ဝမ်လင်း၏အကူအညီ
Vol. 63 Ch. 944
ဤကိစ္စ၏နောက်ကွယ်မှ အစီအစဥ်ကို သူ၏ လက်ရှိနည်းလမ်းနှင့် စွမ်းရည်များဖြင့် ဖြေရှင်းနိုင်မည်ဟု ကျိုးရီ မထင်ခဲ့ပေ။
ဆိုရလျှင် သူတို့ လက်ရှိရင်ဆိုင်နေရသည့် ရန်သူသည် ဂြိုလ်သားများ ဖြစ်သည်။
ဂြိုလ်သားအားလုံးသည် (CJ7) လောက် ဖော်ရွေမည် မဟုတ်ပေ။
{CJ7=စတီဖင်ချောင်ဇာတ်ကားထဲမှ ဂြိုဟ်သားဇာတ်ကောင်}
ကျိုးရီက မိုဘိုင်းလ်ဖုန်းကို စိုက်ကြည့်ရင်း တွေးနေသည်ကို မြင်လိုက်လျှင် ထောင်အုပ်လျန့်က မနာလိုစိတ် အနည်းငယ် ခံစားလိုက်ရသည်။
"ဒါရိုက်တာကျိုး.. အတွင်းရေးမှူးစွန်းကို အကူအညီတောင်းမလို့လား"
ကျိုးရီက မှင်တက်သွားပြီးမှ“အင်း” ဟု ပြန်ဖြေလိုက်သည်။
ကျိုးရီ၏ ဆရာက အတွင်းရေးမှူး စွန်းတာခန်း ဖြစ်သည်ဟု ပြင်ပကမ္ဘာက ထင်မြင်ယူဆနေသော်လည်း တကယ်တမ်းတွင် အတွင်းရေးမှူးစွန်းသည် ကျိုးရီ၏ အထက်လူကြီးသာ ဖြစ်သည်။
သူတို့တွင် ဆရာနှင့် တပည့်ဆက်ဆံရေးမျိုး မရှိခဲ့ပေ။
ကျိုးရီသည် ကျောင်းပေါင်း100 အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည့်အချိန်ထိ ပြင်ပမှ ဝေဖန်မှုများသည် ရပ်တန့်သွားခြင်းမရှိခဲ့ချေ။
ထိုကဲ့သို့ လှောင်ပြောင်ကဲ့ရဲ့သူများတွင် မနာလိုသော လုပ်ဖော်ကိုင်ဖက်များ နှင့် အွန်လိုင်းမှ ကီးဘုတ်စစ်သည်များလည်း ပါဝင်ခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျိုးရီသည် ယခင်က အတော်လေး စိတ်ပျက်ခဲ့သော်လည်း ယခုအခါတွင် နေသားကျသွားခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ စိတ်ဓာတ်ကျနေချိန်တွင် သူ့ဆရာကို ဆက်သွယ်ရန် အကြောင်းပြချက်တစ်ခု ရရှိသည် မဟုတ်ပါလား။
ကျိုးရီက ဖုန်းခေါ်ခဲ့ပြီး အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း မည်သူမှ မကိုင်ခဲ့ပေ။
ထို့နောက် မက်ဆေ့ချ် တစ်စောင် ထပ်မံ ပေးပို့ခဲ့သော်လည်း အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက်တွင် အကြောင်းပြန်ခြင်း မရှိခဲ့ပေ။
သူ့ဆရာ အလုပ်ရှုပ်နေပါသလော။
ပုံမှန်အားဖြင့် သူ့ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် မက်ဆေ့ချ်များကို တုံ့ပြန်မှုမရှိလျှင် သူ့ဆရာသည် လက်ရှိတွင် အလုပ်များနေပြီး ဖုန်းနားပင် မကပ်နိုင်ဟု အဓိပ္ပါယ်ရ၏။
ဆိုရလျှင် အိမ်စာလုပ်ခြင်းသည် သူ့ဆရာအတွက် ဖုန်းကလိခြင်းထက် ပိုအရေးကြီးသည်။
