နဂါးမျိုးနွယ်၏ နာကျင်မှု
Vol. 113 Ch. 1695
ပင်လယ်နဂါးဧကရီက ထိုသို့ပြောရင်း သူ၏ လက်ထဲရှိ လမ်းလျှောက်တောင်ဝှေးကို ရုတ်တရက် ကိုင်မြှောက်ကာ မည်သည့် ထိန်ချန်မှုမှ မရှိဘဲ ချန်နဂါးဧကရာဇ်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုက ဘိုးဘေးနဂါးကုန်းမြေမှာ ဖြစ်ပွားလာခဲ့၏။
သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြလေသည်။
ချန်နဂါးဧကရာဇ်သည် ထိုတိုက်ခိုက်မှုမှာ လုံးဝ အငိုက်မိသွားခဲ့၏။ သူ သတိဝင်လာသည့် အချိန်မှာ တောင်ဝှေးက သူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ပစ်ကျလာခဲ့လေပြီ။
ဘန်း..
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ချန်နဂါးဧကရာဇ်၏ ငွေရောင်ဆံပင်များက ကခုန်နေပြီး နဂါးသွေးများက ပြန့်ကျဲသွားလေသည်။
“ဂါး….”
ချန်နဂါးဧကရာဇ်သည် လောကကို လှုပ်ခါစေမည့် ဒေါသတကြီး နဂါးဟိန်းသံတစ်သံကို ထုတ်ဖော်ပြီး ဘိုးဘေးနဂါးကုန်းမြေကနေတစ်ဆင့် ဖြန့်ကြက်သွားစေ၏။ တကယ်ဆို နဂါးအရိုးတောင်ကြားတစ်ခုလုံးကပင် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဆတ်ခနဲ တုန်ယင်သွားလေသည်။
သူသည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့ ဆက်လက်၍ အရေးမလုပ်နိုင်တော့ဘဲ သူ၏ မျက်လုံးနှစ်ဖက်ကို ရုတ်တရက် ဖွင့်လိုက်၏။ သူသည် မလှမ်းမကမ်းရှိ မြင်ကွင်းကို တွေ့မြင်ရသောအခါ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး ဒေါသချောင်းချောင်း ထွက်လာခဲ့၏။
ပင်လယ်နဂါးဧကရီ၏ တောင်ဝှေးသည် ချန်နဂါးဧကရာဇ်၏ ဦးခေါင်းကို ပြင်းထန်စွာ ပစ်ရိုက်ချခဲ့ပြီးလေပြီ။
ချန်နဂါးဧကရာဇ်၏ ဦးခေါင်းပေါ်မှာ ကြီးမားသော ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်သွားပြီး ထိုတိုက်ခိုက်မှုက သူ၏ ဦးခေါင်းကို လုံးလုံးလျားလျား ကြေမွလုနီးပါးပင်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများက ဧကရာဇ်များအတွက် ပြောပလောက်စရာ မဟုတ်ပေ။
သို့သော်လည်း ထိုရိုက်ချက်သည် ချန်နဂါးဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ကို ကြေမွလုနီးပါး ဖြစ်စေခဲ့၏။
ချန်နဂါးဧကရာဇ်သည် ဘဝသက်တမ်း နှစ်ကိုးထောင် ကျန်ရှိလေသည်။ အဲဒါက ရှည်လျားသည်ဟု ထင်ရသော်လည်း ဘဝသက်တမ်း နှစ်လေးသိန်း ရှိသော နဂါးမျိုးနွယ်မှ ဧကရာဇ်တစ်ပါးအတွက်တော့ ထိုအသက်အရွယ်သည် သူ့ဘဝ၏ လမ်းဆုံးကို ရောက်ရှိနေလေပြီ။
