အခန်း (၆၇၈)
Vol. 49 Ch. 678
Translator - Hsue Htet
“စနစ် အဆင့်မြင့်ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျပန်းဆင့်ခေါ်ခွင့်၃ခုပေါင်းစည်းပြီး ဆင့်ခေါ်မယ်”
ဝမ်ဖုန်း၏မျက်လုံးအစုံမှာ အလင်းတောက်ပနေလျက် စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ဒင်! နတ်ဆိုးကျုံးလုံကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်”
“အမည် - ကျုံးလုံ”
ဂုဏ်ပုဒ် - နတ်ဆိုး
ကျင့်ကြံဆင့် - ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်
ဧကရာဇ်ကျင့်စဥ် - နတ်ဆိုးကျင့်စဉ်
ဧကရာဇ်ကျင့်စဉ်၏ လျှို့ဝှက်စွမ်းရည်များ - နတ်ဆိုးတစ်သောင်းအား ဖြိုခွဲခြင်း၊ ဝိဉာဉ်နှင့်နတ်ဆိုး ပေါင်းစည်းခြင်း၊ နတ်ဆိုးကျင့်စဉ်နှလုံးသွင်းခြင်း။
မှော်စွမ်းအင် - ကောင်းကင်ဖြိုခွင်းနတ်ဆိုး
လက်နက် - သွေးမီးလျံလှိုင်းဂယက်ဓား”
ဝမ်ဖုန်း၏အမေးစကားအဆုံး၌ စနစ်၏အေးစက်သော အချက်ပေးသံ ထွက်ပေါ်လာခဲ့သောကြောင့် ဝမ်ဖုန်း တစ်ကိုယ်လုံးတုန်ယင်သွား၏။
ဓားနတ်ဘုရားလောက၏ အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ေသာ နတ်ဆိုးကျုံးလုံသည် နတ်ဆိုးကမ္ဘာ၏ကြီးမြတ်သောစွမ်းအင်ကို ပိုင်ဆိုင်သည်။ ခြောက်လောက၌ ဂုဏ်သရေအဆင့်အတန်းမြင့်မားသူဖြစ်ပြီး အလွန်တရာ အင်အားကြီးမားသူဖြစ်၏။
“ဒင်! ဧကရာဇ်ဘိုးဘေးနယ်ပယ်အဆင့်ကျင့်ကြံသူ နတ်ဆိုးကျုံးလုံကို ဆင့်ခေါ်ခဲ့တာကြောင့် ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်၁ လီပိုင်သည် ကောင်းကင်ဘုံဧကရာဇ်အဆင့်ကို အလိုအလျောက် တက်လှမ်းသွားပါပြီ”
“ဂိုဏ်းအစောင့်အရှောက်၂ ရှီကန်တန့်သည် သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားပြီး ဂိုဏ်းအစောင့်အရှောက်၃ ကျန်းဇီရာသည် နက္ခတ်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ အလိုအလျောက် တက်လှမ်းသွားပါပြီ”
“ဂိုဏ်းအစောင့်အရှောက်သားရဲ၁ အမြီးကိုးချောင်းမြေခွေးသည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားပြီး ဂိုဏ်းအစောင့်အရှောက်သားရဲ၂ အမှောင်လောကတောက်တျဲသည် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်သို့ တက်လှမ်းသွားကာ ဂိုဏ်းအစောင့်အရှောက်သားရဲ၃ ချန်းဟွေ့ယင်လုံသည် သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ အလိုအလျောက် တက်လှမ်းသွားပါပြီ”
စနစ်၏အချက်ပေးသံ နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ဤတိုးတက်မှုလှိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို တစ်ဟုန်ထိုးတိုးတက်သွားစေခဲ့သည်။ ဤအင်အားအရ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူမှာ အနည်းငယ်သာ ရှိနိုင်လောက်၏။ ဤဂိုဏ်းအစောင့်အေရှာက်များ၏အင်အားဖြင့် ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်၏ အင်အားကြီးကျင့်ကြံသူများစွာနှင့်လည်း ယှဉ်တိုက်ရဲပေသည်။
