နယ်ခံမြွေများ
Vol. 49 Ch. 682
ဘာသာပြန်- The Fate
ထာဝရညည့်ဦးယံမြို့အတွင်း၌ ဝမ်ဖုန်းတို့သုံးယောက်သည် တည်းခိုဆောင်တစ်ခုအတွင်း ထိုင်နေခဲ့ကြသည်။ ဤအချိန်မှာပင် ဝမ်ဖုန်းသည် မွန်မြတ်ဘုံလောကအတွင်း၌ မဟာနတ်ဆိုးရွှမ်ရှတစ်ယောက်ကျန်ရစ်နေသေးကြောင်း သတိရသွားလေသည်။ သူဟာ တံဆိပ်ပြားငယ်လေးမှတဆင့် မဟာနတ်ဆိုးရွှမ်ရှနဲ့ ဆက်သွယ်ခဲ့ပါသည်။
ဝမ်ဖုန်းတို့သုံးယောက်တည်းခိုဆောင်အတွင်း ဝင်ရောက်လာသောအခါ ခန်းမအတွင်း၌ရှိနေသောကျင့်ကြံသူများသည် ဝမ်ဖုန်းတို့တတွေဟာ သူစိမ်းများဖြစ်ကြောင်း သိလိုက်ကြသည်။ သို့သော်လည်း ကျုံးလုံဖော်ထုတ်ခဲ့သည့်စွမ်းအားကြောင့် ဘယ်သူကမှ ရန်မစရဲခဲ့ကြပါ။
ဝမ်ဖုန်တို့ဟာ အေးဆေးသက်သာစွာဖြင့် ခန်းမအတွင်းထိုင်နေခဲ့ပြီး လက်ဖက်ရည်ကြမ်း သောက်သုံးလျက် ရှိသည်။
ဤအချိန်တွင် ဆွေးနွေးပြောဆိုသံများက ဝမ်ဖုန်းတို့အုပ်စု၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း အလင်းတန်းတစ်ခုတောက်ပသွားခဲ့ကာ သူဟာ အသာနားစွင့်နေလိုက်သည်။
" ထာဝရညည့်ဦးယံမြို့ရဲ့ မြို့အရှင်တိုက်ပွဲက ရောက်ရှိလာတော့မယ်လို့ ငါကြားတယ်။ အမြင့်မြတ်ဆုံးအင်အားစုကြီး၁၈ခုကလည်း ဒီတိုက်ပွဲမှာ ပါဝင်ဆင်နွှဲ့ဖို့အတွက် သခင်ငယ်လေးတွေကို စေလွှတ်လိုက်ပြီ။ သူတို့က ထာဝရညဥ့်ဦးယံမြို့ရဲ့ မြို့အရှင်ရာထူးကို အပိုင်သိမ်းချင်နေကြတာလေ "
" အဲ့ဒိလူငယ်မျိုးဆက်သစ်တွေအားလုံးက ကောင်းကောင်းမွန်မွန်ကျင့်ကြံထားကြနော်။ သူတို့မှာ သန်မာတဲ့နောက်ခံတွေ ရှိကြသေးတယ်။ ဒီတိုက်ပွဲအတွင်းမှာ လူအများကြီးသေဆုံးရဦးမယ်ဆိုတာ ငါကျိန်းသေပြောရဲတယ်။ "
စားပွဲခုံတစ်လုံးတွင်ထိုင်နေသော အဖိုးအိုတစ်ယောက်သည် သက်ပြင်းချလျက် ပြောဆိုလိုက်သည်။
" ဒါက ပုံမှန်ပဲလေဗျာ။ ထာဝရညည့်ဦးယံမြို့ရဲ့ မြို့အရှင်တိုက်ပွဲက နှစ်တစ်သိန်းကြာတိုင်း တစ်ကြိမ်ကျင်းပတယ်။ ဒီတိုက်ပွဲမှာ ဘယ်တုန်းကများ သွေးချောင်းမစီးဖူးလို့လဲ။ "
" အဲ့ဒီအင်အားစုကြီးတွေက ဘာမှလုပ်စရာမရှိကြဘူးလား။ ဒီနေ့ ထာဝရညည့်ဦးယံမြို့က ဘယ်လောက်များကောင်းလို့လဲ။ ဒါကိုများ သူတို့က ဘာကြောင့် ထာဝရညည့်ဦးယံမြို့ရဲ့မြို့အရှင် ဖြစ်နေချင်ကြသေးတာလဲမသိဘူးနော်။ ဒီတိုက်ပွဲကြီးအတွင်းမှာ ဘယ်သူကမြို့အရှင်ဖြစ်သွားမလဲဆိုတာကိုတော့ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရမှာပဲ။ "