ချန်နဂါးဧကရာဇ်သည် သူ၏ အထွတ်အထိပ် အရွယ်မှာ ရှိနေမည်ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာအပြင်းအထန် ရရှိသွားပါက သူက ရှင်သန်နိုင်တော့မည် မဟုတ်ပေ။ ယခု သူက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်မှာ ရှိနေလေသည်။
ပင်လယ်နဂါးဧကရီက ဤတစ်ခေါက်မှာ အလွန်တရာ ပြတ်သားမှုရှိပြီး လုံးဝ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ သူမ ထုတ်ဖော်လိုက်သော စွမ်းအားသည် ချန်နဂါးဧကရာဇ်၏ ကျန်ရှိနေသော ဘဝသက်တမ်းကို ဖျက်ဆီးပစ်လိုက်၏။
ချန်နဂါးဧကရာဇ်သည် သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို ထုတ်ဖော်ပြီး ပင်လယ်နဂါးဧကရီ၏ မျက်နှာကို လှမ်းဆွဲလိုက်၏။ သူ၏ လက်က ဆန့်ကားသွားပြီး သူ၏ လက်ဖဝါးသည် ကြောက်စရာကောင်းသော ဧရာမ နဂါးလက်သည်းတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ပင်လယ်နဂါးဧကရီကို သတ်ဖြတ်ချင်လေသည်။
သို့သော်လည်း ပင်လယ်နဂါးဧကရီ၏ တုံ့ပြန်မှုက ပို၍ပင် မြန်ဆန်၏။ တိုက်ခိုက်မှုအပြီး၌ သူမသည် နောက်သို့ ခုန်ဆုတ်ကာ ချန်နဂါးဧကရာဇ်၏ နောက်ဆုံးတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေသည်။ သူမက မကောင်းဆိုးဝါးဆန်ဆန် ပြုံးဖြီးလိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ ပါးရည်နားရည်များက တွန့်လိမ်သွားလေသည်။
ဘုန်း.. ဘုန်း.. ဘုန်း..
ဘိုးဘေးနဂါးကုန်းမြေမှာ ကျယ်လောင်သော မြည်သံသုံးသံက ဆက်တိုက်ထွက်ပေါ်လာ၏။
နဂါးမျိုးနွယ်မှာ တံခါးပိတ်ကျင့်ကြံနေသော တခြား ဧကရာဇ်သုံးပါးက ပေါ်ထွက်လာပြီး အပြေးနှင်လာကြ၏။
“ပင်လယ်နဂါးဧကရီ”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူက နဂါးဖီးနစ် သွင်ပြင်သို့ ပြောင်းလဲပြီး သူ၏ ကျောပေါ်တွင် ဧရာမ တောင်ပံနှစ်စုံက ကြီးထွားလာ၏။
နဂါးဖီးနစ် တောင်ပံများနှင့် ဧရာမ ရွှေငှက်၏ တောင်ပံများ.. ။
ဝှစ်..
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပင်လယ်နဂါးဧကရီထံသို့ ပြေးဝင်သွားပြီး သူ၏ အလျင်အဟုန်က ၎င်း၏ အကန့်အသတ်နီးပါးအထိ ရောက်ရှိလာ၏။
“ဟီးဟီး”
ပင်လယ်နဂါးဧကရီက ပြုံး၍ ဖျတ်ခနဲဆို ဘိုးဘေးနဂါးကုန်းမြေကနေ ပျောက်ကွယ်သွား၏။
လျှပ်တပြက် ခုန်ကူးခြင်း..
