သံခင်းတမန်ခင်းလက်ဆောင်
Vol. 63 Ch. 933
ချန်းချောင်နှင့် အခြားသူများက ဂိမ်းဆော့ဝဲလ်များကို လက်ခံရရှိပြီးနောက်တွင် အံ့သြ တုန်လှုပ်သွားကြသည်။
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ငါတို့အတွက် တန်ဖိုးကြီးမားတဲ့ လက်ဆောင်တစ်ခုကို ပေးခဲ့တယ်”
ချန်းချောင်က အတန်း ချက်ဂရုထဲတွင် ရှုထောင့်မျိုးစုံမှရိုက်ကူးထားသည့် ဂိမ်းစက်၏ ပုံရိပ်များကို မျှဝေခဲ့သည်။
ဖန့်ရှင်းက အပြုံးအီမိုဂျီကို ပေးပို့လိုက်သည်။
“ဒါကို(we chat)မှာမတင်ဘူးလား”
“စီနီယာကျိုးရီက အကျယ်မချဲ့ဖို့ ငါတို့ကိုမှာထားတယ်.. ဒီလိုလက်ဆောင်ကို ရတာက လုံလောက်တာထက်တောင် ပိုနေပါပြီ.. (we chat)မှာမျှဝေဖို့ မလိုတော့ပါဘူး”
ချန်းချောင် “ဒါပေမဲ့ နည်းနည်းတော့ နှမျောဖို့ကောင်းတယ်.. မနေ့က ငါတို့ကစားခဲ့တဲ့ ပုံရိပ်ယောင်ဂိမ်းနဲ့ ပတ်သက်တဲ့အကြောင်းတွေကို တစ်နည်းနည်းနဲ့ မေ့သွားသလိုခံစားရတယ်”
သူ့စကားဆုံးသည်နှင့် ကော်ဟောက်နှင့် မြေပဲလေးတို့ကလည်း သဘောတူခဲ့ကြသည်။
“ဟုတ်တယ်.. ငါလည်းမေ့သွားသလို ခံစားရတယ်”
“ထူးဆန်းလိုက်တာ.. ငါလည်းအတူတူပဲ”
မြေပဲလေး “ဒါက ဘေးထွက်ဆိုးကျိုးတော့ မဟုတ်လောက်ပါဘူးနော်”
“စိတ်မပူပါနဲ့. အဲဒါက ဘေးထွက်ဆိုးကျိုး မဟုတ်ပါဘူး”
ဖန့်ရှင်းက မြေပဲလေးတို့ စိတ်သက်သာရာရစေရန်အတွက် ရှင်းပြခဲ့သည်။
“မင်းတို့ကစားခဲ့တဲ့ ပုံရိပ်ယောင်ဂိမ်းစက်က နောက်ဆုံးထွက်မော်ဒယ်ဖြစ်တယ်.. ဒီဂိမ်းက မင်းတို့ကို ဝန်ပိုမသွားစေဖို့အတွက်သာ စီစဉ်ထားခဲ့တယ်.. တကယ်တော့ မေ့လျော့ခြင်းဖြစ်စဉ်က ဆော့ဝဲလ်ကနေ ထွက်လာပြီးနောက်မှာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ.. ဒါ့အပြင် မနေ့က မင်းတို့ဆော့တဲ့ဂိမ်းက အခုထိလျှို့ဝှက်ထားဆဲ ဖြစ်တဲ့ ကန့်သတ်ဗားရှင်းပဲ”
တကယ်တမ်းတွင် ဂိမ်းဆော့ပြီးကတည်းက အမှတ်၆၀ အထက်တန်းကျောင်းမှ အဖွဲ့၏ မှတ်ဉာဏ်များသည် နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင် နတ်တာအိုကြယ်သည် ကမ္ဘာမြေနှင့် သံတမန်ဆက်ဆံရေးကို ချက်ချင်းဆိုသလို ထူထောင်တော့မည် ဖြစ်၏။
ကော်ဟောက်၏ သွေးဝေးဦးလေး ဖြစ်သည့် ကော်ဖျင်သည် အာကာသဆိုင်ရာ သံတမန်ဖြစ်လာမည် ဖြစ်သည်။
ချန်းချောင်နှင့် အခြားသူတွေသာ ကော်ဖျင်နှင့် အဖြစ်အပျက်ကို မှတ်မိနေသေးလျှင် ဤဖြစ်ရပ်သည် ဂိမ်းမဟုတ်မှန်း ပေါ်ပေါက်သွားလိမ့်မည် ဖြစ်၏။
