာ ရွှေရောင်အလင်းနယ်မြေကို စောင့်ကြည့်နေကြ၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာတစ်နေရာအတွက် တိုက်ခိုက်လိုသော မျိုးနွယ်စုခေါင်းဆောင် အချို့ပင်လျှင် သူတို့၏ လှုပ်ရှားမှုများကို ယာယီအားဖြင့် ရပ်တန့်ပြီး ရှားရှားပါးပါး တိုက်ပွဲကောင်းတစ်ပွဲကို လက်မလွှတ်လိုသည့်အတွက် စောင့်ကြည့်နေကြ၏။

မထင်မှတ်ထားစွာပင် ဆူဇီမိုသည် ရွှေရောင်အလင်းနယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် သူ့လက်ထဲရှိ လူသားဧကရာဇ်ချိပ်စည်းကို သိမ်းဆည်းလိုက်လေသည်။

ကိုယ်တော်တာမင်းက ဆူဇီမိုကို ကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။

ဆူဇီမိုမှာ လူသားဧကရာဇ်ချိပ်စည်းရှိသော်လည်း ကိုယ်တော်တာမင်းတွင်လည်း လူသားဧကရာဇ်ကြေးမုံရှိလေသည်။

ထိုလက်နက်များနှင့် တိုက်ခိုက်မည်ဆိုလျှင် ဆူဇီမိုက မည်သည့်အသာစီးမှ ရရှိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကိုယ်တော်တာမင်း၏ သရုပ်သကန်က ပေါက်ကြားသွားနိုင်လေသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် ဆူဇီမိုသည် ကိုယ်တော်တာမင်းကို မျက်နှာသာတစ်ချက်ပေးလိုက်ခြင်းဖြစ်လေသည်။

ပြောစရာမလိုအောင်ပင် ကိုယ်တော်တာမင်းက အကုန်လုံးကို နားလည်သဘောပေါက်လေသည်။

သူက ပြုံးစစဖြင့် အသံတစ်ခုကို ရုတ်တရက်ပို့လွှတ်လိုက်​လေသည်။

“မင်းက ငါ့ကို မျက်နှာသာတစ်ချက်ပေးတယ်ဆိုမှတော့... ငါကလည်းမင်းကို အချက်တစ်ချက်ပြောပြလိုက်မယ်... ဓားခုတ်ကောင်က နှံကောင်ကို ချောင်းမြောင်းနေတဲ့အချိန်မှာ ရွှေဝါငှက်ကလည်း ဓားခုတ်ကောင်ကို ချောင်းမြောင်းနေတယ်”

“ကီလိုမီတာသိန်းချီအကွာအဝေးက ဟိုလူ၇ယောက်ကို ပြောနေတာမလား”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

“ဘယ်သူက ဓားခုတ်ကောင်လဲ... ဘယ်သူက ရွှေရောင်ငှက်လဲ ဆိုတာ ငါတို့အခုချိန်ထိ မသိရသေးပါဘူး”

ကိုယ်တော်တာမင်း၏ မျက်လုံးက ဝင်းလက်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါက မင်းဆီကနေလည်း ဖုန်းကွယ်မထားနိုင်ဘူးပဲ”

“ခင်ဗျားအဲ့ဒါကို အာရုံခံနိုင်ရင် ကျုပ်လည်းအာရုံခံနိုင်တာပေါ့”

ဆူဇီမိုက မသိမသာပြုံးပြလိုက်၏။

ကိုယ်တော်တာမင်းကလည်း ပြုံးပြလိုက်လေသည်။

“ကောင်းပြီလေ... ဒီနှစ်တွေထဲမှာ ဘာနည်းလမ်းတွေ ဘာနတ်ဘုရားစွမ်းအားတွေကို မင်းကျင့်ကြံထားသလဲ ကြည့်ရသေးတာပေါ့”

“မဟာချိပ်စည်းနည်းစနစ်”