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လွဲချော်သွားလေသည်။
“လုံမို.. မ.. လိုက်နဲ့တော့.. အဟွတ် အဟွတ်”
ချန်နဂါးဧကရာဇ်၏ အသံက ပြတ်တောင်း ပြတ်တောင်း ထွက်လာပြီး သွေးများကို ထွေးထုတ်နေရ၏။
“မင်း လိုက်မီမှာ မဟုတ်တော့ဘူး”
ထိုစဉ်မှာပင် နဂါးမျိုးနွယ်မှ အခြားသော ဧကရာဇ်သုံးပါးကလည်း ဆင်းသက်ရောက်ရှိလာ၏။ သူတို့သည် ထိုမြင်ကွင်းကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
“ချန်နဂါးဧကရာဇ်”
နဂါးမျိုးနွယ်၏ ဧကရာဇ်သုံးပါးဖြစ်သော လောင်ကျွမ်းတိမ်စိုင် နဂါးဧကရာဇ်၊ ဖူနဂါးဧကရာဇ် နှင့် နီနဂါးဧကရာဇ်တို့ကလည်း ဆင်းသက်လာပြီး အော်ခေါ်လိုက်ကြ၏။
“ဘာတွေဖြစ်ခဲ့တာလဲ”
နီနဂါးဧကရာဇ်က အရာရာတိုင်းကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူ၏ မျက်လုံးများက နီရဲကာ အံကို တင်းတင်းကြိတ်ရင်း မေးလိုက်လေသည်။
“အဲဒါက ပင်လယ်နဂါးဧကရီရဲ့ မူပိုင်ဓမ္မလက်နက်ပဲ”
ဖူနဂါးဧကရာဇ်က ချန်နဂါးဧကရာဇ်၏ ဘေးတွင် သွေးများ စွန်းထင်း၍ ကျနေသော နဂါးဦးခေါင်း တောင်ဝှေးကို ကြည့်ကာ တင်းမာခက်ထန်စွာ ပြောလိုက်၏။
“ပင်လယ်နဂါးဧကရီက အဲဒါကို လုပ်ခဲ့တာလား”
လောင်ကျွမ်းတိမ်စိုင် နဂါးဧကရာဇ်၏ မျက်လုံးထဲမှာ မီးတောက်နှစ်ခုက လျှံထွက်လာတော့မည့်အလား ဖြစ်လာပြီး သူက မာန်ဖီဟိန်းဟောက်၍ သူ၏ နဂါးသွင်ပြင်သို့ ပြောင်းလဲကာ ပင်လယ်နဂါးဧကရီနောက်သို့ ပြေးလိုက်ချင်လေသည်။
“မသွားနဲ့တော့”
ချန်နဂါးဧကရာဇ်၏ မျက်လုံးက မှေးမှိန်နေပြီး သူ၏ အသက်ရှူသံက မျှင်းမျှင်းသာ ရှိတော့လေသည်။
“ဘာလို့လဲ”
လောင်ကျွမ်းတိမ်စိုင် နဂါးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် ဒေါသတကြီး မီးတောက်များက လောင်ကျွမ်းလာပြီး သူက ဟိန်းဟောက်ပြောဆိုလိုက်၏။
“ဘာလို့ အဲ့လိုဖြစ်သွားရတာလဲ”
ချန်နဂါးဧကရာဇ်က ညင်သာစွာ သက်ပြင်းချ၍ သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက လျော့ကျလာ၏။
သူက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ပြီး တီးတိုးပြောဆိုလိုက်၏။
“မင်းက တတ်နိုင်သမျှမြန်မြန် ဧကရာဇ်တစ်ပါး ဖြစ်လာရမယ်”
“ကျုပ် အဲဒါကို သေချာပေါက် လုပ်ပါ့မယ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ချန်နဂါးဧကရာဇ်၏ လက်ဖဝါးကို ဆုပ်ကိုင်ပြီး ဝမ်းနည်းစွာ ပြောလိုက်၏။
သူသည် နတ်ဖီးနစ်ကျွန်းကနေ ပြန်ရောက်လာပြီးကတည်းက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ချန်နဂါးဧကရာဇ်၏ ဘေးမှာ ကျင့်ကြံနေခဲ့၏။ အဲဒီမှာ သူ နားမလည်နိုင်မည့် တစ်စုံတစ်ရာ ရှိမည်ဆိုလျှင် ထိုသူက သူ့ကို စိတ်ရှည်လက်ရှည် ရှင်းပြပေလိမ့်မည်။
