ဧကရာဇ်များ ရောက်ရှိလာခြင်း
Vol. 113 Ch. 1682
ဆူဇီမို၏ ပုံရိပ်သည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူက တစ်ခဏချင်းမှာပင် ကိုယ်တော်တာမင်း၏ ရှေ့သို့ ရောက်ရှိလာ၏။ သူသည် ထိုသူကို ဖိနှိမ်ဖို့အတွက် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်လေသည်။
ကိုယ်တော်တာမင်းသည် လှပသိမ်မွေ့ ခြေလှမ်းများကို ထုတ်ဖော်ထားခဲ့သည်ဆိုလျှင်တောင် သူက စဦးအရေးနိမ့်သွားခဲ့လေပြီ။
ဆူဇီမိုနှင့် ကိုယ်တော်တာမင်းကဲ့သို့ ပညာရှင်များအတွက် တစ်ယောက်ယောက် ပြုလုပ်လိုက်သော အမှားတစ်ချက်သည် အမိဖမ်းခံရမည်ဖြစ်ပြီး တစ်ဖက်သူက အသာစီးရယူသွားပေလိမ့်မည်။
ဘန်း…
ကိုယ်တော်တာမင်းသည် ပြန်လှန်ထိုးနှက်ပြီး ဆူဇီမို၏ လက်ဖဝါးနှင့် ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်သွားစေ၏။
သူတို့၏ သွေးချီများက ယှက်ဖြာသွားပြီး တစ်ဖက်ကို တစ်ဖက် အလျှော့မပေးလိုဘဲ ဝါးမျိုနေကြ၏။
ဆူဇီမိုသည် ထိုထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မည်သည့် အသာစီးမှ မရရှိပေ။
သို့သော်လည်း ကိုယ်တော်တာမင်းက ရွေးချယ်စရာ မရှိဘဲ နောက်သို့ဆုတ်ကာ ရှောင်တိမ်းလိုက်ရ၏။
အကြောင်းမှာ.. ရွှေရောင်ကြာပန်းများသည် မြေကြီးထဲကနေ အဆက်မပြတ် တိုးထွက်လာနေဆဲ ဖြစ်သောကြောင့်ပင်။ သူသည် ဆူဇီမိုနှင့် ရင်ဆိုင်နေရချိန်မှာ သူ၏ ခြေထောက်အောက်ဘက်မှ ရွှေရောင်ကြာပန်းများကိုလည်း ရှောင်တိမ်းနေရ၏။
သို့သော်လည်း ဆူဇီမိုသည် ဤကဲ့သို့သော ဟန့်တားနှောင့်ယှက်မှုမျိုးကို မကြုံတွေ့ရပေ။ သူက ရွှေရောင်ကြာပန်းများအပေါ် နင်းဖြတ်လာသော်လည်း အဲဒါတွေက သူ့အပေါ် မည်သည့် ထိခိုက်မှုမှ မဖြစ်စေပေ။
ဘန်း.. ဘန်း.. ဘန်း..
နှစ်ဖက်စလုံးက အလျင်အဟုန်ဖြင့် တိုက်ခိုက်လိုက်ကြ၏။
ဆူဇီမိုသည် အဆက်မပြတ် တိုက်ခိုက်နေပြီး ကိုယ်တော်တာမင်းကို အသက်ရှူခွင့်ပင် မပေးလိုဘဲ တိုက်ခိုက်မှုများကို တရစပ် ထုတ်ဖော်နေ၏။
သူတို့၏ သွေးချီက ဆက်တိုက် မြင့်တက်လာနေပြီး သိပ်မကြာခင် ဆူနာမီသွေးအဆင့်သို့ ရောက်ရှိသွားကြ၏။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးသည် အလိုလိုနားလည်မှုတစ်ခု ရယူပြီး သူတို့၏ မျိုးဆက်သွေးများကို ထုတ်ဖော်ခြင်း မရှိကြပေ။
အဲဒါက သေခြင်း ရှင်ခြင်း တိုက်ပွဲတစ်ခု မဟုတ်ပေ။
“အဲဒီ အဖြူရောင်ဝတ်လူက အရမ်းကို သန်မာတာပဲ”
လင်းရွှမ်ကျီက တည်တံ့စွာ ပြောလိုက်၏။
“ညီအစ်ကိုဆူရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်ရှစ်ကို ရောက်လာပြီးတဲ့နောက်.. ဓမ္မရတနာတွေကိုတောင်မှ ခြေမွှဖျက်ဆီးပစ်နိုင်တယ်.. အဲဒီလူက ဒီလောက်ထိ ကြာအောင် တိုက်ခိုက်နိုင်နေတယ်ဆိုတော့…”