“စနစ် အစောင့်အရှောက်သားရဲကို ဆင့်ခေါ်မယ်”
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ ဝမ်ဖုန်းပြောလိုက်သည်။
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအား ကာကွယ်ရန် ဂိုဏ်းအစောင့်အရှောက်သားရဲ ထျန်းယန်ရွှေကျီးကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ရှေးဟောင်းနတ်သားရဲ ထျန်းယန်ရွှေကျီးသည် နေမင်းမှ မွေးဖွားလာခဲ့ပြီး နေ၏စွမ်းအင်၊ နွေ၏စစ်မှန်သောမီးလျံတို့ကို ပိုင်ဆိုင်သည်”
“လျှို့ဝှက်ဆန်းကြယ်နယ်ပယ် - ကောင်းကင်မီးလျံသည် ကမ္ဘာလောကကိုဖျက်ဆီး၏ (ထိန်းချုပ်မှုကင်းမဲ့သော တိုက်ခိုက်မှု၊ ကမ္ဘာလောက၏အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်)”
“လက်ရှိကျင့်ကြံဆင့် - မူလဧကရာဇ်အထွတ်အထိပ်အဆင့်၊ အင်အားသည် လောင်ထျန်းဧကရာဇ်အဆင့်နှင့် ယှဉ်နိုင်သည်”
အဆက်မပြတ်ထွက်ပေါ်လာနေသော စနစ်၏အချက်ပေးသံသည် ဝမ်ဖုန်းကို စိတ်ပျော်မြူးစေ၏။ ရှန်ရှန့်ကျုံဂိုဏ်း၏လက်ရှိအင်အားသည် ကြီးမြတ်သောအင်အားစုကြီးများနှင့် အလွန်ဝေးကွာဆဲဖြစ်နိုင်သည့်တိုင် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအား ဤအခြေအနေထိ ရောက်ရှိသည့်တိုင် အချိန်ကြာမြင့်စွာ ကြိုးစားထိန်းသိမ်းလာခဲ့ရသည် မဟုတ်ပါလော။
တစ်နေ့နေ့တွင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ကမ္ဘာလောက၏ အင်အားစုကြီးများအားလုံးကို ကျော်လွန်သွားနိုင်ပေလိမ့်မည်။
“စနစ် ဂိုဏ်းအမှတ်၈ထရီလီယံကို ထီလက်မှတ်နဲ့ လဲလှယ်မယ်။ ရတဲ့ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို မျှဝေပေးမယ်”
ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွားလျက် တီးတိုးရေရွတ်လိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်သို့ မတက်လှမ်းရသေးသူများစွာ ရှိနေသေး၏။ ဤပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံဆင့်မရှိလျှင် လှုပ်ရှားနိုင်စွမ်းမရှိနိုင်မည်ကို စိုးရိမ်ရသည်မဟုတ်ပါလော။
“ဒင်! နတ်ဆိုးကျုံးလုံရဲ့ ကျင့်ကြံမှုအခြေခံ ၅ပုံ၁ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်!...”
'ဒင်! ဂိုဏ်းအမှတ်၈ထရီလီယံကို ထီလက်မှတ်များနှင့် လဲလှယ်ပြီးပါပြီ။ စနစ်အဆင့်တိုးမြင့်သွားသောကြောင့် ထီလက်မှတ်၏အကျိုးသက်ရောက်မှုသည် နှစ်ဆမြင့်မားသွားခဲ့ပါသည်”
“ဒင်! ကျင့်ကြံမှုအခြေခံများကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ဝေမျှခဲ့ပြီးပါပြီ။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်သို့ တက်လှမ်းသွားကြပါပြီ”
စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အခြေခံအင်အားစုများထဲ အင်အားအကြီးမားဆုံးဖြစ်နိုင်ပေသည်။ သို့သော် အင်အားကြီးအင်အားစုကြီးများ၏ ရှေ့မှောက်၌မူ လုံလောက်သည့်အင်အား မဟုတ်သေးပေ…။
ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်လေးကို သတ်ဖြတ်သည့်နေရာသည် ထာဝရညဉ့်ယံတောအုပ်ထဲတွင်ဖြစ်၍ တော်သေးသည်။ အခင်းဖြစ်ေနရာမှာ ထာဝရညဉ့်ယံတောအုပ်အတွင်းဖြစ်ရာ နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်ဦးမည် မဟုတ်ပေ။ မိမိကိုယ်ကိုယ်နှင့် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို တိုးတက်အောင်လုပ်ဆောင်ရန် အချိန်ရသေးပေသည်။
သေချာပေါက်ပင် ရွှမ်းယွမ်သခင်လေးကို ရှေ့ထုတ်ပြသည့်နည်းလမ်းလည်း ရှိသေးပါ၏။ ရွှမ်းယွမ်သခင်လေးကို ရှေ့ထုတ်ပြလိုက်လျှင် နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် မဆင်မခြင် လှုပ်ရှားဝံ့မည်မဟုတ်ပေ။ သို့သော် တပည့်ဖြစ်သူ၏အင်အားအပေါ် မှီခိုခြင်းသည် သူ့အတွက်မူ အနည်းငယ် အရှက်ရဖွယ်ဖြစ်လေသည်။
ထို့ပြင် မိမိ၏ကိုယ်ပိုင်စွမ်းအင်သည် မလုံလောက်ရာ ရွှမ်းယွမ်သည် ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏ သခင်ငယ်လေးဖြစ်လျှင်သော်မှ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုသည် ရှန်ရှန့်ကျုံဂိုဏ်းကို ကာကွယ်ရန်အတွက် အင်အားအများအပြား ထုတ်သုံးလိမ့်မည် မဟုတ်ချေ။
ကျင့်ကြံရေးလောက၌ အင်အားသည်သာ အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်၏။
နတ်ဆိုးကျုံးလုံကို ဆင့်ခေါ်ပြီးနောက် ဝမ်ဖုန်း ဆင့်ခေါ်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် အံ့ဩမင်သက်နေသည့် ယင်ကော်သို့လှည့်၍ ရယ်မောလျက်ပြောလိုက်သည်။
“ထာဝရညဉ့်ယံမြို့ရဲ့အခြေအနေက ဘယ်လိုရှိလဲ”
ဝမ်ဖုန်း၏အသံကြားမှ ယင်ကော်သည် အသိစိတ်ပြန်ကပ်သွားခဲ့ပြီး ဝမ်ဖုန်းကို လေးလေးနက်နက်ကြည့်လျက် ရေရွတ်ပြောဆိုသည်။
“ထာဝရညဉ့်ယံမြို့က ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ အရှုပ်ထွေးဆုံးနေရာပဲ။ ဒီမြို့မှာဆိုရင် အင်အားအကြီးမားဆုံးဆိုတဲ့ အင်အားစုကြီးတွေတောင်မှ အရာအားလုံးကို အလွယ်တကူ လက်လှမ်းမမီနိုင်ဘူး”
“အို?”
ယင်ကော်၏စကားကြောင့် ဝမ်ဖုန်း၏မျက်လုံးများ အရောင်တောက်ပသွားပြီး အံ့အားသင့်သည့်အငွေ့အသက်လည်း မျက်နှာထက်တွင် ဖြတ်သန်းသွားခဲ့သည်။
အရှုပ်ထွေးဆုံးသောမြို့တဲ့။ ဒါက ရှန်ရှန့်ကျုံကို တိုးတက်စေဖို့ အခွင့်အရေးပေးထားတာပဲ မဟုတ်ဘူးလား။
ဝမ်ဖုန်းသည် အင်အားစုကြီးများ၏ ထိန်းချုပ်ခံထားရသော နေရာများကို မနှစ်သက်ပေ။ ယခု၌ ရှန်ရှန့်ကျုံဂိုဏ်းသည် အင်အားမလုံလောက်သေးလေရာ ထိုသို့ထိန်းချုပ်ကြီးစိုးခံ နေရာများ၌ သူ၏ခြေတံ၊လက်တံတို့ကို အပြည့်အဝ ဖြန့်ကျက် မလှုပ်ရှားနိုင်ပေ။ သို့ဖြစ်လျှင် ရှန်ရှန့်ကျုံဂိုဏ်းအတွက် ပြဿနာကြီးဖြစ်တော့သည်။
သို့သော် ရှုပ်ထွေးနေသောနေရာဒေသများ၌မူ ကိစ္စများမှာ ကွာခြားသွား၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် ဝမ်ဖုန်းစိတ်ရှိသလို တိုးတက်လာနိုင်ပေသည်။
“သွားကြမယ်။ ထာဝရညဉ့်ယံမြို့ကို လမ်းလျှောက်ထွက်ရအောင်”
ဝမ်ဖုန်း စိတ်ပါဝင်စား တက်ကြွစွာဖြင့် ယင်ကော်ကို ပြောသည်။
