← Chapters

ဝမ်မင်၏ ဗီဒီယိုအစည်းအဝေး

Vol. 63 Ch. 931

ဝမ်မင်၏ ဗီဒီယိုအစည်းအဝေး

Vol. 63 Ch. 931

ဤဗီဒီယိုအစည်းအဝေးသို့ ကမ္ဘာတစ်ဝှမ်းမှသုတေသနဆိုင်ရာ သိပ္ပံပညာရှင်များ တက်ရောက်ခဲ့ကြသည်ကို ဝမ်မင်နှင့်ကျိုက်ယန်တို့က မြင်ခဲ့ကြသည်။

၎င်းတို့ထဲမှအချို့မှာ နာမည်ကျော် သုတေသနပညာရှင်များ ဖြစ်ကြသည်။

ဗီဒီယိုစခရင်ကို ကြည့်ပြီးနောက်တွင် ဝမ်မင်၏ အကြည့်များသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

“သူတို့တွေက သိပ်ကိုအံ့ဩစရာကောင်းတဲ့ ပညာရှင်တွေမဟုတ်လား.. နင်က ဘာလို့စိတ်မသက်မသာ ဖြစ်နေရတာလဲ”

ကျိုက်ယန်က မေးလိုက်သည်။

“အခုအစည်းအဝေးကိုတက်ရောက်တဲ့သူတွေထဲမှာ ပညာရှင်က အနည်းငယ်ပဲပါတယ်.. ကျန်တာတွေက သုတေသနအမြှောက်တွေပဲ”

ကျိုက်ယန် “ဘာအဓိပ္ပါယ်လဲ”

ဝမ်မင် “ပါးစပ်အမြှောက်တွေကိုပြောတာ”

ကျိုက်ယန် “……….”

ပါးစပ်အမြှောက်သည် အာတစ်ပေါက်ကို အထူးပြုသည့် ဆန်းကြယ်သော လက်နက်တစ်ခု ဖြစ်သည်။

၎င်းက စစ်ပွဲကိုဖြစ်စေနိုင်သလို ငြိမ်းချမ်းရေးကိုလည်း ဆောင်ကျဉ်းပေးနိုင်၏။

ဤလောက၌ တစ်စုံတစ်ဦးကို ဆေးကြောသန့်စင်ရန် သို့မဟုတ် ရွှံ့များထဲသို့ ပစ်ချရန် ပါးစပ်အမြှောက်ကို အသုံးချနိုင်သူများ ရှိခဲ့သည်။

တစ်ခုတည်းသော ကန့်သတ်ချက်မှာ တစ်စုံတစ်ဦးသည် ၎င်း၏အမည်ကို ဆေးကြောရာတွင် ညစ်နွမ်းအောင်လုပ်ရန်ထက် သုံးဆမျှ ပိုမိုအားထုတ်ရခြင်း ဖြစ်၏။

ဤအစည်းအဝေးကို ဥက္ကဌချီ မတက်ရောက်ချင်သည်မှာ အံ့ဩစရာမရှိပေ။

မည်သူတွေ တက်မည်ဆိုသည်ကို သူသိပြီးသား ဖြစ်ပုံရသည်။

ဝမ်မင်၏နှုတ်ခမ်းက မဲ့ရွဲ့သွားသည်။

အထက်လူကြီး၏အမိန့်သည် ဥပဒေဖြစ်သည်။

သူ့တွင် ဥက္ကဌချီ၏ အမိန့်ကိုငြင်းဆန်ရန် အကြောင်းပြချက်မရှိပေ။

အတန်ကြာစဉ်းစားပြီးနောက်တွင် ဝမ်မင်က သက်ပြင်းချလိုက်သည်။

ဤကဲ့သို့ အစည်းအဝေးကို ဖျော်ဖြေမှု တစ်ခုအဖြစ်သာ သဘောထားလိုက်၍ရသည် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေကာမူ အစည်းအဝေးတွင် ပါဝင်သူများသည် သုတေသန ပရော်ဖက်ဆာများ ဖြစ်ကြသည်။

