နောက်ကွယ်မှဘော့စ်အား ပညာပေးခြင်း
Vol. 63 Ch. 936
အဆိုပါ အိုင်ဒီလိပ်စာ အသုံးပြုသူများသည် အွန်လိုင်းတွင် ဆဲရေးကြိမ်းမောင်းသည့် မှတ်ချက်များစွာ ရေးသားခဲ့သည်ကို ပိုင်ချောင်းက တွေ့ရှိခဲ့သည်။
၎င်းတို့အားလုံးသည် အလုပ်အကိုင်များ မတူညီကြပေ။
အချို့မှာ နိုင်ငံဝန်ထမ်းများဖြစ်ပြီး အချို့မှာ သာမန်ရုံးဝန်ထမ်းများ ဖြစ်ကာ အချို့ကမူ ကျောင်းသားကျောင်းသူများ ဖြစ်သည်။
ပိုင်ချောင်းက ထိုအမျိုးသားများ၏ အတွင်းခံအရောင်မှ လွဲ၍ အသေးစိတ် အချက်အလက်အားလုံးကို တူဖော်ခဲ့သည်။
၎င်းတို့က အလုပ်အကိုင်၊ အသက်အရွယ်နှင့် အရည်အချင်းများ ကွဲပြားသော်လည်း ၎င်းတို့အားလုံးထံတွင် တူညီသောအရာတစ်ခု ရှိသည်။
ဆိုရလျှင် ၎င်းတို့အားလုံးသည် အရှုံးသမားများ ဖြစ်ကြသည်။
“ငါသူတို့နဲ့ ခဏ စကားပြောကြည့်မယ်.. သူတို့တွေက အမှားကို ဝန်မခံဘူး ဆိုရင်တော့ နင်သူတို့ဆီ တိုက်ရိုက်သွားပြီး ငါခိုင်းတဲ့အတိုင်း လုပ်လိုက်ပေါ့”
ပိုင်ချောင်းက ကျင့်ခယ်ကို လက်ညိုးညွှန်ပြ၍ ပြောလိုက်သည်။
“အင်းပါ”
ကျင့်ခယ်က ခေါင်းညိမ့်လိုက်သည်။
သူ၏မိန်းကလေးက ရက်စက်လွန်း၍ သူက ကူကယ်ရာမဲ့နေခဲ့သည်။
သူက သူမ ဆန္ဒအတိုင်းသာ လုပ်နိုင်ခဲ့၏။
ပထမဆုံးလူမှာ ပီဝမ်ပြည်နယ်မှ ဖြစ်သည်။
ပီဝမ်ပြည်နယ်သည် ဟွာရှို့၏ပြည်နယ်တစ်ခု ဖြစ်၏။
သို့သော် ပြည်မကြီး၏ တစ်ဖက်ခြမ်းတွင် တည်ရှိ၍ အနည်းငယ် ထူးခြားသည်။
ရှေးခေတ်ကတည်းကပင် ဟွာရှို့နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့၍ ဟွာရှို့နိုင်ငံနှင့် ခွဲခြား၍မရသော နယ်မြေတစ်ခုဖြစ်သည်။
အိုင်ဒီလိပ်စာ ကိုဩဒိနိတ်က သည်းထိတ်ရင်ဖို ဇာတ်လမ်းများကို အဓိကအားဖြင့် ဖန်တီးပြုလုပ်သည့် ပေးဆပ်ခြင်းဂိမ်းစတူဒီယိုဟု ခေါ်သော နေရာကို ညွှန်ပြနေသည်။
(Cultivation emulator)၏ ရေပမ်းစားမှုသည် ပေးဆပ်ခြင်းဂိမ်း စတူဒီယိုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။
ထို့ကြောင့် စတူဒီယို၏သူဌေးသည် ၎င်း၏ ဝန်ထမ်းအားလုံးကို အပျက်သဘောဆောင်သော မှတ်ချက်များပေးရန် စေခိုင်းခဲ့သည်။
လက်သည်တရားခံက စတူဒီယိုမှ သူဌေးဖြစ်ကြောင်း ပိုင်ချောင်းက တွေ့ရှိခဲ့သည်။
ပေးဆပ်ခြင်းဂိမ်းစတူဒီယို၏သူဌေး ဟွမ်ယိုလျန့်၊
ဟွာဝါဇာတိ အသက် ၄၃နှစ်
၎င်းက လွတ်မြောက်ခြင်းဂိမ်းဖန်တီးမှုတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
အိုင်ဒီလိပ်စာမှတဆင့် ပိုင်ချောင်းက သူဌေးဟွမ်ယိုလျန့် အွန်လိုင်းတွင် တင်ထားသည့် အခြားသော ဆဲရေးကြိမ်းမောင်းသည့် မှတ်ချက်များကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ဤလူက အကောင့်တုဖြင့် ဟွာရှို့၏ ခေါင်းဆောင်များကိုပင် စော်ကားခဲ့သည်။
မည်မျှပင် ရဲတင်းလိုက်ပါသနည်း။
ပိုင်ချောင်းက သည်းမခံနိုင်တော့ဘဲ သူဌေးဟွမ်ကို တိုက်ရိုက်စစ်ဆေးမေးမြန်းရန် အတွက် အတင်းအကျပ် ဖိအားပေးသော နည်းလမ်းကို ချက်ချင်းပင် အသုံးပြုခဲ့သည်။
...........................
