ထောင်လေဒီသုံးပါး
Vol. 63 Ch. 937
ဟွမ်ယိုလျန့် နောက်ထပ် စောင့်မျှော်နေရမည့် အရာမှာ ထောင်တွင်းမှ မိစ္ဆာအင်ပါယာကွာဖီ၏ ထောင်စည်းကမ်း ဖြစ်သည်။
ယခုအခါ မာကျောက်တပ်ဖွဲ့သည် အပြစ်ဖြေခြင်း ပရောဂျက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။
သို့ဖြစ်၍ ၎င်းတို့၏ နောက်ဆုံးစီရင်ချက်များအား ရွှေ့ဆိုင်းထားခဲ့သည်။
မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရား တို့သည် ထောင်ထဲ၌ အချိန်အတော်ကြာနေခဲ့ရပြီးနောက်တွင် ထောင်ကို အိမ်ကဲ့သို့ ခံစားလာရသည်။
ထောင်ထဲမှ လူများသည် အရည်အချင်း တချို့ ရှိသည့်အပြင် စိတ်ဝင်စားဖို့လည်း ကောင်းကြသည် မဟုတ်လော။
သူတို့သုံးယောက်၏ နေ့စဉ်အလုပ်များမှာ ထောင်တွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို ပြုစုစောင့်ရှောက်ခြင်း နှင့် ဗိုလ်ချုပ်ပိုင် အလိုရှိသော ရာဇ၀တ်ကောင်များကို လျှို့ဝှက်စွာ ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးခြင်းတို့ ဖြစ်သည်။
ဆိုရလျှင် သူတို့သည် ဗိုလ်ချုပ်ပိုင် သတ်မှတ်ပေးသော မစ်ရှင်များကို လုပ်ဆောင်ရာကနေ ရမှတ်များကို ရရှိနိုင်၏။
၎င်းတို့တွင် ရမှတ် မည်မျှရှိသည်ကို အခြေခံ၍ ထောင်ဒဏ်ကို လျော့ချနိုင်မည် ဖြစ်သည်။
သိုမဟုတ်လျှင် ဤလူသုံးဦး၏ ပြစ်မှုများသည် ပြင်းထန်လွန်း၍ တစ်သက်တာလုံး ထောင်ထဲတွင်သာ ကုန်ဆုံးသွားဖွယ် ရှိသည်။
မိစ္ဆာအင်ပါယာ ကွာဖီသည် အခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူ တစ်ဦး ဖြစ်သည်။
ထောင်က သူ၏ အစားအသောက်ကို ဂရုတစိုက်ရှိ၍ ဤနေရာမှာ နေရသည်က သူ့ဘဝ တစ်လျှောက်လုံးတွင် အဆင်အပြေဆုံးဟုပင် ခံစားခဲ့ရသည်။
သူအလိုရှိသည့် တစ်ခုတည်းသောဆန္ဒမှာ ဗိုလ်ချုပ်ရီက ကတိကို ဖြည့်ဆည်းပေးပြီး သူ့ရည်းစားကို ရှာဖွေရန် အချိန်ဘီးကို အသုံးပြုပေးခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ရန် အချိန်ယူရဦးမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အတည်ပြုချက်ရယူသည့် လုပ်ငန်းစဉ်သည် အလွန်ကြာမြင့်သောကြောင့်ပင်။
ကွာဖီက စိတ်ရှည်ရန် လိုအပ်မှန်း နားလည်၍ အလျင်စလို မဖြစ်ခဲ့ပေ။
စုန့်ဟိုင်ထောင်တွင် သူ့ဘဝတစ်ခုလုံးသည် အတော်လေး အဆင်ပြေခဲ့သည်။
သူတို့သုံးယောက်သည် မိုးသောက်ယံတွင် ထ၍ နေဝင်ရီတရောတွင် အနားယူကြသည်။
