← Chapters

အခန်း (၆၇၇)

Vol. 49 Ch. 677

အခန်း (၆၇၇)

Vol. 49 Ch. 677

Translator - Hsue Htet

နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ပြစ်မှားမိနိုင်သည်ဆိုလျှင်သော်မှ ဝမ်ဖုန်းသည် ဘုန်းတော်ကြီးကို သတ်ဖြတ်ရန် တုံ့ဆိုင်းမှုမရှိပါချေ။ ဘုန်းတော်ကြီးကဲ့သို့ ထိပ်တန်းပါရမီရှင်တစ်ဦးသည် အင်အားပြန်လည်ဖြည့်တင်းပြီးသည်နှင့် အစွမ်းကုန်ပြန်လည်တိုက်ခိုက်ပေလိမ့်မည်။ အဘယ်သို့များ ကျားကို တောင်ပေါ်သို့ ပြန်လွှတ်ပေးရပါအံ့နည်း။ ၎င်းမှာ ရူးနှမ်းလွန်းသည့်လုပ်ရပ်ပင် မဟုတ်ပါလော။

“ကြောက်တယ်? ရှင်တောင် မကြောက်တာ ကျွန်မက ဘာကိုကြောက်ရမှာလဲ”

ဝမ်ဖုန်း၏စကားကို ယင်ကော်သည် ကိုယ်ကိုမတ်မတ်ရပ်လျက် ဝံ့ကြွားစွာ တုံ့ပြန်သည်။ သို့သော် သူမ၏မျက်လုံးလေးများ၌ မိမိကိုယ်ကိုပြစ်တင်သည့် အငွေ့အသက်များ တောက်ပနေ၏။

ထိုအခါ ဝမ်ဖုန်း ပြုံးလိုက်ပြီး ဘုန်းတော်ကြီးသို့ လှည့်ကြည့်သည်။ ဝမ်ဖုန်း၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး အေး‌စက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များသာ ကျန်ရစ်ခဲ့တော့သည်။

“ငါနဲ့တွေ့ဆုံရတာ ကံဆိုးလွန်းတဲ့မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ”

ဘုန်း!

စကားဆုံးသည်နှင့် ဝမ်ဖုန်းသည် လက်သီးထိုးချက်ကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် လက်သီးထိုးချက်သည် ကောင်းကင်ကိုဆုတ်ဖြဲ၍ ဘုန်းတော်ကြီးအား ဦးခေါင်းမှ ထုချေပစ်လိုက်လေသည်။

“မလုပ်နဲ့!”

ဘုန်းတော်ကြီးထံမှ ကြောက်ရွံ့စိတ်ပျက်သော အော်ညည်းသံ ထွက်ပေါ်လာသည်။ ထို့နောက် ဘုန်းတော်ကြီး၏ခန္ဓာကိုယ်သည် ကွဲကြေသွားရပြီး မီးရှူးမီးပန်းများအလား ပေါက်ကွဲထွက်သွားခဲ့သည်။ အလင်းတန်းများသည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကြား ပျောက်ကွယ်သွားခဲ့ပြီး အရိုးအသားတစ်စတစ်လေပင် မကျန်ရစ်ခဲ့ချေ။

ယင်ကော် အံ့ဩမင်သက်သွား၏။

ဝမ်ဖုန်းသည် တကယ်ကြီး သတ်ရဲလိမ့်မည်ဟု သူမ,ထင်မထားခဲ့ပေ။ သို့ဖြင့် မျက်လုံးအစုံမှာ ကြောက်ရွံ့စိတ်များ ထင်ဟပ်လာကာ တစ်ကိုယ်လုံး အဆက်မပြတ်တုန်ယင်နေလျက်ဖြင့် မေးမြန်းလာခဲ့သည်။

“သူဘယ်သူလဲဆိုတာ သိလား”

“နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ သခင်လေးလေ၊ ဘာဖြစ်လို့လဲ”

ဝမ်ဖုန်းသည် ယင်ကော်ကို သင်္ကာမကင်းဖြင့် ပြန်လှည့်ကြည့်၏။

ဘာဖြစ်လို့လဲ? ?

ထိုစကားလုံးသုံးလုံးသည် ယင်ကော်၏နားစည်ထဲတွင် မှော်စွမ်းအင်အသံကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏သခင်လေး အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ၎င်းသည် ကမ္ဘာပြိုကျလုသောဖြစ်ရပ်ကြီးဖြစ်၏။ နတ်ဆိုးဗုဒ္ဓကျောင်းတော်တစ်ခုလုံးကို ကသောင်းကနင်းဖြစ်စေနိုင်စွမ်းသော ဖြစ်ရပ်ဖြစ်သည်။ ထိုသို့သော အင်အားစုကြီး၏ အမျက်‌ဒေါသဟူသည် လူတိုင်း ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါချေ။

“ပြီးသွားပြီ အကုန်အဆုံးသတ်သွားပြီ!”