ချန်နဂါးဧကရာဇ်ကြောင့်သာ မဟုတ်လျှင်.. သူသည် ဤမျှအထိ မြန်မြန်ဆန်ဆန် ကျင့်ကြံလာနိုင်လိမ့်မည် မဟုတ်ပေ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ရင်ထဲမှာ ချန်နဂါးဧကရာဇ်က သူ၏ ဆရာကဲ့သို့ ဖြစ်လာလေသည်။
ချန်နဂါးဧကရာဇ်က ကိစ္စများစွာကို ပြောချင်နေသည့်အလား သူ၏ ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်သော်လည်း သူ့မှာ အဲဒီအခွင့်အရေး မရှိတော့ပေ။
သူက အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ပြီး သူ၏ အကြည့်က တဖြည်းဖြည်း မှေးမှိန်ကာ စကားလုံးတချို့သာလျှင် ထွက်ကျလာ၏။
“အဲ့ဒီကပ်ဘေးက ရောက်လာပြီ”
အဲဒီနောက် ချန်နဂါးဧကရာဇ်၏ မျက်လုံးနှစ်ဖက်က မှိတ်ကျသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်စီးသွားလေသည်။
သူ့ခန္ဓာကိုယ်ထဲရှိ နောက်ဆုံး အသက်ဓာတ် တစ်စွန်းတစ်စကလည်း ပျက်ပြယ်သွားခဲ့လေသည်။
ဧရာမ နတ်နဂါးတစ်ကောင်၏ ပုံရိပ်ယောင်က နဂါးအရိုးတောင်ကြားတစ်ခုလုံး၏ အထက်မှာ ပေါ်ထွက်လာ၏။
နတ်နဂါးပုံရိပ်ယောင်သည် လေထဲမှာ လှည့်ပတ်၍ ၎င်း၏ မျက်လုံးထဲရှိ နက်ရှိုင်းသော နှမြောတမ်းတမှုနှင့် စိုးရိမ်ပူပန်မှုတို့နှင့်အတူ အောက်ဘက်ရှိ နဂါးများကို ငုံ့ကြည့်နေ၏။
သို့သော်လည်း နတ်နဂါးပုံရိပ်ယောင်က တဖြည်းဖြည်း ဖျော့တော့၍ ပျက်ပြယ်သွားလေသည်။
ထိန်းချုပ်၍ မရနိုင်သော ဝမ်းနည်းမှုတစ်ခုက နဂါးအရိုးတောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွား၏။
နဂါးများသည် အရာရာတိုင်းကို ငေးငိုင်စွာဖြင့် ကြည့်နေကြ၏။
ဖြစ်ပျက်ခဲ့သည့် အရာကို နဂါးများက မသိရှိသော်လည်း သူတို့သည် အဖိုးတန်လွန်းသည့် တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသည့်အလား အလွန်တရာ မသက်မသာ ခံစားနေရ၏။
သိပ်မကြာခင် လောင်ကျွမ်းတိမ်စိုင် နဂါးဧကရာဇ်က လေထဲသို့ ရောက်ရှိလာပြီး အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခက်ခဲစွာဖြင့် ပြောလိုက်၏။
“ချန်နဂါးဧကရာဇ်က သေဆုံးသွားပြီ”
ဝုန်း…
နဂါးများ၏ စိတ်က ဗလာကျင်းသွားကြ၏။
ချန်နဂါးဧကရာဇ်သည် သူ့ဘဝ၏ နှောင်းပိုင်းသို့ ရောက်ရှိနေပြီး ဤနေ့က အနှေးနှင့် အမြန် ရောက်ရှိလာမည်ကို နဂါးများ အားလုံးက သိရှိထားသော်လည်း သူတို့က အဲဒါကို တကယ်တမ်း ကြုံတွေ့ရချိန်မှာ လက်မခံနိုင်ကြပေ။
“အဲဒါက ဘယ်လိုဖြစ်ရတာလဲ.. အဲဒါ မဖြစ်နိုင်ဘူးလေ”
“ချန်နဂါးဧကရာဇ်မှာ အသက်ရှင်သန်ဖို့အတွက် နှစ်ကိုးထောင် ကျန်ရှိနေသေးတယ်မလား.. သူက ဘာလို့ အခုချက်ချင်း သေသွားရတာလဲ”
နဂါးအချို့က အော်ဟစ်ပြောဆိုလိုက်ကြ၏။