ထို့အပြင် အိမ်စာလုပ်ခြင်းထက် အဆင့်များကို ချိန်ညှိရန် ပြန်လည် သုံးသပ်ခြင်းနှင့် သုတေသနလုပ်ခြင်းသည် ပိုအရေးကြီး၏။
ယင်းအပြင် သရေစာခေါက်ဆွဲခြောက်ကြော် စားသုံးခြင်းသည်လည်း အထက်ပါနှစ်ခုစလုံးထက် ပိုအရေးကြီးသည်။
ကျောင်းပြန်မဖွင့်ခင် တစ်လကျော် လိုပါသေးသည်။
သို့ရာတွင် သူ့ဆရာ၏ ပင်ကိုစရိုက်ကြောင့် ဤမျှစောစီးစွာ ပြင်ဆင်ထားရန်မှာ မဖြစ်နိုင်ဟု ပြော၍မရပေ။
စာမေးပွဲမဖြေမီ “အကြိတ်အနယ် လေ့ကျင့်ခြင်း” သည် မြင့်မားသောရမှတ်များကို ထိန်းချုပ်ရန်အတွက် သော့ချက် ဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူ့ဆရာအတွက် ယခုသူ့ခေါ်ဆိုမှုကို မဖြေကြားရသည့် အကြောင်းရင်းတစ်ခုခု ရှိလိမ့်မည်။
ထိုသို့တွေးမိပြီးနောက် ကျိုးရီက သူ့ဖုန်းကို ချက်ချင်း ချလိုက်၏။
သူက ဝမ်လင်းကို အနှောင့်အယှက် မပေးလိုတော့ပေ။
"ဘာဖြစ်လို့လဲ"
ကျိုးရီ၏ အမူအရာပြောင်းလဲသွားသည်ကို မြင်သောအခါ ထောင်အုပ်လျန့်က စပ်စုလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… အတွင်းရေးမှူးက အရေးကြီးကိစ္စ တစ်ခုနဲ့ အလုပ်ရှုပ်နေလို့ပါ.. ဒါကြောင့် ငါသူ့ကို အနှောင့်အယှက် မပေးတော့ဘူး"
ကျိုးရီက ပြောလိုက်သည်။
"အရေးကြီးကိစ္စလား"
ထောင်အုပ်လျန့်က သူ့ဘာသာသူ မှန်းဆပြီးနောက် မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာများ ပေါ်လာသည်။
"ဒါဆို အတွင်းရေးမှူးစွန်းက လက်တွဲဖော် ရှာနေတာပေါ့"
နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ဦးလုံးသည် လက်ရှိတွင် တစ်ကိုယ်တည်းသမားများ ဖြစ်နေကြောင်း လူတိုင်း သိကြသည်။
အဆုံးသတ်တွင် လူသားများသည် ပကတိအင်မော်တယ် နယ်ပယ်အဆင့်သို့ ရောက်သောအခါတွင် ပကတိအလိုဆန္ဒများကို လက်တွေ့ကျကျ လျစ်လျူရှုလာတတ်ကြသည်။
သို့သော်လည်း နောင်မျိုးဆက်များ၏ အကျိုးအတွက် ဗိုလ်ချုပ် ဆယ်ဦး၏ ဗီဇကောင်းများကို ချန်ထားရန် နိုင်ငံခေါင်းဆောင်သည် ၎င်းတို့ကို ဘလိုင်းဒိတ်များ စီစဉ်ပေးရင်း နှစ်ပေါင်းများစွာ အလုပ်များနေခဲ့သည်။
အခြေခံအားဖြင့် ဟွာရှို့၏ ရုံးတိုင်းသည် ထိုအချက်အပေါ် အလွန်ပင် ရှင်းလင်းသည်။
သူတို့ဌာနကို အလွန်တရာ ချောမောလှပသည့် မိန်းကလေးများ ရောက်လာလျှင် ဗိုလ်ချုပ်ဆယ်ပါး အတွက် နိုင်ငံခေါင်းဆောင်ထံ တိုက်ရိုက် ဖုန်းဆက်၍ အကြောင်းကြားရမည် ဖြစ်၏။