ယနေ့တွင် သူဌေးဟွမ်သည် အလွန်ပင် စိတ်ဓာတ်ကျနေခဲ့သည်။
သူက (Cultivation emulator)ဂိမ်း၏ ကြီးမားသောအောင်မြင်မှုကို အသေအလဲ မနာလိုဖြစ်နေခဲ့သည်။
“ဒါက ဘာကြောင့်လဲ.. မဟုတ်ဘူး.. ငါညံ့လို့မဟုတ်ဘူး.. ဒါကကမ္ဘာကြီးရဲ့ အမှားကြောင့်ပဲ”
သူဌေးဟွမ်က အိမ်သာပေါ်တွင် ထိုင်နေရင်း အရာအားလုံးကိုကျိန်ဆဲရန် အတွက် သူ၏အခြား အကောင့်တစ်ခုထဲသို့ ဝင်လိုက်သည်။
သူက ပြည်တွင်းသတင်းများကို ဦးစွာဖတ်လိုက်သည်။
“ဘာလဲဟ.. ဟွာရှို့မှာနောက်ထပ် ဓားထိုးမှုတစ်ခု ဖြစ်တယ်ဆိုပါလား”
ထို့နောက်တွင် သူက ချက်ချင်းပင် မှတ်ချက်ပေးလိုက်သည်။
“အိမ်မှာနေရတာက တကယ်ပဲ မလုံခြုံတော့ဘူး.. နိုင်ငံခြားမှာနေရတာက ပိုတောင်ကောင်းသေးတယ်.. ငါ့လိုပဲ မြန်မြန် ပြောင်းရွှေ့ကြ.. နိုင်ငံခြားက လေထုက အရမ်းကို ကောင်းတယ်.. ငါတို့ရဲ့ တက်လမ်းတွေ ဘယ်တော့မှ မဝေဝါးတော့ဘူး.. ဒီမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်လည်းရှိတယ်.. လချင်းတူရင်တောင် ဒီနေရာကလက အရမ်းကို လုံးဝန်းတယ်”
ထို့နောက်တွင် သူက ဖျော်ဖြေရေးသတင်းများကို ဖတ်ရှုခဲ့သည်။
“ဘာလဲဟ.. ကွန်ကွန်က NBAသံတမန်တစ်ဦး ဖြစ်သွားတယ်ဆိုပါလား”
သူက ချက်ချင်းပင် မှတ်ချက်ဝင်ပေးလိုက်သည်။
“ဒီကွန်ကွန်က ငါ့မိသားစုရဲ့ ကွန်ကွန်ဖြစ်မယ်လို့ ထင်တယ်.. ငါတို့မိသားစုရဲ့ ကွန်ကွန်က အရမ်းမျိုးရိုး ကောင်းတယ်လေ.. သူက နိုင်ငံတကာမှာ နာမည်ကြီးတဲ့ မီရှို့နိုင်ငံရဲ့ အိမ်မွေးခွေးပဲ.. မင်းတို့ရဲ့ လမ်းဘေးခွေး မျိုးရိုးက ငါတို့ရဲ့ နိုင်ငံခြားခွေးမျိုးရိုးကို ဘယ်လိုလုပ်ပြီး ယှဉ်လို့ရမှာလဲ”
ထို့နောက်တွင် သူက ပြည်တွင်းရှိအိမ်ရာနှင့် ကုန်စည်ဈေးနှုန်းများအကြောင်း ဖတ်ရှုလိုက်သည်။
ထုံးစံအတိုင်း သူက မှတ်ချက်ဝင်ပေးလိုက်သည်။
“ဟေး.. ငါပြောတာ သေချာနားထောင်.. ပြည်တွင်းက အိမ်ရာနဲ့ကုန်စည်ဈေးတွေက အရမ်းကို ဈေးကြီးတာပဲ.. နိုင်ငံခြားမှာတောင် ပိုသက်သာသေးတယ်.. နိုင်ငံခြားမှာက အကုန်ဈေးပေါတယ်.. နိုင်ငံခြားမှာသာ အခြေချမယ်ဆိုရင် လုပ်ငန်းကြီးတွေအထိ ဆက်လက်ချဲ့ထွင်လို့ရမယ်.. မြန်မြန်လေးပဲ ရွှေ့လာလိုက်ကြတော့”
ထို့နောက်တွင် သူက လူနေမှုသတင်းများကို ဖတ်ရှု၍ မှတ်ချက်ပေးလိုက်သည်။
“ငါအရင်တစ်ခါကလည်း ပြောပြီးပြီ.. မုန့်အတုတွေ အများကြီး ပေါ်နေပြီဆိုတာ မင်းတို့မှ မယုံကြပဲ.. ထမင်းကိုတောင် ပလက်စတစ်နဲ့ ပြုလုပ်ထားကြတယ်.. ဟင်းချက်ဆီတွေကိုတောင် ပြန်ကြော်ဆီအဖြစ် အသုံးပြုနေကြတယ်.. ငါအဲဒါတွေကို ဘယ်တော့မှ မစားဘူး.. အာလူးကြော်၊ အစပ်ချောင်းနဲ့ ခေါက်ဆွဲကြွပ်ကြော်ထုပ်တွေမှာ ဒီလိုအမှိုက်ဆီတွေ ပါနေမယ်လို့ ဘယ်သူက သတိထားမိမှာလဲ.. အဲဒါကြောင့် ငါဘယ်တော့မှာ အဲဒီအစားစာတွေကို မထိဘူး”