စက်တင်ဘာလ နှစ်ရက်နေ့သည် နွေရာသီအားလပ်ရက်၏ နှစ်ဆယ်ရက်မြောက်နေ့ ဖြစ်သည်။
မစ်ရှင်တစ်ခုအတွင်း အာကာသတွင် ပျောက်ကွယ်သွားခဲ့သော ကော်ဖျင်သည် ကမ္ဘာမြေသို့ ပြန်လာခဲ့ရာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ထိုထက် အရေးကြီးသည်မှာ ကော်ဖျင်သည် ဤတစ်ကြိမ်တွင် နတ်တာအိုကြယ် ထံမှ လက်ဆောင်ကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
ယင်းမှာ စကြာဝဠာကျောက်မျက် ဖြစ်သည်။
၎င်းက လူသားကမ္ဘာနှင့် နတ်တာအိုကြယ်ကြား သံတမန်ဆက်ဆံရေး ထူထောင်မှု၏ အရေးကြီးသော သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
ကော်ဖျင်နှင့် နိုင်ငံခေါင်းဆောင်တို့သည် ကုလသမဂ္ဂ ထိပ်သီးညီလာခံ ခန်းမ၌ ကျင်းပသည့် အစည်းအဝေးသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတိုင်းမှ ပကတိအင်မော်တယ်များသည် ထိုအစည်းအဝေးတွင် စုဝေးခဲ့ကြသည်။
ယင်းက မည်သူကိုမဆို အံ့အားသင့်စေလောက်သည့် ခံ့ညားအားကောင်းသော လေထုတစ်ခု ဖြစ်သည်။
ယခုတစ်ကြိမ် ညီလာခံကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးသည် အစည်းအဝေး လုပ်ငန်းစဉ်များကို လိုက်နာခဲ့ကြသည်။
လူသားမျိုးနွယ်သည် ဂြိုဟ်သားများနှင့် သံတမန်ဆက်ဆံရေးကို ပထမဆုံးအကြိမ် ထူထောင်ခဲ့ခြင်းဖြစ်ရာ လူတိုင်းသည်အလွန် သတိထားနေကြသည်။
နိုင်ငံအားလုံး၏ အကြီးအကဲများသည် ဂြိုဟ်သား ယဉ်ကျေးမှုများ ချဲ့ထွင်လာမှု အပေါ်တွင် စိုးရိမ်နေခဲ့ကြသည်။
ဂြိုဟ်သားများနှင့် ငြိမ်းချမ်းရေးသည် နိုးနိုးကြားကြား ရှိနေရမည့် ငြိမ်းချမ်းရေး အမျိုးအစားမျိုး ဖြစ်သည်။
အစည်းအဝေးကို တက်ရောက်လာသော နိုင်ငံခေါင်းဆောင်များက အလွန်သံသယကြီးသူများ ဖြစ်သောကြောင့် ကော်ဖျင်က အမှန်အတိုင်း အားလုံးကိုပြော၍ မဖြစ်ပေ။
သို့မဟုတ်လျှင် ခေါင်းဆောင်များသည် ဂြိုဟ်သားကျူးကျော်မှုကို ခုခံကာကွယ်ရန် အတွက် အစီအစဉ်များ စတင်လုပ်ဆောင်မည်မှာ သေချာသည်။
အကယ်၍သာ နားလည်မှု လွဲမှားခြင်းသို့ ဦးတည်သွားလျှင် အမှန်တကယ် ပြဿနာ ဖြစ်လာပေလိမ့်မည်။
သင်၏ သူငယ်ချင်းများနှင့် အပြင်ထွက်သည့်အခါတွင် သူငယ်ချင်းများ၏ရန်ကို ကာကွယ်ရန်အတွက် သင့်အနေဖြင့်သစ်သားဓားကို မည်သည့်အခါမှ ဆောင်ထားလိမ့်မည် မဟုတ်ပေ။