စစ်တုရင်ဧကရာဇ်ကလည်း ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ.. အဲဒီလူက ကမ္ဘာမြေ ရွှန်းရွှန်းဝေ ရွှေကြာပန်းရဲ့ ကန့်သတ်ခြင်းကို ခံရပြီး အထီးကျန်သိုင်းသခင်ရဲ့ ဖိနှိမ်ခြင်းကို ခံနေရတယ်လို့ ထင်ရပေမဲ့.. အနိုင်ရလဒ်ကို ဆုံးဖြတ်မပေးနိုင်သေးဘူး”
“ကမ္ဘာမြေ ရွှန်းရွှန်းဝေ ကြာပန်းရဲ့ နတ်ဘုရားစွမ်းအားက ပျက်ပြယ်သွားတာနဲ့ အဲဒီလူက သူ့ရဲ့ လွတ်လပ်မှုကို ပြန်ရလာပြီး ရွှေကြာပန်းတွေရဲ့ ဟန့်တားနှောင့်ယှက်မှုကို ခံရမှာ မဟုတ်တော့ဘူး.. အဲဒီအချိန်ကျရင် ရလဒ်ကို ခန့်မှန်းဖို့က ပိုလို့တောင် ခက်ခဲသွားပြီ”
လင်းရွှမ်ကျီက ခေါင်းခါပြလိုက်၏။
“မဟုတ်သေးဘူး.. ညီအစ်ကိုဆူမှာ အခုချိန်ထိ မထုတ်ဖော်ရသေးတဲ့ ဝှက်ဖဲတချို့ ရှိသေးတယ်.. သူကသာ အဲဒါတွေကို ထုတ်ဖော်လိုက်ရင် အဲဒီလူက သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်”
“ဟီးဟီး”
စစ်တုရင်ဧကရာဇ်က ညင်သာစွာ ပြုံး၍ မေးလိုက်၏။
“အဲဒီလူမှာရော တခြားဝှက်ဖဲတွေ ဘယ်လောက်ရှိသေးလဲ မင်းသိလို့လား”
လင်းရွှမ်ကျီက ရင်တစ်ချက်ထိတ်သွားလေသည်။
စစ်တုရင်ဧကရာဇ် ပြောသည်မှာ မှန်လေသည်။ သူသည် ဤလူနှင့် ပတ်သက်၍ ဘာကိုမှ မသိရပေ။ သူသိထားသည်မှာ ဤလူက တုန်လှုပ်စရာကောင်းလှသော ပါရမီအရည်အချင်းရှိပြီး အလွန်တရာ ရဲတင်းလေသည်။ သူသည် ပဟေဠိနန်းတော်ထဲသို့ပင် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး ဆူဇီမိုကိုပါ သူ၏ ဇာတ်ကွက်ထဲမှာ ထည့်သွင်းခဲ့လေသည်။
ဤကဲ့သို့သော ပြန်ဝင်စား မွန်းစတားတစ်ယောက်မှာ တစ်မူထူးခြားသည့် နည်းလမ်းများ ရှိနေဦးမည်ဆိုလျှင် အံ့အားသင့်စရာ မကောင်းပေ။
ပြောရမည်ဆိုလျှင် ဤလူမှာ အခြားသော ဝှက်ဖဲများ သေချာပေါက် ရှိနေပေလိမ့်မည်။
လင်းရွှမ်ကျီက တီးတိုးရေရွတ်လိုက်၏။
“ဒီဘက်မျိုးဆက်မှာ ညီအစ်ကိုဆူနဲ့ ယှဉ်နိုင်တဲ့ တခြားပုဂ္ဂိုလ်တစ်ယောက်ကပါ ပေါ်ထွက်လာတယ်ဆိုတော့… ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ”
တိုက်ပွဲနယ်မြေတွင်…
ဆူဇီမိုသည် အသာစီးရရှိနေသော်လည်း ကိုယ်တော်တာမင်းက အဲဒါကို တည်ငြိမ်စွာ ကိုင်တွယ်နေ၏။
ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကဲ့သို့ ဝှက်ဖဲများကို အသုံးပြုခြင်း မရှိပေ။
အကြောင်းမှာ.. ကိုယ်တော်တာမင်းတွင်လည်း စွမ်းအားကြီးမားသော ဝှက်ဖဲတချို့ ရှိထားသည်ကို သူသိနေသောကြောင့်ပင်။
သူတို့က ထိုဝှက်ဖဲများကို ထုတ်ဖော်မည်ဆိုလျှင်တောင်… ဤတိုက်ပွဲ၏ အနိုင်အရှုံးပေါ်ကို သက်ရောက်စေလိမ့်မည် မဟုတ်ပေ။