ထိုစကားလုံးများကို ရိုက်ထည့်ပြီးနောက်တွင် သူဌေးဟွမ်ကရုတ်တရက် ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
သူက အိမ်သာပေါ်တွင်ထိုင်ရင်း အေးစက်စက် မျက်လုံးတစ်စုံ သူ့ကို အနောက်ကနေ စိုက်ကြည့်နေသလို ခံစားခဲ့ရသည်။
“ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ရုတ်တရက်ကြီး အေးစက်သွားသလို ခံစားနေရတာလဲ”
သူဌေးဟွမ်က နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ကြွေပြားနံရံကသာ ထင်ထင်ရှားရှား ရှိနေခဲ့သည်။
“ဟေ့.. စတူဒီယိုရဲ့ အိမ်သာခန်းထဲကနေ အာချောင်တာဘယ်လိုခံစားရလဲ.. သူဌေးဟွမ်ယိုလျန့်.. မင်းရဲ့အွန်လိုင်းမှတ်ချက်တွေက ချီးတွေပဲဆိုတာ မင်းသိလား.. မင်းကအလကားနေရင်း ဖင်ခေါင်းကျယ်နေတဲ့ပုံပဲ”
ပိုင်ချောင်းက သူဌေးဟွမ် သဘောပေါက်အောင် ဖေဖေဝမ်လေယူလေသိမ်းကို တမင် အသုံးပြု၍ ပြောလိုက်သည်။
ထိုခဏတွင် အိမ်သာထဲမှ သူ့အညစ်ကြေးများအားလုံးက ခြောက်သွေ့သွားသလို သူဌေးဟွမ် ခံစားလိုက်ရသည်။
သူ၏ဖုန်းတွင် ဗိုင်းရက်စ်ပိုး ရှိနေသကဲ့သို့ ချက်တင်ဝင်းဒိုးတစ်ခုက ရုတ်တရက်ပေါ်လာသည်။
ထို့နောက်တွင် တစ်စုံတစ်ယောက်သည် သူ့ကို ချက်တင်ခန်းထဲတွင် စတင် စစ်ဆေးတော့သည်။
“မင်းဘယ်သူလဲ”
သူဌေးဟွမ်က မက်ဆေ့ချ်တစ်စောင်ကို ခပ်သွက်သွက် ရိုက်ပို့လိုက်သည်။
“ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. မင်းရဲ့ စုတ်ပဲ့တဲ့မှတ်ချက်က ပိုအရေးကြီးတယ်.. မင်းဘာတွေမှားခဲ့လဲ မင်းသိလား.. မသိရင် မင်းရဲ့အမှားတွေကို နားလည်အောင် လုပ်ပေးဖို့ ငါ့မှာနည်းလမ်းပေါင်း တစ်ထောင် ရှိတယ်”
ပိုင်ချောင်းက ပြန်ဖြေလိုက်သည်။
“ကောင်မစုတ်လေး မင်း ပလက်ကျွတ်နေလား.. မင်း ဘယ်သူလဲ.. စခရင်နောက်မှာ ပုန်းနေပြီး ငါ့ကို လာဆဲဝံ့တာလား.. မင်းလိုလက်သီးပုန်းပဲ ထောင်ပြရဲတဲ့သူကို ငါလုံးဝမကြောက်ဘူး.. မင်းမှာ တကယ် အရည်အချင်းရှိရင် ငါနဲ့ တစ်ယောက်ချင်းဖိုက်ရအောင်.. မင်းလိုလူမျိုး ဆယ်ယောက် ဆိုရင်တောင် ငါကအေးဆေး ဖျက်ဆီးပစ်နိုင်တယ်”
“ဒါဆို နင်ငါ့ကို မတောင်းပန်ဘူးလား”
ပိုင်ချောင်းက နောက်ဆုံးအကြိမ် အတည်ပြုသည့်အနေဖြင့် မေးခွန်းထုတ်လိုက်သည်။
“ဘာကိုတောင်းပန်ရမှာလဲ.. မင်းရူးနေပြီလား”
သူဌေးဟွမ်က အလွန်ကို ခေါင်းမာသည်ဟု ဆိုရမည်။
