← Chapters

ဘုန်းကြီးဖိုရှု

Vol. 49 Ch. 687

ဘုန်းကြီးဖိုရှု

Vol. 49 Ch. 687

ဘာသာပြန်- The Fate

ရွှမ်းယွမ်သည် ဤအချိန်တွင် ငွေဖြူရောင် မျက်နှာဖုံးကို တပ်ဆင်ထားခဲ့သည်။ ပို၍ ထိတ်လန့်စရာ ကောင်းသည်က သူဝတ်ဆင်ထားသော မျက်မှာဖုံးဟာ ပျက်သုန်းခြင်း ဧကရာဇ်နယ်ပယ်လက်နက်တစ်ခု ဖြစ်နေသည်။ ဒါ့အပြင် ၎င်း၏ အဆင့်ကလည်း နိမ့်ကျခြင်း မရှိပါ။

ရွှမ်းယွမ် ဘာကြောင့် ဒီလိုလုပ်ရသလဲ ဆိုတာကို ဝမ်ဖုန်းက သိပါသည်။ သူဟာ ရွှမ်းယွမ် နတ်ဘုရားမျိုးနွယ်စုမှ ရှာတွေ့ခြင်းကို ရှောင်ရှားရန် ဖြစ်လေသည်။

တစ်ဖက်မှာတော့ ဝမ်တိကွေ့သည် လီပိုင်တို့အုပ်စု ထွက်ပေါ်လာတာကို တွေ့မြင်ရတော့ သူ၏မျက်ဝန်းများက ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ သူ့မျက်နှာထက်တွင် အံ့သြနေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက သက်ရှိများကိုတောင် သယ်ဆောင်ထားနိုင်သော ရ တနာပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူထင်မထားခဲ့ချေ။

ဤသည်ကြောင့် ဝမ်တိကွေ့၏ မျက်ဝန်းများအတွင်းရှိ အလင်းရောင်သည် ပို၍ စူးရှတောက်ပလာခဲ့သည်။ ဒီကောင်က သိုးဝဝကြီးပဲ။ ငါ ဝမ်တိကွေ့တော့ ချမ်းသာပြီကွ !

" မင်းတို့ပိုင်တဲ့ ပစ္စည်းတွေကို နာနာခံခံနဲ့ လက်လွဲပေးလိုက်စမ်း။ ဒီလိုဆိုရင် မနာမကျင်နဲ့ သေရမယ် !"

ဝမ်တိကွေ့၏ မျက်ဝန်းများအတွင်း ရွှတ်နောက်နောက် အပြုံးတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ဝမ်ဖုန်းကို စိုက်ကြည့်လျက် နက်ရှိုင်းစွာ ပြောဆိုခဲ့သည်။

ဝမ်တိကွေ့ဟာ အစဥ်အမြဲ မောက်မာထောင်လွှားသူ ဖြစ်သည်။ ကုကန်းက ဝမ်ဖုန်းကို ကောင်းမွန်စွာ ဆက်ဆံခဲ့ရင်တောင် ဝမ်တိကွေ့ကတော့ ဝမ်ဖုန်းကို ကြောက်လန့်ခြင်း မရှိပါ။ ဒီလူက ဘယ်ချောင်ကမှန်းမသိ ထွက်လာတဲ့ လူတစ်ယောက်ပဲလေ။ ငါဝမ်တိကွေ့က ဘာကြောင့် ကြောက်ရမလဲ။

ဝမ်တိကွေ့၏ ရန်စမှုကို တွေ့ကြုံလိုက်ရတော့ ဝမ်ဖုန်းဟာ တုန့်ပြန်ရန်တောင် ပျင်းရိသွားခဲ့ပြီး လက်ကို ခါယမ်းခဲ့သည်။

" ဘုန်း...! "

