မြွေနဂါးဓား။
Vol. 49 Ch. 683
" ဘာကြီး ! "
ဝမ်တိကွေ့က နားကြားမှာသည်ထင်လိုက်တာကြောင့် ထပ်၍မေးမြန်းခဲ့သည်။
ဤအချိန်တွင် သူ၏မျက်ဝန်းများက မှေးကျဥ်းနေခဲ့ပြီး အေးစက်သောအလင်းတန်းတစ်ခု ကိန်းဝပ်နေခဲ့သည်။ သူ၏ပတ်လည်တွင် မတ်တပ်ရပ်နေသော သတ်လတ်ပိုင်းအမျိုးသားတစ်စုကလည်း ခပ်ဖျဖျအရိပ်အယောင်များကို ထုတ်လွှတ်လိုက်တာကြောင့် ခန်းမအတွင်း စိတ်အားကျဖွယ်ရာ လေထုကြီး ကြီးစိုးလာခဲ့လေသည်။
ဝမ်ဖုန်းသည် ဝမ်တိကွေ့နဲ့ စကားပြောရန်ပျင်းရိသွားကြောင့် အဝေးသို့ ခေါင်းလှည့်လိုက်ချေသည်။
" မင်းလောက်နဲ့များ....မင်းက ဂိုဏ်းချုပ်ရဲ့ မျက်နှာချင်းဆိုင်မှာထိုင်ဖို့ အဆင့်မှီလို့လား။ မြန်မြန်ထွက်သွားလိုက်စမ်း! "
တစ်ဖက်တွင်ရှိနေသော ကျုံးလုံသည် ထ၍ မာန်မဲလိုက်သည်။
ဤအချိန်တွင်တော့ ဝမ်တိကွေ့ဟာ ရှင်းလင်းစွာ ကြားခဲ့ရသည်။ ဒါတင်မကသေးဘဲ ရှိနေကြသောကျင့်ကြံသူများအားလုံးလည်း ပြတ်သားစွာ ကြားခဲ့ရသည်။
ခန်းမကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
ဝမ်တိကွေ့၏ကျင့်ကြံမှုသည် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်သာရှိသေးသော်လည်း သူ၏အဆင့်အတန်းက သာမာန်မဟုတ်ပါ။
သူသည် ထာဝရညည့်ဦးယံမြို့အတွင်းရှိ ဖုန်းယွင်ဂိုဏ်း၏ အကြီးအကဲ ဖြစ်ပါသည်။ သူ၏အဆင့်အတန်းကြောင့် ထာဝရညည့်ဦးယံ တစ်မြို့လုံးရှိ ဘယ်သူကမှ သူ့ကို ရန်မစရဲကြပါ။ အနည်းဆုံးတော့ လူဦးရေ(60)ရာခိုင်နှုန်းခန့်က သူ့ကို မော်မကြည့်ရဲကြပါချေ။
ဝမ်တိကွေ့သည် ဖုန်းယွင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သာ ဖြစ်သော်လည်း သူသည် ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဝမ်တိကွေ့ကို ရန်စလိုက်ပါက ဖုန်းယွင်ဂိုဏ်း၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် တူညီပေလိမ့်မည်။ ဘယ်သူကမှ ထာဝရညည့်ဦးယံမြို့ရှိ ဖုန်းယွင်ဂိုဏ်း၏ အမျက်ဒေါသကို ရန်မစချင်ကြပါ။
ထာဝရညည့်ဦးယံမြို့သည် လူဆိုး၊ လူသွမ်းများ စုပုံနေသည့်နေရာဖြစ်ရာ ဖုန်းယွင်ဂိုဏ်းနှင့် အခြားနယ်ခံဂိုဏ်းကြီးများအတွင်း၌ ရက်စက်ကြမ်းကြုတ်၍ အစွမ်းထက်သောလူများစွာ ရှိနေကြသည်။ ထိုကဲ့သို့လူတစ်စုကို ရန်စရန်မှာ ရူးမိုက်သောအပြုအမူသာ ဖြစ်ပါသည် !
