← Chapters

အခန်း (၆၇၉)

Vol. 49 Ch. 679

အခန်း (၆၇၉)

Vol. 49 Ch. 679

Translator - Hsue Htet

နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏အကြီးအကဲ နတ်ဆိုးဗုဒ္ဓလင်းလော်သည် တုန်းထျန်းဧကရာဇ်နှောင်းပိုင်းအဆင့် ထိပ်တန်းကျင့်ကြံသူဖြစ်သည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ တုန်းထျန်းဧကရာဇ်နှောင်းပိုင်းအဆင့်ဟူသည် ထိပ်တန်းအဆင့်တွင်ပါဝင်ပြီး အများဆုံးတည်ရှိသော ကျင့်ကြံဆင့်လည်းဖြစ်သည်။ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ အဓိကအထောက်အပံ့လည်းဖြစ်၏။

ကျင့်ကြံဆင့်မြင့်မားသော နတ်ဆိုးဗုဒ္ဓလင်းလော်သည် အလိုအလျောက်ပင် အလွန်တရာအင်အားကြီးမားပေသည်။ နတ်ဆိုးဗုဒ္ဓလင်းလော်သည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင် အထွတ်အမြတ်ဗိမာန်နှင့်စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ တာဝန်ရှိသူဖြစ်သည်။ သူ၏ရာထူးသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏အရှင်သခင်ပြီးနောက် ဒုတိယမြောက်ရာထူးအဆင့်အတန်းဖြစ်သည်။

အထွတ်အမြတ်ဗိမာန်သည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ အရေးပါ‌သောပုဂ္ဂိုလ်များ၏ စစ်မှန်သောဝိဉာဉ်များကို ထိန်းသိမ်းထားရှိသည့်နေရာဖြစ်သည်။

“နန်းဆောင်သခင် သခင်လေးရဲ့စစ်မှန်တဲ့ဝိဉာဉ် ပျက်စီးသွားပါတယ်”

နန်းဆောင်သခင်၏ အမေးစကားကို နန်းဆောင်အကြီးအကဲ နတ်ဆိုးဗုဒ္ဓလင်းလော်မှ ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်လည်ဖြေကြားသည်။

ဘုန်း!

ထိုစကားအဆုံး၌ ခန်းမဆောင်တစ်ခုလုံးမှာ အလွန်တရာ စိတ်ညစ်ညူးဖွယ်သော လေထုအခြေအနေသို့ ပြောင်းလဲသွားသည်။ အင်အားကြီးမားလှစွာသော ဖိအားကြီး ဖြတ်သန်းလွှမ်းခြုံသွားလေရာ ခန်းမဆောင်တစ်ခုလုံး အပြင်းအထန်တုန်ခါသွားရသည်။

“ဘယ်သူလုပ်တာလဲ”

နန်းဆောင်သခင် နတ်ဆိုး‌ဗုဒ္ဓလျို့ထံမှ တုနှိုင်းမရနိုင်လောက်အောင် ဝမ်းနည်းအက်ကွဲသောစကားသံသည် ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွား၏။ ဤခန်းမ‌ေဆာင်အတွင်း၌ ကောင်းကင်ဘုံဧကရာဇ်အဆင့်အောက် ကျင့်ကြံသူရှိနေခဲ့လျှင် နန်းဆောင်သခင်၏အရှိန်အဝါကြောင့် လောင်ကျွမ်းပြာကျသွားနိုင်လောက်၏။

နတ်ဆိုးဗုဒ္ဓလင်းလော်သည် ပေါက်ကွဲလုနီးသော မီးတောင်ကဲ့သို့ တိတ်ဆိတ်နေသည်။ သူ၏အမျက်ဒေါသကို လွတ်လပ်ခွင့်ပေးလိုက်လျှင် ကမ္ဘာလောကကြီးပြိုကျပျက်စီးသွား‌နိုင်၏။

နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏သခင်လေးသည် အကျင့်စရိုက် မကောင်းမွန်သည့်တိုင် သူ၏အထုံပါရမီစွမ်းရည်များသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မျိုးဆက်သစ်များအတွင်း ပထမတန်းစားဖြစ်၏။ ထို့ပြင် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်တစ်ခုလုံးမှ မျှော်လင့်ချက်မြင့်မားထားရှိရသူလည်းဖြစ်သည်။

သို့သော် ယခု၌ ထိုနန်းဆောင်သခင်လေးမှာ အသတ်ခံလိုက်ရသည်ဖြစ်ရာ ဤဖြစ်ရပ်သည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်အတွက် စော်ကားမှုကြီးတစ်ရပ်ဖြစ်သကဲ့သို့ နန်းဆောင် စတင်တည်ထောင်ချိန်မှစတင်၍ အကြီးမားဆုံးသော အရှက်ရမှုကြီးဖြစ်ပေသည်။

နတ်ဆိုးဗုဒ္ဓလျို့၏ ဖွံ့ထွားသန်မာသောခန္ဓာကိုယ်မှ အေးစက်လှစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထိန်းချုပ်မရနိုင်လောက်အောင် ထုတ်လွှတ်နေသည်။ ထို့ကြောင့် ခန်းမအတွင်း အပူချိန်သည်လည်း ရုတ်တရက်‌ကျဆင်းသွားရပြီး လေဟာပြင်၌ ရေခဲပွင့်များပင်လျှင် ဖွဲ့စည်းဖြစ်တည်လာခဲ့သည်။

“သေချာမသိရသေးပါဘူး။ သခင်လေး မသေဆုံးခင် နောက်ဆုံးသွားခဲ့တဲ့တည်နေရာကတော့ ထာဝရညဉ့်ယံမြို့ပါ”

လင်းလော်မှ ခေါင်းခါရမ်းလျက် ဝမ်နည်းပူဆွေးစွာပြောသည်။

နတ်ဆိုးဗုဒ္ဓကျောင်းဆောင်အတွက် နန်းဆောင်သခင်လေးသေဆုံးသည့် ကိစ္စသည် ကမ္ဘာပြိုသောကိစ္စရပ်ကြီးဖြစ်၏။။

နန်းဆောင်သခင်‌လေးအား ဆုံးရှုံးလိုက်ရခြင်းထက် နန်းဆောင်သခင်လေးမရှိလျှင် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မျိုးဆက်သစ်များအတွင်း၌ အောက်ခြေသို့ ကျဆင်းသွားမည်ဖြစ်သောကြောင့်ပင်။

နန်းဆောင်သခင်လေးသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ ရှေ့မျက်နှာဖုံးနှင့်ညီမျှ၏။ ယခု၌ ထိုရှေ့မျက်နှာဖုံးမှာ အသတ်ခံလိုက်ရလေရာ ထိုလူသတ်သမားသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ ဦးခေါင်းထက်သို့‌ ခြေနင်းလိုက်ခြင်းဖြစ်ပေသည်။ သို့ဖြစ်ရာ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ ဂုဏ်သိက္ခာကို အဘယ်သို့ဆယ်ယူရပါအံ့နည်း။

“စစ်ဆေး!”

“နတ်ဆိုးဗုဒ္ဓကျောင်းဆောင်သခင်လေးကို ထိပါးရဲတဲ့သူ ဘယ်သူဖြစ်ဖြစ် သေချာပေါက် တန်ကြေးပြန်ပေးဆပ်ရမယ်!”

နန်းဆောင်အရှင်သခင်သည် မျက်လုံးများနီမြန်းလျက် အေးစက်စွာအော်ဟစ်အမိန့်ပေး၏။ ၎င်းအရှိန်အဝါကြောင့် ခန်းမဆောင်ကြီးမှာ အချိန်မရွေး ပြိုကျပျက်စီးတော့မည့်အလား အပြင်းအထန် တုန်ခါသွားခဲ့သည်။

