အွန်လိုင်းလိပ်စာအတိုင်း လိုက်ပြီး ဘလိမ်းသမားတွေကို ရိုက်နှက်ပါ
Vol. 63 Ch. 935
စုရှင်းက ပိုင်ချောင်း ဘာလုပ်ချင်သည်ကို မသိပေ။
သို့သော်လည်း ဤမစ္စဘော့စ်သည် သူမ၏ ကြမ်းတမ်းသောလုပ်ပုံကိုင်ပုံကြောင့် လူသိများသည်။
မည်သို့ပင်ဖြစ်စေ မစ္စဘော့စ်၏ ရင့်ကျက်သော ကိုယ်ရည်ကိုယ်သွေးက စုရှင်းကို အထင်ကြီးစေသည်။
.................
ပိုင်ချောင်းက ဝမ်မိသားစုအိမ်ငယ်လေး ဆီသို့ ဖုန်းခေါ်ဆိုလိုက်သောအခါ ထွင်ထျန်းဟာက ဖုန်းပြန်ဖြေခဲ့သည်။
ထွင်ထျန်းဟာက နတ်တာအိုကြယ် ခရီးစဉ်တွင် မပါဝင်ခဲ့သော်လည်း ငွေရောင်လေးထံမှ တဆင့် နတ်တာအိုကြယ်တွင် ဖြစ်ပျက်ခဲ့သည်များကို အတိအကျ သိရှိခဲ့သည်။
ငွေရောင်လေးက ထိုကိစ္စကို မည်သည့်နေရာမှ သိလာသနည်း။
ထုံးစံအတိုင်းပင် ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ကို ပြောပြခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်က အမိုးအကာ တစ်ခုအောက်ထဲတွင် နေကြ၍ ငွေရောင်လေး အတွက် သတင်းတစ်ခုခု တောင်းဆိုရန်မှာ မိနစ်ပိုင်းသာကြာသည်။
ထို့ကြောင့် ထွင်ထျန်းဟာသည် ကျင့်ခယ်နှင့်ပိုင်ချောင်းတို့ နတ်တာအိုကြယ်တွင် အတူတကွ ပေါင်းသင်းခဲ့သည့် အကြောင်းကို သိရှိသွားခဲ့သည်။
ထွင်ထျန်းဟာက အောက်ထပ်သို့ဆင်းလာ၍ ဖုန်းမဖြေမီတွင် ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။
ကျင့်ခယ်က မက်မွန်သစ်သားဓား၏ ပုံစံဖြင့် ဝမ်လင်း၏ ခေါင်းအုံးနံဘေးတွင် အိပ်နေဆဲ ဖြစ်သည်။
သို့ရာတွင် ဓားက ပန်းရောင်ပြောင်းသွားပြီး တစ်ချိန်လုံး ဟောက်နေခဲ့သည်။
ယင်းမှာ ပင်ပန်းလွန်းသည့် လက္ခဏာပင်။
အကြောင်းရင်းမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း မေမေဝမ်သည် ကျင့်ခယ်ကို မျက်နှာပေါင်းတင်ဆေး အဖြစ် အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။
ကျင့်ခယ်က အခြားဝိညာဉ်ဓားများလို ပလပ်ထိုး၍ အားသွင်းရန်လည်း မလိုပေ။
မေမေဝမ် လုပ်ဆောင်ရန် လိုအပ်သည်မှာ သူမ၏ မျက်နှာကို ကျင့်ခယ်၏ရှေ့တွင် ကပ်ထားလိုက်ခြင်းသာ ဖြစ်သည်။
ကျင့်ခယ်၏ အစိုဓာတ်ထိန်းပေးသည့် အာနိသင်သည် အလွန်ပင် ထူးခြားသည်။
သူမ၏မျက်လုံးထောင့်ရှိ အရေးအကြောင်းများပင် ပျောက်ကွယ်သွားခဲ့သည်။
ထွင်ထျန်းဟာက မျက်မှောင်ကြုတ်လိုက်သည်။
ကျင့်ခယ်၏ လက်ရှိအခြေအနေသည် အလွန်ပင် စိုးရိမ်စရာကောင်းနေသည်။
အင်တာနက်ကဖေးရုံး၏ ကောင်တာတွင် ပိုင်ချောင်းက ထိုင်နေခဲ့သည်။