ဝမ်ဖုန်း၏ အမူအရာကို မြင်တော့ တစ်ဖက်တွင်ရှိနေသော လီပိုင်က ချက်ချင်း နားလည်သွားခဲ့သည်။ သူဟာ လွှမ်းမိုးချယ်လှယ်နိုင်သော အရှိန်အဝါကို ပေါက်ကွဲထုတ်ဖော်ခဲ့သည်။ ကောင်းကင်ဘုံ ဧကရာဇ်အထွတ်အထိပ် စွမ်းအားသည် သတိပေးထားခြင်းမရှိဘဲ ထွက်ပေါ်လာလေသည်။

ဝမ်တိကွေ့၏ ထိတ်လန့်နေသော အကြည့်အောက်တွင် လီပိုင်သည် ရုတ်ချည်းပျောက်ကွယ်သွားခဲ့ကာ သူ၏ရှေ့၌ ပြန်၍ ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်နှစ်ချောင်းသည် ပူးကပ်နေခဲ့ကာ ဓားတစ်ချောင်းကဲ့သို့ ဖော်ဆောင်နေခဲ့ပြီး အရှေ့ ဖက်ကို ထိုးစိုက်ခဲ့သည်။ ထက်မြက်သော ဓားအလင်းတန်းသည် လက်ချောင်းများထိပ်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ် လာခဲ့သည်။ နားစည်ကို တုန်ခါစေနိုင်သော အရှိန်အဟုန်ဖြင့် ၎င်းဓား အလင်းတန်းသည် ဝမ်တိကွေ့ကို ကျယ်လောင်စွာ ရိုက်ခတ်သွားခဲ့သည်။

" သေစမ်း..! "

ဝမ်တိကွေ့က ဒေါသတကြီး ဟိန်းဟောက် ပြောဆိုခဲ့သည်။ သူ့ထံမှ အရှိန်အဟုန်များက ပို၍ ပြင်းထန် ပေါက်ကွဲလာခဲ့သည်။ သူဟာ ခွန်အားကုန် အသုံးပြု၍ ခုခံရန် ပြင်ဆင်ခဲ့သည်။ သို့သော်လည်း လီပိုင်၏ ဓားအလင်းတန်းမှာ အင်မတန် ထက်မြက်သည်ဖြစ်ရာ သူ ဖော်ဆောင်လိုက်သော အကာအရံအလွှာသည် စက္ကူစတစ်ရွက်လိုမျိုး ဆုတ်ဖြဲခံခဲ့ရ၏။

သူ၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ၎င်းဓားအလင်းတန်းသည် သူ၏ရင်ဘတ်ကို ထွင်းဖောက်သွားခဲ့သည်။ ကြီးမားသော ဖိအားကြီးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လေထုထဲ မြောက်တက်သွားစေခဲ့ကာ ယင်းနောက်မှာ မြေပြင်ပေါ် ပြန်၍ ပြုတ်ကျသွားခဲ့သည်။ မြေပြင်ပေါ်တွင် ကျယ်ဝန်းသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

" အဟွတ် ! "

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

ဝမ်တိကွေ့၏ နှုတ်ဖျားမှ ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူဟာ တွင်းပေါက်ကြီးအတွင်းမှ ခက်ခက်ခဲခဲ တွားသွားတက်လာခဲ့ပြီး သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အကြည့်တစ်ခု ရှိနေခဲ့သည်။ သူဟာ လီပိုင်ကို မကောင်းဆိုးရွားတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေခဲ့သည်။

လီပိုင်၏ကျင့်ကြံမှုဟာ ကောင်းကင်ဘုံဧကရာဇ် အထွတ်အထိပ်တွင် ရှိနေကြောင်း သေချာသော်လည်း သူပြသခဲ့သော စွမ်းအားကတော့ ဝမ်တိကွေ့ကို တုန်ယင်သွားစေခဲ့သည်။ မြွေနဂါးဓားဂိုဏ်း၏ အကြီးအကဲဖြစ်သော ကုကန်းကတောင် ဤမျှလောက် အစွမ်းမထက်နိုင်ဘူးဟု ဝမ်တိကွေ့ ခံစားခဲ့ရသည် !