တစ်ဖက်စားပွဲခုံတွင်ထိုင်နေသောလူငယ်လေးကလည်း မကျေမနပ်အမူအရာဖြင့် ပြောဆိုလိုက်၏။
ထာတးဝရညည့်ဦးယံမြို့ကြီး၌ ရက်စက်ကြမ်းကြုတ်သောလူများ ပြည့်နှက်လျက် ရှိသည်။ ပုံမှန်အားဖြင့် သူတို့သည် တင်းကြပ်သော စည်းမျဥ်းစည်းကမ်းများကို မနှစ်ခြိုက်ကြပါ။ ထို့အတွက်ကြောင့် နောင်တက်မည့်မြို့အရှင်ကလည်း သူတို့ကို လွတ်လွတ်လပ်လပ်နေခိုင်းလိမ့်ဦးမည်ဟု မျှော်လင့်ရသည်။
ဟုတ်ပါပေသည်။ နောင်မြို့အရှင်ဟာ ထာဝရညည့်ဦးယံမြို့၏ဒေသခံတစ်ယောက်ဆိုပါက အရာအားလုံးခြားနားသွားပေလိမ့်မည်။
သူတို့ဟာ ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေမဲ့သောလူများဖြစ်ကြကာ ကောင်းကင်နှင့်မြေပြင်အကြား၌ ဘယ်အရာကိုမှ မကြောက်လန့်ကြသော်လည်း အမြင့်မြတ်ဆုံးအင်အားစုကြီး၁၈ခု၏ လူငယ်မျိုးဆက်များက အလွန်အစွမ်းထက်ကြောင်းကိုတော့ ဝန်ခံရပါလိမ့်မည်။
ထာဝရညည့်ဦးယံမြို့၏ ပုံကန်ထကြွမှုကို စိုးရိမ်နေ၍ မဟုတ်ပါက အမြင့်မြတ်ဆုံးအင်အားစုကြီး၁၈စုသည်လည်း ထာဝရညဥ့်ဦးယံမြို့ကို သန့်စင်အောင်ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းမှာ ဖြစ်သည်။ တစ်ဖက်မှာလည်း အရမ်းမောက်မာတဲ့ ထာဝရညဥ့်ဦးယံမြို့ရဲ့လူတွေက ပြင်ပအင်အားစုများရဲ့ လူငယ်ပါရမီရှင်တွေကို မြို့အရှင်ဖြစ်လာဖို့ ဘယ်လိုလုပ်အလွယ်တကူ ခွင့်ပြုနိုင်မှာလဲ။
" ပြောကြတာတော့ ဇာမဏီကောင်းကင်နန်းတော်ရဲ့ လီထျန်းမင်နဲ့ ဝမ်ကျန်းကောင်းကင်နန်းတော်ရဲ့ ဝမ်ဝူဖုန်းတို့က ထာဝရညည့်ဦးယံမြို့ကို ရောက်လာကြပြီတဲ့။ "
" ကောလဟာလတွေအရတော့ အဲ့ဒီနှစ်ယောက်က ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးရဲ့ ထိပ်တန်းလူငယ်ပါရမီရှင်နှစ်ယောက်တဲ့ဗျ။ သူတို့ရဲ့ကျင့်ကြံမှုက ကောင်းကင်ဘုံဧကရာဇ်အဆင့်ကို ရောက်နေကြပြီ။ ဒါတောင် သူတို့က နှစ်ရာဂဏန်းလောက်ပဲ ကျင့်ကြံရသေးတာနော်။ တကယ့်ကိုကြောက်စရာမကောင်းဘူးလား။ "
လူငယ်လေး၏ မျက်ဝန်းများအတွင်း၌ ထိတ်လန့်မှုများရှိနေခဲ့ပြီး သက်ပြင်းရှိုက်လျက် ပြောဆိုလိုက်သည်။
ထိုစကားများကိုကြားလိုက်ရသည့်အခါ ရှိနေကြသောလူများသည် တိတ်ဆိတ်သွားခဲ့ကြသည်။ လူငယ်မျိုးဆက်များမှတဆင့် တစ်စုံတစ်ယောက်သည် ထာဝရညည့်ဦးယံမြို့နဲ့ အမြင့်မြတ်ဆုံးအင်အားစုကြီး(18)စုအကြားမှ ကွာခြားချက်ကို တွေ့မြင်နိုင်ပါသည်။ ထာဝရညည့်ဦးယံမြို့ကို အခြားအင်အားစုက အုပ်စိုးသွားမှာကို စိုးရိမ်မိပါရဲ့။
