← Chapters

အခန်း (၆၈၀)

Vol. 49 Ch. 680

အခန်း (၆၈၀)

Vol. 49 Ch. 680

ထာဝရညဉ့်ယံမြို့၌ လင်းယုန်နက်သွမ့်ထျန့်းခယ့်သည် အလယ်အလတ်နှင့်အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးဟု သတ်မှတ်နိုင်သည်။ သွမ့်ထျန်းခယ့်သည် အင်အားအလွန် မကြီးမားလှသော်ငြား သူ၏ အဆင်ခြင်အထိန်းကွပ်ကင်းမဲ့သော တွက်ချက်မှုများဖြင့် ကျော်ကြားသူဖြစ်သည်။ ထို့ပြင် သွမ့်ထျန်းခယ့်၊ ပိုင်ယင်းရှောင်း၊ လင်းယုန်ဖြူ ဖန်းမင်ဟူ၍ တွဲဖက်ညီသော ထိုသုံးယောက်ကို ထာဝရညဉ့်ယံ၏လင်းယုန်သုံးကောင်ဟု ခေါ်တွင်ကြသည်။

ထိုသုံးဦးလုံးသည် သူတို့၏ အဆင်ခြင်အထိန်းကွပ်ကင်းမဲ့သော လှုပ်ရှားမှုများကြောင့် ကျော်ကြားကြခြင်းဖြစ်သည်။ သူတို့သုံးဦးထက် အင်အားကြီးမားသော ကျင့်ကြံသူများပင်လျှင် သူတို့အား အလွယ်တကူ မထိပါးဝံ့ကြပေ။

ထို့ကြောင့် ကြည့်ရှုသူများသည် ဝမ်ဖုန်းတို့မှ သွမ့်ထျန်းခယ့်အား သနားညှာတာပေးပါရန် ဒူးထောက်တောင်းပန်ရသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည့်မြင်ကွင်းကို မျှော်လင့်စောင့်စားနေကြသည်။ ကျင့်ကြံသူများသည် ထိုပွဲကို ကြာကြာကြည့်ရှုလိုသော စိတ်ဆန္ဒဖြင့် အပြုံးများ တောက်ပနေကြပေသည်။

လှပတင့်‌တယ်သော မိန်းကလေးငယ်လေးမှာ လင်းယုန်နက်သွမ့်ထျန်းခယ့်၏လက်အတွင်း ပျက်စီးသွားရမည့်အချက်သာလျှင် နှမြောတသဖွယ်ဖြစ်၏။

ဘုန်း!

ရယ်မောပြီးနောက် သွမ့်ထျန်းခယ့်သည် ရုတ်ချည်းစွမ်းအင်ဖြာထွက်၍ သူ၏လက်ဖဝါးထက်၌ အနက်ရောင်နတ်ဆိုးစွမ်းအင်များ စုစည်းလာခဲ့ရာ မည်းနက်နေသော လက်ဖဝါးကြီးမှာ မှော်လက်ဖဝါးအလား ထင်မှတ်ရပေသည်။

ထို့နောက် ချက်ချင်းပင် ခန္ဓာကိုယ်သည် အလင်းတစ်စနှင့်အတူ အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် နတ်ဆိုးကျုံးလုံ၏ရှေ့သို့ ရောက်ရှိလာပြီး လက်ဖဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်သည်။

လက်ဖဝါးရိုက်ချက်သည် နတ်ဆိုးကျုံးလုံ၏ ပခုံးထက်သို့ ကျရောက်သွားခဲ့သည်။

ဘုန်း!

သွမ့်ထျန်းခယ့်၏လက်ဖဝါးမှ အနက်ရောင်စွမ်းအင်များသည် နတ်ဆိုးကျုံးလုံ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်နေပြီး နတ်ဆိုးကျုံးလုံ၏ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ယင်နေသည်။

“ဟေး မင်း လင်းယုန်နက်အဆိပ်တိမ်လက်ဝါးရိုက်ချက်နဲ့ အရိုက်ခံလိုက်ရပြီ။ ဖြေဆေးမရရင် ကမ္ဘာပေါ်မှာ အနာကျင်ဆုံး ညှဉ်းပန်းနှိပ်စက်မှုဝေဒနာကို သေချာပေါက်ခံစားရတော့မှာ”