ဝမ်တိကွေ့နောက်ကို လိုက်ပါလာခဲ့သော သက်လတ်ပိုင်း အမျိုးသားတစ်အုပ်ကတော့ ကြောင်အလျက် ရပ်တန့် နေခဲ့ကြသည်။ သူတို့၏ ကိုယ်ခန္ဓာတစ်ခုလုံးက အကြောက်တရားတို့ဖြင့် တုန်ယင်နေခဲ့သည်။ သူတို့အထဲမှာ ဝမ်တိကွေ့က အသန်မာဆုံး ဖြစ်ပါသည်။ ဝမ်တိကွေ့ကတောင် လီပိုင်ရဲ့ပြိုင်ဖက်မဖြစ်နိုင်ဘူး ဆိုမှတော့ သူတို့ကရော ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

" ပြေးကြ..! "

သက်လတ်ပိုင်း ကျင့်ကြံသူတစ်စုသည် တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ဟစ်အော်၍ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ထွက်ပြေးသွားတော့သည်။

သို့သော်လည်း သူတို့ ဆယ်မိုင်ဝန်းကျင်ထိတောင် မရောက်နိုင်သေးခင်မှာ အလင်းတန်းတစ်ခု၏ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး သူတို့၏အသက်ဓာတ်များဟာ ပျောက်ကွယ်သွားခဲ့သည်။ သူတို့ဟာ မြေပြင်ပေါ် ပြိုကျသွားခဲ့ပြီး မြေပြင်ကြီးတစ်ခုလုံးက တစ်သိမ့်သိမ့် ခါယမ်းသွားခဲ့သည်။

ဤတိုက်ကွက်ကို ပြုလုပ်ခဲ့သူမှာ ရှန်ရှန်ကျုံဂိုဏ်း၏ ဒုတိယအစောင့်အရှောက် ရှီကန်းတန် ဖြစ်ပါသည်။

ရှီကန်းတန်၏ ကျင့်ကြံမှုဟာ သွေးနီရောင်ဧကရာဇ် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့သည်။ သူ၏ခွန်အားဟာ နက္ခတ်ဧကရာဇ်အဆင့် စွမ်းအားရှင်များနဲ့တောင် နှိုင်းဆနိုင်ခဲ့ကာ ၎င်းဧကရာဇ်အဆင့် စွမ်းအားရှင် အနည်းငယ်ကို သတ်ဖြတ်ခြင်းကတောင် သူ့အတွက် မခက်ခဲပါ။

" အလင်းတန်းပေါ် ကခုန်နေတဲ့လူပြက် တစ်ယောက်က ဂိုဏ်းချုပ်ကြီးကို ရန်စရဲတယ်လား။ ဘယ်လို ရှင်သန်နေထိုင်ရမှန်း မသိဘူးဘဲ။ "

လီပိုင်သည် ဝမ်တိကွေ့ရှိရာကို လမ်းလျှောက်လာခဲ့ပြီး ထိုသူ့ကို ငုံ့မိုးကြည့်ရှူလိုက်ကာ ထူးမခြားနားစွာ ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုလိုက်ပြီးနောက် လီပိုင်သည် သူ၏လက်ဖဝါးကို အသာအယာ ဖိချခဲ့သည်။ ထိတ်လန့်စရာကောင်းသော စွမ်းအားများသည် လက်ဖဝါးအတွင်း စုပြုံဝင်ရောက်လာခဲ့ကာ လက်ဖဝါးပြင်သည် တစ်လက်လက် တောက်ပလာခဲ့သည်။ ဧရာမလက်ဖဝါးကြီးသည် အဆုံးအစမဲ့ စွမ်းအင်တို့ကို သယ်ဆောင်လျက် ဝမ်တိကွေ့ထံ ပြိုဆင်းလာခဲ့သည်။