ဝမ်တိကွေ့ခန်းမထဲကို ဝင်လာတာကို မမြင်လိုက်ဘူးလား။ အဲ့ဒီအချိန်တုန်းက သွေးနီရောင် ဧကရာဇ်အဆင့်စွမ်းအားရှင်တွေတောင် သူ့ကို ကြောက်လန့်ခဲ့ကြလေ?!
သို့သော်လည်း ယခုအချိန်မှာတော့ ဝမ်ဖုန်းတို့လို မျက်နှာစိမ်းတစ်စုက ထောင်လွှားမောက်မာနေခဲ့ကာ ဝမ်တိကွေ့ကိုတောင် အော်ဟစ်ဆူပူခဲ့သည်။ ဒီလူတွေ လွတ်ကော လွတ်မြောက်နိုင်ဦးမှာလား။
အသစ်မွေးဖွားလာတဲ့ ကျားပေါက်တွေက အရွယ်ရောက်ပြီးတဲ့ကျားကို မကြောက်ဘူးဆိုတာ အမှန်ဘဲကိုး !အိမ်း....
ကျင့်ကြံသူအများသည် တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်မိသည်။ သူတို့ဟာ ဝမ်ဖုန်းနှင့်အခြားသူများ၏ ဆိုးရွားသောအဆုံးသတ်ကို စိတ်ကူးယဥ်မိခဲ့ကြသည်။ အမြင့်မြတ်ဆုံးအင်အားစုကြီးများကလွဲ၍ ဘယ်သူကမှ ထာဝရညည့်ဦးယံမြို့၏ နယ်ခံဂိုဏ်းကြီးများကို ရန်စ၍ အသက်မရှင်နိုင်ခဲ့ကြပါ။
" ကောင်းတယ်.....အရမ်းကောင်းတယ် ! "
" ဒီအဖိုးကြီးက မင်းတို့လိုရဲရင့်တဲ့ လူငယ်တွေကို မတွေ့ရတာ ကြာလှနေပြီ။ "
ဒေါသထွက်ရမည့်အစား ဝမ်တိကွေ့သည် ပြုံးရယ်လျက် ပြောဆိုလိုက်သည်။ သို့သော်လည်း သူ၏မျက်ဝန်းများက အေးစက်နေခဲ့ကာ လူတစ်ကိုယ်လုံးကို တုန်ခါစေနိုင်သည့် သတ်ဖြတ်လိုသောအငွေ့အသက်များကို ဖော်ထုတ်လျက် ရှိသည်။
" ဝမ်တိကွေ့ လူယုတ်မာကောင် မင်းဝေးဝေးကို ဒိုးလိုက်စမ်း ! "
ပြင်းထန်သောလေထုကြီး ကြီးစိုးနေသည့်အခါသမျှတွင် တည်းခိုအိမ်အပြင်ဖက်မှ ကျိန်ဆဲသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် လူတစ်ယောက်ဟာ ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ ထိုသူဝင်ရောက်လာသည့်အခါ ခန်းမကြီးတစ်ခုလုံးက ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ အဆုံးအစမဲ့သော သတ်ဖြတ်မှုအရှိန်အဝါများကို ဖော်ထုတ်နေသော ဝမ်တိကွေ့ကတောင် ငြိမ်ကျသွားခဲ့ရသည်။
အဲ့ဒီပုဂ္ဂိုလ်မှာ ထာဝရညည့်ဦးယံမြို့အတွင်းရှိ မြွေနဂါးဓားဂိုဏ်မှ အသန်မာဆုံးအကြီးအကဲ ကုကန်းဖြစ်၏ !
