ပင်လယ်နဂါးဧကရီ
Vol. 113 Ch. 1694
အထီးကျန်သိုင်းသခင်က ဧကရာဇ်တစ်ပါးဖြစ်လာခဲ့၏။
ယွီဧကရာဇ် ၊ လျှို့ဝှက်ဧကရာဇ်နှင့် အလောင်းဧကရာဇ်တို့က သေဆုံးသွားကြလေသည်။ ထိုသတင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားပြီး အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေ၏။
သို့သော်လည်း အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာခြင်းနှင့်အတူ လူသားမျိုးနွယ်၏ မြင့်မားတိုးတက်လာမှုက မလွဲဧကန်ဖြစ်ပြီး သူတို့အနေဖြင့် ရှေးဟောင်းခေတ်က သူတို့၏ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိလာဖို့ အခွင့်အရေးတစ်ရပ်ပင်ရှိကြောင်း လူတိုင်းက သိထားကြလေသည်။
. . . . .
နဂါးအရိုးတောင်ကြား ဘိုးဘေးနဂါးကုန်းမြေတွင်....။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဘိုးဘေးနဂါးကုန်းမြေ၏ အနက်ပိုင်းထဲမှာ တင်ပျဥ်ခွေထိုင်နေ၏။ နတ်နဂါးအုတ်ဂူများစွာ၏ အလယ်မှာ သူသည် ဘိုးဘေးနဂါးချီကို အဆက်မပြတ်စုပ်ယူပြီး သူ၏ မျက်လုံးများကိုမှိတ်ကာ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် သေချာပေါက် မနိမ့်ကျပေ။
အဲ့ဒီမှာ အန္တိမနတ်ဘုရားစွမ်းအားများအဖြစ် သူနားလည်ဆင်ခြင်နိုင်မည့် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များစွာရှိလေသည်။
ဥပမာအားဖြင့် ဆေဘာဧကရာဇ်၏ အမွေအနှစ်မှာ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုပါရှိလေသည်။ သူတို့ထဲမှ တစ်ခုသည် အဆုံးစွန်ဆေဘာနည်းစနစ် ကောင်းကင်ဘုံခုတ်ချက်ဖြစ်၏။ ကောင်းကင်ဘုံခုတ်ချက်သည် ဆေဘာတာအို၏ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။ ၎င်းကို ထုတ်ဖော်သည့်အခါ အဲ့ဒါသည် ကောင်းကင်ကနေ ဆင်းသက်လာမည့် ဆေဘာအလင်းတစ်ခုကဲ့သို့ဖြစ်ပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက် အရာရာတိုင်းကို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။
အခြားသော အန္တိမနတ်ဘုရားစွမ်းအားက ထာဝရလူသားဧကရာဇ် ထုတ်ဖော်ခဲ့ဖူးသော အချိန်ရပ်တန့်ခြင်းဖြစ်လေသည်။
တကယ်တော့... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအနေဖြင့် ထိုအန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ဖို့က အင်မတန်ခက်ခဲပြီး သူက အချိန်နှင့် အခွင့်အလမ်းဘယ်လောက်များများကို ယူရမလဲ မသိရပေ။
သူ့အနေဖြင့် နားလည်ဆင်ခြင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံး အန္တိမနတ်ဘုရားစွမ်းအားများမှာ မဟာအရိုင်းကမ္ဘာရှိ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ ဆင်းသက်လာသော အန္တိမနတ်ဘုရားစွမ်းအားများ ဖြစ်လေသည်။