ဆယ်မိနစ်ကြာ စောင့်ဆိုင်းပြီးနောက်တွင် သူမ၏ရှေ့၌ အာကာပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ကျင့်ခယ်သည် ထိုအထဲကနေ ထွက်ပေါ်လာခဲ့သည်။
ပိုင်ချောင်းက ကျင့်ခယ်၏ နောက်ကျခြင်းကို မကျေမနပ်ဖြစ်နေခဲ့သည်။
သူမက လက်ပိုက်ထားပြီး စိတ်ကောက်သော အမူအရာဖြင့် ကျင့်ခယ်ကို မာန်မဲလိုက်သည်။
“နင်ငါ့ကို ဆယ့်ငါးမိနစ်လောက် စောင့်ခိုင်းခဲ့တယ်.. ငါကနောက်ကျတာကို အမုန်းဆုံးပဲ.. ဒါပေမဲ့ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ငါခွင့်လွှတ်လိုက်မယ်.. ဒုတိယအကြိမ်တော့ ဖြစ်လို့မရဘူးနော်”
“အင်းပါ”
ကျင့်ခယ်က အပိုစကားများ မပြောဘဲ တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။
ရိုးသားစွာဝန်ခံရလျှင် သူအနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
အထူးသဖြင့် ပိုင်ချောင်းရှေ့ကို ရောက်နေသည့် အချိန်တွင် သူ၏အတွေးများက သူတို့နှစ်ယောက် ပြန်လည် ပေါင်းစည်းခဲ့သောအချိန်ကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။
သူအရင်က ထိုကဲ့သို့ တစ်ခါမှ မခံစားဖူးချေ။
သူ့စိတ်က လွတ်ထွက်သွားပြီး ခန္ဓာကိုယ်ကပင် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
အဆုံးသတ်တွင် သူက စိတ်အပန်းပြေခဲ့သည့် အပြင် ကြည်နူးမှုများစွာနှင့် ကျန်ရစ်ခဲ့သည်။
သို့သော် ကျင့်ခယ်သည် ထိုခံစားချက်များကို ထုတ်ပြောရန် အလွန်ပင် ရှက်ရွံ့နေခဲ့သည်။
သူက ဤနေရာသို့မလာမီ စိတ်တည်ငြိမ်မှုရရန် အချိန်အတော်ကြာ ကြိုးစားခဲ့ရသေးသည်။
ကျင့်ခယ် ရောက်လာသည်ကို မြင်လျှင် စုရှင်းသည် ခပ်ဝေးဝေးသို့ သွားလိုက်ပြီး အဝေးကနေ အကဲခတ်နေခဲ့၏။
ထိုကဲ့သို့ ပြုမူခြင်းမျိုး မလုပ်သင့်ကြောင်း သိသော်လည်း သူက သိချင်စိတ်ကို ထိန်းမရခဲ့ပေ။
သခင်ကျင့်ခယ်က အိမ်ထောင်ရှိ အမျိုးသမီးလေး တစ်ဦးကဲ့သို့ ယဥ်ကျေးစွာ ပြုမူနေသည်ကို ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်စွာ သူမြင်ခဲ့ရသည်။
“ဟဲ့.. နင်နည်းနည်းတောင် မပြုံးနိုင်ဘူးလား.. ငါတို့က သခင်လည်းအတူတူပဲ.. နင်က ဘာလို့နေ့တိုင်း အားအားလျားလျားအိပ်နေပြီး စိတ်ဆင်းရဲတဲ့ပုံ လုပ်နေရတာလဲ”
ပိုင်ချောင်းက မာန်မဲပြီးနောက် ကျင့်ခယ်၏ အင်္ကျီစကိုဆွဲ၍ သူမ၏ဘေးတွင် ဝင်ထိုင်စေခဲ့သည်။
ပိုင်ချောင်း၏လက်နှင့် ထိတွေ့မိလျှင် ကျင့်ခယ်သည် ဓာတ်လိုက်သလို ခံစားရပြီး အေးစက်စက် ခံစားချက်ကိုပါ ရရှိခဲ့သည်။
“မင်းရဲ့လက်က ဘာလို့ အရမ်းအေးနေရတာလဲ”
“ငါ့ကို မေးခွန်းလာမထုတ်နဲ့”