၎င်းတို့၏ ဟောပြောချက်များကို ဆော့ဝဲလ်ဖြင့် အချိန်နှင့်တပြေးညီ ဘာသာပြန်မည်ဖြစ်သောကြောင့် ဤအစည်းအဝေးတွင် ဘာသာစကား အတားအဆီးများသည် ပြဿနာဖြစ်မည်မဟုတ်ပေ။

တစ်နည်းဆိုရသော် ဤဗီဒီယို အစည်းအဝေးတွင် လူတစ်ဦးသည် ၎င်း၏မိခင်ဘာသာစကားကို ပြောဆိုသည့်အခါ ဆော့ဝဲလ်က ထိုစကားလုံးများကို လူတိုင်း နားလည်နိုင်သောဘာသာစကားသို့ ဘာသာပြန်ပေးလိမ့်မည် ဖြစ်သည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက်တွင် ဗီဒီယိုအစည်းအဝေးက စတင်ခဲ့သည်။

နိုင်ငံအသီးသီးမှ ကျွမ်းကျင်ပညာရှင်များသည် စခရင်ပေါ်တွင် လေးထောင့်အကွက်လေးများဖြင့် ကျပ်ညပ်စွာ ပေါ်လာခဲ့သည်။

တစ်စုံတစ်ယောက် စကားပြောနေချိန်တွင် ထိုလေးထောင့်အကွက်က ကျယ်ပြန့်လာမည် ဖြစ်သည်။

ဝမ်မင်က သူ၏သီအိုရီကို တင်ပြရန် အလျင်စလိုဖြစ်နေပေ။

သူက နိုင်ငံခြားမှသုတေသနပညာရှင်များ ပြောဆိုသည်ကိုသာ အရင်ဆုံး နားထောင်ချင်ခဲ့သည်။

ထိုအချိန်တွင် ဝင်းဒိုးက ရုတ်တရက် ကျယ်ပြန့်လာပြီး ကုတ်အင်္ကျီကို ဝတ်ဆင်ကာ အဖြူရောင်ကင်းပတ်ဦးထုပ်ကိုဆောင်းထားသော မုတ်ဆိတ်မွှေးအပြည့်နှင့် ဦးလေးတစ်ယောက်သည် စကားစပြောခဲ့သည်။

ဘာသာပြန်ဆော့ဝဲလ်ကလည်း အချိန်နှင့်တပြေးညီ ဘာသာပြန်ဆိုပေးခဲ့သည်။

“တစ်ကမ္ဘာလုံးက မိတ်ဆွေများ မင်္ဂလာပါ.. ငါက ယင်ရှို့နိုင်ငံရဲ့ မဟာဗျူဟာမှော်ရတနာ သုတေသနအဖွဲ့ရဲ့ ဦးဆောင်ပါမောက္ခ ဖြစ်ပါတယ်.. ငါ့နာမည်က ရော့စီဇီးယပ်စ်ဇုစ်ပါ.. မင်းတို့ငါ့ကို ဇုစ်လို့ခေါ်နိုင်တယ်.. ဒီတစ်ကြိမ် ပုံမှန်မဟုတ်တဲ့စွမ်းအင်အတက်အကျတွေနဲ့ ပတ်သက်ပြီး ငါတို့ရဲ့ အဖွဲ့အစည်းက အဲဒီအခြေအနေပေါ်မှာ ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ခဲ့တယ်”

ဗီဒီယိုထဲမှ လူတော်တော်များများက ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။

အချို့က ပါမောက္ခဇုစ်ကို လေးနက်သော အမူအရာဖြင့် ကြည့်နေကြသည်။

အချို့ကမူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် မှတ်စုစာအုပ်ထဲတွင် ရေးမှတ်နေကြသည်။