ထာဝရညည့်ဦးယံမြို့အတွင်း၌ ဆိုရိုးစကားတစ်ခုရှိသည်။ ၎င်းမှာ မြွေနဂါးဓားဂိုဏ်းကို ရန်စမှာထက် အသန်မာဆုံးဧကရာဇ်စွမ်းအားရှင်ကို ရန်စတာကတောင် ပို၍ကောင်းသေးသည် ဟူ၍ ဖြစ်သည်။
ထိုဆိုရိုးစကားမှတဆင့် မြွေနဂါးဓားဂိုဏ်း၏ ထိတ်လန့်ဖွယ်ကောင်းပုံကို တွေ့မြင်နိုင်သည်။
ထာဝရညည့်ဦးယံ မြို့အတွင်းရှိ လူများက ဆိုးသွမ်းသော လူများဖြစ်လျှင် မြွေနဂါးဓားဂိုဏ်းမှ လူများက ရူးမိုက်သောသူများသာ ဖြစ်သည်။
မြွေနဂါးဓားဂိုဏ်း၏ကျင့်ကြံရေးသည် ရုပ်ပိုင်းဆိုင်ရာကျင့်ကြံရေးသာမက ဓားလမ်းစဥ် ကျင့်ကြံရေးလည်း ဖြစ်သည်။
ကောလဟာလများအရ မြွေနဂါးဓားဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းရိသည် ရှေးဟောင်းလွင်ပြင်တစ်ခုမှနေ၍ လျို့ဝှက်ဓားကျမ်းစာအုပ်တစ်အုပ်ကို ရရှိခဲ့သည်ဟု ဆိုသည်။ ထိုစာအုပ်ဖြင့် ကျန်းရိဟာ နှစ်တစ်ထောင်အတောအတွင်းမှာပင် ထာဝရညည့်ဦးယံမြို့၏ ဆရာသခင်တစ်ပါး ဖြစ်လာခဲ့သည်။ သူဟာ ကြီးကျယ်ခမ်းနားသော မြွေနဂါးဓားဂိုဏ်းကြီးကိုတောင် ထူထောင်ခဲ့ပြီး ထာဝရညည့်ဦးယံမြို့အတွင်းရှိ ထူးချွန်ထက်မြတ်သော ဂိုဏ်းချုပ်များထဲမှတစ်ယောက်အဖြစ် တက်လှမ်းလာခဲ့သည်။ ထိပ်တန်းအင်အားစုများ၏ အသန်မာဆုံးပုဂ္ဂိုလ်များကတောင် သူ့ကို ကြောက်လန့်ကြရသည်။
ခန္ဓာကိုယ်ကို ဓားတစ်လက်ဖြင့် ပြုပြင်စီရင်ခြင်း၊ ဓားတစ်လက်ကို ခန္ဓာကိုယ်ဖြင့် ပြန်လည်မွမ်းမံခြင်း !
မြွေနဂါးဓားဂိုဏ်းသည် သာမာန်ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူများ၊ ဓားကျင့်ကြံသူများနှင့် ကွဲပြားခြားနားမှု ရှိသည်။ သူတို့အားလုံးဟာ ဓားကိုယ်ထည်စာအုပ်ကို ကျင့်ကြံကြလေသည်။ ၎င်းဓားကျမ်းသည် ဓားများကိုအသုံးပြု၍ မိမိ၏ခန္ဓာကိုယ်ကို သန့်စင်ခြင်း ဖြစ်သည်။ ထို့နောက် သူတို့၏မွေးရာပါဓားများကို ခန္ဓာကိုယ်အတွင်း ပေါင်းစည်းကြရသည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် ဓားလက်နက်များ၏စွမ်းပကားကြောင့် များစွာတိုးတက်လာခဲ့သည်။ ထိုသူများ၏ ကန်ချက်တစ်ချက်စီတိုင်း၊ လက်သီးလုံးတစ်လုံးစီတိုင်း၌ ဓားစွမ်းအင်များ ကိန်းဝပ်နေသည်။
တိုက်ခိုက်မှုနဲ့ခုခံမှုကို ပေါင်းစပ်သွားသည့်အခါ ထိတ်လန့်ဖွယ်ကောင်းသောသက်ရောက်မှုကြီးတစ်ခုကို လက်ဝယ်ကိုင်ဆောင်လိုက်သည်။ မြွေနဂါးဓားဂိုဏ်းသည် ထိုကဲ့သို့ အခြေအနေမျိုးအထိ တိုးတက်အောင်မြင်ပေသည်။