“တကယ် အံ့မခန်းပဲ”
ဆူဇီမိုက စိတ်ထဲကနေ ကြိတ်ပြီး ချီးကျူးလိုက်၏။
ကိုယ်တော်တာမင်းသည် အကဲဖြတ်တစ်ချက်မှားပြီး သူထုတ်ဖော်လိုက်သော အဆင့်မြင့် နတ်ဘုရားစွမ်းအားက ဆူဇီမို၏ ကမ္ဘာမြေ ရွှန်းရွှန်းဝေ ရွှေကြာပန်းကို ပို၍ စွမ်းအားကြီးမားလာစေပြီး ဆူဇီမိုကို အထက်စီး ရရှိလာစေ၏။
ထိုသို့ဆိုလျှင်တောင် ကိုယ်တော်တာမင်းသည် သူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်နေဆဲဖြစ်၏။
ကိုယ်တော်တာမင်းသည် သူတွေ့ကြုံဖူးသမျှ ပြိုင်ဘက်များထဲ တကယ်ပင် အသန်မာဆုံး ဖြစ်လေသည်။
သူတို့နှစ်ယောက်သည် အသေအကြေ တိုက်ခိုက်ကြပြီး သူတို့၏ ဝှက်ဖဲများ အားလုံးကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် မည်သူက ရှင်သန်ကျန်ရစ်မလဲ မသိရပေ။
ထိုစဉ်မှာပင်.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က တုန်ခါသွားပြီး နောက်ထပ် ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်ကာ ဆူဇီမိုနှင့် ကိုယ်တော်တာမင်းပေါ်သို့ ထိုးဆင်းလာသော ရွှေရောင်အလင်းတန်းနှစ်ခု ဖြစ်ပေါ်သွားစေ၏။
အလင်းတန်းနှစ်ခုသည် သူတို့နှစ်ယောက်ကို ပိုင်းခြားပေးလိုက်လေသည်။
“ဒါက…”
“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က သူ့ရဲ့ အမွေအနှစ်ကို ဖြန့်ဝေပေးတော့မှာပဲ”
“အဲဒါ ဘယ်လိုဖြစ်နိုင်ပါ့မလဲ.. သူတို့နှစ်ယောက်ကြားက ရလဒ်ကို အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးလေ”
ဤမြင်ကွင်းက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
“ကြည့်စမ်း”
တစ်စုံတစ်ယောက်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးကို လက်ညိုးထိုးပြလိုက်ပြီး အဲဒီမှာ တာအိုဘွဲ့တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
“အထီးကျန်သိုင်းသခင်”
ထို့နောက် ချက်ချင်းပင်.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးရှိ အထီးကျန်သိုင်းသခင်၏ အမည်နှင့် ဘေးချင်းကပ်မှာ နောက်ထပ် ခပ်ဖျော့ဖျော့ စကားလုံးများက ပေါ်ထွက်လာ၏။ နောက်ထပ် တာအိုဘွဲ့တစ်ခုက ပေါ်ထွက်လာတော့မည့်ဆဲဆဲ ဖြစ်လေသည်။
ကိုယ်တော်တာမင်းသည် ထိုသည်ကို တွေ့မြင်သောအခါ သူက ရုတ်တရက် အော်ပြောလိုက်လေသည်။
“ငါ့ရဲ့ တာအိုဘွဲ့က သူရိယစန္ဒာပဲ”
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်တွင် ပေါ်ထွက်လာတော့မည့်ဆဲဆဲ စာလုံးများက ရုတ်တရက် ဝေဝါးသွားလေသည်။ နောက်ဆုံးမှာတော့ အထီးကျန်သိုင်းသခင် ဟူသော အမည်ဘေးမှာ သူရိယစန္ဒာ ဟူသော စကားလုံးက ပေါ်ထွက်လာ၏။
အထီးကျန်သိုင်းသခင် ၊ သူရိယစန္ဒာ..