ထိုသို့ပြောပြီးသည်နှင့် ကိုယ်တော်တာမင်းက တိုက်ခိုက်လိုက်ပြီဖြစ်၏။ အလွန်တရာထူးဆန်းသော စွမ်းအားတစ်ခုက သူ၏ လက်နှစ်ဖက်ထံကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမိုအပေါ်ကို ချက်ချင်းပင်လွှမ်းခြုံသွားလေသည်။

ဆူဇီမို၏ မျိုးဆက်သွေးသည် အေးခဲသွားတော့မည့်အလား ၎င်း၏ လည်ပတ်မှုက နှေးကွေးသည်ထက် နှေးကွေးလာခဲ့၏။

ထူးဆန်းသောစွမ်းအားသည် သူ၏ အသိစိတ်ထဲကိုပါ ဝင်ရောက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ ချိပ်ပိတ်ဖို့ကြိုးစားလာ၏။

ကံကောင်းထောက်မစွာဖြင့် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် ဖန်တီးခြင်းကြာခုံ၏ ကာကွယ်မှုနှင့်အတူ ချက်ချင်းချိတ်ပိတ်ခံရခြင်း မရှိပေ။

“မဟာချိပ်စည်းနည်းစနစ်ပဲ... ဒီအဖြူရောင်ဝတ်လူက အဲ့ဒီနတ်ဘုရားစွမ်းအားကိုတောင် ကျင့်ကြံထားနိုင်တာလား”

“အဲ့ဒါက နတ်ဘုရားမျိုးနွယ်ရဲ့ အဆင့်မြင့်နတ်ဘုရားစွမ်းအားမလား... သူက မဟာချိပ်စည်းနည်းစနစ်ကို ကျင့်ကြံနိုင်မယ့်နည်းလမ်း ဘယ်လိုလုပ်ပြီး သိနေတာလဲ”

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်ပြီး များစွာသော မျိုးနွယ်စုခေါင်းဆောင်များက တုန်လှုပ်သွားကြ၏။

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသို့ ရောက်ရှိခဲ့သော မျိုးနွယ်စုခေါင်းဆောင် အချို့က ပို၍ပင် တုန်လှုပ်သွားကြ၏။

မျိုးနွယ်စုခေါင်းဆောင် စုဝေးပွဲမှာတုန်းက တဗူးနဂါးဖီးနစ်၏ မျိုးဆက်သွေးပင်လျှင် နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ထုတ်ဖော်လိုက်သော ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားမှာ ချိတ်ပိတ်ခံခဲ့ရလေသည်။

တဗူးနဂါးဖီးနစ်သည် သူ၏ အစစ်အမှန်သို့ ပြောင်းလဲခြင်း သို့မဟုတ် သူ၏ အထွတ်အထိပ် တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားက ဘယ်လောက်တောင် သန်မာသလဲ သိသာလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဆေဘာတစ်လက်ကဲ့သို့အချိန် အဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိလျှင် သူက ထိုတိုက်ပွဲမှာ သေကြေပျက်သုဥ်းခဲ့ရပေလိမ့်မည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

မဟာချိပ်စည်းနည်းစနစ်၏ စွမ်းအားက အပြည့်အဝ ဖွဲ့တည်လာမည်ဆိုလျှင် သူသည် သိပ်သည်းပြင်းထန်သော သူ၏ နည်းလမ်းများနှင့်ပင် ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။

“ဥုံ... မာ... ဏီ... ပါ... မီ... ဟုန်...”