ထို့အပြင် ထာဝရညည့်ဦးယံမြို့အတွင်း၌ အဆင့်တူဂိုဏ်းများအကြားတွင် မြွေနဂါးဓားဂိုဏ်းသည် လူအင်အားအတောင့်တင်းဆုံး ဖြစ်ချေသည်။
ထာဝရညည့်ဦးယံမြို့အတွင်း၌ရှိသော မြွေနဂါးဓားဂိုဏ်း၏ ပါရမီရှင်များကို အမြင့်မြတ်ဆုံးအင်အားစုကြီး(18)ခု၏ ပါရမီရှင်များကသာ ရင်ဆိုင်နိုင်စွမ်းရှိကြသည်။
အထက်ပါအချက်များကြောင့် ကုကန်း၏ဆူပူကျိန်းမောင်းခြင်းခံခဲ့ရတာတောင် ဝမ်တိကွေ့သည် ခွန်းတုန့်မပြန်ရဲခဲ့ပါချေ။ သူဟာ အပြုံးတစ်ပွင့်ဖြင့်သာ ပြန်လည်၍ တုန့်ပြန်ခဲ့ရသည်။ ထိုအရာများအားလုံးသာ ဟန်ဆောင်မှုများသာ ဖြစ်ချေသည်။
"တာအိုရောင်းရင်းကု ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလူတွေက အမြင်ကျဥ်းမြောင်းပြီး မောက်မာတဲ့လူတွေလေ။ တာအိုရောင်းရင်းကုလည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရမှာကို စိုးရိမ်မိပါတယ်။ " ဝမ်တိကွေ့က ဦးစွာပြုံးရယ်လိုက်ပြီး ကုကန်းကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ ယင်းနောက် ဝမ်ဖုန်းတို့အပေါ် သူ၏မလိုလားဟန်ကို ဖော်ပြခဲ့သည်။
" ကြည့်ရတာ မင်း ၊ဒီတာအိုရောင်းရင်းတွေနဲ့ ပြဿနာ ဖြစ်နေပုံပဲ။ "
" မင်းဘာမှမလုပ်နိုင်ဘူးဆိုရင်လည်း ထွက်သွားပြီး ဒီဧကရာဇ်ကို ကောင်းကောင်းနေခွင့် ပေးစမ်းပါ။ "
ကုကန်းသည် ဝမ်တိကွေ့ကို လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်လျက် ထပ်မံ၍ ကျိန်းမောင်းလိုက်သည်။
လူအုပ်ကြားထဲတွင် ကုကန်း၏ထပ်မံကျိန်းမောင်းခြင်းကို ခံခဲ့ရတာကြောင့် စိတ်ထားကျဥ်းမြောင်းသော ဝမ်တိကွေ့သည် ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။ သူ၏အမူအရာဟာ ပျက်ယွင်းလို့ နေချေသည်။ သို့သော်လည်း သူဟာ နှလုံးသားအတွင်းရှိဒေါသများကို ဖိနှိပ်လိုက်ပြီး ဘေးဖက်သို့ ဖယ်ခွာသွားခဲ့သည်။
ကုကန်းနဲ့ ပဋိပက္ခဖြစ်ခြင်းမှာ ညဏ်နည်းသောလုပ်ရပ်သာဖြစ်သည်။ သူ့ကို ကုကန်းက သတ်ဖြတ်လိုက်ရင်တောင် ဖုန်းယွင်ဂိုဏ်းသည် မြွေနဂါးဓားဂိုဏ်းကိုသွား၍ ဖြေရှင်းချက် တောင်းပေးနိုင်မှာ မဟုတ်ပါ။ သူ၏သေဆုံးမှုက အလဟသဖြစ်ရလိမ့်မည်။
ကုကန်းကို ရန်မတုန့်ပြန်နိုင်မှတော့ သူ့ရဲ့ဒေါသတွေကို ဝမ်ဖုန်းတို့အုပ်စုဆီဘဲ ပုံအပ်ရတော့မှာပေါ့။ အစောပိုင်းက ဝမ်ဖုန်းတို့၏အရှက်ရအောင် ပြုမူခဲ့ခြင်းကြောင့် ဝမ်တိကွေ့သည် ဝမ်ဖုန်းတို့အားလုံးကို အရိုးထဲထိအောင် မုန်းတီးနေခဲ့သည်။
ကုကန်းရှိနေ၍သာ မဟုတ်ပါက သူသည် ချက်ချင်းကို ထိုလူတစ်စုအား သတ်ဖြတ်ပစ်ချင်ပေသည်။