ဝမ်မင်ကမူ ဤပရော်ဖက်ဆာဇုစ်အကြောင်း သိပ်မသိသောကြောင့် မှတ်ချက်များစွာ မပေးခဲ့ပေ။

သို့သော် ယင်ရှို့သုတေသနဌာန၏ ဦးဆောင်ပါမောက္ခတစ်ဦးအနေဖြင့် ပါမောက္ခဇုစ်သည် အမှန်တကယ် လျှော့တွက်၍မရပေ။

“ငါတို့ရဲ့ ကနဦးကောက်ချက်အရ ဒီပုံမှန်မဟုတ်တဲ့ စွမ်းအင်အတက်အကျတွေက ငါတို့ယင်ရှို့နိုင်ငံရဲ့ ကျော်ကြားတဲ့ဟင်းအမယ်နဲ့ ဆက်စပ်နေပုံရတယ်”

ထိုစကားကိုကြားလျှင် ဝမ်မင်နှင့် ကျိုက်ယန်တို့သည် တစ်ချိန်တည်းမှာပင် အသက်ခပ်ပြင်းပြင်း ရှူလိုက်ကြသည်။

“……….”

ယနေ့ခေတ်တွင် သုတေသနအကြီးအကဲများသည် အဓိပ္ပာယ်မဲ့နှောင့်ယှက်နည်းကို သိနေပါသလော။

ပါမောက္ခဇုစ်က အလွန် ယုံကြည်မှုရှိသော အမူအရာဖြင့် ပြောလိုက်သည်။

“ငါတို့ရဲ့အိန္ဒိယဟင်းက ဘယ်လောက်တောင် အရသာရှိလဲ လူတိုင်းသိမှာပါ.. ငါတို့ရဲ့ အကျော်ကြားဆုံး အမှတ်သင်္ကေတဟင်းတစ်မယ်ဖြစ်တဲ့ စံငါးပိဟင်းဆိုရင် နိုင်ငံတကာရုပ်ရှင်သရုပ်ဆောင်စတား ဝမ်ကျင်းကျီကတောင် ထောက်ခံထားတဲ့အထိပဲ.. ဒီတစ်ကြိမ်မှာ စွမ်းအင်အတက်အကျတွေက လူတိုင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အတွက် ငါတို့ ယင်ရှို့နိုင်ငံက အပြည့်အဝ တာဝန်ယူပါ့မယ်.. ငါတို့ရဲ့ဘုရင်က ဟင်းအော်ဒါတွေ အတွက် ၂၀% လျော့ဈေးပေးဖို့ လူမျိုးတိုင်းအတွက် ဆုံးဖြတ်ထားခဲ့တယ်.. ဒါကြောင့်..”

ထိုစကားကိုပြောနေချိန်မှာပင် ပါမောက္ခဇုစ်၏ ဗီဒီယိုက တိုက်ရိုက် ပြတ်တောက်သွားခဲ့သည်။

ကျိုက်ယန် “ဘာဖြစ်သွားတာလဲ”

ဝမ်မင်က ရယ်မောလိုက်သည်။

“စူပါအက်ဒ်မင်က သူ့ကို တားမြစ်လိုက်တာဖြစ်မယ်”

“ဒီဗီဒီယိုအစည်းအဝေးမှာ စူပါအက်ဒ်မင် တစ်ယောက် ရှိသေးတယ်လား”

ကျိုက်ယန်က တအံ့တဩ ရေရွတ်လိုက်သည်။

“စူပါအက်ဒ်မင်က ကုလသမဂ္ဂကလေ.. နိုင်ငံတကာဗီဒီယိုအစည်းအဝေးတွေ အားလုံးကို စူပါအက်ဒ်မင်တွေက ထိန်းချုပ်ထားတယ်.. ယင်ရှို့နိုင်ငံရဲ့ ဒီနှစ်ဘဏ္ဍာရေး အခြေအနေက အဆင်မပြေဘူးလို့ ကြားတယ်.. သူတို့မှာရွေးချယ်စရာမရှိတဲ့ အတွက် ဒီဗီဒီယို အစည်းအဝေးကနေ တဆင့် ပါမောက္ခဇုစ်ကို ပရိုမိုးရှင်းလုပ်ခိုင်းခဲ့တယ်လို့ ငါထင်တယ်”