" မဟုတ်ဘူး..! "

ဝမ်တိကွေ့၏ မျက်ဝန်းများဟာ ထိတ်လန့် ခြောက်ခြားနေခဲ့သည်။ သူဟာ စိတ်ပျက်အားလျော့စရာ အော်သံကြီးကို ပြုလုပ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ကြီးက တိုက်ရိုက်ချေမွခံခဲ့ရသည်။

" ဘုန်း..! "

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကမ္ဘာလောကအတွင်း ထွက်ပေါ်လာခဲ့ကာ ဝမ်တိကွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။

ဝမ်တိကွေ့ ရှိနေခဲ့သော နေရာကို ဗဟိုပြုလျက် မြေပြင်သည် အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့သည်။

" ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်....ဖုန်းယွင်ဂိုဏ်းရဲ့ အကြီးအကဲ ဝမ်တိကွေ့ကို သတ်ဖြတ်ခဲ့သည့်အတွက် ဂိုဏ်းအမှတ် (800)ဘီလီယံ လက်ခံရရှိပါတယ် "

ဝမ်ဖုန်းသည် သူ့ဦးနှောက်အတွင်းမှ အေးစက်စက်အသံကို လျစ်လျူရှူထားခဲ့သည်။ သူဟာ အရှေ့ဖက်ကို လေးနက်သော အမူအရာဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ လီပိုင်၊ ရှီကန်းတန်နဲ့ အခြားသူများကလည်း ထိုအရပ်မျက်နှာဖက်ကို အလေးအနက် စိုက်ကြည့်နေခဲ့ကြသည်။

ခြောက်ခြားစရာကောင်းသော အရှိန်အဝါတစ်ခုသည် သူတို့ထံသို့ ပြေးလာနေကြောင်းကို သူတို့အားလုံး ခံစားလိုက်ကြရ၏။

" ရောက်ရှိလာဖို့ အချိန်တန်ပြီ။ ငါပုန်းကွယ်နေလို့ မရတော့ဘူး။ "

ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းခဲ့ပြီး တိုးညှင်းစွာရေရွတ် ပြောဆိုခဲ့သည်။

တွေးတောစရာတောင် မလိုပါပေ။ ၎င်းအရှိန်အဝါသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်မှ ဖြစ်ကြောင်း သူသိရှိခဲ့သည်။ ထိုသူတစ်စုသည် သေဆုံးသွားသော ဘုန်းတော်ကြီးငယ်အကြောင်း စုံစမ်းရန် ရောက်ရှိလာတာ ဖြစ်ပေလိမ့်မည်။

နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ကသာ သခင်ငယ်လေးရဲ့ သေဆုံးမှုကို လက်တုံ့ မပြန်နိုင်ပါလျှင် သူတို့ကိုယ်သူတို့ ထိပ်တန်းအင်အားစုကြီးဟု ခေါ်ဆိုနိုင်မှာ မဟုတ်ပါ။

အစကနေ အဆုံးအထိ ဝမ်ဖုန်းနှင့်အခြားသူများက သူ့ကို လူပြက်တစ်ယောက်ကဲ့သို့ သဘောထားခဲ့ကြောင်းကို ဝမ်တိကွေ့တစ်ယောက်ကတော့ သေသည်အထိ သိမသွားခဲ့။ ဝမ်ဖုန်းတို့အတွက်တော့ သူဟာ သာမည လူသားတစ်ယောက်သာ ဖြစ်ပါသည်။

" ဘုန်း....! "

ဝမ်ဖုန်းနှင့်အခြားသူများ၏ မျက်ဝန်းများအောက်တွင် ခြောက်ခြားစရာကောင်းသော အရှိန်အဝါကြီးသည် ကောင်းကင်ယံထက်မှ ပြိုဆင်းလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ၎င်းအရှိန်ဝါကြီးသည် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ဝမ်ဖုန်းတို့အရှေ့ဖက်သို့ သက်ဆင်းခဲ့သည်။