အကယ်၍ဆောင်ထားခဲ့လျှင် အယုံအကြည်ကင်းမဲ့သည့် လုပ်ရပ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
စင်စစ် နိုင်ငံခေါင်းဆောင် အားလုံးသည် သံသယလွန်ကဲသူများ ဖြစ်ကြသည်။
ဤတစ်ကြိမ်တွင် ကော်ဖျင်သည် သူ့အစီအရင်ခံစာ၏ အရေးပါမှုကို သိရှိခဲ့သည်။
သူက ဤခေါင်းဆောင်များ၏ အကြောက်လွန်ကဲမှုကို အဆုံးသတ်ချင်ခဲ့၏။
မိန်းကလေးပိုင်ချောင်းနှင့် ကျောင်းသားဝမ်လင်း တို့ကြောင့် နတ်တာအိုကြယ်သည် ကမ္ဘာမြေကို ဝင့်ကြွားစွာ ပြုမူရဲတော့မည် မဟုတ်ပေ။
“ပရော်ဖက်စာကော်.. မင်းရဲ့ နတ်တာအိုကြယ် အကြောင်း အစီအရင်ခံစာကို တင်ပြလို့ရပြီ”
မီရှို့နိုင်ငံ၏ နိုင်ငံခေါင်းဆောင် ဖြစ်သော အသားမဲသော အော်လီဂေးက ပြောလိုက်သည်။
သူ၏အနောက်ဘက်တွင် ကိုယ်ရံတော် တစ်ယောက်ရှိနေသည်။
၎င်းမှာ မီရှို့နိုင်ငံ၏ သူရဲကောင်းကျင့်ကြံသူထဲမှ ပိုးကွန်ရက်လူစွမ်းကောင်းမယ်မှ လွဲ၍ အခြားသူမဟုတ်ပေ။
အင်မော်တယ်ထုန်ရာက ပိုးကွန်ရက်လူစွမ်းကောင်းမယ်နှင့် ယခင်က တစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။
မိစ္ဆာအူမှိုတက်သခင်နှင့် တိုက်ပွဲတွင် သူမ၏တင်ပါးကနေ ပင့်ကူမျှင်ကို ဖော်ထုတ်နိုင်ခြင်းအတွက် အင်မော်တယ်ထုန်ရာ လုံးဝကို အံ့အားသင့်ခဲ့ရသေးသည်။
ပိုးကွန်ရက်လူစွမ်းကောင်းမယ်သည် မိစ္ဆာအူမှိုတက်အရှင် သေဆုံးပြီးနောက်တွင် အသက်ပြန်ရှင်လာခဲ့ပြီး သူမ၏ပုံမှန်မဟုတ်သော ဒဏ်ရာကြောင့် ကနဦးတွင် အစည်းအဝေးသို့ တက်ရောက်ရန် မစီစဉ်ထားခဲ့ပေ။
သို့ရာတွင် လူသားမျိုးနွယ်နှင့် ဂြိုဟ်သားများ၏ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း ပထမဆုံးအကြိမ်ဖြစ်၍ ပိုးကွန်ရက်လူစွမ်းကောင်းမယ်သည် သူမ၏ဒဏ်ရာကို ကုသရန်အတွက် ငွေကြေးများစွာသုံးစွဲ၍ အင်မော်တယ်ထုန်ရာထံမှ ဆေးဝါးများကို ဝယ်ယူခဲ့သည်။
မိစ္ဆာအူမှိုတက်သခင်နှင့် တိုက်ပွဲပြီးကတည်းကပင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ နိုင်ငံတကာအဆင့်ဂိုဏ်းရပ်တည်မှုသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ဆေးအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် အင်မော်တယ်ထုန်ရာ၏ ဂုဏ်သတင်းကလည်း မြင့်တက်လာသည်။
ယခုအခါတွင် နိုင်ငံတကာမှ ဆေးအမှာစာများသည် အလွန်ပင် များပြားလာခဲ့သည်။