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို စတင်ကျင့်ကြံခဲ့ကတည်းက လုံးဝမရပ်တန့်ခဲ့ပေ။ ဤ ကျင့်ကြံမှုနည်းစနစ်သည် သူနှင့် တစ်သားတည်းကျ ပေါင်းစည်းနေခဲ့လေပြီ။
ဥပမာအားဖြင့် လူတစ်ယောက်သည် အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော လျှပ်တပြတ်ခုန်ကူးခြင်းကို ကျင့်ကြံနိုင်ပေလိမ့်မည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဆေဘာတစ်လက်ကဲ့သို့အချိန်ကို အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ ရောက်ရှိလာအောင် ကျင့်ကြံဖို့ ကြိုးစားခဲ့ဖူးလေသည်။ သို့သော်လည်း အဲ့ဒါကို နှစ်ပေါင်း ရာချီကျင့်ကြံပြီးနောက် တိုးတက်မှုများစွာရှိမလာခဲ့ပေ။
အချိန်၏ စွမ်းအားက နားလည်ဆင်ခြင်ဖို့ အရမ်းကို ခက်ခဲလေသည်။
သမိုင်းတစ်လျှောက်မှာ အချိန်နှက့်ဆက်စပ်သော ကျင့်ကြံရေးနည်းစနစ် အနည်းအကျဥ်းမျှသာ ရှိလေသည်။
ကျတ်တီးမြေဓမ္မပညာရပ်နှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တပြတ်၏ အမွေအနှစ်ကြောင့်သာမဟုတ်လျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဆေဘာတစ်လက်ကဲ့သို့အချိန် အဆင့်မြင့်နတ်ဘုရားစွမ်းအားကို ဖန်တီးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ရှိ နတ်ဘုရားစွမ်းအားများစွာကြားမှာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာဖို့ အခွင့်အများဆုံးက အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားဖြစ်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ပြီးနောက် မဟာယာနအဆင့်သို့ ဝင်ရောက်လာခဲ့၏။
သူသည် ဆက်လက်ကျင့်ကြံပြီး သူ၏ ခွန်အားက တိုးလာသည်နှင့်အမျှ သူသည် ဆင်စွယ်ခြောက်ချောင်းစလုံးကို ကျင့်ကြံလာနိုင်ပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဆင်စွယ်လေးချောင်းကို ကျင့်ကြံနိုင်ခဲ့လေသည်။ ယခုအချိန်မှာ သူသည် ပဉ္စမမြောက်ဆင်စွယ်ကို ကျင့်ကြံခဲ့ပြီးလေပြီ။
ဤတံခါးပိတ်ကျင့်ကြံမှုမှာ သူသည် ဆဋ္ဌမမြောက်ဆင်စွယ်ကို ကျင့်ကြံခြင်းဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့ ကြိုးစားနေခြင်းဖြစ်လေသည်။
ဆင်စွယ်ခြောက်ချောင်း ဖြစ်ပေါ်လာသည်နှင့် ၎င်းသည် သေချာပေါက် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း ဧကရာဇ်တစ်ပါးဖြစ်လာပေလိမ့်မည်။
တဗူးတစ်ကောင်အနေဖြင့် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အစကတည်းက ကြောက်စရာကောင်းနေခဲ့၏။
ပကတိမဟာယာနအဆင့်မှာရှိသော တဗူးတစ်ကောင်သည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကိုနားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးနှင့် တူညီလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဧကရာဇ်တစ်ပါးဖြစ်လာသည်နှင့် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအား ၅ ခုကို နားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးနှင့် တူညီလာပေမည်။