“ရှင် လူမှန်ကို ရှာတွေ့သွားတာပဲ။ ငါသခင်မလေးက ဒီထာဝရညဉ့်ယံမြို့မှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တာလေ။ အဲဒါကြောင့် ထာဝရညဉ့်ယံမြို့ရဲ့နတ်သမီးလေးလို့တောင် အမည်ရနေပြီရယ်”
ယင်ကော်သည် စိုးရိမ်ထိတ်လန့်နေခြင်းမှ ပြန်လည်သတိကပ်သွားပုံရ၏။ သူမ၏ရင်ဘတ်ကို ဝံ့ကြွားစွာပုတ်လျက် ဝမ်ဖုန်းကို ပြောလာခဲ့သည်။
သူတို့နှစ်ဦးသည် အပြန်အလှန်စကားပြောဆိုကြရင်းဖြင့် ထာဝရညဉ့်ယံမြို့တော်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
…
ဝမ်ဖုန်းနှင့်ယင်ကော်တို့နှစ်ဦး ထာဝရညဉ့်ယံမြို့သို့ ဦးတည်သွားနေကြစဉ်…
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် အနောက်ပိုင်းဒေသ၏ ဝမ့်ဖိုတောင်တန်း၌ဖြစ်သည်။
ဗုဒ္ဓတစ်သောင်းတောင်တန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင် တည်ရှိရာအရပ်ဖြစ်ပြီး ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ဗုဒ္ဓကျင့်စဉ်ကျင့်ကြံသူများအတွက် သုခဘုံဖြစ်သည်။ ဗုဒ္ဓတစ်သောင်းတောင်တန်းတစ်လျှောက်လုံး၌ ဘုရားကျောင်းများ အရွယ်အစားစုံလင်စွာ တည်ရှိသည်။ ထိုဘုရားကျောင်းများအားလုံးသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ အကာအကွယ်အောက်၌ တည်ရှိနေကြခြင်းဖြစ်သည်။
ဗုဒ္ဓတစ်သောင်းတောင်တန်း၏ နက်ရှိုင်းသည့်အတွင်းထဲ၌ ရွှေရောင်တောက်ပ၍ ဂုဏ်သရေတင့်တယ်သော ကောင်းကင်နန်းတော်ကြီးသည် လေဟာပြင်ထက်တွင် ကြီးမားကျယ်ပြောသည့်နေမင်းကြီးကဲ့သို့ ဗုဒ္ဓရောင်ဝါများတောက်ပလျက် ဗုဒ္ဓတစ်သောင်းတောင်တန်းတစ်ခွင်လုံးကို အလင်းဖြာစေသည်။
၎င်းသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ဖြစ်၏။
ပင်မခန်းမဆောင်ကြီးထဲ၌ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏အရှင်သခင် နတ်ဆိုးဗုဒ္ဓလျို့သည် ပလ္လင်ထက်တွင် ထိုင်နေသည်။ ဖွံ့ထွားသန်မာသော ပုံရိပ်၏အထက်တွင် ဗုဒ္ဓရောင်ဝါများ ခပ်ဖျော့ဖျော့တောက်ပနေကာ သူ၏ခန္ဓာကိုယ်ထက်တွင်လည်း ဗုဒ္ဓပုံရိပ်များသည် နေရာအနှံ့အပြား၌ တောက်ပနေသည်။ ပင်မခန်းမဆောင်ကြီးတစ်ခုလုံးသည်လည်း ဖိအားစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။။
ဂျစ်!
ထိုအခိုက်အတန့်၌ လေဟာပြင်ကို ဖြိုခွင်းလာသောအသံ ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးဗုဒ္ဓကျောင်းဆောင်အကြီးအကဲ နတ်ဆိုးဗုဒ္ဓလင်းလော်သည် ခန်းမထဲသို့ ရောက်ရှိလာသည်။ နတ်ဆိုးဗုဒ္ဓလျို့သည် မျက်လုံးဖွင့်လာခဲ့ပြီး နတ်ဆိုးဗုဒ္ဓလင်းလော်ကို ကြည့်လာ၏။
“ဘာဖြစ်လို့လဲ”
ဗုဒ္ဓကျင့်ကြံသူများသည် ဒြပ်ကြီးလေးပါး ဗလာနတ္ထိဖြစ်ရုံမျှမက မိမိတို့၏အမူအကျင့်နှင့် စိတ်အစဉ်တို့ကို ထိန်းချုပ်ရာ၌ သာမန်ကျင့်ကြံသူများထက် များစွာသာလွန်သည်။ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်အကြီးအကဲတစ်ဦးအား ဤသို့ ရေးကြီးသုတ်ပျာဖြင့် အမျက်ဒေါသဖြစ်စေရန်ဟူသည် ဖြစ်ပွားခဲ့သည့်ကိစ္စမှာ အလွန်တရာကြီးမားလောက်ပေ၏။