သူတို့၏ သွေးကြောများကို ပိတ်ဆို့ထားဆဲ ဖြစ်သော်လည်းသူတို့သည် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုကျူးလွန်သူများကို ကိုင်တွယ်ဖြေရှင်းရန် ဗိုလ်ချုပ်ပိုင် ခိုင်းစေသမျှကို တာဝန်ယူနိုင်စွမ်း ရှိနေပါသေးသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကလည်း မစ်ရှင်တစ်ခုကို လုပ်ဆောင်ခဲ့ရသည်။
ပစ်မှတ်မှာ အနီရောင် မိုးကာအင်္ကျီကို ခြေထောက်အောက်ခြေထိ ဖုံးအုပ်၀တ်ဆင်ပြီး မိုးရာသီညတွင် မုဒိမ်းကျင့်သူ ဖြစ်သည်။
ထိုလူက မိုးရွာသောနေ့များတွင် မုဒိန်းကျင့်ရခြင်းကို နှစ်သက်သူ ဆိုလည်းမမှားပေ။
ဤလူသည် အလွန်လျင်မြန်ပြီး ရာသီဥတု၏ လွှမ်းမိုးမှုအောက်တွင် အခွင့်ကောင်းယူကာ ပြုမူလေ့ရှိ၏။
မိန်းကလေး တော်တော်များများသည် ထိုလူ၏ သားကောင် ဖြစ်ခဲ့ရသည်။
မာကျောက်တပ်ဖွဲ့မှ ကွာဖီတို့ သုံးယောက်သည် မိုးရွာသည့်ညတွင် မုဒိမ်းကျင့်သူကို တွေ့ရှိသည့်အခါ ဝိုင်းရံထားလိုက်ကြသည်။
“မင်း.. မင်းတို့ ဘယ်သူတွေလဲ ”
ဤအခြေအနေကို လုံးဝ မမျှော်လင့်ထားသောကြောင့် မုဒိန်းသမားက စကားပင် ထစ်ငေါ့သွားသည်။
------------------
လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ကွာဖီတို့သုံးယောက်သည် ဤကဲ့သို့ အမှိုက်အမျိုးအစား အများအပြားကို ဖမ်းခဲ့ရသည်။
ထိုအမှိုက်လို လူစားများသည် သူတို့၏ လက်ကို ညစ်ပတ်စေသော်လည်း သူတို့တွင် တခြား ရွေးချယ်စရာမရှိပေ။
အကြောင်းရင်းမှာ ထောင်သက်ကို လျော့ချရန် အတွက် လျောက်လှမ်းရမည့်လမ်းသည် သေချာပေါက် ရှည်လျားပြီး ခက်ခဲသောလမ်း ဖြစ်သည် မဟုတ်ပါလော။
….............
ဤနေ့တွင် ကွာဖီနှင့် ချန်ယွီ တို့သည် မိတ်ကပ်နည်းစနစ်များကို လေ့ကျင့်နေခဲ့ကြသည်။
မိစ္ဆာဓားနတ်ဘုရားက အိုင်ရှဲဒိုး မပါဘဲ မစ်ရှင်လုပ်လျှင် အားနည်းလေ့ ရှိသောကြောင့် ၎င်းတို့က မိစ္ဆာဓားနတ်ဘုရား၏ စွမ်းရည်ကို မြှင့်တင်ပေးရမည် မဟုတ်ပါလား။
ထောင်အုပ်လျန့်က သူတို့၏ လျှောက်လွှာကို အတည်ပြုပေးခဲ့ပြီးနောက်တွင် အလှကုန်မျိုးစုံ ပါသည့် အိတ်တစ်လုံးကို ပေးလိုက်သည်။
"အများကြီးပါလား"
ကွာဖီက အိတ်ကို ဖွင့်ကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