ကျိုးရီက အရေးကြီးသည့်ကိစ္စဟု ရုတ်တရက်ပြောလိုက်သောအခါ ထောင်အုပ်လျန့်၏ စိတ်ကူးစိတ်သန်းသည် ချက်ချင်းဆိုသလို ပေါက်ကရ တွေးမိခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် ဗိုလ်ချုပ်ဆယ်ပါးအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုက ဘလိုင်းဒိတ်သာ ဖြစ်သင့်သည် မဟုတ်ပါလော။
ကျိုးရီ “မဟုတ်ဘူး.. အဲဒါထက် အများကြီး ပိုအရေးကြီးတယ်.. ခေါက်ဆွဲခြောက်ကြော် စားရဖို့ထက် ဒီကမ္ဘာပေါ်မှာ ပိုအရေးကြီးတာ ဘာမှမရှိဘူး"
ကံမကောင်းစွာပဲ ထောင်အုပ်လျန့်သည် ကျိုးရီ ဆိုလိုချင်သောအဓိပ္ပါယ်ကို တလွဲကောက်လိုက်ပြန်သည်။
သူ့မျက်နှာတွင် အံ့သြနေသည့် အမူအရာတစ်ခု ရှိနေခဲ့၏။
"အတွင်းရေးမှူးက ခေါက်ဆွဲခြောက်ကြော်စားချင်တယ်ဆိုတော့ ကလေးမို့လို့လား"
“….........”
“ဒါမှမဟုတ် ငါတို့ရဲ့ အတွင်းရေးမှူးက ကိုယ်ဝန်ရှိလို့ ချဥ်ခြင်းတက်နေတာများလား”
“…..........”
[ကိုယ်ဝန်လား.. ဘယ်လိုလုပ်ပြီး အဲလောက်အထိ တွေးချလိုက်ရတာလဲ.. ဒီကမ္ဘာမှာ တခြားသူတွေကို ကိုယ်ဝန်ရစေနိုင်တဲ့ တစ်ဦးတည်းသော သူက အာဏာရှင်စုန့်ပဲ]
…...............
အခြားတစ်ဖက်တွင်လည်း ကျွန်းပေါ်တွင် မိစ္ဆာဓားနတ်ဘုရားသည် စစ်ဆေးမေးမြန်းမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
ယခုအခါတွင် သူစုဆောင်းဖို့ အချက်အလက် သိပ်မရှိတော့ပေ။
ဤနေရာရှိ လူအများစုသည် အတွေ့အကြုံများ ထပ်တူနီးပါး ကျနေခဲ့ကြသော်လည်း မိစ္ဆာဓားနတ်ဘုရားက ဇွဲမလျော့ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထံမှ အချက်အလက်များဖြင့်သာ နောက်ကွယ်မှလူ၏ တည်နေရာကို ဖယ်ထုတ်နိုင်မည် ဖြစ်သောကြောင့်ပင်။
ထိုအချိန်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် သူ့လက်ကို မြှောက်လိုက်၏။
“ဘုရင်ခံကို တွေ့ဖူးတယ်”
"သူက ဘယ်လိုပုံစံလဲ"
မိစ္ဆာဓားနတ်ဘုရားက ထိုလူကို သူ၏ဓားချီဖြင့် ရှေ့သို့ ဆွဲငင်၍ မေးလိုက်သည်။
"သူ့ရဲ့ ကြမ်းတမ်းတဲ့ ပုံသဏ္ဍာန်ကို ငါမြင်ဖူးပေမယ့် ဘုရင်ခံက ငါတို့လိုပဲ လူသားဖြစ်တယ်ဆိုတာ သေချာတယ်"
"လူသားလား"
မိစ္ဆာဓားနတ်ဘုရားက ဘုရင်ခံကို လူသားဟု မထင်ခဲ့ပေ။
ယခုလေးတင် တစ်ဖက်လူက ဂြိုလ်သားတစ်ဦးဖြစ်ပြီး လှည့်ကွက်အချို့ ရှိနေကြောင်း ၎င်းတို့က အတည်ပြုထားသောကြောင့် တစ်ဖက်လူက သူ့ကိုယ်သူ ဖုံးကွယ်ရန် အထူးနည်းလမ်းအချို့ကို အသုံးပြုထားခြင်းဖြစ်နိုင်ချေ ရှိနေသည်။