" ဟေး..ပြီးတော့ ယွင်ဝူကောင်းကင်နန်းတော်ရဲ့ ယွင်ယုရွှယ်ကလည်း ဒီကိုရောက်နေပြီတဲ့။ သူမကလည်း ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးက နတ်မိမယ်ဆယ်ပါးထဲက တစ်ပါးနော် "
" မင်းသာ သူမကိုပနိုင်ကျင့်လိုက်ရရင် ဘဝအတွက် ကောင်းချီးတွေနဲ့ ပြည့်တော့မှာပဲ။ "
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကလည်း ရယ်ကာမောကာပြောဆိိုလိုက်သည်။ သူ၏အသံက တိုးညှင်းသော်ငြား လူအနည်းစုကတော့ ကြားလိုက်ကြရသည်။
တချို့သောကျင့်ကြံသူများသည် ထိုစကားကိုကြားပြီးနောက် မျက်ဝန်းများတောက်ပလာခဲ့ကာ မျှော်လင့်စောင့်စားနေသောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ ထိပ်တန်းနတ်မိမယ်ဆယ်ပါးသည် ပျက်သုန်းခြင်းဘုံလောကကြီးတစ်ခွင် ကျော်ဇောထင်ရှားပါသည်။ သူတို့က ဘုံလောကကြီး၏ အလှပဆုံးမိန်းမပျိုဆယ်ယောက်ဖြစ်ကြရုံသာမက များစွာသောလူငယ်ပါရမီရှင်များ၏အသဲနှလုံးကိုလည်းသိမ်းပိုက်ထားကြသူများ ဖြစ်သည်။
သူမတို့တတွေဟာ လူငယ်ပါရမီရှင်တိုင်း အရူးအမူးစွဲလမ်းရသူများလည်း ဖြစ်ပါသည်။
ထာဝရညည့်ဦးယံမြို့အတွင်းရှိနေတာကြောင့်သာ လူတိုင်းဟာ စကားများကို လွတ်လွတ်လပ်လပ်ပြောဆိုရဲတာဖြစ်သည်။ အခြားနေရာများဆိုပါက အတွေးအကြံရှိရင်တောင် ဘယ်သူကမှ ပေါ်တင်ပြောဆိုရဲမှာ မဟုတ်ပါ။
" ဟား.....တာအိုရောင်းရင်းလည်း ဒီမှာရှိလိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့ဘူး။ ခင်များကိုရှာရတာလဲ တကယ့်ကို မလွယ်ကူပါလားဗျာ။ "
ကျန်နေသောကျင့်ကြံသူများ တစ်စုံတစ်ရာမပြောဆိုလိုက်သေးခင်မှာ ဟက်ဟက်ပက်ပက်ရယ်မောသံကြီးသည် တည်းခိုခန်း၏အပြင်ဖက်မှ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် လူအိုကြီးတစ်ယောက်နဲ့အတူ သူ့နောက်မှာ လူ လေး၊ငါးယောက် လိုက်ပါဝင်ရောက်လာခဲ့ကြသည်။
ထိုလူအိုကြီးကိုတွေ့မြင်ခဲ့ရသည့်အခါ ခန်းမအတွင်း၌ရှိနေသော ကျင့်ကြံသူများ၏အမူအရာမှာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့သည်။မူလက ဆူညံနေသောခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ချေသည်။
ဝမ်ဖုန်းက မျက်ဝန်းများကိုမှေးကျဥ်းလိုက်ပြီး ထိုလူအိုကြီးကို စူးစိုက်ကြည့်လိုက်သည်။ ထိုသူ၏ကျင့်ကြံမှုမှာ အားနည်းခြင်းမရှိပါ။ ထိုလူအိုကြီး၏ကျင့်ကြံမှုမှာ ကောင်းကင်ဘုံဧကရာဇ်အထွတ်ထိပ်ကိုရောက်နေခဲ့ပြီး သူဘေးနားကလူများကလည်း ကောင်းကင်ဘုံဧကရာဇ်အဆင့်၌ ရှိကြသည်။