ယင်ကော်သည် မြေပြင်သို့ထိုင်ချ၍ ပါးစပ်မှ ထိုသို့ အဆက်မပြတ်ရေရွတ်နေသည်။ သူမသည် ထိုဘုန်းတော်ကြီးကို အမှန်တကယ် မသတ်လိုခဲ့ပါ။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို အပြစ်ပြုခဲ့ပြီးနောက်၌ သူမအတွက် ပုန်းကွယ်ရာမြေဟူသည် ဤကမ္ဘာ၌ မရှိနိုင်တော့ပေ။

“ရှင်မြန်မြန် ထိပ်တန်းအင်အားစုတစ်ခုကိုရှာပြီး ဝင်လိုက်တော့။ ရှင့်ရဲ့အထုံပါရမီနဲ့ အင်အားနဲ့ဆိုရင် ဘယ်အင်အားစုမှ ငြင်းကြမှာ မဟုတ်ဘူး။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို အပြစ်လုပ်ခဲ့တယ်ဆိုရင်တောင်မှ ရှင့်ကို လက်ခံကြမှာပါ”

“မဟာနတ်ဘုရားမျိုးနွယ်စုကြီး၄ခုထဲကိုဝင်တာ အကောင်းဆုံးဖြစ်လိမ့်မယ်”

ခဏမျှ ကြောက်ရွံ့တုန်လှုပ်နေပြီးနောက်၌ ယင်ကော်သည် ဝမ်ဖုန်းကို ရုတ်တရက်ကြည့်လာခဲ့ပြီး စိုးရိမ်ပူပန်စွာဖြင့်ပြော၏။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ ကောင်းကင်နန်းတော်၈ခုသည် အားအနည်းဆုံးဖြစ်ပြီး မဟာနတ်ဘုရားမျိုးနွယ်စုကြီး၄ခုသည် အင်အားအကြီးဆုံးဖြစ်သည်။ မဟာနတ်ဘုရားမျိုးနွယ်စုကြီးတစ်ခုထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင် နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် မည်မျှအမျက်ဒေါသကြီးသည်ဖြစ်စေ ပြဿနာရှာဝံ့လိမ့်မည် မဟုတ်ပေ။

“မင်းကရော?”

ဝမ်ဖုန်း ပြုံးလိုက်ပြီး မေးမြန်လိုက်သည်။

“ရှင်ကျွန်မကို စိတ်ပူဖို့ မလိုပါဘူး။ ကျွန်မက လောကတစ်ခွင် လေလွင့်နေတဲ့သူ ဘယ်လိုဖြစ်ဖြစ် အကုန်အဆင်ပြေတယ်”

ယင်ကော်သည် ဝမ်ဖုန်းကို တွန်းထုတ်လိုက်ပြီး ဝမ်ဖုန်းကို အမြန်ထွက်သွားရန်ပြောသည်။

“ဟား ဟား!”

“မစိုးရိမ်ပါနဲ့။ နတ်ဆိုးဗုဒ္ဓကျောင်းတော်လေးပါပဲ။ ငါက အဆုံးမရှိအင်အားကြီးမားပါတယ်”

ဝမ်ဖုန်း ရယ်မောလျက် အဆုံးမဲ့ ဩဇာလွှမ်းမိုးနိုင်သောကိုယ်ဟန်ဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေသည်။ မူလက စိုးရိမ်ပူပန်နေခဲ့သော ယင်ကော်မှာ အံ့ဩသွား၏။

ဘယ်လိုလူမျိုးကများ အဲဒီလိုအထက်စီးဆန်တဲ့စကားကို ပြောဝံ့မတဲ့လဲ။

“ဒင် နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့သခင်လေးကို သတ်ဖြတ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၁ထရီလီယံ၊ ကံကောင်းမှုချီ ၁၀၀ဘီလီယံနဲ့ အ‌ဆင့်မြင့်ဧကရာဇ်နယ်ပယ် ကျပန်းဆသ့်ခေါ်ခွင့်၃ခုကို ရရှိပါတယ်”

ဝမ်ဖုန်း၏စိတ်ထဲ၌ စနစ်၏အေးစက်သောအသံ ထွက်ပေါ်လာသည်။ ဝမ်ဖုန်း မျက်လုံးအိမ်တို့မှေးကျုံ့သွားကာ တုန်လှုပ်နေသည့်ယင်ကော်ကို လျစ်လျူရှု၍ စနစ်ထဲသို့ အာရုံပြုလိုက်သည်။