နတ်တာအိုကြယ် နှင့် ကမ္ဘာဂြိုဟ်တို့ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်တွင် ဂြိုလ်သားများအကြောင်း သတင်းအမြောက်အမြားကို နတ်တာအိုကြယ်သည် ကမ္ဘာမြေထံ တဖြည်းဖြည်း ပေးပို့လာခဲ့သည်။
ဂြိုလ်သားများသည် ပုံသဏ္ဍာန်မျိုးစုံနှင့် အရွယ်အစားမျိုးစုံ ရှိကြသည်။
၎င်းတို့က အသွင်အပြင်မျိုးစုံရှိပြီး အချို့ဆိုလျှင် အခုံးဂြိုဟ်ရှိ USB ကြိုး သဏ္ဍာန် ဂြိုလ်သားများကဲ့သို့ လူသားများနှင့် အလွန် ဆင်တူကြသည်။
တချို့ ဂြိုဟ်သားများသည် လူသားများနှင့် ဆင်တူသည့် “ယန္တရားစက်ရုပ်များ”ကို ဖန်တီးနိုင်ပြီး ၎င်းတို့နှင့် ချိတ်ဆက်နိုင်သည်။
၎င်းတို့က လူပုံပန်းသဏ္ဌာန်ရှိသော်လည်း"လူသားခန္ဓာကိုယ်"ကမူ ဂြိုလ်သားများ၏ တန်ဆာပလာ ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်သည်။
အဆင့်မြင့် ဂြိုလ်သားများ၏ အားသာချက်မှာ သတ္တဝါအားလုံးနှင့် ပေါင်းစည်းနိုင်မှုတွင် အားကောင်းသည်။
ထောင်ကား အတွင်းရှိ ကွာဖီနှင့် ချန်ယွီတို့တွင် တူညီသော အတွေးတစ်ခု ရှိခဲ့သည်။
ဤဘုရင်ခံသည် သူ့ကိုယ်သူ လူသားအဖြစ် အသွင်ယူရာတွင် အလွန်ထက်မြက်သောကြောင့် လူသားနှင့် လုံးဝမတူသော ဂြိုဟ်သားပုံစံ ဖြစ်နိုင်ချေရှိနိုင်ခြင်းပင်။
၎င်းကို "တမူထူးခြားသော မျိုးကွဲ"ဟု ကနဦး ယူဆနိုင်၏။
"တမူထူးခြားတဲ့ မျိုးကွဲ"
ကွာဖီက ဂြိုဟ်သားအကြောင်း တွေးနေမိသည်။
---------------------
တစ်ချိန်တည်းမှာပင် ကျွန်း၏ အခင်းအကျင်းကို "ဘုရင်ခံ"က မော်နီတာစခရင်သို့ လွှဲပြောင်းပေးခဲ့သည်။
ယခုအခါ သူတို့သည် ဤနေရာသို့ ခိုးဝင်လာသောလူကို လျှော့တွက်မိခဲ့ကြောင်း သဘောပေါက်ခဲ့သည်။
ဤနေရာကို ဦးနှောက်ဘုရင်က ဖန်တီးခဲ့ခြင်း ဖြစ်၏။
မှော်စွမ်းရည်များဖြင် ဖန်တီးထားသော ပုံမှန် နေရာလွတ်များနှင့် လုံးဝ မတူဘဲ ဒေတာပေါ်တွင် လုံးလုံးလျားလျား တည်ဆောက်ထားသော နေရာလွတ် ဖြစ်သည်။
ဒေတာ မပျက်စီးသရွေ့ ဤနေရာက ထာဝရတည်ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် ခိုးဝင်လာသူက သဲလွန်စများ တွေ့ခဲ့လျှင်ပင် ဘုရင်ခံက မစိုးရိမ်ခဲ့ပေ။
ရှင်းလင်းစွာဆိုရလျှင် ဒေတာဖြင့် တည်ဆောက်ထားသော ဤကျယ်ပြောလှသောနေရာကို သာမန်ကျင့်ကြံသူသည် ဖျက်ဆီးရန် မဖြစ်နိုင်ပေ။