နတ်ဆိုးဗုဒ္ဓလင်းလော်သည် ‌ခေါင်းညိတ်နာခံလိုက်ပြီး လက်ဟန်ဖြင့်အရိုအသေပြုပြီးနောက် အလင်းတစ်စနှင့်အတူ ခန်းမဆောင်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ခန်းမဆောင်အတွင်း၌ နန်းဆောင်အရှင်သခင်၏ ကြိမ်း‌ဝါးသံသာလျှင် ကျန်ရစ်ခဲ့လေသည်။

…

ထာဝရညဉ့်ယံမြို့၌ ဝမ်ဖုန်းသည် ယင်ကော်၏ဦးဆောင်မှုနောက်သို့လိုက်၍ ထာဝရညဉ့်ယံမြို့ကို လှည့်လည်သွားလာနေသည်။ နတ်ဆိုးကျုံးလုံသည်လည်း ဝမ်ဖုန်း၏ဘေးမှ လိုက်ပါလာ၏။

ယင်ကော်ကိုမူ ကျုံးလုံသည် သူ၏နောက်လိုက်များထဲမှတစ်ယောက်ဖြစ်ပြီးသူသတိလစ်‌မေ့မြောနေချိန်အတွင်း သူ့ကိုလိုက်လံရှာဖွေနေခဲ့သူဟုသာ ပြောထားခဲ့သည်။

သို့သော် ယင်ကော်၏ ဝမ်ဖုန်းနှင့်ကျုံးလုံအား စူးစမ်းလိုစိတ်သည် ပိုမိုပြင်းပြလာခဲ့၏။ ထာဝရညဉ့်ယံမြို့၏ လမ်းသွားလမ်းလာများ၏အကြည့်များစွာသည်လည်း နတ်ဆိုးကျုံးလုံသို့ ကျရောက်နေကြသည်။ သာမန်လူများနှင့် ကွဲထွက်နေသော အရပ်ရှည်ရှည်နှင့် ဖွံ့ထွားသည့်ခန္ဓာကိုယ်၊ အနီရောင်ဆံပင်များအပြင် တစ်မူထူးခြားသည့် နတ်ဆိုးအငွေ့အသက်လည်း တည်ရှိနေလေရာ ကျုံးလုံသည် လူအုပ်ထဲတွင် ထင်ပေါ်နေတော့သည်။

ဝမ်ဖုန်းသည် လူများ၏အကြည့်များကို ဂရုမစိုက်ဘဲ ထာဝရညဉ့်ယံမြို့၏အခြေအနေကို တိတ်တဆိတ် ခံစားအကဲခတ်နေခဲ့သည်။

ထာဝရညဉ့်ယံမြို့သည် ကြီးမားကျယ်ပြန့်ပြီး မည်းနက်စွေးသော ရှေးဟောင်းသားရဲကြီးတစ်ကောင် လဲလျောင်းနေသကဲ့သို့ မည်းမှောင်နေသောမြို့ဖြစ်သည်။ မြို့တံတိုင်းဖြစ်စေ၊ မြို့အတွင်းရှိ နေအိမ်များဖြစ်စေ အချိန်ကာလများစွာကို ဖြတ်သန်းခဲ့ပြီးသော အငွေ့အသက်များရှိနေသည်။

ထို့ပြင် ဤထာဝရညဉ့်ယံမြို့အတွင်းရှိ ကျင့်ကြံသူအားလုံးသည် သတိနိုးကြားကြကာ လေးနက်သောလေထုအရှိန်အဝါများဖြင့် တစ်မြို့လုံးဖုံးလွှမ်းနေကြောင်းကို ဝမ်ဖုန်း သိသိသာသာ ခံစားမိ‌သည်။

“ဒီက ကျင့်ကြံသူမိတ်‌ဆွေတို့.. မျက်နှာသစ်ပဲနော်”

“ထာဝရညဉ့်ယံမြို့ကို ပထမဆုံးရောက်လာတာလား။ ဘာအတွက် ရောက်လာတာလဲဗျ”

ဝမ်ဖုန်းတို့ လှည့်လည်သွားလာနေစဉ် ဝမ်ဖုန်းတို့၏ နားစည်အတွင်း၌ ခမ်းနားသောအသံတစ်ခု ပဲ့တင်ထပ်လာသည်။ ထို့ကြောင့် ရပ်တန့်၍ လှည့်ကြည့်လိုက်သည်။