တိုက်ကွက်တစ်ချက် အောင်မြင်သွားပြီးနောက်တွင် သွမ့်ထျန်းခယ့်သည် နောက်ထပ် မတိုက်ခိုက်တော့ပေ။ အလင်းတစ်စနှင့်အတူ နောက်ပြန်ဆုတ်သွားပြီး ဝမ်ဖုန်းတို့အား စူးရဲစွာ ပြုံးရယ်ပြနေသည်။

“အမှန်ပဲ”

“တစ်ဖက်လူက ပိုအင်အားကြီးတာပဲကို စတိုက်တာနဲ့ အဆိပ်သုံးတယ်ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့လုပ်ရပ်ကြီးနော်”

“ဒီသိုးကောင်လေးတွေအတွက်တော့ အရမ်းဆိုးရွားလွန်းတာပဲ။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို အေးအေးဆေးဆေးထုတ်ပေး‌လိုက်တော့ မကောင်းဘူးလား။ ဘာလို့ သေဖို့လမ်းရှာရတာလဲ”

ကျုံးလုံအား သွမ့်ထျန်းခယ့် အောင်မြင်စွာ အဆိပ်ခတ်နိုင်ခဲ့သည်ကိုမြင်သောအခါ ကြည့်ရှုသူများသည် ခေါင်းတရမ်းရမ်းဖြင့် သက်ပြင်းချကုန်ကြ၏။ သွမ့်ထျန်းခယ့်၏ လင်းယုန်နက်အဆိပ်တိမ်လက်ဖဝါးနှင့် အရိုက်ခံရသူသည် သွမ့်ထျန်းခယ့်နှင့် ကျင့်ကြံဆင့်တူညီပင်လျှင် အဆိပ်ကိုဖိနှိပ်ရန် ခက်ခဲလိမ့်မည်ဖြစ်၏။ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ဟန်ရှိသော လူသစ်လေးများအတွက်မူ စဉ်းစားနေရန်ပင် မလိုအပ်ချေ။

“အို? ညှဉ်းပန်းနှိပ်စက်မှုဝေဒနာက ဘယ်လောက်ကြာမှာတဲ့လဲ။ ငါနတ်ဆိုးအရှင်သခင် မစောင့်ဆိုင်းနိုင်လောက်အောင် မျှော်လင့်မိပါရဲ့”

ထိုစဉ် လှောင်ပြောင်သည့်ရယ်မောသံ ထွက်ပေါ်‌လာလေရာ ဆွေးနွေးပြောဆိုသံများ ရပ်တန့်သွားကြသည်။ ထိုအသံပိုင်ရှင်ကို သိလိုက်ရသောအခါ မျက်လုံးအိမ်များမှေးကျုံ့သွားကြလျက် အံ့အားသင့်ကုန်ကြ၏။

သွမ့်ထျန်းခယ့်၏ လင်းယုန်နက်အဆိပ်တိမ်လက်ဖဝါးရိုက်ချက် ထိမှန်ပြီးနောက်တွင် နတ်ဆိုးကျုံးလုံသည် အလျင်မလိုပေ။ ပျက်ရယ်ပြု၍ စကားဆိုလိုက်သေးသည်။ ငါနတ်ဆိုးအရှင်သခင်က ဘယ်လောက်တောင် နှလုံးသားကြီးမားလိုက်သလဲ?

“မင်းဘယ်လောက်အထိ ခေါင်းမာနေနိုင်မလဲ ငါကြည့်ချင်မိတယ်”

သွမ့်ထျန်းခယ့်သည် မျက်မှောင်ကြုတ်လျက် အေးစက်စွာနှာမှုတ်၏။

လင်းယုန်နက်အဆိပ်တိမ်လက်ဖဝါးရိုက်ချက်သည် သူ၏နာမည်ကြီးသိုင်းကွက်ဖြစ်သည်။ ထာဝရညဉ့်ယံမြို့တွင် တစ်ကြိမ်တစ်ခါမျှ မကျရှုံးခဲ့ဖူးပေ။ သွေးနီရောင်ဧကရာဇ်ကျင့်ကြံသူပင်လျှင် ထိုအဆိပ်ဒဏ်ကို ခံစားခဲ့ရပြီး နောက်ဆုံး၌ အဆိပ်ဖြေပေးပါရန် တောင်းဆိုခံခဲ့ကပေသည်။ ထိုဖြစ်ရပ်ကြောင့်ပင် သွမ့်ထျန်းခယ့်သည် အမည်ကျော်ကြားလာခဲ့ခြင်းဖြစ်၏။