“ဒါတွေအားလုံးက လေဆိပ်မှာ ဖမ်းမိထားတဲ့ မှောင်ခိုပစ္စည်းတွေပဲ.. အဲဒီက ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တယောက်ကို အကူအညီ တောင်းပြီး ဂုန်းဆင်းလာတာပါ”
ထောင်အုပ်လျန့်က ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။
အကျဉ်းသားများသည်လည်း လူသားများဖြစ်ကြ၍ အပန်းဖြေစရာ တစ်ခုခုဖြင့် အချိန်ကို ဖြတ်သန်းရန် လိုအပ်သည် မဟုတ်လော။
ကွာဖီတို့ကလည်း အပန်းဖြေရန်အတွက် မိတ်ကပ်နည်းစနစ်ကို ကျင့်ခဲ့ကြသည်။
စုန့်ဟိုင်ထောင်က သူတို့သုံးယောက် လုပ်ဆောင်လိုသမျှကို ဘောင်မကျော်သ၍ ထောက်ပံ့ပေးခဲ့သည်။
ဤသည်မှာ အမျိုးသား သုံးယောက်နဲ့ ဖွဲ့စည်းထားသည့် မာကျောက်တပ်ဖွဲ့၏ ပထမဆုံးအကြိမ် မိတ်ကပ် လိမ်းကျင့်ခြင်း ဖြစ်၏။
"ဒါတွေကို ငါတို့ ဘယ်လိုသုံးရမလဲ"
ချန်ယွီက မေးလိုက်သည်။
ကွာဖီက အလှကုန်အချို့ကို ရွေးထုတ်လိုက်သည်။
သူက မိတ်ကပ် မလိမ်းဖူးသော်လည်း သူ့ရည်းစားကို စပွန်ဆာပေးဖူး၍ နှုတ်ခမ်းနီ၊ BB ခရင်မ်၊ အိုင်းခရင်ခ် တို့၏ ခြားနားချက်ကို ပြောနိုင်ပါသေးသည်။
သူက ပစ္စည်းများကို ကောက်ယူနေရင်း သူတို့သုံးယောက်တွင်သူတစ်ယောက်ထဲသာ ရည်းစားထားဖူးသည့် တစ်ဦးတည်းသောလူ ဖြစ်နေမလားဟု တွေးနေခဲ့သည်။
“ဒါက နှုတ်ခမ်းနီပဲ ငါ့ကောင်ချန်ယွီ.. ဒီလိုမျိုး နှုတ်ခမ်းမှာဆိုးရတယ်ကွ"
"ဒါနဲ့ ငါတို့ အိုင်းရှဲဒိုး လိမ်းဖို့လည်း လေ့ကျင့်သင့်တယ် ထင်တယ်"
“အမှန်ပေါ့ကွ.. ဒီကောင့်အတွက် ငါတို့ကြိုးစားပြီး လေ့ကျင့်ကြတာပေါ့"
ထို့နောက်တွင် သူတို့သည် မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာကို စိတ်ကြိုက် ခြယ်သကြတော့သည်။
မိစ္ဆာဓားနတ်ဘုရားကလည်း ၎င်းတို့ကို အနိုင်ကျင့်တိုင်း ခံရသည့် ချွေးမကဲ့သို့ အလိုရှိတိုင်း လုပ်ခွင့်ပေးခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် မိစ္ဆာဓားနတ်ဘုရားသည် နှုတ်ခမ်းနီ၊ ဆံပင်တု၊ အိုင်းရှဲဒိုး နှင့် ပါးနီ တို့ကို လိမ်းကျံ၍ ပြီးသွားခဲ့သည်။
"မဆိုးဘူးထင်တယ်"
ချန်ယွီက မှတ်ချက်ပေးလိုက်သည်။
"အင်း.. ဒီကောင်က (Jynx)နဲ့ တော်တော်ဆင်တာပဲ"
ကွာဖီက ခေါင်းညိတ်လိုက်သည်။
(Jynx=ပိုကီမွန်ထဲမှဇာတ်ကောင်)
သို့သော် အိုင်းရှဲဒိုးက ဘာအကျိုးသက်ရောက်မှုမှ မရှိမှန်း သိလိုက်ရသောအခါ သူတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