သူမက အော်ငေါက်လိုက်ပြီးနောက် ကွန်ပျူတာထဲမှ ကြယ်တစ်ပွင့်သာ ပေးထားသည့် အဖျက်သဘောဆောင်သော မှတ်ချက် တစ်ဒါဇင် သို့မဟုတ် တစ်ဒါဇင်ကျော်ကို ပြသလိုက်သည်။
ကျင့်ခယ်က ပိုင်ချောင်း ဘာလုပ်ချင်သည်ကို မသိသော်လည်း အနည်းငယ်တော့ မှန်းဆနိုင်နေပြီ ဖြစ်သည်။
ထို့နောက်တွင် ပိုင်ချောင်းသည် လက်ပိုက်၍ ကျင့်ခယ်ကို စိုက်ကြည့်လိုက်သည်။
“ငါက မင်းရဲ့ဓားအိမ်ပဲ.. ဒါကြောင့် ဓားတစ်ချောင်းအနေနဲ့ မင်းမှာ ငါ့ကိုကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာ သိတယ်မဟုတ်လား”
“အင်း”
ကျင့်ခယ်က ခေါင်းညိမ့်လိုက်သည်။
တစ်နည်းတစ်ဖုံအားဖြင့် သူတို့၏ ဆက်ဆံရေးက ပွင့်လင်းသွားပုံရသည်။
ဓားတစ်ချောင်းအနေဖြင့် ဓားအိမ်ကို ကာကွယ်ပေးရန်မှာ ဖြစ်သင့်သောအရာ မဟုတ်ပါလော။
သို့သော်သေသေချာချာစဉ်းစားပြီးနောက်တွင် ကျင့်ခယ်ကတစ်စုံတစ်ရာကို သတိပြုမိခဲ့သည်။
“မင်းက အကူအညီတောင်းတာတောင် ဘာလို့ နည်းနည်းလေးမှ မနှိမ့်ချရတာလဲ”
ထိုစကားကိုကြားလျှင် ပိုင်ချောင်းက သက်ပြင်းချလိုက်သည်။
“ဒီအချိန်မှာ နင်လုပ်သင့်တဲ့ မှန်ကန်တဲ့အရာက ဒီကျင့်ခယ်က ပိုင်ချောင်းအတွက် အသက်ကိုတောင် စွန့်လွှတ်ဖို့ဆန္ဒရှိတယ်လို့ ကမ္ဘာကြီးတစ်ခုလုံး ကြားအောင် အော်ဟစ်လိုက်ဖို့ပဲ.. ဒါမှပဲ ငါတို့ကြားမှာ စိတ်ခံစားချက်ကို ဖန်တီးနိုင်မှာပေါ့”
ကျင့်ခယ် “……….”
“မေ့လိုက်ပါ.. နင်လည်း ဆရာလေးလင်းလို ဒုန်းဝေးတဲ့သူပဲ”
ထို့နောက်တွင် ပိုင်ချောင်းသည် ခေါင်းကိုက်သလိုခံစားရ၍ သူမ၏မျက်ခုံးကြားရှိ အရေပြားကို နှိပ်နယ်လိုက်သည်။
သူမ ယခင်က ထိုမျှလောက် စကားမပြောဖူးသော်လည်း ကျင့်ခယ်နှင့် အတူရှိသောအခိုက်တွင် သူမသည် ပို၍ စကားပြောတတ်လာသည်။
သူမက စခရင်ပေါ်ရှိ အဆိုးမြင် မှတ်ချက်များကို ကျင့်ခယ်အား ထောက်ပြခဲ့သည်။
“ငါဒီကိစ္စကို ရှင်းချင်တယ်”
သူမ၏ အစီအစဉ်က တကယ်တမ်းတွင် ကျင့်ခယ် မှန်းဆထားသည်နှင့် အနည်းငယ်မျှ ဆင်တူသည်။
ကျင့်ခယ်က စခရင်ကိုကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီကိစ္စအတွက်ဆို ဝမ်မင်ကို ရှာသင့်တယ်.. ဒါပေမဲ့ သူ့ကိုအကူအညီတောင်းရတာက အရမ်းကို ငြီးငွေ့ဖို့ကောင်းတယ်”
ပိုင်ချောင်းက ပုခုံးတွန့်ပြလိုက်သည်။