လောင်ကျွမ်းတိမ်စိုင် နဂါးဧကရာဇ်က အသံတိတ်နေ၏။
သူသည် အောက်ဘက်ရှိ နဂါးများကို ဤကိစ္စအား ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။
ချန်နဂါးဧကရာဇ်သည် သူ၏ မျိုးနွယ်ဝင် ပင်လယ်နဂါးဧကရီ၏ လက်ချက်ဖြင့် လုံးဝ အငိုက်မိကာ သေဆုံးခဲ့ရလေသည်။
အဲဒါသည် နဂါးမျိုးနွယ်အတွက် ထာဝရ နာကျင်ရမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဘိုးဘေးနဂါးကုန်းမြေတွင်…
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အေးစက်စက် အမူအရာတစ်ခု ရှိနေပြီး သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။ ဒေါသလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ တရုန်းရုန်းထကြွလာပြီး ၎င်းက ပေါက်ကွဲလုနီးပါး ဖြစ်လာခဲ့၏။
“ဂါး…”
နာကျင်ရသော အမူအရာတစ်ခုနှင့်အတူ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်၏။ ရုတ်တရက်.. ကျောက်စိမ်းဖြူရောင် ဆင်စွယ်များက သူ၏ ကျောပေါ်ကနေ ပေါက်ဖွားလာခဲ့လေသည်။ သူတို့က အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား ထက်ရှနေ၏။ ဆင်စွယ်တစ်ချောင်းချင်းစီက အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထား၏။
နီနဂါးဧကရာဇ်နှင့် ဖူနဂါးဧကရာဇ်တို့ပင်လျှင် တုန်လှုပ်မှုကို ခံစားရလေသည်။
အဲဒီမှာ စုစုပေါင်း ဆင်စွယ်ငါးချောင်း ရှိလေသည်။ သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဟိန်းဟောက်လိုက်ရင်း ဆဋ္ဌမမြောက် ဆင်စွယ်က သူ၏ ကျောကို ထိုးခွဲ၍ ကြီးထွားလာ၏။
ဘုန်း…
အလွန်တရာ စွမ်းအားကြီးမားသော အင်အားတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်ကို အရူးအမူး ဆေးကြောသန့်စင်ပေးနေ၏။
အဲဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို အဆင့်မြင့်ကျွမ်းကျင်မှု ဖြစ်လေသည်။
ဆင်စွယ်ခြောက်ချောင်း ပေါ်ထွက်လာသောအခါ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ စွမ်းအားက ခြောက်ဆတိုးလာနိုင်၏။ နီနဂါးဧကရာဇ်နှင့် ဖူနဂါးဧကရာဇ်တို့ပင် အဲဒါကို ရင်မဆိုင်ဝံ့ပေ။
ချန်နဂါးဧကရာဇ်သည် ဘေးဆိုးတစ်ခုနှင့် ကြုံတွေ့ပြီး သေဆုံးခဲ့ရ၏။ သိပ်သည်းပြင်းထန်သော နာကျင်မှုနှင့် ဖိအားက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ဧကရာဇ်တစ်ပါး ဖြစ်လာစေရန် တွန်းအားပေးလိုက်လေသည်။
ချန်နဂါးဧကရာဇ်၏ သေဆုံးမှုသည် နဂါးများမှာ ခေါင်းဆောင်တစ်ယောက် မရှိတော့ဟု အဓိပ္ပာယ်ရလေသည်။
ဤအခိုက်အတန့်မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ရှေ့သို့ ထွက်ရပ်ရပေတော့မည်။