ဝမ်မင်က ပြုံး၍ ပြောလိုက်သည်။

ပါမောက္ခဇုစ်၏ ဗီဒီယိုဖိုင်ကို စူပါအက်ဒ်မင်က ဖြတ်တောက်လိုက်သော်လည်း သူ၏ ကြော်ငြာရည်ရွယ်ချက်ကမူ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

နိုင်ငံအသီးသီးမှ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ခေါင်းဆောင်များအတွက် ဤဗီဒီယို အစည်းအဝေးကို အရံမှတ်တမ်းထားရှိမည် ဖြစ်သည်။

ထို့ကြောင့် ဗီဒီယိုကိုမြင်လျှင် ဟင်းဝယ်လိုသူများ မလွဲမသွေရှိလာမည် မဟုတ်ပါလော။

ပါမောက္ခဇုစ်က ဟင်းအရောင်းကောင်း၍ ၇၂နာရီကြာ စကားပြောခွင့် ပိတ်ပင်ခံလိုက်ရသည်။

မကြာမီမှာပင် ဝင်းဒိုးက ကျယ်ပြန့်လာပြီး အဖြူရောင်ဓာတ်ခွဲခန်းအင်္ကျီကို ဝတ်ဆင်ထားသည့် ဝက်ဝံကဲ့သို့ ကြံ့ခိုင်သန်စွမ်းသော သိပ္ပံပညာရှင်တစ်ဦးကို မြင်လိုက်ရသည်။

“အားလုံးပဲမင်္ဂလာပါ.. ငါက မောက်ရှို့နိုင်ငံက အဲလီးဇဘက်ပူတင် ဖြစ်ပါတယ်”

ထိုပညာရှင်က မောက်ရှို့လူမျိုးတစ်ဦး ဖြစ်သည်။

မောက်ရှို့လူမျိုးများသည် တိုက်ပွဲနှင့်ပတ်သက်၍ ကျော်ကြားပြီး မောက်ရှို့နိုင်ငံသည် နိုင်ငံတကာတွင် စစ်ဘက်ဆိုင်ရာအာဏာ ရှိသည်။

ဝမ်မင်က မောက်ရှို့နိုင်ငံ၏ သုတေသနဌာနအကြောင်းကို ကောင်းစွာသိသည်။

ထိုနိုင်ငံမှ သုတေသနပညာရှင် အချို့မှာ အလွန်ပင်ထက်မြက်သည်ဟု သူခံစားမိ၏။

ဟွာရှို့နိုင်ငံ သုတေသနဌာနတွင် လက်ရှိတီထွင်နေသော လက်နက်အများအပြားသည် မောက်ရှို့နိုင်ငံမှ သုတေသနပညာရှင်များနှင့် ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်သည်။

“ငါတို့သုတေသနဌာနရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရတော့ ဒီပုံမှန်မဟုတ်တဲ့ စွမ်းအင်အတက်အကျတွေက စွမ်းအင်ဝါးမြိုတဲ့ဖြစ်စဉ်တစ်ခု ဖြစ်နိုင်တယ်လို့ ငါတို့သံသယရှိတယ်”

ဝမ်မင် ထင်ထားသည့်အတိုင်းပင် မောက်ရှို့နိုင်ငံမှ မစ္စတာအဲလီးဇဘက်ပူတင်သည် သူ၏အမြင်ကို ပြောပြခဲ့သည်။

ထိုခဏတွင် ဝမ်မင်သည် နိုင်ငံတကာမှ သုတေသနပညာရှင်များအားလုံးက မက်ဆေ့ချ်များ ပေးပို့နေသည်ကို တွေလိုက်ရသည်။

ကျိုက်ယန် အံ့ဩသွားသည်။

“မက်ဆေ့ချ်တွေတောင် ပေးလို့ရတယ်လား”

“ဒါက ဗီဒီယိုအစည်းအဝေးတစ်ခုလေ.. အမေးအဖြေကဏ္ဍတွေ ရှိတဲ့အတွက် နိုင်ငံတကာ ဗီဒီယိုအစည်းအဝေးမှာ မက်ဆေ့ချ် လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားတယ်.. အလားတူပဲ ဆော့ဝဲလ်ကလည်း မက်ဆေ့ချ် စကားလုံးတွေကို တိုက်ရိုက် ဘာသာပြန်ပေးလိမ့်မယ်”

ဝမ်မင်က ရှင်းပြလိုက်သည်။

ကျိုက်ယန် “……….”

