အကျဥ်းချခံထားရသော အဖွဲ့ခေါင်းဆောင်များ
Vol. 63 Ch. 940
ဘုရင်ခံက သူ့လက်အောက်ရှိ အဖွဲ့ခေါင်းဆောင်များကို ၎င်းတို့၏ အကောင့်များသို့ ဝင်ရောက်ရန် အင်တာနက် ကဖေးများကို သတ်မှတ်ပေးထားသည်။
ကျီးကန်းစီရင်စု၏ အင်တာနက်ကဖေးသည် အလွန်ဝေးလံသောနေရာတွင် တည်ရှိသည်။
၎င်းသည် မဖွံ့ဖြိုးသေးသော အစိတ်အပိုင်းအချို့ ရှိသည့် ခရိုင်မြို့ငယ်လေး ဖြစ်ပြီး စိုက်ပျိုးရေးနှင့် တိရစ္ဆာန် မွေးမြူရေးကို အဓိက လုပ်ကိုင်သည့်မြို့ ဖြစ်သည်။
ထို့အပြင် နဂါးဝက်သားသည် ကျီးကန်းစီရင်စုမှ ဝက်သားအများစုကို တင်သွင်းထားခြင်း ဖြစ်၏။
ပြောရမည်ဆိုရလျှင် ဤကျီးကန်း စီရင်စုမှ တင်သွင်းသော နဂါးဝက်သားကြောင့် ကျိုက်ယန်သည် မတော်တဆ အဆိပ်ခတ်မိပြီး နိုင်ငံ တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ပါးထဲမှ ဥက္ကဌချီကိုပင် သတ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။
အင်တာနက်ကဖေး၏ တံခါးကို ဖွင့်လိုက်သောအခါ အားလုံး၏ မျက်လုံးသည် နူးညံ့ ချောမောသော မိန်းမပျိုလေးဆီသို့ ရောက်သွားကြသည်။
သူမက အလွန်အရပ်ရှည်ပြီး ဖြူဝင်းသော အသားအရေ ရှိ၏။
ခါးထိကျနေသော ဆံပင်ရှည်များလည်း ရှိသဖြင့် မြင်တွေ့ရသူများကို အချစ်ဦးဟုပင် ခံစားရစေသည်။
“ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ မိန်းကလေးလဲ”
"သူမက ငါတို့ ကျီးကန်းစီရင်စုက မဟုတ်လောက်ဘူး ထင်တယ်.. ဘာလို့လဲဆိုတော့ ကျီးကန်းစီရင်စုမှာ ချောမောလှပတဲ့ မိန်းကလေး အနည်းငယ်သာ ရှိလို့ပဲ”
“သူမက တခြားမြို့က ဖြစ်နိုင်တယ်.. ရိုးရိုးသားသားပြောရရင် တခြားမြို့က မိန်းကလေးတွေ အကုန်လုံးက ချောကြတယ်”
"အမှတ်ဘယ်လောက်ပေးချင်လဲ"
“ကိုးဆယ့်ငါး... ငါးမှတ်တော့ နုတ်မယ်.. ရင်သားအရွယ်အစား A ဆိုဒ်က အဆင်မပြေနေလို့ပဲ”
“….........”
….................