သူက မတောင်းပန်သည့်အပြင် ပိုင်ချောင်းကိုပင် ပြန်အော်ငေါက်လိုက်သေးသည်။
စခရင် နောက်ကွယ်ကနေ သူ့ကိုလှမ်း၍ ကြိမ်းမောင်းနေသည့် စိတ်ဝင်စားဖွယ်ကောင်းသော ဟက်ကာတစ်ဦးကို သူပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ဤဟက်ကာ ကောင်မလေးက သူ၏ ဂုဏ်သိက္ခာကို အတုအယောင်ဟု ထင်နေပါသလော။
သူက အွန်လိုင်းတွင် မရေမတွက်နိုင်သည့် လူများကို ကျိန်ဆဲခဲ့၍ ဖေဖေဝမ်၏ နံပါတ်တစ် ရန်သူ ကီးဘုတ်စစ်သည်တော်ဟုပင် နာမည်ပြောင်ရခဲ့သည့် ဟွမ်ယိုလျန့် ဖြစ်သည်။
သူနှင့်ရန်ဖြစ်ခြင်းသည် ကိုယ့်အန္တရာယ် ကိုယ်ရှာသည်နှင့် ဆင်တူသည်။
သူဌေးဟွမ်ယိုလျန့်က တဟားဟား ရယ်မောလိုက်သည်။
သူက ဖုန်းစခရင်ကို ပိတ်လိုက်ပြီး တင်ပါးကို တစ်ရှူးဖြင့် သုပ်နေသည့် အချိန်တွင် သူ့ရှေ့မှ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက အစောပိုင်းတွင် အိမ်သာထဲ၌ ရှိနေခဲ့သော်လည်း ခေါင်းမော့လိုက်သည့် တစ်ခဏတွင် အကျဉ်းထောင် အဝင်ဝ၌ ရောက်ရှိနေခဲ့သည်။
“စုန့်ဟိုင်ထောင် ဆိုပါလား”
ဟွမ်ယိုလျန့်က ဆိုင်းဘုတ်ကို လှမ်းကြည့်ရင်း ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။
စုန့်ဟိုင်မြို့သည် သူဌေးဟွမ်၏ အိမ်နှင့် အလွန်ဝေးသည်။
သူက ဤနေရာသို့ မည်သို့ ရောက်လာပါသနည်း။
ဟွမ်ယိုလျန့်က အခြေအနေကို ကောင်းစွာ နားမလည်မီတွင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကလေးတစ်ဦးသည် ခံစားချက်မဲ့ ငါးမသာ မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။
ထိုကလေးငယ်မှာ ကျင့်ခယ်ပင် ဖြစ်သည်။
ထို့နောက် ဟွမ်ယိုလျန့် မျက်တောင်တစ်ချက် ခတ်လိုက်သော အချိန်မှာပင် ကျင့်ခယ်သည် ပျောက်ကွယ်သွားခဲ့သည်။
ထိုဖြစ်ရပ်အပြီး ဆယ်စက္ကန့်အတွင်းမှာပင် အင်မော်တယ်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဒါဇင်က ဓားပျံများကိုစီး၍ ကောင်းကင်မှ ဆင်းသက်လာကြ၏။
၎င်းတို့က ဥပဒေစိုးမိုးရေး လေဆာရောင်ခြည်များနှင့် စိတ်ငြိမ်စေသော လေဆာသေနတ်များကို ကိုင်ဆောင်ကာ ဟွမ်ယိုလျန့်ကို ဝိုင်းရံထားကြသည်။
ဟွမ်ယိုလျန့်က နောက်ထပ် တစ်ကြိမ် ကြောက်ရွံ့သွားခဲ့သည်။
၎င်းတို့က ကျင့်ကြံခြင်းရဲများ ဖြစ်နေသည်မှာ ထင်ရှားနေသည် မဟုတ်လော။
သူတို့ထဲမှ တစ်ယောက်က အသံချဲ့စက်ကို ထုတ်ကာ ဟွမ်ယိုလျန့်ကို လှမ်းအော်လိုက်သည်။
“ဟေ့လူ.. လိမ်လိမ်မာမာလေး လက်မြှောက်လိုက်ပါ.. မင်းကိုစုန့်ဟိုင်မြို့ရဲ့ ကျင့်ကြံခြင်းရဲတွေက ဝိုင်းထားပြီးပြီ”
“……..….”