သို့သော်လည်း ခန်းမကြီးအတွင်း၌ ရှိရှိသမျှလူတိုင်းသည် ကောင်းကင်ဘုံဧကရာဇ်အဆင့်ကို ရောက်ရှိနေခဲ့ပါသည်။အချို့သောသူများဟာဆိုရင် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်၌ ရှိကြသည်။ အချို့ကတော့ သွေးနီရောင်ဧကရာဇ်အဆင့်ကိုတောင် ရောက်ရှိနေပါသည်။ သို့သော်လည်း ရှိနေသောလူများသည် ထိုလူပုဂ္ဂိုလ်ကို ကြောက်လန့်နေခဲ့ရသည်။ ဆိုလိုတာက ထိုလူအိုကြီးဟာ လွယ်ကူသော လူတစ်ယောက်မဟုတ်ပါ။
လူအများ၏စူးစမ်းနေသောအကြည့်များအောက်တွင် အိုးကြီးတစ်လုံးကဲ့သို့ဝမ်းဗိုက်ကြီးရှိသောလူအိုကြီးသည် ဝမ်ဖုန်းတို့အုပ်စုထံသို့ တန်းတန်းမတ်မတ်လမ်းလျှောက်သွားခဲ့ကာ ယဥ်ကျေးမှုမရှိဘဲ ဝမ်ဖုန်း၏မျက်နှာချင်းဆိုင်၌ ဝင်ရောက်ထိုင်လိုက်သည်။
" ကျုပ်ကိုကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်က လူအိုကြီး ဝမ်တိကွေ့ပါ။ ပြီးတော့ ထာဝရညည့်ဦးယံမြို့ထဲမှာရှိတဲ့ အစွမ်းထက်တဲ့ဖုန်းယွင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လဲ ဖြစ်ပါတယ်။ "
ထိုင်ချလိုက်ပြီးနောက် ဝမ်တိကွေ့က ဝမ်ဖုန်းကို အပြုံးတစ်ပွင့်ဖြင့် တိုက်ရိုက်ပြောဆိုလိုက်သည်။
ဖုန်းယွင်ဂိုဏ်းသည် ထာဝရညည့်ဦးယံမြို့အတွင်း၌ရှိသော နယ်ခံအင်အားစုများထဲမှ တစ်ခုဖြစ်သည်။ ထိုဂိုဏ်း၏ဂိုဏ်းချုပ်မှာ ဖုန်းယွင်လုံဖြစ်ပြီး ထိုသူဟာ ကြက်သွေးရောင်ဧကရာဇ်အဆင့်၌ ရှိပါသည်။ ဒါ့အပြင် ထာဝရညည့်ဦးယံမြို့တစ်ခွင်၌လည်း သြဇာလွှမ်းမိုးမှုရှိ၏။
ဝမ်တိကွေ့က ဝမ်ဖုန်းတို့အုပ်စုထံသွားရောက်ကြောင်းတွေ့ရှိလိုက်ရသည့်အခါ ရှိနေကြသောကျင့်ကြံသူများအားလုံးသည် မျက်မှောင်ကျုံ့လိုက်ကြသည်။သူတို့၏မျက်ဝန်းများက တောက်ပနေခဲ့သည်။တွေးတောစရာမလိုပါပေ။ သူတို့ဟာ ဝမ်တိကွေ့ တွေးတောနေသည့်အရာကို သိရှိခဲ့ကြသည်။
ထိုသူဟာ ဝမ်ဖုန်းတို့၏သာမန်မဟုတ်သောခွန်အားကို တွေ့ရှိခဲ့ပြီး ဝမ်ဖုန်းတို့ကို ဖုန်းယွင်ဂိုဏ်းအား ဝင်ရောက်စေလိုခြင်း ဖြစ်လိမ့်မည်။ ထို့နောက် ထာဝရညည့်ဦးယံမြို့၏မြို့အရှင်တိုက်ပွဲတွင် အမြောက်စာများအဖြစ်အသုံးပြုကာ ဖုန်းယွင်ဂိုဏ်း၏ ပါရမီရှင်များအတွက် လမ်းဖွင့်ပေးခိုင်းလိမ့်မည်။
ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်တိုက်ပွဲနီးကပ်လာသည်နှင့်အမျှ မြို့အတွင်း၌ရှိနေကြသော ထိပ်တန်းအင်အားစုကြီးများသည် ထူးချွှန်သောလူငယ်ပါရမီရှင်များကို ဂိုဏ်းအတွင်း အတင်းဆွဲသွင်း၍ ဂိုဏ်း၏အင်အားကို မြင့်တက်စေလိမ့်မည်။
ထိုဂိုဏ်းကြီးများကိုဝင်ရောက်ပြီးနောက် ကောင်းကင်ဘုံကိုတက်လှမ်းနိုင်ပြီဟု ထင်လိုက်ပါက ထိုသို့ထင်သူများဟာ အရူးများသာ ဖြစ်ကြသည်။
ဝမ်ဖုန်းတို့လိုမျက်နှာစိမ်းများကို ထိုဂိုဏ်းကြီးများက လာရောက်ခေါ်ယူတတ်ကြသည်။ အမည်မသိ ကျောထောက်နောက်ခံမရှိသည့် ထိုသူများဟာ နယ်ခံမြွေကြီးများအတွက်တော့ အရသာရှိသော သားကောင်များ ဖြစ်ပါပေသည်။
ဟုတ်ပါပေသည် ။ထိုဂိုဏ်းကြီးများဟာ ထာဝရညည့်ဦးယံမြို့၌ နှစ်ပေါင်းများစွာနေထိုင်ခဲ့သောလူများကိုလည်း ဂိုဏ်းအတွင်း ခေါ်ယူလိုကြသည်။ သို့သော်လည်း ထိုသို့သော လူများကို ခေါ်ယူရန်ကတော့ မလွယ်ကူခဲ့ပါ။
ထာဝရညည့်ဦးယံမြို့အတွင်း နှစ်ပေါင်းများစွာ လှည့်လည်သွားလာကြသူများသည် အင်မတန်အစွမ်းထက်ကြသူများ ဖြစ်သည်။ ထိုနယ်ခံမြွေကြီးများသည် ထာဝရညည့်ဦးယံမြို့အတွင်း သြဇာလွှမ်းမိုးမှုတချို့ရှိသော်လည်း ရက်စက်ကြမ်းကြုတ်သောအရူးများကိုတော့ ပေါ်ပေါ်ထင်ထင် ရန်မစရဲကြပါချေ။
ဝမ်တိကွေ့၏စကားဆုံးသွားသည့်အခါ ရှိနေကြသောကျင့်ကြံသူများသည် ဝမ်ဖုန်းကို တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ဝမ်ဖုန်းဟာ ဝမ်တိကွေ့၏ ဆွဲဆောင်မှုနောက်ကိုလိုက်ပါသွားလိမ့်မည်ကို သူတို့ကြည့်ရှုလိုကြသည်။
" ကျုပ်ရဲ့ဖုန်းယွင်ဂိုဏ်းကို ဝင်လိုက်စမ်းပါ။ ကျုပ်ရဲ့ဖုန်းယွင်ဂိုဏ်းက မင်းကို အားကုန်အင်တိုက် ကျင့်ကြံပေးမယ်။ မင်းတို့နှစ်ယောက်ရဲ့စွမ်းရည်နဲ့ဆိုရင် ထာဝရညည့်ဦးယံမြို့ထဲမှာ ထိပ်တန်းပါရမီရှင်နှစ်ယောက် ကျိန်းသေပေါက်ဖြစ်လာမှာ။ "
ဝမ်တိကွေ့က ကျင့်ကြံသူများကို လျှစ်လျူရှုထားပြီး ဝမ်ဖုန်းကိုသာ စူးစူးရဲရဲစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
" ဒီအရှင်က မင်းကို ထိုင်ခွင့်ပြုခဲ့လို့လား "
ဝမ်တိကွေ့နဲ့ကျင့်ကြံသူများအားလုံးဟာ ဝမ်ဖုန်း၏အဖြေစကားကို စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုအချိန်၌ ထင်မှတ်မထားသောစကားသံသည် ထွက်ပေါ်လာချေသည်။
ထိုစကားများထွက်ပေါ်လာသည်နဲ့တပြိုင်နက် ဝမ်တိကွေ့ဟာ ကြောင်အသွားခဲ့ရသည်။ ကျင့်ကြံသူများကလည်း ထိတ်လန့်သွားခဲ့ရသည်။