မီရှို့နိုင်ငံသည် ကျင့်ကြံခြင်း သိပ္ပံနှင့်နည်းပညာတွင် ကမ္ဘာ့ခေါင်းဆောင်အဖြစ် ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် မီရှို့နိုင်ငံ၏ အသားမဲသော ခေါင်းဆောင်က စကား စတင် ပြောဆိုလိုက်သောအခါတွင် အစည်းအဝေးခန်းရှိလေထုသည် ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့သည်။
ကော်ဖျင်က လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး သူကြိုတင်ပြင်ဆင်ထားသည့်အတိုင်း တင်ပြလိုက်သည်။
“မင်္ဂလာပါခေါင်းဆောင်ကြီးတို့.. ကျွန်တော်က ဟွာရှို့ရဲ့ ကျင့်ကြံခြင်းနဲ့မှော်ရတနာ သုတေသနဌာနက ပညာရှင်တစ်ဦး ဖြစ်ပါတယ်.. ကျွန်တော့်နာမည်ကော်ဖျင်ပါ.. လွန်ခဲ့တဲ့ ၆နှစ်ကစပြီး ကျွန်တော့်ကို မစ်ရှင်တစ်ခုအတွက် အာကာသဆီ စေလွှတ်ခဲ့ပါတယ်.. အဲဒီမှာကျွန်တော်က ဘလက်ဟိုးထဲကိုမတော်တဆ နစ်မြုပ်သွားခဲ့တယ်”
(ဘလက်ဟိုး=ဆွဲငင်အားပြင်းထန်လွန်းသော အာကာသရှိတွင်းပေါက်)
“အဆုံးသတ်မှာတော့ ကျွန်တော်က အလင်းနှစ် ဘီလီယံနဲ့ချီပြီး ဝေးတဲ့ နတ်တာအိုကြယ်ကို ရောက်ရှိသွားခဲ့ပါတယ်”
ကော်ဖျင်က နတ်တာအိုကြယ်သို့ ရောက်ရှိသွားသည့် အကြောင်းအရင်းကို အထူးတလည် ပြင်ဆင်ခဲ့သည်။
စွမ်းအင်အရင်းအမြစ် တစ်ခုအဖြစ် အသုံးပြုခဲ့သည့် ဝမ်လင်း၏ ဆံပင်ဖြစ်သော စွမ်းအင်ကြိုး အကြောင်းကို သူပြောမပြခဲ့ပေ။
သေချာသောအချက်မှာ ဤစွမ်းအင်ကြိုးသည် ဝမ်လင်း၏ ဆံပင်တွေမှန်း ကော်ဖျင်ကိုယ်တိုင်ပင် မသိခြင်းပင်။
သူသိသည်မှာ ဤစွမ်းအင်ကြိုးသည် ဝမ်မင် တီထွင်ထားသောအရာ ဖြစ်သည်။
ထိုတီထွင်မှုအတွက် ဝမ်မင်ကို သုတေသနဌာနမှ ဆုကြေးငွေများပင် ပေးအပ်ခဲ့သည်။
“နတ်တာအိုကြယ်က ကျွန်တော်တို့ ထင်တာထက် အများကြီးဝေးကွာတယ်.. နတ်တာအိုကြယ်ရဲ့ အရှင်သခင်က ကျွန်တော့်ရဲ့အာကာသယာဉ်ကို အဆင့်မြှင့်တင်ဖို့ အတွက် ကူညီပေးခဲ့တယ်.. ဒီအာကာသယာဉ်နဲ့ ဘလက်ဟိုး နည်းပညာကို အသုံးပြုပြီး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာခဲ့တယ်.. သူတို့ ကျွန်တော်နဲ့အတူ ထည့်ပေးလိုက်တဲ့ သံခင်းတမန်ခင်းလက်ဆောင်က စွမ်းအင်ကို အဆမတန် ထုတ်ပေးနိုင်တဲ့ စကြာဝဠာကျောက်မျက် ဖြစ်တယ်.. ကမ္ဘာမြေပေါ်မှာရှိတဲ့ စိတ်ဝိညာဉ်ချီ ဆက်လက်တည်မြဲဖို့အတွက် ရှိပြီးသား စက်ကိရိယာတွေကို