ထိုနတ်ဆိုးကျုံးလုံ၏ကျင့်ကြံဆင့်သည် မိမိထက် အဆင့်နိမ့်သည်ကို သွမ်းထျန်းခယ့် ခံစားသိထား၏။

လင်းယုန်နက်အဆိပ်တိမ်လက်ဖဝါးရိုက်ချက်ကို သူ့ထက် ကျင့်ကြံဆင့်နိမ့်ပါးသူအပေါ် အသုံးပြုခဲ့ပါက အဆိပ်ခတ်ခံရသည့် ကျင့်ကြံသူသည် သေလုမြောပါး ခံစားရမည်ဖြစ်သည်။ ယခုအချိန်ထိ ထိုသက်ရောက်မှုသည် ချွင်းချက်မရှိခဲ့ပေ။ ထို့ကြောင့်ပင် သွမ့်ထျန်းခယ့်သည် အနည်းငယ်အထက်စီးဆန်စွာ ပြုမူတတ်ခဲ့၏။

သို့သော် ၁၅မိနစ်ခန့် စောင့်ဆိုင်းပြီးသည့်တိုင် နတ်ဆိုးကျုံးလုသည်‌ အဆိပ်မမိကဲ့သည့်အလား သွေးရောင်သန်းသောမျက်နှာဖြင့် နာကျင်မှု မခံစားရသောကြောင့် သွမ့်ထျန်းခယ့်အပါအဝင် ကြည့်ရှုနေသူများအားလုံး အံ့အားသင့်ကုန်ကြသည်။

“ဘာဖြစ်တာလဲ။ သွမ့်ထျန်းခယ့် အဆိပ်ခတ်တာ ကျရှုံးသွားတာများလား”

“သွမ့်ထျန်းခယ့်က ညှာတာပေးမယ်ထင်လို့လား”

“ကြည့်ရသ‌လောက်တော့ သွမ့်ထျန်းခယ့်တစ်ယောက် ဒီနေ့ သံမဏိနံရံကို သွားတိုက်မိနေမှာ စိုးမိပါရဲ့”

ကြည့်ရှုသူများ၏ ဆွေးနွေးပြောဆိုသံများကြောင့် သွမ့်ထျန်းခယ့်၏အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး နတ်ဆိုးကျုံးလုံအား မှုန်မှိုင်းစွာကြည့်လာသည်။ ထို့နောက် စဉ်းလဲသောအပြုံးဖြင့် ပြောလာ၏ ။

“ငါကိုယ်တော်ရဲ့အဆိပ်ကို မင်းဘယ်လိုဖြိုခွင်းနိုင်ခဲ့လဲ ငါမသိဘူး။ ဒါပေမဲ့ အဆိပ်မသုံးရင်တောင်မှ ငါမင်းကို သတ်ပစ်နိုင်တယ်”

“ပုရွက်ဆိတ်ကောင်တွေ!”

သွမ့်ထျန်းခယ့်၏စကားကို နတ်ဆိုးကျုံးလုံသည် အထင်မြင်သေးစွာ တုံ့ပြန်သည်။

“ဘာရယ်?”

သွမ့်ထျန်းခယ့် ဒေါသမပေါက်ကွဲမီ၌ပင် နတ်ဆိုးကျုံးလုံသည် အလင်းအလျင်ဖြင့် သွမ့်ထျန်းခယ့်၏ဘေးသို့ ရောက်လာသည်။ သူ၏လက်သီးအထက်တွင် အလွန်တရာသန့်စင်သောနတ်ဆိုးစွမ်းအင်များ တောက်ပနေလျက် ရုတ်တရက်ဆန်လှစွာပင် သွမ့်ထျန်းခယ့်သို့ လက်သီးထိုးချက်ကို ထုတ်လွှတ်လိုက်သည်။

ဘုန်း!