အိုင်းရှဲဒိုး ဆိုးလိုက်သည်နှင့် စရိုက်ပြောင်းလဲတတ်သော မိစ္ဆာဓားနတ်ဘုရားသည် ပင်ကိုစရိုက်များ မပြောင်းလဲခဲ့ပေ။
"ငါတို့မှားသွားတာများလား"
ချန်ယွီက အနည်းငယ် ခေါင်းကိုက်သွားခဲ့သည်။
“ဘယ်နယ်ပယ်မှာမဆို ပထမဆုံးခြေလှမ်းက အခက်ခဲဆုံးပဲ.. ငါတို့ဖြည်းဖြည်းချင်း သင်ယူကြတာပေါ့"
ထို့နောက်တွင် ကွာဖီသည် သူ့မျက်နှာကို ကိုယ်တိုင် လိမ်းကျံလိုက်သည်။
"ငါ့ရဲ့ပုံစံက ချစ်စရာကောင်းတယ်လို့ မထင်ဘူးလား"
“အင်း”
ချန်ယွီက ကွာဖီ၏ မျက်နှာကို ပိုမိုနီးကပ်စွာ စိုက်ကြည့်၍ ခေါင်းညိတ်လိုက်သည်။
"အဖိုးကြီးချန် ဝန်ခံလိုက်ပါ.. မင်းငါ့ကို သဘောကျနေတယ် မဟုတ်လား.. မင်းရဲ့နှလုံးခုန်သံကိုတောင် ငါကြားနေရတယ်"
ကွာဖီ၏နှုတ်ခမ်းတွင် ကော်ကျစ်သော အပြုံးတစ်ခု တွဲခိုနေ၏။
"နှလုံးခုန်သံလား"
ချန်ယွီက အနည်းငယ် အံ့ဩသွားခဲ့သည်။
ပြင်းထန်သော နှလုံးခုန်သံသည် လေထဲတွင် ပဲ့တင်ထပ်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ယင်းက သူ့ဆီမှ မဟုတ်သည်မှာတော့ သေချာသည်။
"ဒါဘယ်သူ့နှလုံးခုန်သံလဲ"
သူတို့ စိတ်ရှုပ်ထွေးနေချိန်မှာပင် အထူးအကျဉ်းခန်း၏ တံခါးက ပွင့်လာပြီး ဟွမ်ယိုလျန့်ကို ခေါ်ဆောင်လာသည့် ထောင်စောင့်က ဟွမ်ယိုလျန့်ကို အထဲသို့ တိုက်ရိုက် ကန်ထည့်လိုက်သည်။
"အိုး.. နောက်ထပ် အသစ်လေး တစ်ယောက်ပါလား"
ကွာဖီက အလွန်ပျော်နေသော်လည်း ထိုလူ၏ မျက်နှာကို မြင်လိုက်ရသောအခါတွင် မျက်နှာတစ်ခုလုံး ချက်ချင်း မှောင်မိုက်သွားခဲ့သည်။
ထိုအချိန်တွင် ဟွမ်ယိုလျန့်သည် မိစ္ဆာအင်ပါယာကွာဖီနှင့် အခြားသူများကို မြင်ရသောအခါ ကြောက်ရွံ့ထိတ်လန့်သွားပြီး ခြေထောက်များ ပျော့ခွေမတတ် ဖြစ်ကာ နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။
“မင်းတို့.. ငါနဲ့ဝေးဝေးနေကြ”
မိစ္ဆာအင်ပါယာ ကွာဖီ၊ အင်မော်တယ်စံအိမ်သခင် နှင့် မိစ္ဆာဓားနတ်ဘုရား၊
[သူတို့ ပြောတာတွေက အမှန်ပါလား]
ပို၍ ကြောက်စရာကောင်းသည်မှာ ဤလူသုံးယောက်သည် အချုပ်ခန်းတစ်ခုထဲတွင် ရှိနေခြင်းပင်။
ဟွမ်ယိုလျန့်၏ နှလုံးခုန်သံက အဆက်မပြတ် ဝုန်းဒိုင်းကြဲကာ ရင်ဘတ်အောင့်လုနီးပါး ဖြစ်သွားသည်။
သူက အွန်လိုင်းပေါ်တွင် တင်ခဲ့သော မဆင်မခြင် မှတ်ချက်များကို ယခုအခါမှ ခါးခါးသီးသီး နောင်တရမိသည်။
ကံမကောင်းစွာပဲ နောင်တအတွက် ဆေးမရှိသော ဤကမ္ဘာကြီးတွင်...