မိစ္ဆာဓားနတ်ဘုရား၏ အတိုအပြတ် ဝတ်စားထားသည့် ပုံစံကို လူတိုင်း မြင်တွေ့ခဲ့ကြသည်။
မိစ္ဆာဓားနတ်ဘုရားက အားလုံးကို သူ့အလှထဲတွင် နစ်မျောအောင် လုပ်နိုင်ခဲ့၍ မိစ္ဆာအင်ပါယာ ကွာဖီ နှင့် အင်မော်တယ်စံအိမ်သခင် ချန်ယွီ တို့၏ မိတ်ကပ်လက်ရာများက အတော်လေး ကောင်းမွန်နေသည်ဟု ဆိုရမည်။
အင်တာနက်ကဖေးတွင် ဘုရင်ခံ၏ သူလျှိုများ ရှိနေနိုင်သည်ဟု ယူဆ၍ ကွာဖီတို့က အတူတကွ လုပ်ပါသွားခြင်းမပြုဘဲ မိစ္ဆာဓားနတ်ဘုရား တစ်ဦးတည်းကိုသာ စေလွှတ်ခဲ့သည်။
သို့သော်လည်း ကွာဖီတို့သည် နက်ဝေါ့ခ်စင်တာ ကဲ့သို့ သတင်းမျှဝေသည့် နည်းစနစ်ကို အသုံးပြုခဲ့ကြသည်။
ဆိုလိုသည်မှာ သူတို့သုံးယောက်သည် သူတို့၏ အမြင်အာရုံနှင့် စိတ်အာရုံများကို မျှဝေခဲ့ကြ၏။
မိစ္ဆာဓားနတ်ဘုရား မြင်ရကြားရသမျှသည် တစ်ချိန်တည်းတွင် ကွာဖီ နှင့် ချန်ယွီတို့၏ စိတ်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဟွမ်ယိုလျန့်က သူအသုံးပြုသည့် အကောင့်အမည်နှင့် စကားဝှက်ကို ပေးထားသည်။
၎င်းက လျှို့ဝှက်(cloud drive)တွင် ရှိပြီး ဒေါင်းလုဒ်လုပ်ရန် လိုအပ်သည်။
ကံကောင်းထောက်မစွာပင် မိစ္ဆာဓားနတ်ဘုရားသည် လူ့အဖွဲ့အစည်းနှင့် သိပ်အဆက်မပြတ်ခဲ့ပေ။
သူ၏ ကွန်ပြူတာကျွမ်းကျင်မှုက အသစ်တစ်ယောက်လိုမဟုတ်ဘဲ အတော်လေး ကောင်းမွန်ပြည့်စုံသည်။
ပထမစာမျက်နှာ ငါးမျက်နှာသည် လျှို့ဝှက်လက်နက်များအတွက် အဆင့်မြှင့်တင်မှုရလဒ်များ ဖြစ်သည်။
ယင်း ရလဒ်များသည် မိစ္ဆာဓားနတ်ဘုရား၏ စိတ်ထဲတွင် အသစ်အဆန်းဖြစ်နေဆဲ ဖြစ်သည်။
"[ကြော်ငြာ] ဖူကျန့် စနစ်၊ သိဒ္ဓိဝင် နင်ဂျာ ကြယ်လက်နက်ပုန်းတစ်ခု အတွက် အင်မော်တယ်ရွှေ 998။
“[ကြော်ငြာ] ဖူကျန့်စနစ်၊ လျှို့ဝှက်အသတ်နုတ်လက်နက် အင်မော်တယ်ရွှေ 1500၊ ဝယ်ပြီး လက်ဆောင်သုံးမျိုး ရယူလိုက်ပါ။
“[ကြော်ငြာ] ဖူကျန့်စနစ်၊ လျှို့ဝှက်လက်နက်စတိုး၊ 6 HNY သုံးလျှင် နဂါးဓား သော့ချိတ် အဆင်တန်ဆာတစ်ခု ရလိမ့်မည်"
…...........
ထိုအချိန်တွင် ကွာဖီ၏အသံသည် ဦးခေါင်းအတွင်းရှိ မျှဝေထားသော စိတ်ပိုင်းဆိုင်ရာနေရာ၌ ထွက်ပေါ်လာသည်။
“မိစ္ဆာဓားနတ်ဘုရား.. သောက်ရေးမပါတာတွေ ကြည့်မနေနဲ့.. မစ်ရှင်က ငါတို့ရဲ့ ပထမ ဦးစားပေးပဲ”
“အေးပါ”
မိစ္ဆာဓားနတ်ဘုရားက အချိန်ဖြန်းမနေဘဲ သူ့အလုပ်သူဆက်လုပ်ခဲ့သည်။
အသုံးပြုသူအမည်၊ စကားဝှက်၊ အသံပြောင်းစက် အားလုံး အဆင်သင့် ဖြစ်ပြီ။