ထို့နောက်တွင် မက်ဆေ့ချ်များစွာက စခရင်၌ ပျံ့နှံ့သွားခဲ့သည်။

လူတော်တော်များများသည် စွမ်းအင်ဝါးမျိုသည့် ဖြစ်စဉ်က ဘာလဲဆိုသည်ကို မေးခွန်းထုတ်ကြသည်။

သုတေသနပညာရှင်က ရှင်းပြလိုက်သည်။

“ရိုးရှင်းစွာပြောရရင် ဒီဖြစ်စဉ်က ဂြိုဟ်သားတွေ ကျူးကျော်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်.. ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့က ကျူးကျော်မှုကို စွန့်လွှတ်ဖို့ ရုတ်တရက်ဆုံးဖြတ်လိုက်ပုံရတယ်.. တကယ်လို့ သူတို့သာ လက်မလွှတ်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် ငါတို့ ကမ္ဘာမြေအနေနဲ့ တစ်ရက်လောက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”

မောက်ရှို့နိုင်ငံမှ ပညာရှင်က အလွန်ပြတ်သားစွာ ပြောဆိုခဲ့သည်။

သူက လက်ဟန်အမူအရာဖြင့်ပါ အခြေအနေကို ရှင်းပြခဲ့သည်။

“ဒါကြောင့် အနာဂတ်မှာ ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုမှန်သမျှကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကမ္ဘာကြီးကို ဝါးမျိုဖို့ ကြိုးပမ်းသမျှတွေကို ကာကွယ်ဖို့အတွက် ကမ္ဘာတစ်ခုလုံးက ကျင့်ကြံသူတွေ အားလုံးစုရုံးပြီး ဦးတည်ချက်မဲ့ ကမ္ဘာမြေပရောဂျက်ကို အခုပဲစတင်ဖို့ အဆိုပြုချင်တယ်”

“ဦးတည်ချက်မဲ့ ကမ္ဘာမြေပရောဂျက်…”

လူတိုင်း၏အမူအရာက လေးနက်သွားကြပြီး ဤကြီးကျယ်ခမ်းနားသော အစီအစဉ်ကြောင့် အံ့အားသင့်သွားကြသည်။

“ဒီပရောဂျက်အတွက် အစီအစဉ် အတိအကျရှိပြီလား"

တစ်စုံတစ်ယောက်က လက်မြှောက်၍ မေးလိုက်သည်။

မောက်ရှို့မှ သုတေသနပညာရှင်က လက်တစ်ချောင်းကိုထောင်၍ ပြန်ဖြေလိုက်သည်။

“ပထမအဆင့်အနေနဲ့ ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ အိမ်သာအသစ်တွေကို ဆောက်ရမယ်.. ငါတို့တွေက အိမ်သာတွေအများကြီးကို ဆောက်ရမယ်.. ငါတို့ရဲ့ ကနဦးအစီအစဉ်က ကမ္ဘာပေါ်က ကျင့်ကြံသူတစ်ဝက်လောက်အတွက် အိမ်သာအလုံအလောက်ရှိတဲ့ အိမ်သာပန်းခြံတစ်ခု တည်ဆောက်ဖို့ပဲ”

ထိုစကားကြောင့် ဝမ်မင်က အံ့ဩတုန်လှုပ်သွားခဲ့သည်။

“အိမ်သာဆောက်ဖို့လား.. ဒါကဘယ်လိုပရောဂျက်မျိုးလဲဟ”

အပိုင်း(၉၃၁) ပြီး၏

All Chapters