ရုတ်တရက် ဆူဇီမိုသည် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားပြီး တာမင်းဓမ္မချိပ်စည်း ၆ခုကို ထုတ်ဖော်လိုက်လေသည်။

မိစ္ဆာနှိမ်နှင်းချိပ်စည်း ၊ သားရဲနှိမ်နှင်းချိပ်စည်း ၊ အင်မော်တယ်ထောင်ချောက်ချိပ်စည်း ၊ မရွေ့လျားနိုင်သော အုတ်မြစ်ချိပ်စည်း ၊ မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိပ်စည်း... တာမင်းချိပ်စည်း ၆ခုစလုံးက ဆူဇီမို၏ ရှေ့မှာ စုဖွဲ့လာခဲ့၏။

“စုဖွဲ့လိုက်”

ရုတ်တရက် ဆူဇီမို အော်ငေါက်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။

သူ၏ ထိန်းချုပ်မှုအောက်မှာ တာမင်းဓမ္မချိပ်စည်း ၆ခုက ပြောင်းလဲသွားပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဆင်းသက်လာခဲ့လေပြီ။

တာမင်းဓမ္မချိတ်စည်း၆ခု၏ စုဖွဲ့မှုက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။

ရုတ်တရက်... နောက်ထပ် ဧရာမပုံရိပ်ယောင်တစ်ခုက ဆူဇီမို၏ အထက်မှာ ပေါ်ထွက်လာ၏။ ၎င်းသည် အပေါ်ရှူးအောက်ကားဖြစ်ပြီး အစိမ်းရင့်ရောင်ရှိလေသည်။ ၎င်း၏ ညာဘက်လက်ထဲမှာ ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး ဘယ်ဘက်လက်မှာ ကြိုးတစ်ချောင်းကို ဆုပ်ကိုင်ထား၏။ ၎င်းသည် မလှုပ်ရှားနိုင်သော တောင်တစ်လုံးကဲ့သို့ အလျှံညီးညီး မီးတောက်များကြားမှာ ရပ်နေ၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအား မရွေ့လျားနိုင်သော မင်းဝမ်ချိပ်စည်း...။

မရွေ့လျားနိုင်သော မင်ဘုရင်က ဆင်းသက်လာခဲ့လေပြီ။

ဘုန်း...

သိပ်သည်းပြင်းထန်သော နတ်ဘုရားစွမ်းအားတစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မဟာချိပ်စည်းနည်းစနစ်၏ စွမ်းအားကို ဖယ်ရှားကာ သူ၏ သွေးချီကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လာစေ၏။

ဆူဇီမိုသည် မရွေ့လျားနိုင်သော မင်းဝမ်ချိပ်စည်းကိုထုတ်ဖော်ပြီး မဟာချိပ်စည်းနည်းစနစ်ကို ပြီးပြည့်စုံလုနီးပါး ချေဖျက်လိုက်လေသည်။

ထိုသည်ကိုတွေ့မြင်သောအခါ ကိုယ်တော်တာမင်း၏ မျက်လုံးထဲမှာ ချီးကျူးလိုသည့်ပုံရိပ်တစ်ခု ထင်ဟပ်လာ၏။

ဆူဇီမိုသည် တာမင်းအစစ်အမှန်သုတ္တန်ကို ဤအဆင့်ထိ ကျင့်ကြံထားနိုင်သည့်အချက်က တာမင်းကျောင်းတော်မှာ အရိုက်အရာဆက်ခံသူတစ်ယောက် ရှိလာပြီဟု ဆိုလိုလေသည်။ ၎င်း၏ အမွေအနှစ်ပျောက်ဆုံးမသွားတော့မည့်အချက်က သူ့ကို စိတ်သက်သာရာ ရသွားစေလေသည်။

“ငါ့ဆီကလည်း အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ခံယူကြည့်လိုက်”

ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်နှင့်အတူ ကြာပန်းများကိုဆင့်ခေါ်ပြီး ရှေ့သို့ စေညွှန်လိုက်လေသည်။

ရုတ်တရက်ဆိုသလို...

ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်းထကြွလာလေသည်။

ကျိန်းစပ်နေသော အလင်းရောင်တစ်ခုက မိုးကောင်းကင်ထက်ကနေ ဆင်းသက်လာလေသည်။

မျိုးနွယ်စုခေါင်းဆောင်များသည် အလိုလိုမော့ကြည့်လိုက်ကြပြီး အလွန်တရာတုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

ကောင်းကင်ထက်ကနေ ကျောက်စိမ်းရောင်ကြာပန်းများက တစ်ပွင့်ပြီးတစ်ပွင့် ဆင်းသက်လာပြီး ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ ကောင်းကင်က နောက်ဆုံး ရောင်စုံအလင်းဖြင့် ပြည့်နှက်သွားပြီး အရာရာတိုင်းက ညင်သာစွာ လွင့်မျောနေလေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ကနေ ချောက်ချားစရာကောင်းသော ပုံစံဖြင့် ဂါထာမန္တန်အသံများက ထွက်ပေါ်လာ၏

ဤကဲ့သို့သော နမိတ်ဖြစ်စဥ်အောက်မှာ မျိုးနွယ်စုခေါင်းဆောင်များစွာ၏ အမူအရာက ငေးငိုင်သွားပြီး သူတို့၏ တာအိုနှလုံးသားများကို ယာယီအားဖြင့် ဆုံးရှုံးသွားလေသည်။ သူတို့သည် ဗုဒ္ဓဝါဒသို့ ကူးပြောင်းဖို့အတွက် မြေပြင်ပေါ်မှာ ဒူးထောက်၍ ရှိခိုးမိမတတ်ဖြစ်သွားကြလေသည်။

စစ်တုရင်ဧကရာဇ်ကလည်း တုန်လှုပ်သွားပြီး တီးတိုးရေရွတ်လိုက်၏။

“ဗုဒ္ဓကျောင်းတော်တွေရဲ့ အောင်မြင်ထွန်းပေါက်တဲ့ ကိုယ်တော်တွေက တရားဒေသနာတစ်ခုကို ဟောကြားတဲ့အခါ သူတို့က ကောင်းကင်ဘုံကို ထိတွေ့နိုင်တယ်လို့ ဆိုထားတဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်... အခု ကောင်းကင်ထက်က ကြာပန်းတွေကတောင် တစ်ပွင်ပြီးတစ်ပွင့် ဆင်းသက်လာတယ်ဆိုတော့... ဒီဒဏ္ဍာရီက အလိမ်အညာမဟုတ်ဘူးဆိုတာ အခုမှပဲ ငါသိတော့တယ်”

အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာကနေ ပြူစုပျိုးထောင်ထားသော အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခု ကောင်းကင်ဘုံနတ်ပန်းကြွေခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် မဟာယာနအဆင့်သို့ ဝင်ရောက်ခဲ့စဥ်က သူသည် ဤနမိတ်ဖြစ်စဥ်ကို ဖြစ်ပေါ်စေခဲ့ဖူးလေသည်။

သူ့အတွက်တော့... ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ဖို့အတွက် အထူးတလည် အားထုတ်နေစရာမလိုအပ်ခဲ့ပေ။

ကိုယ်တော်တာမင်းသည် သူ၏ ဦးခေါင်းကို အနည်းငယ်မော့ပြီး ကောင်းကင်ထက်ကနေ ကျဆင်းလာသော ကြာပန်းများကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများမှာ အဆုံးမဲ့ဉာဏ်ပညာပါဝင်နေသည့်အလား ကြည်လင်နေဆဲ ဖြစ်၏။

သူ၏ ဗုဒ္ဓဝါဒက လေးနက်သိမ်မွေ့ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် အားမနည်းပေ။ ဤကဲ့သို့သော ဂါထာမန္တန်အသံများဖြစ်စေ... နမိတ်ဖြစ်စဥ်များဖြစ်စေ သူ၏ တာအိုနှလုံးသားအပေါ် သက်ရောက်စေနိုင်ခြင်း မရှိပေ။

All Chapters