"မီးနဲ့ကစားတဲ့ ခွေးပေါက်လေးလို့ ငါအရှင်ကို ခေါ်တာ မင်းမဟုတ်လား"
ကွာဖီ၏ ပေါ့ပါးစွာ ပြောဆိုလိုက်သော လေသံသည် လေထဲတွင် ပျံ့နှံ့သွားသည်။
အသံက အရမ်းကြီး မကျယ်လောင်သော်လည်း ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းနေ၏။
သို့သော် သူ၏ စစ်ဆေးမေးမြန်းမှု မပြီးမီမှာပင် ဟွမ်ယိုလျန့်သည် မူးမေ့လဲနေပြီး ပါးစပ်တွင် အမြှုပ်ထွက်နေပြီ ဖြစ်သည်။
ချန်ယွီ "ငါတို့ သူ့ကို နှိုးလိုက်ရမလား"
ကွာဖီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ထားလိုက်ပါ.. ဒီနေ့ ငါတို့နဲ့ ကစားဖို့ စေလွှတ်ခံရတဲ့သူတွေအားလုံးက အွန်လိုင်းမှာ မသင့်လျော်တဲ့ မှတ်ချက်တွေ ပြုလုပ်ခဲ့ကြတဲ့သူတွေပဲ.. သူတို့ကို ကီးဘုတ်စစ်သည် လို့လည်း ခေါ်ကြတယ်”
သူစကားဆုံးသည်နှင့် တံခါးအပြင်ဘက်တွင် ထောင်စောင့်က လူတစ်သိုက်ကို ခေါ်လာပြန်သည်။
၎င်းတို့က ကျင့်ခယ် ဖမ်းမိခဲ့သည့် အွန်လိုင်းတွင် အာချောင်ခဲ့သော ကီးဘုတ်စစ်သည်များ ဖြစ်ကြသည်။
ယခုအခါတွင် ၎င်းတို့အားလုံးသည် အထူးအကျဉ်းခန်း၏ အပြင်ဘက်တွင် လက်ထိတ်ခတ်ထားလျက် ရှိနေကြသည်။
၎င်းတို့၏ အရေအတွက်ကြောင့် ချန်ယွီ အံ့သြသွားခဲ့သည်။
"လူတွေအများကြီးပါလား"
ဤလူများ အားလုံးသည် ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်ကာ ကြောက်လန့်တကြား အော်ဟစ်နေကြသည်။
လက်ရှိတွင် နှစ်ဆယ့်ခြောက်ယောက် ရှိနေပြီ ဖြစ်သော်လည်း အရေအတွက်က တိုးလာနေဆဲပင်။
အကျဥ်းသား အရေအတွက် များပြားလာ၍ ထောင်က အနည်းငယ် အသက်ဝင်လာသည်။
ဆယ့်ငါးမိနစ် မပြည့်ခင်မှာပင် အထူးအကျဉ်းခန်း တံခါးအပြင်ဘက်တွင် လူအရေအတွက် တစ်ရာကျော် တိုးလာသဖြင့် ရှည်လျားသော လူတန်းကြီးပင် ဖြစ်လာခဲ့၏။
ချန်ယွီ အလွန်ပင် အံ့သြတုန်လှုပ်သွားခဲ့သည်။
“ဒီမေဘေးအားလုံးက အင်တာနက်မှာ အာချောင်တဲ့ အဖွဲ့အစည်း တစ်ခုထဲကပဲ”
ကွာဖီက ဒေါသတကြီး ရေရွတ်လိုက်ပြီး အချုပ်ခန်းတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
သူ့ကိုမြင်လျှင် ကီးဘုတ်စစ်သည်တော်များ အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြပြီး ကရုဏာကို တောင်းခံခဲ့ကြသည်။
"အရှင်ကွာဖီ ကျနော်တို့ကို ချမ်းသာပေးပါ.. ကျနော်တို့ အားလုံး ဘုရင်ခံ ခိုင်းစေတဲ့အတိုင်း လုပ်ရတာပါ"
အပိုင်း(၉၃၇) ပြီး၏