ကမ္ဘာဦးခေတ်မှာ မဟာတဗူးသုံးမျိုးသည် သူတို့၏ အထွတ်အထိက်အခြေအနေ၌ ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးပြီး သမိုင်းတစ်လျှောက် တုန်လှုပ်စေခဲ့သည့် ကမ္ဘာဦးခေတ်စစ်ပွဲကို ဖြစ်ပေါ်စေခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တတ်နိုင်သမျှမြန်မြန် ဧကရာဇ်တစ်ပါးဖြစ်လာချင်သည်မှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိလေသည်။
အဲ့ဒါသည် သူ၏ အသိစိတ်ထဲမှာ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကနေ ချန်ထားရစ်ခဲ့သည့် နောက်ဆုံးအလင်းလုံး လေးလုံးထဲမှ သုံးလုံးက ကြေမွသွားခဲ့ပြီဖြစ်ပြီး သူက ပင်ကိုနတ်ဘုရားစွမ်းအား ၃ ခုကို အမွေဆက်ခံရရှိထားခဲ့၏။
သူသည် သားရဲဘုရင်ဆယ့်တစ်ပါး နယ်မြေဖြစ်စဥ်ကိုလည်း ကျင့်ကြံနိုင်ခဲ့လေသည်။ သားရဲဘုရင် ဆယ့်နှစ်ပါးထဲမှ တစ်ပါးသာလျှင်ကျန်ရစ်တော့လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နောက်ဆုံးအလင်းလုံးထဲမှာ ဘယ်သားရဲဘုရင်ရှိနေမလဲနှင့် သူက ဘယ်ပင်ကိုနတ်ဘုရားစွမ်းအားကို အမွေဆက်ခံရရှိနိုင်မလဲ သိချင်နေ၏။
မလှမ်းမကမ်းတွင် ချန်နဂါးဧကရာဇ်က မတ်တတ်တံမြက်စည်းတစ်လက်ကို ကိုင်ဆွဲပြီး စိတ်ကျေနပ်နေသော အမူအရာတစ်ခုနှင့်အတူ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တိတ်တဆိတ်ကြည့်နေ၏။
နှစ်တစ်ထောင်ကြာပြီးနောက် ချန်နဂါးဧကရာဇ်က အနည်းငယ်အိုမင်းလာခဲ့၏။
သို့သော်လည်း သူ့မှာ ဘဝသက်တမ်း နှစ်ကိုးထောင်နီးပါး ကျန်ရှိနေသေး၏။
ဤနှစ်ကိုးထောင်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သေချာပေါက်ကြီးပြင်းလာပြီး နဂါးမျိုးနွယ်ကို ဦးဆောင်လာနိုင်မည်ဟု သူက ယုံကြည်လေသည်။
ထိုစဥ်မှာပင် မလှမ်းမကမ်းမှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ပုံရိပ်တစ်ခုက ဆင်းသက်လာ၏။ ထိုပုံရိပ်သည် နဂါးဦးချောင်းလမ်းလျှောက်တောင်ဝှေးတစ်ချောင်းနှင့်အတူ ချန်နဂါးဧကရာဇ်ရှိရာသို့ လျှောက်လှမ်းလာခဲ့လေသည်။
အဲ့ဒါက အမျိုးသမီးအိုတစ်ဦးဖြစ်လေသည်။
အမျိုးသမီးအိုသည် ဆံပင်များဖြူဖွေးနေလေပြီ။ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများစွာရှိသော်လည်း သူမသည် ငယ်ရွယ်စဥ်က ချောမောလှပခဲ့မည်ကို ဝိုးတဝါးခန့်မှန်းမိနိုင်ဆဲ ဖြစ်၏။
“ပင်လယ်နဂါးဧကရီ... မင်းရောက်လာတာပဲ”
ချန်နဂါးဧကရာဇ်က အမျိုးသမီးအိုကို တွေ့မြင်သောအခါ ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“မတွေ့ရတာတောင်ကြာပြီ... နင့်ကိုကြည့်ရတာ အရင်ကထက် ပိုပြီးကြည့်ကောင်းလာတဲ့ပုံပဲ”
“အင်း...”