“စိတ်မပူပါနဲ့.. ငါ့ဆီမှာ သူတို့ရဲ့လိပ်စာတွေ ရှိပြီးသားပါ.. နင့်ရဲ့ ခွန်အားနဲ့ ဆိုရင် အာကာပြင်ကိုဖွင့်ပြီး သူတို့ရဲ့နေရာကို စက္ကန့်ပိုင်းအတွင်း အရောက်သွားနိုင်တယ် မဟုတ်လား.. သူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ပညာပေးချင်တယ်.. ဘာလို့အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေပေးခဲ့တာလဲလို့ မေးပြီး တောင်းပန်ခိုင်းပါ.. ပြီးရင် အဲဒီအပျက်သဘောဆောင်တဲ့ မှတ်ချက်တွေကို ပြန်ဖျက်ခိုင်းလိုက်ပါ.. သူတို့ မတောင်းပန်ရင်တော့.. ဟက်.. ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့”
“နင်က သူတို့ကို သတ်ချင်လို့လား.. လင်းက သဘောတူမှာမဟုတ်ဘူး”
ကျင့်ခယ်က ခေါင်းကို ဖြည်းညင်းစွာခါယမ်း၍ ပြောလိုက်သည်။
“ဒီကီးဘုတ်စစ်သည်တော်တွေက လူ့အဖွဲ့အစည်းကို လုံးဝ အကျိုးလည်းမပြုဘူး.. သူတို့က တစ်နေ့တာလုံး ဖျက်လိုဖျက်ဆီးလုပ်ဖို့ပဲ စဉ်းစားနေတယ်.. သူတို့ကို သတ်လိုက်တာက လွယ်ပါတယ်.. ဒါပေမဲ့ သူတို့ကို ငါသတ်မှာမဟုတ်ဘူး.. ငါက စိတ်ကောင်းရှိဆဲပါပဲ.. ငါက နတ်ဆိုးမဟုတ်ဘူးလေ”
ပိုင်ချောင်းက ရယ်မောလိုက်သည်။
“သူတို့ကို ကိုင်တွယ်ဖို့က အရမ်းကိုရိုးရှင်းတယ်.. သူတို့ မတောင်းပန်ရင် နင်က စုန့်ဟိုင်ထောင်ဆီ သူတို့ကို တိုက်ရိုက်ပို့ပစ်လိုက်.. ကျန်တာကို ငါကိုင်တွယ်လိုက်လို့ ရတယ်”
ထိုစကားကို ပြောပြီးနောက်တွင် ပိုင်ချောင်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
သူမ၏ နည်းပညာကျွမ်းကျင်မှုသည် ဝမ်မင် သို့မဟုတ် ကျိုးရီ၏ နောက်ကွယ်တွင်ရှိသည့် ဘလက်လေးလောက် မကောင်းသော်လည်း အလွန်တရာ ညံ့ဖျင်းခြင်းမရှိပေ။
ပိုင်ချောင်းအတွက် ထိုကီးဘုတ်စစ်သည်တော်များ၏ အိုင်ဒီလိပ်စာများမှ တဆင့် ခြေရာခံရန်မှာ ကိတ်မုန့်ခွဲသလောက်လွယ်ကူပေသည်။
ဟုတ်ပါသည်၊ ပိုင်ချောင်း၏ တကယ့်အစီအစဉ်မှာ အိုင်ဒီလိပ်စာများကို အခြေခံပြီး ထိုကီးဘုတ်စစ်သည်များကို ကျင့်ခယ်အား လိုက်လံ ဖမ်းဆီးခိုင်းခြင်း မဟုတ်ပေ။
သူမက ထိုကီးဘုတ်စစ်သည်အဖွဲ့၏ အွန်လိုင်းတွင် တင်ထားသည့် အခြားသော မှတ်ချက်အားလုံးကို ခြေရာခံရန် အတွက်ပါ အဆိုပါ အိုင်ဒီလိပ်စာများတွင် ဆော့ဝဲလ်ကို အသုံးပြုခဲ့သည်။
မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားတို့ကို ဖမ်းမိသောအခါတွင် ထိုကီးဘုတ်စစ်သည်တော်များသည် အွန်လိုင်းတွင် အတော်လေး အာချောင်ခဲ့ကြသည်။
၎င်းတို့က ထိုရာဇဝတ်ကောင် သုံးယောက်၏ ဆွေစဉ်မျိုးဆက် ဆယ့်ရှစ်ဆက်ကိုပင် ကျိန်ဆဲလိုက်သေးသည်။
ကျင့်ခယ်က အဆိုပါ ကီးဘုတ်စစ်သည်များကို ဖမ်းဆီးပြီးထောင်သို့ မပို့မီတွင် ပိုင်ချောင်းသည် သူမ ရိုက်ထားသည့် စခရင်ရှော့ များကို စုန့်ဟိုင်ထောင်ရှိ အကြီးအကဲများထံ ဦးစွာပေးပို့ခဲ့သည်။
အပိုင်း(၉၃၅) ပြီး၏