ဝမ်ဖုန်း သတိလစ်မေ့မြောနေခဲ့ချိန်၌လည်း အရိုးစုကို သုတ်သင်ရှင်းလင်းပြီးနောက် စနစ်၏ဆုလာဘ်များ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဝမ်ဖုန်းသည် သတိလစ်မေ့မြောနေသောကြောင့် သတိပြန်ရပြီးမှသာ ပြန်လည်ဆက်သွယ်နိုင်ခဲ့သည်။ ဘုန်းတော်ကြီးနှင့် တိုက်ပွဲအတွင်း၌ အရိုးစုကို သုတ်သင်ပြီး ရရှိခဲ့သည့် စနစ်၏ဆုလာဘ်များကို ဝမ်ဖုန်း နားမလည်သေးပေ။

“ဒင်! အရိုးစုကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စနစ်အဆင့်တစ်ဆင့်နှင့် ဂိုဏ်းအဆင့်တစ်ဆင့် မြင့်တက်သွားခဲ့ပါပြီ။ ဂိုဏ်းအမှတ် ၅ထရီလီယံနှင့် ကံကောင်းမှုချီ ၃ထရီလီယံ ရရှိပါတယ်။ ဂိုဏ်းအဆင့်မြင့်တက်ပြီးနောက်မှာ အစောင့်‌အရှောက်သားရဲကို ဆင့်ခေါ်နိုင်ပါတယ်”

“ဒင်! ကောင်းကင်လက်ဝါးဖျက်ဆီးအရှင်သခင်၏ ပုံရိပ်ယောင်အတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၃ထရီလီယံ၊ ကံကောင်းမှုချီ ၁ထရီလီယံနှင့် ဂိုဏ်းတပည့်တစ်ဦးရရှိပါသည်။ ကျင့်ကြံမှုအခြေခံဟာ ခြွင်းချက်မရှိ နယ်ပယ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပါပြီ”

စနစ်၏ဆုလာဘ်များကို စစ်ဆေးကြည့်ပြီးနောက် ဝမ်ဖုန်း စိတ်လှုပ်ရှားလာခဲ့သည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို ‌ဆင့်ခေါ်ရန်အတွက် ကံကောင်းမှုချီ ၁ထရီလီယံကုန်ကျခဲ့ပြီး ကံကောင်းမှုချီ ၄ထရီလီယံကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့သည်။

ကောင်းလိုက်တဲ့ အကျိုးအမြတ်ပဲ!

အရိုးစုကို သုတ်သင်ရှင်းလင်းပြီးနောက်၌လည်း စနစ်အဆင့်နှင့် ဂိုဏ်းအဆင့်များသည် အဆင့်တစ်ဆင့် တိုးတက်ခဲ့သေးသည်။

ဤသည်မှာ စနစ်၏ဆုလာဘ်အဆင့် တိုက်ရိုက်မြင့်မားသွားခြင်းကို ဝမ်ဖုန်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်၏။ အတိတ်ကာလများ၌ စနစ်အဆင့်တိုးမြှင့်လိုလျှင် တာဝန်အချို့ သို့မဟုတ် အထူးတလည်ချမှတ်ထားသည့် တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့‌ရပေသည်။

“စနစ်အဆင့်နဲ့ ဂိုဏ်းအဆင့် တိုးမြှင့်ပြီးသွားတဲ့နောက်မှာ ဘာလုပ်ဆောင်ချက်တွေ ရှိမလဲ”

ဝမ်ဖုန်း စိတ်ထဲမှ မေးလိုက်သည်။

“ဒင်! စနစ်အဆင့်နှ့င် ဂိုဏ်းအဆင့်များ အဆင့် ၁၆သို့ တိုးမြှင့်သွားပါပြီ”

“စနစ်အဆင့်၁၆သို့ ရောက်ရှိပြီးနောက်မှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ကျပန်းဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ အခြေခံဧကရာဇ်နယ်ပယ် ကျပန်းဆင့်ခေါ်ခွင့် သုံးခုကို ပေါင်းစည်း၍ အဆင့်မြင့်ဧကရာဇ်နယ်ပယ် ကျပန်းဆင့်ခေါ်ခွင့် တစ်ခုနှင့် လဲလှယ်နိုင်ပါတယ်”

“အဆင့်မြင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျပန်းဆင့်ခေါ်ခွင့်သည် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်မှ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်အထိ ဆင့်ခေါ်နိုင်ပါတယ်”