ဝမ်ဖုန်းသည် ဝမ်တိကွေ့၏မဲမှောင်နေသောမျက်နှာကို လျစ်လျူရှူထားခဲ့သည်။ သူဟာ ကုကန်းကိုစိုက်ကြည့်လိုက်ပြီး မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
ကုကန်းသည် အနည်းငယ်သောအရှိန်အဝါကိုမှ ဖော်ထုတ်မနေခဲ့သော်လည်း ကုကန်းထံမှ သန်မာသောစွမ်းအားကို သူခံစားနေရသည်။ ၎င်းမှာ ဝမ်တိကွေ့ထက် များစွာသန်မာပါသည်။
သူသည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်၌သာရှိနေသော်လည်း အရိုးစု၏ ဖိနှိပ်ခြင်းခံခဲ့ရပြီးနောက် သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ နဂါးအရိုး၊လျိုယင်းနှလုံးသားတို့လိုမျိုး မှော်ဆန်သည့်အရာများနဲ့ ပေါင်းစပ်လိုက်သည့်အခါ ဝမ်ဖုန်း၏ကျင့်ကြံမှုကို သာမန်မျက်စိဖြင့် တိုင်းတာ၍မရနိုင်ပါ။
သူသာ ခွန်အားကုန်သုံး၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ပါက ဝမ်ဖုန်းသည် ဝမ်တိကွေ့လိုအဆင့်မျိုးကိုတောင် ကြောက်လန့်ခြင်းမရှိပါချေ။ သူဟာ သွေးနီရောင်ဧကရာဇ်အဆင့်စွမ်းအားရှင်များကိုတောင် ရင်ဆိုင်နိုင်ပေသည်။ သန်မာသော သွေးနီရောင်ဧကရာဇ်အဆင့်စွမ်းအားရှင်များကို အနိုင်မယူနိုင်ခဲ့ဘူးဆိုရင်တောင် လွတ်အောင်ထွက်ပြေးရသည်မှာ ဝမ်ဖုန်းအတွက် ခက်ခဲမည်မဟုတ်ပါ။ သို့သော်လည်း ကုကန်းနှင့်ေတွ့တော့ သူဟာ အနည်းငယ် မသက်မသာခံစားနေရသည်။
ကုကန်းရောက်လာသည့်အခါ ဝမ်ဖုန်းသည် မမြင်နိုင်သောဖိနှိပ်မှုတစ်ခုကို ခံစားခဲ့ရသည်။
" တာအိုရောင်းရင်း ၊ကျုပ်ဒီမှာ ထိုင်လို့ရနိုင်မလား။ "
ကုကန်းဟာလည်း ဝမ်ဖုန်း၏နက်ရှိုင်းသောကျင့်ကြံမှုကို ခံစားခဲ့ရသည်။ အမြဲတမ်း မောက်မာနေခဲ့သောကုကန်းသည် ဤတစ်ကြိမ်၌ စိတ်ကို ထိန်းချုပ်ထားခဲ့ပြီး ဝမ်ဖုန်းကို ယဥ်ကျေးပျူငှာစွာ မေးမြန်းလိုက်သည်။
ထိုအမူအရာက ဝမ်တိကွေ့၏မျက်နှာကို ပြောင်းလဲသွားစေခဲ့ရုံသာမက ရှိနေသောကျင့်ကြံသူများကိုလည်း ထိတ်လန့်သွားစေခဲ့သည်။
ထာဝရညည့်ဦးယံမြို့အတွင်း၌ မြွေနဂါးဓားဂိုဏ်း၏ ရူးသွပ်မှုနဲ့မောက်မာမှုများကို မသိတဲ့ပုဂ္ဂိုလ်ဟူ၍ မရှိ။ မြွေနဂါးဓားဂိုဏ်း၏ ယဥ်ကျေးပျူငှာစွာ ဆက်ဆံခြင်းကို ခံခဲ့ရသူများသည် အဆင့်တူထိပ်တန်းပါရမီရှင်များသာ ဖြစ်ပါသည်။
ထာဝရညည့်ဦးယံမြို့ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ ဝမ်ဖုန်းတို့ကို မြွေနဂါးဓားဂိုဏ်းက ယဥ်ယဥ်ကျေးကျေးဆက်ဆံနေတာလား။ သူတို့တွေက အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာမဟုတ်လား။