ထို့နောက်တွင် မိစ္ဆာဓားနတ်ဘုရားသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အကောင့်ထဲဝင်မည့် ခလုတ်ကို နှိပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့မှမြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
မိစ္ဆာဓားနတ်ဘုရား အနည်းငယ် စိတ်ရှုပ်သွားသည်။
သူက တခြားနေရာတစ်ခုသို့ ရောက်သွားလိမ့်မည်ဟု အနည်းငယ်မျှပင် မမျှော်လင့်ထားပေ။
ကံကောင်းထောက်မစွာပင် သူတို့သုံးယောက်က စိတ်ပိုင်းဆိုင်ရာချင်း ချိတ်ဆက်ထားသောကြောင့် မိစ္ဆာဓားနတ်ဘုရားက စိတ်ရှုပ်မခံခဲ့ရပေ။
"ဒါက နေရာလွတ် ကမ္ဘာတစ်ခု ဖြစ်နိုင်တယ်...အင်တာနက်ကဖေးမှာ နေရာလွတ်လမ်းကြောင်းတစ်ခု တည်ဆောက်ထားပုံပဲ.. ဒါကြောင့် လော့ဂ်အင် ဝင်လိုက်တာနဲ့ အဖွဲ့ခေါင်းဆောင်တွေကို နေရာလွတ်ကမ္ဘာကို ရောက်ရှိစေတာမျိုး ဖြစ်မယ်"
ကွာဖီ၏ ခွဲခြမ်းစိတ်ဖြာပြသော အသံသည် မိစ္ဆာဓားနတ်ဘုရား၏ ခေါင်းအတွင်းမှ ထွက်ပေါ်လာသည်။
သူက နတ်ဆိုးမျက်လုံးကို အသုံးပြု၍ သူ၏အမြင်အာရုံကို ကမ္ဘာအနှံ့ ဖြန့်ကျက်ရန် ကြိုးစားခဲ့ပြီး ကမ္ဘာတစ်ခုလုံး၏ မြင်ကွင်းကျယ်ကို ကွာဖီတို့နှင့် မျှဝေခဲ့သည်။
ဤနေရာလွတ်ကမ္ဘာငယ်လေးသည် သီးခြား နေရာလွတ် တစ်ခုတွင် တည်ရှိသည်။
၎င်းက ပင်လယ် ဝန်းရံနေသည့် ကျွန်းတစ်ကျွန်းနှင့် ဆင်တူသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကွာဖီတို့က စိတ်ထဲကနေ အံ့သြသွားခဲ့သည်။
“ဘုရင်ခံရဲ့နောက်ကွယ်မှာ အနန္တတန်ခိုးရှင် တစ်ယောက်က အကွက်ရွှေ့နေပုံပဲ.. ဘာလို့လဲဆိုတော့ ဘုရင်ခံက သူ့ရဲ့ခွန်အားနဲ့ သီးခြား နေရာလွတ် တစ်ခုကို ဖွင့်ဖို့ မဖြစ်နိုင်လို့ပဲ”
ကွာဖီက သုံးသပ် ပြောကြားခဲ့သည်။
စင်စစ် သူတို့သုံးယောက်လုံးသည် အတွေ့အကြုံ ကြွယ်ဝသောသူ ဖြစ်၏။
သူတို့၏ ခွန်အားကိုသာ စည်းတံဆိပ်ခတ်၍ ရမည် ဖြစ်သော်လည်း ပကတိအင်မော်တယ် အဆင့် တိုက်ပွဲဝင် ခွန်အားရှိသော ကျင့်ကြံသူများ အနေဖြင့် ၎င်းတို့၏ ကြွယ်ဝသော အသိပညာနှင့် အတွေ့အကြုံများကို စည်းတံဆိပ်ခတ်၍မရပေ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာလွတ် ဖန်တီးမှုစွမ်းရည်က မည်မျှ အစွမ်းထက်လဲ သူတို့ သိနိုင်သည်။
ဤသည်မှာ ဗိုလ်ချုပ်ပိုင်က သူတို့သုံးယောက် အတွက် ဤ “အပြစ်ဖြေခြင်းအစီအစဉ်”ကို အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်ခဲ့သော အဓိက အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်၏။