သူဌေးဟွမ်ယိုလျန့်က ဘောင်းဘီပြန်ဝတ်ရန်ပင် အချိန်မရှိခဲ့ပေ။
သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် တုန်လှုပ်နေသော အမူအရာများ ဖြစ်ပေါ်လာသည်။
“ဘာလို့ ငါ့ကိုဖမ်းတာလဲ.. ငါဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ”
ခေါင်းဆောင်ဖြစ်ဟန်တူသူက အင်မော်တယ်ဓားပျံပေါ်မှ ခုန်ဆင်းကာ ဟွမ်ယိုလျန့်အား ပြောလိုက်သည်။
“ဟွမ်ယိုလျန့် အွန်လိုင်းလုံခြုံရေး စီမံခန့်ခွဲမှု ဥပဒေတွေကို မင်း ချိုးဖောက်ထားတယ်.. ဒီအတွက် မင်းကို ငါတို့ကျင့်ကြံခြင်းရဲတွေက ဖမ်းရခြင်းဖြစ်တယ်.. မင်းက အကောင့်ခွဲတွေကိုအသုံးပြုပြီး နိုင်ငံကို အသရေဖျက်နေတာကိုလည်း ငါတို့တွေ ရှာဖွေတွေ့ရှိထားတယ်”
ဟွမ်ယိုလျန့်က လက်မြှောက်ထားလိုက်သည်။
“မင်း.. မင်းတို့မှာ သက်သေရှိလို့လား”
“ဘာလဲ.. ငါတို့မှာ သက်သေမရှိဘူး ထင်နေတာလား”
ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
“မင်းသုံးတဲ့ တခြားအကောင့်တွေရဲ့ နာမည်တွေကို ပြောနိုင်တယ်ဆိုရင် မင်းယုံမလား”
“မင်းတို့ အခွင့်အာဏာကို ကျော်ပြီး မလုပ်သင့်ဘူး.. ငါက အဖမ်းခံရမယ်ဆိုရင်တောင် ပေါင်ဝမ်မှာပဲ ဖြစ်သင့်တယ်”
“မင်းမှားနေပြီ.. ပေါင်ဝမ်က စီရင်စုလေး တစ်ခုပဲ.. ငါတို့တွေက ပေဝမ်ပြည်နယ် အထိ အာဏာသက်ရောက်မှု ရှိတယ်”
ခေါင်းဆောင်က ရယ်မော၍ ပြောလိုက်သည်။
“မင်းထောင်ထဲကို ရောက်တာနဲ့ မိစ္ဆာအင်ပါယာ ရှေ့မှာ ပြစ်ဒဏ်အဖြစ် တောင်းပန်စာ အကြိမ်တစ်ထောင် အရင်ဦးဆုံး ရေးရလိမ့်မယ်”
“မိစ္ဆာအင်ပါယာ ဟုတ်လား”
ဟွမ်ယိုလျန့်က ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
“မင်းမိစ္ဆာအင်ပါယာကွာဖီကို မေ့သွားပြီလား.. သူအဖမ်းခံရတဲ့အချိန်က မီးနဲ့ဆော့ကစားတဲ့ ခွေးပေါက်လေးလို့ မင်းအာမချောင်ခဲ့ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”
“……….”
အပိုင်း(၉၃၆) ပြီး၏