“အဆင့်မြင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျပန်းဆင့်ခေါ်ခွင့် ၃ခုကိုပေါင်းစည်းခြင်းဖြင့် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ်”

စနစ်၏အသိပေးသံကြောင့် ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်နေတော့သည်။ ဤသို့တိုးတက်မှုနှုန်းဖြင့် သူ၏အဆုံးမရှိအင်အားကြီးမားပါတယ်ဟူသော စကားသည် ချဲ့ကားပြောဆိုသောစကားများ မဟုတ်နိုင်တော့ပေ။

နတ်ဆိုးဗုဒ္ဓကျောင်းတော်ဟူသည် အဘယ်သို့သော ကောင်းကင်နန်းတော်ဖြစ်နိုင်မည်နည်း။ မိမိဘက်မှ အပြစ်ပြုလျှင် သူတို့ဘက်မှလည်း ပြန်လည်တုံ့ပြန်လိမ့်မည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းချုပ် မိမိသည် အဘယ်ကို ကြောက်ရွံ့နေရပါအံ့နည်း။

“စနစ် ဂိုဏ်းအဆင့်မြင့်တက်သွားပြီးတဲ့ လုပ်ဆောင်ချက်တွေကရော”

စိတ်လှုပ်ရှားမှုကိုထိန်းချုပ်၍ ဝမ်ဖုန်း ဆက်လက်မေးမြန်းသည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ စတင်ရောက်လာခဲ့ချိန်၌ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် ဤနယ်ပယ်တွင် အဆင့်မမီနိုင်မည်ကို ဝမ်ဖုန်း စိုးရိမ်နေခဲ့သည်။ ယခု၌ စနစ်အဆင့်တိုးမြင့်သွားခဲ့သောကြောင့် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည်လည်း တစ်ဟုန်ထိုးတိုးတက်သွားပြန်သည်။

“ဒင်! ဂိုဏ်းအဆင့်၁၆သို့ တိုးမြင့်သွားခဲ့ပါပြီ။ ဂိုဏ်းတပည့်‌တွေဟာ လျှို့ဝှက်ဝိဥာဥ်သန့်စင်ဂူကို ကြုံတွေ့နိုင်မှာဖြစ်ပါတယ်”

“လျှို့ဝှက်ဝိဉာဉ်သန့်စင်ဂူဟာ ဂိုဏ်းတပည့်များ၏ တိုက်ခိုက်မှုစွမ်းရည်၊ စိတ်နှလုံးနှင့် စိတ်ဆန္ဒတို့ကို ထက်ရှအောင် သွေးပေးနိုင်တဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာဝန်းထဲမှာ အလိုအလျောက် ‌နေရာချထားပေးပြီးဖြစ်ပါတယ်”

“ အစောင့်အရှောက်သားရဲ၄ ဆင့်ခေါ်ခွင့်ကိုလည်း ဆုလာဘ်ရရှိထားပါတယ်”

“မှတ်ချက်: အစောင့်အရှောက်သားရဲ၄သည် အစောင့်အရှောက်သားရဲ၃ထက် ပို၍အဆင့်မြင့်မားပြီး အစောင့်အရှောက်သားရဲ စည်းမျဉ်းများနှင့် ကန့်သတ်မှုထားရှိပါသည်။ ထို့ကြောင့် အစောင့်အရှောက်သားရဲ၃ ယင်လုံသားရဲသည်လည်း အဆင့်မြင့်တက်ပါသည်”

“ကမ္ဘာဝန်း၏ အကျယ်အဝန်းသည် ပိုမိုကျယ်ပြန့်သွားပြီး ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏စွမ်းအင်များသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မြင့်တက်သွားပါပြီ။ စည်းမျဉ်းနိယာမ ဆင့်ကဲတိုးတက်ခြင်းသည်လည်း ပိုမိုပြီးပြည့်စုံလာခဲ့ပါပြီ”

စနစ်၏အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မသိမသာ ခေါင်းညိတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဆုလာဘ်သည် အဆင့်တစ်ဆင့်မြင့်တက်တိုင်းတွင် အစောင့်အရှောက်ဆင့်ခေါ်ရန် မဟုတ်ခဲ့ပေ။ အစောင့်အရှောက်သားရဲနှင့် နှိုင်းယှဉ်လိုက်ပါက အစောင့်အရှောက်သည် ပို၍အင်အားကြီးမားပြီး ပို၍အသုံးဝင်ပေသည်။

သို့သော် ထိုမျှဖြင့် ဝမ်ဖုန်း စိတ်ကျေနပ်ပါ၏။ ဤတိုးတက်မှုသည်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို ပမာဏများစွာ တိုးတက်စေခဲ့ပေသည်။

All Chapters