ပင်လယ်နဂါးဧကရီက ညင်သာစွာ ခေါင်းညိတ်၍ ပြန်လည်နှုတ်ဆက်လိုက်၏။
နဂါးမျိုးနွယ်မှာ စုစုပေါင်း ဧကရာဇ် ၅ ဦး ရှိလေသည်။
ပင်လယ်နဂါးဧကရီသည် ဦးချိုမဲ့နဂါးမျိုးရိုးမှ ဧကရီတစ်ပါးဖြစ်လေသည်။
“ဘာလို့လဲ... ကိစ္စတစ်ခုခုရှိလို့လား”
ချန်နဂါးဧကရာဇ်က မေးလိုက်၏။
ပင်လယ်နဂါးဧကရီက ချန်နဂါးဧကရာဇ်ဘေးသို့ ရောက်ရှိလာပြီး မလှမ်းမကမ်းတွင်ရှိသော နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ကြည့်လိုက်လေသည်။ ခဏမျှ စဥ်းစားတွေးတောပြီးနောက် သူမက ပြောလိုက်၏။
“ရွှေကျီးကန်းမီးဧကရာဇ်နဲ့ ငရဲစုန်းဧကရာဇ်တို့ရဲ့ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားပြီလို့ ကျွန်မကြားတယ်”
“အင်း... ငါလည်း အဲ့သတင်းကို ကြားသားပဲ”
ချန်နဂါးဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။
လွန်ခဲ့သည့်နှစ်တစ်ထောင်က လူသားဧကရာဇ်က ဆင်းသက်လာခဲ့ပြီး ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်လေးဦးကို သတ်ဖြတ်ခဲ့လေသည်။ သူတို့နှစ်ယောက်သာလျှင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့၏။
ဧကရာဇ်နှစ်ပါးသည် အလွန်တရာသန်မာပြီး အန္တိမနတ်ဘုရားစွမ်းအားခြောက်ခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် တူညီလေသည်။
သို့သော်လည်း သူတို့၏ ဒဏ်ရာများ သက်သာပျောက်ကင်းဖို့ နှစ်တစ်ထောင်အချိန်ယူရလေသည်။
“အဲ့ဒီမှာ ရှင်မသိလောက်တဲ့ နောက်ထပ်သတင်းတစ်ခုရှိသေးတယ်”
ပင်လယ်နဂါးဧကရီက ပြောလိုက်၏။
“ယက္ခမျိုးနွယ်... ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နဲ့ သွေးနွယ်ပင်မျိုးနွယ်မှာ ဧကရာဇ်သုံးပါး မြင့်မားပေါ်ထွက်လာပြီး သူတို့က အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်နိုင်သွားပြီ”
“ဟမ်...”
ချန်နဂါးဧကရာဇ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားသော ကမ္ဘာဦးမျိုးနွယ်များသည် အန္တိမနတ်ဘုရားစွမ်းအား ခြောက်ခုကိုနားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့်ယှဥ်နိုင်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ သူတို့သည် ရွှေကျီးကန်းမီးဧကရာဇ်နှင့် ငရဲစုန်းဧကရာဇ်တို့ကို ယှဥ်နိုင်လေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ကမ္ဘာဦးမျိုးနွယ် ၆စု ပူးပေါင်းသောအခါ သူတို့မှာ ထိပ်သီးဧကရာဇ်လေးဦးသာလျှင်ရှိခဲ့၏။
ယခု.. နှစ်တစ်ထောင်ကုန်ဆုံးသွားပြီးနောက် နတ်ဘုရားမျိုးနွယ်က တစ်သီးတစ်သန့် ခွဲထုတ်ခံခဲ့ရ၏။ ကျန်ရှိနေသော ကမ္ဘာဦးမျိုးနွယ် ၅စု မှာလည်း ထိပ်သီးဧကရာဇ်များ ရှိလာခဲ့လေပြီ။
“ဘယ်လိုဖြစ်ကုန်တာလဲ”
ချန်နဂါးဧကရာဇ်က မျက်မှောင်ကြုတ်၍ ခေါင်းခါယမ်းလိုက်၏။
“အဲ့ဒါက အရမ်းကိုထူးဆန်းတယ်... ကမ္ဘာဦးမျိုးနွယ်တွေက အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ဖို့ဆိုတာ ဘယ်လောက်ခဲယဥ်းလိုက်သလဲ... နှစ်တစ်ထောင်မှာ သုံးယောက်တောင်မှ ဆက်တိုက်ကြီး ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာရတာလဲ”