ကမ္ဘာပေါ်တွင် ပကတိအင်မော်တယ် အနည်းငယ်မျှသာ ရှိသည်။
ထို့ကြောင့် ၎င်းတို့ကို အသုံးချနိုင်လျှင် အလွန်အကျိုးများနိုင်သည် မဟုတ်ပါလား။
သူတို့ကို တိုက်ရိုက် ကွပ်မျက်ပစ်ခြင်းသည် အမှန်တကယ်တွင် ကြီးလေးသော ပြစ်ဒဏ် မဟုတ်သလို မည်သည့်အကျိုးအမြတ်မှလည်း မရှိချေ။
ဤကျွန်းမှ လူအများစု၏ ထူးခြားချက်မှာ ဖက်တီးများ ဖြစ်နေခြင်းပင်။
ထိုဖက်တီးများက မိစ္ဆာဓားနတ်ဘုရားကို စိုက်ကြည့်ရင်း ပြုံးပြလိုက်ကြသည်။
၎င်းတို့ စိုက်ကြည့်နေသည်ကို မြင်လျှင် မိစ္ဆာဓားနတ်ဘုရားက အနည်းငယ် ထိတ်လန့်သွားပြီး မေးခွန်းထုတ်လိုက်သည်။
“မင်း.. မင်းတို့က ဘယ်သူတွေလဲ”
သူ၏စကားသံကို ကြားလျှင် သူကိုယ်တိုင် အံ့အားသင့်သွားခဲ့သည်။
ယင်းက သူ့ပင်ကိုအသံ မဟုတ်ဘဲ အသံပြောင်းကိရိယာ၏ အကျိုးသက်ရောက်မှု ဖြစ်သည်မှာ အလွန်ထင်ရှား၏။
ကွာဖီနှင့် ချန်ယွီတို့ကလည်း ထိုအသံကို ကြားသောအခါ အံ့သြသွားကြသည်။
“ကြည့်ရတာ လုံးလုံးလှည့်စားတာ မဟုတ်ဘူးပဲ.. ဒီစက်က တကယ့် မိန်းကလေး အသံကို ပြောင်းလဲပေးနိုင်အောင် မှော်အတတ်ပါ အသုံးပြုထားပုံပဲ”
ကွာဖီက ရေရွတ်လိုက်သည်။
ဟွမ်ယိုလျန့် “…...........”
အသံပြောင်းစက်သည် ဆော့ဖ်ဝဲလ်သက်သက် မဟုတ်ဘဲ အထူးမှော်ပညာဖြင့် အဆင့်မြှင့်တင်ထားကြောင်း ကွာဖီက သုံးသပ်လိုက်သည်။
ဆော့ဖ်ဝဲလ်ကို စဖွင့်လိုက်သည်နှင့် အသံသည် အချိန်အတိုင်းအတာ တစ်ခုအထိ အထူးအသံ သက်ရောက်မှုရှိမည်ဖြစ်သည်။
ထိုအချိန်တွင် ကျွန်းပေါ်ရှိ ဖက်တီးများသည် ဖုတ်ကောင်များသဖွယ် မိစ္ဆာဓားနတ်ဘုရားကို ဝိုင်းရံထားလိုက်ကြသည်။
"ဘာလို့ ငါတို့ဆီ စောစော မလာခဲ့တာလဲ အချစ်လေး..
မင်းထွက်သွားလို့ မရတော့ဘူးနော်.. ဒါက အဖွဲ့ခေါင်းဆောင်တွေကို အကျဥ်းချထားတဲ့ ကျွန်းပဲ”
"လာပါ.. ပျော်ပါးလိုက်ရအောင်..ဘာပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီးရှိပါသေးတယ်”
“တကယ်ပဲ ဒီနေရာကို အမျိုးသမီး အဖွဲ့ခေါင်းဆောင် တစ်ယောက် ရောက်လာမယ်လို့ မထင်ခဲ့မိဘူး”
ဖက်တီးများက စကားပြောရင်း မိစ္ဆာဓားနတ်ဘုရား အနီးသို့ ချဥ်းကပ်သွားကြသည်။
ကွာဖီတို့ကို အံ့သြထိတ်လန့်စေသောအချက်မှာ ရွံရှာဖွယ်ကောင်းသော ဤဖက်တီး အားလုံးသည် အမျိုးသမီးအသံများကို ပြုပြင်မွမ်းမံထားခဲ့ခြင်းပင်။
သူတို့၏ သုံးသပ်မှုအရ ဘုရင်ခံလက်အောက်ရှိ အဖွဲ့ခေါင်းဆောင်များ ထဲတွင် အမျိုးသမီးစစ်စစ်များ မရှိခဲ့သည်မှာ ထင်ရှားနေ၏။
အပိုင်း(၉၄၀) ပြီး၏