အသံပိုင်ရှင်သည် မည်းနက်သော နားသယ်စပ်၊ ညိုမှိုင်းသောမျက်လုံးတစ်စုံ၊ ကြင်နာသောအပြုံးဖြင့် သာမန်လူတစ်ယောက်၏ဟန်ပန်ရှိသော အမျိုးသားတစ်ယောက်ဖြစ်သည်။ သို့သော် ထိုလူထံမှ ထုတ်လွှတ်နေသောကျင့်ကြံဆင့်သည် ကောင်းကင်ဘုံဧကရာဇ်အဆင့်ဖြစ်ရာ သာမန်လူမဖြစ်နိုင်ချေ။

ထို့ကြောင့် ဝမ်ဖုန်း ရုတ်ချည်း သတိနိုးကြားသွား၏။ အရှုပ်ထွေးဆုံးသောမြို့ဖြစ်ရာ ဤမြို့အတွင်း၌ အဆုံးအစမဲ့သော သတ်ဖြတ်ခြင်းများစွာရှိ၏။ ထာဝရညဉ့်ယံမြို့လမ်းတစ်လျှောက်၌ ဒါဇင်ထက်မနည်းသော သတ်ဖြတ်မှုများကို ဝမ်ဖုန်း မြင်တွေ့ပြီးခဲ့ပြီဖြစ်၏။

“သူ့ကိုအာရုံစိုက်မနေနဲ့။ အကြမ်းဖျင်းပြောရရင် ဒီထာဝရညဉ့်ယံမြို့မှာ မျက်နှာသစ်ဆိုရင် အဲဒီဆိုးယုတ်တဲ့လူတွေရဲ့ သိုးဝဝလေးလို့ သတ်မှတ်ခံရတာ ပုံမှန်ပဲ”

ဘေးရှိယင်ကော်မှ ဝမ်ဖုန်းကို အသံပို့ဆောင်၍ပြော၏။

ဝမ်ဖုန်း ယင်ကော်၏စကားကို ခေါင်းညိတ်လိုက်ပြီး ထိုအမျိုးသားသို့လှည့်၍ ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ယင်ကော်၊ကျုံးလုံတို့နှင့်အတူ လှည့်ထွက်ရန်ပြင်လိုက်သည်။

“ဒီက ကျင့်ကြံသူမိတ်ဆွေက ထာဝရညဉ့်ယံမြို့ကို ပထမဆုံးအကြိမ် ရောက်လာတာပဲ။ ဒါပေမဲ့ သတိထားနော်။ ဒီမြို့က လူတွေက လူသတ်ဖို့ဆိုရင် မျက်တောင်တစ်ချက်တောင် ခတ်တာမဟုတ်ဘူး”

ထိုအမျိုးသားသည် ဝမ်ဖုန်းတို့ကို ဟန့်တားလာပြန်သည်။ ထိုလူသည် ဝမ်ဖုန်းတို့အား ‌စိတ်ကောင်းဖြင့် သတိပေးနေသည်ကဲ့သို့ အပြုံးဖြင့် ပြောနေခဲ့သည်။ သို့သော် ထိုအပြုံး၌ ဖျက်လိုဖျက်ဆီးအငွေ့အသက်ဖျော့ဖျော့ ထင်ဟပ်နေပေသည်။

အခြားလမ်းသွားလမ်းလာကျင့်ကြံသူများသည် ဝမ်ဖုန်းတို့ ထိုအမျိုးသားထံမှ ဟန့်တားခံရသည်ကို မြင်သောအခါ ရယ်မော‌နေကြ၏။

ထာဝရညဉ့်ယံမြို့သို့ ပထမဆုံးအကြိမ်ဝင်ရောက်လာချိန်၌ အင်အားမလုံလောက်လျှင် ထိုလူသည် အရိုးအသားပင် မကျန်ရစ်သည်အထိ သတ်ဖြတ်ခံရနိုင်၏။