“အဲ့ဒါတော့... ကျွန်မလည်းမသိဘူး”
ပင်လယ်နဂါးဧကရီက ခေါင်းခါပြလိုက်၏။
“သူတို့ရဲ့ဧကရာဇ်တွေက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ လူသားဧကရာဇ်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံရပြီးတဲ့နောက် ကမ္ဘာဦးမျိုးနွယ် သုံးစုက ခံပြင်းစိတ်နဲ့ ပေါက်ကွဲလာကြတာ ဖြစ်ရင်ဖြစ်မှာပေါ့”
ထိုအကြောင်းပြချက်က အနည်းငယ် ဖြစ်ကတတ်ဆန်း နိုင်လေသည်။
ချန်နဂါးဧကရာဇ်သည် အဲ့ဒါနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ခံစားမိသော်လည်း သူက အဲ့ဒါကို ချက်ချင်းမဖော်ထုတ်နိုင်ပေ။
ပင်လယ်နဂါးဧကရီက ပြောလိုက်၏။
“အခုဆိုရင်... ထျန်ဟွမ်ကုန်းမြေတိုက်မှာ မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ကြပေမဲ့ အဲ့ဒါက အဖွဲ့အစည်းကြီးတွေကြားက မသိသာတဲ့ မျှခြေတစ်ခုကြောင့်ပဲ”
ထာဝရလူသားဧကရာဇ်သည် ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ်လေးဦးကို သတ်ဖြတ်ခဲ့ပြီး ရွှေကျီးကန်းမီးဧကရာဇ်နှင့် ငရဲစုန်းဧကရာဇ်တို့ကို ဒဏ်ရာအပြင်းအထန် ရရှိစေကာ လက်ရှိအခြေအနေသို့ ရောက်ရှိလာစေခဲ့၏။
“ရွှေကျီးကန်းမီးဧကရာဇ်နဲ့ ငရဲစုန်းဧကရာဇ်တို့က အခုသက်သာပျောက်ကင်းလာပြီး တခြားကမ္ဘာဦးမျိုးနွယ်သုံးစုကလည်း ထိပ်သီးဧကရာဇ်သုံးပါးကို မွေးထုတ်ပေးနိုင်ခဲ့ပြီ... ကမ္ဘာဦးမျိုးနွယ် ၅စုက နောက်တစ်ဖန်ပြန်ပြီး ပူးပေါင်းကြမယ်ဆိုရင် အဲ့ဒီမျှခြေက သေချာပေါက်ကျိုးပျက်သွားတော့မယ်”
ပင်လယ်နဂါးဧကရီက တည်ကြည်လေးနက်စွာ ပြောလိုက်၏။
အစကလို... ဒဏ်ရာအပြင်းအထန် ရရှိထားသော ရွှေကျီးကန်းမီးဧကရာဇ်နှင့် ငရဲစုန်းဧကရာဇ်တို့သာဆိုလျှင် ချန်နဂါးဧကရာဇ်သည် သူတို့ကိုခြိမ်းခြောက်နိုင်နေဆဲ ဖြစ်၏။
သို့သော် ယခုအခါ... ဘဝသက်တမ်း နှစ်ထောင်ဂဏန်းတချို့သာကျန်ရှိတော့သည့် ချန်နဂါးဧကရာဇ်သည် ထိပ်သီးဧကရာဇ်၅နှင့် ရင်ဆိုင်ရပြီဆိုပါက အနိုင်ရဖို့အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
“ဟမ်...”
ချန်နဂါးဧကရာဇ်က အေးစက်စွာပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဧကရာဇ်တစ်ပါးဖြစ်လာပြီး... ငါတို့က လူရိုင်းမျိုးနွယ် ၊ ခွန်မျိုးနွယ် ၊ လူသားမျိုးနွယ်နဲ့ ပူးပေါင်းလိုက်မယ်ဆို ငါတို့က တကယ်တမ်းအသေအကြေတိုက်ခိုက်ကြမယ်ဆိုရင် အဲ့ဒီမျိုးနွယ် ၅စုကလည်း ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်... ငါ့အသက်ကို စွန့်ပြီးတိုက်ခိုက်မယ်ဆို ငရဲစုန်းဧကရာဇ်နဲ့ တခြားသူတွေတောင်မှ စိုးရိမ်ပူပန်ရလိမ့်မယ်”
“ရှင်အခုနေ သေသွားမယ်ဆိုရင်ရော...”
ရုတ်တရက် ပင်လယ်နဂါးဧကရီက ချန်နဂါးဧကရာဇ်ဘက်ကို လှည့်ပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်၏။