သွမ့်ထျန်းခယ့်၏ တုန်လှုပ်နေသောအကြည့်များအောက်၌ ကျုံးလုံး၏လက်သီးထိုးချက်သည် သွမ့်ထျန်းခယ့်၏ရင်ဘတ်သို့ ကျရောက်သွားပြီး သွမ့်ထျန်းခယ့်၏ခန္ဓာကိုယ်မှ သွေးများလွင့်စင်ထွက်လာသည်။ ခန္ဓာကိုယ်သည် အမြှောက်ဆံကဲ့သို့ လွင့်ထွက်သွားခဲ့ပြီး မြေပြင်သို့ပြုတ်ကျချိန်၌ လမ်းမကြီးတစ်ခုလုံး ထိန်းချုပ်မရနိုင်အောင် တုန်ခါသွားခဲ့သည်။

ဘေးတွင်ရပ်နေသည့်ဝမ်ဖုန်းသည်လည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့၏။ ဝမ်ဖုန်းသည် နတ်ဆိုးကျုံးလုံမှ သွမ့်ထျန်းခယ့်ကို အနိုင်တိုက်နိုင်ခြင်းအား အံအားသင့်ခြင်း မဟုတ်ပေ။ ဤတစ်လျှောက်လုံး၌ နတ်ဆိုးကျုံးလုံသည် သွမ့်ထျန်းခယ့်အား မျက်လုံးထဲပင် မထည့်သောကြောင့် အံ့အားသင့်ရခြင်းဖြစ်ပါ၏။

ထို့ပြင် ထာဝရညဉ့်ယံမြို့အား မည်သည့်သတ္တုပစ္စည်းများဖြင့် တည်ဆောက်ထားသနည်းဟုလည်း အံ့ဩမိရသည်။ ကျုံးလုံး၏လက်သီးထိုးချက်စွမ်းအင်သည် တောင်တစ်လုံးကိုပြိုကျပျက်စီးစေနိုင်သော အင်အားရှိ၏။ သို့သော် ထာဝရညဉ့်ယံမြို့၏မြေပြင်ကိုတော့ အက်ကွဲစေရန် မစွမ်းနိုင်ခဲ့ချေ။ ထာဝရညဉ့်ယံမြို့သည် အပေါ်ယံ၌ မြင်တွေ့ရသည်ကဲ့သို့ မရိုးရှင်းကြောင်း စိတ်ကူးမှန်းဆကြည့်နိုင်ပေသည်။

ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ် ကြည့်ရှုသူများသည် နတ်ဆိုးကျုံးလုံ၏လက်သီးထိုးချက်ကြောင့် တွန့်ဆုတ်သွားကြသည်။ သူတို့၏မျက်နှာထက်မှ လှောင်ပြောင်ဟန်သောအပြုံးများ ပျောက်ကွယ်သွားကြပြီး တည်ကြည်လေးနက်သော အကြည့်များဖြင့် အစားထိုးသွား၏။

သွမ့်ထျန်းခယ့်အား လက်သီးတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရစေခြင်းဟူသည် သာမန်သွေးနီရောင်ဧကရာဇ်ကျင့်ကြံသူများပင်လျှင် အလွယ်တကူလုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ထို့ပြင် နတ်ဆိုးကျုံးလုံထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဧကရာဇ်ဘိုးဘေးအဆင့်သာရှိ၏။

သူ့ရဲ့ ဒီလိုကြောက်ခမန်းလိလိစွမ်းအားကြီးက ဘယ်ကနေရောက်လာတာတုန်း?

လူအုပ်ထဲမှ များစွာသောစွမ်းအားမြင့်ကျင့်ကြံသူများသည် နတ်ဆိုးကျုံးလုံ၏ အင်အားကြီးမားသည့်တိုက်ကွက်ကို မြင်တွေ့လိုက်ကြသည်တွင် တောက်ပသောမျက်လုံးအစုံတို့ဖြင့် သူတို့၏ခန္ဓာကိုယ်သည် အလင်းတစ်စနှင့်အတူ လမ်းမထဲမှ ပျောက်ကွယ်သွားကြတော့သည်။