အမျိုးသားသည် ရွှေဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားခဲ့ပြီး ကြမ်းတမ်းခက်ထန်သော အမူအရာရှိသည်။ ၎င်း၏ဦးခေါင်းတွင် ဆံပင်တစ်ပင်မှ မရှိပါ။

တောက်ပသော နေရောင်အောက်တွင် သူ၏ခန္ဓာကိုယ်မှ ရွှေအိုရောင်အလင်းတန်းကို ထုတ်ဖော်နေခဲ့သည်။ သူ့ဦးခေါင်း အနောက်ကျောဖက်တွင် ဗုဒ္ဓ၏အရှိန်အဝါများသည် စက်ဝန်းတစ်ခုကဲ့သို့ လည်ပတ်နေခဲ့သည်။

ထိုပုဂ္ဂိုလ် ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းတို့ ရှိနေသော တောင်စဥ်၊တောင်တန်းများနဲ့ တောအုပ်များသည် ရုတ်တရက် တသိမ့်သိမ့် ခါယမ်းသွားခဲ့သည်။

လေဟာပြင်သည် ပုံပျက် ယိုယွင်းလာခဲ့၏။

များအကြာမီတွင် ဝမ်ဖုန်းနဲ့ အခြားသူများသည် ထိုသူ့ကို စူးစိုက်ကြည့်ရှူလိုက်ကြသည်။

" အစစ်အမှန်ဧကရာဇ်နယ်ပယ် ! "

ဝမ်ဖုန်းတို့မျက်နှာထက်ရှိ အမူအရာသည် ပို၍ လေးနက်တည်ကြည်လာခဲ့သည်။ သူဟာ ရောက်ရှိလာသော လူထံမှ သန်မာသော ဖိအားကို ခံစားခဲ့ရသည်။ ၎င်းဖိအားသည် အစစ်အမှန်ဧကရာဇ်တစ်ပါး၏ ဖိအားဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ပြောဆိုနိုင်ပါ၏။

ဝမ်တိကွေ့သာ သေဆုံးသွားခြင်းမရှိလျှင် ထိုသူ့ကိုတွေ့လိုက်ပါက သေသည်အထိ ကြောက်လန့်သွားမှာ ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ကာကွယ်စောင့်ရှောက်သူ ဖိုရှု ဖြစ်သည်။ သူ၏ကျင့်ကြံမှုဟာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်၌ ရှိ၏။

" အဲ့တာ အသင်ပဲ ! "

ဝမ်ဖုန်းတို့ကို တခဏကြာအောင် စူးစိုက်ကြည့်ရှူလိုက်ပြီးနောက် ဖိုရှု၏မျက်ဝန်းများဟာ ခက်ထန် ကြမ်းတမ်းသွားခဲ့ကာ အော်ဟစ်ပြောဆိုခဲ့သည်။ သူဟာ ဝမ်ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသည် သူ၏ကိုယ်ခန္ဓာမှ ဖြာဆင်းထွက်ပေါ်လာခဲ့ကာ ဝန်းကျင်ရှိလေထုကို သိပ်သည်းထူထပ်သွားစေခဲ့သည်။

မီးတောင်ပေါက်ကွဲသကဲ့သို့ ဒေါသများသည် ဖိုရှု၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ကာ လောကတစ်ခွင်ကို ခါယမ်းစေခဲ့သည်။ ဝမ်ဖုန်း၏ဘေးနားတွင် ရှိနေသော ယင်ကော်သည် ကြောက်လန့်စရာ စွမ်းအားကြောင့် တစ်သိမ့်သိမ့်တုန်ယင်နေခဲ့သည်။ ဝမ်ဖုန်းတို့ အုပ်စုကတောင် ဤအချိန်၌ အမူအရာများ ပျက်ယွင်းနေခဲ့၏ !

All Chapters