"အချက်အလက်နှင့် ဒေတာကို ပေါင်းစပ်ဖန်တီးခြင်း" နှင့် "မှော်စွမ်းရည်"များသည် လုံးဝတူညီခြင်းမရှိဟု သတ်မှတ်နိုင်သည်။
ဤနေရာကို ဖျက်ဆီးရန် မှော်စွမ်းရည် သုံးခြင်းသည် လုံးဝကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။
တကယ်တမ်းတွင် မိစ္ဆာဓားနတ်ဘုရားသည် နေရာလွတ်တစ်ခုကို ဖြတ်ဖို့ ဓားချီကို အသုံးပြု၍ ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်လည်း သူ၏ အားကောင်းလှသည့် ဓားချီသည် ချက်ချင်း ဆိုသလို လုံးလုံးလျားလျား စုပ်ယူခံလိုက်ရသည်။
ရှင်းလင်းစွာဖော်ပြရလျှင် ဧရာမရေမြှုပ်က ရေကို စုပ်ယူသွားသလိုမျိုး ကောင်းကင်ထဲတွင် နစ်မြုပ် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။
“ဒီနေရာက ထူးဆန်းတယ်.. ငါအရှင် ကိုယ်တိုင်တောင် မဖြတ်နိုင်ဘူး”
မိစ္ဆာဓားနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်သည်။
မထင်မှတ်ဘဲ သူက ဤနေရာ၏ နေရာလွတ် ဖွဲ့စည်းပုံကို နားမလည်နိုင်ခဲ့ပေ။
"စိတ်မပူပါနဲ့ တစ်ခုခုတော့ တွေးကြည့်ကြတာပေါ့"
ထိုအချိန်တွင် ကွာဖီတို့လည်း ခေါင်းကိုက်လာသည်။
သူတို့ မာကျောက်တပ်ဖွဲ့က ဒုက္ခတွေ့နေပြီ ဖြစ်၏။
ရလဒ်အနေဖြင့် “ဘုရင်ခံ” ဟု အမည်ရသော ယန္တရား ရေဘဝဲသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။
"ကြည့်ရတာ ငါတို့ ဦးနှောက်ဘုရင် မျိုးနွယ်စုက ကမ္ဘာဂြိုဟ်က ကျင့်ကြံသူတွေရဲ့ အထက်မှာ ရပ်တည်နေပုံပဲ"
ယန္တရား ရေဘဝဲက ကမ္ဘာမြေပေါ်မှကျင့်ကြံသူများကို အထင်သေးစွာ ကဲ့ရဲ့လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်တစ်ဖက်သည် သူ့မျက်စိရှေ့ရှိ လေထဲတွင် ရုတ်တရက် ပေါ်လာသည်။
"ရန်သူတွေ အလစ်ဝင် တိုက်ခိုက်တာလား"
ယန္တရား ရေဘဝဲသည် အချိန်မီတုံ့ပြန်ရန် မြန်ဆန်စွာ အသင့်ပြင်ထားလိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် ထိုလက်သည် အခန်းထောင့်တစ်နေရာရှိ တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သည်။
ထိုအခါမှပင် ဘုရင်ခံသည် တစ်ဖက်လူ ဘာလုပ်မည်ကို သဘောပေါက်သွားခဲ့သည်။
သို့သော် အရမ်းနောက်ကျသွားချေပြီ။
"ခရက်"
ဘုရင်ခံ၏ အင်တာနက်အတွက် ဝိုင်ဖိုင်လှိုင်းများကို ထုတ်လွှတ်သည့် ဝိုင်ဖိုင်စက်သည် ဖုန်မှုန့်များလို ကြေမွသွားခဲ့သည်။
အပိုင်း(၉၄၄) ပြီး၏