အသက်မသေဆုံးခဲ့သူများမှာမူ သူတို့၏အင်အားမလုံလောက်ခြင်းအတွက် ဒုက္ခခံစားကြရသည်။

ရလဒ်ထုတ်ဖော်ပြီးနောက် အဆင့်အတန်းကို မည်သူမျှ ပျက်ရယ်ပြုကြလိမ့်မည် မဟုတ်ပေ။ သာမန်လူများသာမက ထိုဆိုးယုတ်သောကျင့်ကြံသူများပင်လျှင် အဆင့်မြင့်မားသော ဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူများကို ပျက်ရယ်ပြုခွင့်မရှိကြပေ။

မြို့ထဲသို့ ပထမဆုံးအကြိမ်ရောက်လာသူအား သတ်ဖြတ်ခြင်းသည် ထာဝရညဉ့်ယံမြို့၏ စည်းမျဉ်းကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်၏။ လူသစ်သည် မိမိ၏ပိုင်ဆိုင်မှုများကို ထုတ်ပေးလျှင် အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သည်။ သို့မဟုတ်ပါက တမဟုတ်ချင်း အလောင်းအဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။

“လမ်းဖယ်!”

ဝမ်ဖုန်းသည် ထိုအမျိုးသားကို အထင်မြင်သေးဟန်ဖြင့်ကြည့်လျက် စကားမဆိုပေ။ ဝမ်ဖုန်း၏ဘေးရှိ နတ်ဆိုးကျုံးလုံသည် ထိုအမျိုးသားအား ‌အေးစက်စွာ ကြိမ်းမောင်းပြောဆိုလိုက်သည်။

ထိုမြင်ကွင်းကြောင့် အကွာအဝေးတစ်ခုမှ ပြုံးစစဖြင့် စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏ အပြုံးတို့မှာ ပို၍ပျော်ရွှင်မြူးထူးလာကြ၏။ ကနဦး၌ လျစ်လျူရှုနေခဲ့သော ကျင့်ကြံသူများသည်လည်း စိတ်ဝင်တစား ကြည့်ရှုလာကြသည်။

ဤနှစ်များအတွင်း၌ ထာဝရညဉ့်ယံမြို့သည် ကြမ်းကြုတ်ရက်စက်မှုဖြင့် ဂုဏ်သတင်းကျော်ကြားခဲ့သည်။ ထို့ကြောင့် လူသစ်များသည် ပြန်လည် မခုခံဝံ့ကြပေ။ များသောအားဖြင့် သူတို့၏ပိုင်ဆိုင်မှုများကို သာသာကြည်ကြည် လွှဲပြောင်းပေးကြ၏။

နောက်ဆုံးတွင်တော့ ပြန်လည်ခုခံဝံ့သူပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အလိုအလျောက်ပင် လူအပေါင်းကို စိတ်ပါဝင်စားစေပေသည်။

“စိတ်ဝင်စားစရာပဲ”

“ငါလင်းယုန်နက်သွမ့်ထျန်းခယ့်ရှေ့မှာ ဒီလိုထောင်လွှားရဲတာ မင်းတို့က ပထမဆုံးပဲ”

နတ်ဆိုးကျုံးလုံ၏‌ထောင်လွှားသည့်အပြုအမူကို သွမ့်ထျန်းခယ့်သည် ဒေါသမဖြစ်ဘဲ ရယ်မော၏။ စူးရဲသောရယ်မောသံသည် ကြားရသူကို တုန်ရီစေသည်။

စောင့်ကြည့်နေကြသောကျင့်ကြံသူများသည် သွမ့်ထျန်းခယ့်၏စကားများကို ကြားသောအခါ သူတို့၏မျက်နှာထက်ရှိအပြုံးသည် ပို၍တောက်ပလာကြသည်။ လင်းယုန်နက်သွမ့်ထျန်းခယ့်ဟူသည် မည်သူမျှ မသိသည့် သာမညောင်ညလေး မဟုတ်ပါချေ။

All Chapters