ထာဝရညဉ့်ယံမြို့သည် ရှုပ်ထွေးသော်ငြား ကိုယ်ပိုင်အင်အားစုများလည်း ရှိကြ၏။ ထိုအင်အားစုလေးများသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အင်အားစုကြီး၁၈စုနှင့် မယှဉ်နိုင်ပါချေ။ သို့သော်ငြား ဤထာဝရညဉ့်ယံမြို့တွင်တော့ သူတို့သည်လည်း ဒေသခံမြွေများဖြစ်ကြပေသည်။

ပုံမှန်အခြေအနေများ၌ ထိုအင်အားစုလေးများသည် ဖိနှိပ်ခံရပြီး ပိုင်ဆိုင်မှုဆုံးရှုံးသွားရသည့် လူသစ်လေးများကို သူတို့၏အင်အားစုအတွင်း ခေါ်ယူရသည်ကို သဘောကျနှစ်ခြိုက်ကြသည်။ ထိုလူသစ်လေးများသည် အငြိုးအာဃာတများ ပြည့်နှက်နေကြသူများဖြစ်၏။ လက်စားချေရန်အတွက် အသက်ရင်း၍တိုက်ခိုက်ရန် မကြောက်ရွံ့ကြတော့သည်ဖြစ်ရာ အင်အားစုအတွက် များစွာအကျိုးရှိလေသည်။

မျိုးစေ့ကောင်းတစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဓိကအင်အားစုများသည် လုယက်ခေါ်ယူကြတတ်သည်။ ယခု၌ နတ်ဆိုးကျုံးလုံကဲ့သို့သော လူသစ်တစ်ဦးထွက်ပါ်လာခဲ့ရာ ထိုအဓိကအင်အားစုများ၏ သူလျှိုများသည် ငြိမ်မနေနိုင်တော့ချေ။

ဘုန်း!

နေရာရှိလူအားလုံး တွေဝေတိတ်ဆိတ်နေကြချိန်၌ နတ်ဆိုးကျုံးလုံသည် ကြောင်အ, မနေပေ။ အလင်းအလျင်ဖြင့် သွမ့်ထျန်းခယ့်လဲကျနေသည့်ရှေ့သို့ ရောက်ရှိသွားပြီး လက်သီးဆုပ်၍ ကျယ်ပြောသောပင်လယ်ပြင်ကဲ့သို့စွမ်းအင်များကို စုဝေးလျက် သွမ်းထျန်းခယ့်ကို ထိုးချလိုက်သည်။

ပေါက်ကွဲသံကျယ်ကြီး မြည်ဟီးသွားပြီး သွမ့်ထျန်းခယ့်၏ဦးခေါင်းသည် မီးရှူးမီးပန်းများကဲ့သို့ အသွေးအသားများ ပေါက်ကွဲထွက်သွားသည်။ ခန္ဓာကိုယ်၏အသက်စွမ်းအင်သည် အလုံးစုံပျောက်ကွယ်သွားခဲ့လေပြီ။

နတ်ဆိုးကျုံးလုံ၏ကျင့်ကြံဆင့်သည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်သော်ငြား သူ့ထက် ကျင့်ကြံဆင့်တစ်ဆင့်မျှ မြင့်မားသည့်ကျင့်ကြံသူကို သတ်ဖြတ်ရန်မှာ မခက်ခဲပေ။ ခြုံငုံသုံးသပ်လိုက်ပါလျှင် သူ၏မူလအင်အားသည် ဘိုးဘေးဧကရာဇ်အထွတ်အထိပ်အဆင့်ထက် များစွာသာလွန်နေခဲ့သည်ဖြစ်ပါ၏။

စနစ်၏ဖိနှိပ်သတ်မှတ်ခြင်းခံထားရသည့်တိုင် သူ၏လျင်မြန်သည့်အမြင်အာရုံနှင့် တိုက်ခိုက်မှုစွမ်းရည်တို့မှာ မူလအတိုင်း တည်ရှိနေမြဲဖြစ်၏။ ခုန်ဆွခုန်ဆွလုပ်နေသော လူပြက်ကောင် သွမ့်ထျန်းခယ့်၏ အသက်ကြိုးမျှင်ကို မြင်တွေ့နိုင်ရန်မှာ ကျုံးလုံအတွက် မခက်ခဲပါချေ။

All Chapters