အသုံးပြုပြီး စကြာဝဠာကျောက်မျက်ကနေ စွမ်းအင်ကိုထုတ်ယူ အသုံးပြုနိုင်တယ်.. ဒါတင်မကသေးဘဲ စကြာဝဠာကျောက်မျက်က စိတ်ဝိညာဉ်ချီကိုသန့်စင်ပေးနိုင်စွမ်းလည်းရှိတယ်.. ဒီကျောက်မျက် မပျက်စီးသရွေ့ ကမ္ဘာမြေအတွက် အဆုံးမရှိတဲ့ စိတ်ဝိညာဉ်အရင်းအမြစ် ဖြစ်လာလိမ့်မယ်.. အတိုချုပ်ပြောရရင် နတ်တာအိုကြယ်ပေါ်မှာ ရှိတဲ့ လူသားယဉ်ကျေးမှုက ကမ္ဘာမြေလိုပဲ အနည်းနဲ့အများ ဖွံ့ဖြိုးလာခဲ့ပြီ.. ဒီနတ်တာအိုကြယ်က ထူးခြားတဲ့ အရင်းအမြစ်တွေ များစွာရှိတဲ့ ကျယ်ပြောလှတဲ့ ဂြိုဟ်တစ်ခုဖြစ်တယ်.. ဒီဂြိုဟ်က ငါတို့ကမ္ဘာမြေနဲ့ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို ပထမဆုံးထူထောင်တဲ့ဂြိုဟ် ဖြစ်တဲ့အတွက် ငါတို့ကမ္ဘာလူသားတွေအနေနဲ့ လိုက်ဖက်တဲ့လက်ဆောင် တစ်ခုခုကို ပြန်ပေးသင့်တယ်လို့ ငါခံစားရတယ်”
ကော်ဖျင်၏စကားကို ကြားပြီးနောက်တွင် နိုင်ငံခေါင်းဆောင်အသီးသီးက အချင်းချင်း တီးတိုး ပြောဆိုခဲ့ကြသည်။
ရိုးသားစွာဝန်ခံရလျှင် နတ်တာအိုကြယ်မှ ကြယ်အရှင်သခင် လက်ဆောင်ပေးလိုက်သော အရာသည် ကမ္ဘာမြေအတွက် အလွန်တရာ အရေးပါပြီး လက်ရှိကမ္ဘာမြေ၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်သည့်ပစ္စည်း ဖြစ်သည်။
စိတ်ဝိညာဉ်ချီ ခန်းခြောက်သွားလျှင် ဤကမ္ဘာမြေပေါ်၌ ကျင့်ကြံသူများ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် စိတ်ဝိညာဉ်ချီကို ဖြည့်ဆည်းပေးနိုင်သော ဤစကြာဝဠာကျောက်မျက်သည် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးကို မျှော်လင့်ချက်အသစ် ပေးလိုက်သည်နှင့် တူပေသည်။
ထိုအချိန်တွင် ဟွာရှို့နိုင်ငံ၏ အကြီးအကဲက ပြောလိုက်သည်။
“ဒီလိုဆိုရင်ရောဘယ်လိုလဲ.. အစည်းအဝေးပြီးတာနဲ့ နိုင်ငံတိုင်းက လက်ဆောင်တွေ ဝိုင်းဝန်းပေးကြမယ်လေ.. မင်းဘယ်လိုမြင်လဲ”
ထိုခဏတွင် ဖေးရှို့နိုင်ငံ၏ နိုင်ငံခေါင်းဆောင်သည် သူ၏လက်ကို အားပျော့စွာ မြှောက်လိုက်သည်။
“သူတို့ကို စိုက်ပျိုးရေးမှာ အသုံးဝင်တဲ့ ရွှေရောင်မြေဆီလွှာပေးမယ်ဆိုရင်ရော.. အဆင်ပြေလောက်တယ် မဟုတ်လား”
ကော်ဖျင် “ဖေးရှို့နိုင်ငံခေါင်းဆောင်.. သေချာစဉ်းစားကြည့်ပါဦး.. နတ်တာအိုကြယ်ရဲ့ စိုက်ပျိုးရေးက အရမ်းကို အဆင့်မြင့်တယ်.. ရွှေရောင်မြေဆီလွှာ မလိုအပ်ဘူးလေ”
အပိုင်း(၉၃၃) ပြီး၏