တာအိုဘွဲ့နှစ်ခုသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးမှာ အတူယှဉ်တွဲကာ ရပ်တည်နေလေသည်။
“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်တူနှစ်ယောက် ရပ်တည်နေတာ တကယ့်ကို မကြုံစဖူးပဲ”
“ဘယ်လောက်တောင် ရှားရှားပါးပါး မြင်ကွင်းလဲ.. ရှေးဟောင်းခေတ်တုန်းကတောင် ဒီလို အခြေအနေမျိုး ရှိခဲ့မှာ မဟုတ်ဘူး”
“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က သူတို့နှစ်ယောက် ဆက်ပြီး တိုက်ခိုက်မှာကို မကြည့်ရက်တော့တာများလား”
“အဲဒါ ဖြစ်နိုင်လောက်တယ်.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို တည်ထောင်ခဲ့တာက လူသားမျိုးနွယ်ကို ပိုပြီးသန်မာလာစေဖို့ပဲ… တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့အတွက် မဟုတ်ဘူး.. အဲဒီ ပြန်ဝင်စား မွန်းစတားနှစ်ယောက်ထဲက ဘယ်သူပဲ သေသေ အဲဒါက လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”
မျိုးနွယ်စုခေါင်းဆောင်များစွာက အံ့အားတသင့် ရေရွတ်ပြောဆိုလိုက်ကြ၏။
“သူရိယစန္ဒာတဲ့လား”
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်ပြီး အတန်ကြာအောင် စဉ်းစားတွေးတောပြီးနောက် သူ၏ ခေါင်းကို ခါယမ်းလိုက်လေသည်။
“ငါ အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး.. ပဟေဠိနန်းတော်က ရှေးဟောင်းကျမ်းစာအုပ်တွေထဲမှာတောင် အဲဒီနာမည်မျိုး မရှိဘူး”
“ငါလည်း အဲဒါကို မကြားဖူးဘူး”
စစ်တုရင်ဧကရာဇ်ကလည်း ခေါင်းခါပြလိုက်၏။
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ အဲဒီတာအိုဘွဲ့က အစစ်အမှန် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်.. စောစောတုန်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က အဲဒီလူရဲ့ အစစ်အမှန် တာအိုဘွဲ့ကို ဖော်ပြတော့မလို့ပဲ.. ဒါပေမဲ့ အဲဒီလူက သူ့ရဲ့ တာအိုဘွဲ့က သူရိယစန္ဒာလို့ ရုတ်တရက် အော်ပြောလိုက်တဲ့အတွက် နောက်ဆုံး အခိုက်အတန့်မှာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က ပြောင်းလဲသွားတာပဲ”
“အဲဒီလူက ဘယ်သူလဲကွာ… သူက ဘာလို့ အဲ့လောက်ထိ ဖုံးကွယ်ထားရတာလဲ”
လင်းရွှမ်ကျီက မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“သူရိယစန္ဒာ.. သူရိယစန္ဒာ.. “
လက်ရှိ လူတိုင်းကြားမှာ ဆူဇီမိုသာလျှင် သူရိယစန္ဒာ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိရှိပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမိုဖြစ်စေ.. ကိုယ်တော်တာမင်းဖြစ်စေ.. များစွာ စဉ်းစားတွေးတောဖို့ အချိန်မရပေ။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အမွေအနှစ်သည် ဉာဏ်အလင်း ဖွင့်ပေးခြင်းနှင့် တူလေသည်။ အသက်တစ်ရှိုက်စာချင်းစီက အလွန်တရာ အဖိုးတန်လေသည်။
သူတို့နှစ်ယောက်သည် အသက်ကို အောင့်ပြီး မျက်လုံးနှစ်ဖက်ကို မှိတ်ကာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကနေ ဆင်းသက်လာသည့် အမွေအနှစ်များကို ဂရုတစိုက် နားလည်ဆင်ခြင်နေ၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ ထိပ်ဆုံး ၆ယောက်သည် လူသားဧကရာဇ်ထံမှ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို အမွေဆက်ခံရရှိမည်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြလေသည်။
အဆင့်တစ် နေရာအတွက် အမွေဆက်ခံရရှိမည့် အန္တိမ နတ်ဘုရားစွမ်းအားက အသန်မာဆုံး ဖြစ်ပေလိမ့်မည်။
“အဲဒါက လူသားဧကရာဇ်ရဲ့ သတ်ဖြတ်ခြင်း စကားလုံးပညာရပ် ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
“အဲဒါက ပါရမီတံတားလည်း ဖြစ်နိုင်တာပဲ.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပါရမီတံတား ပေါ်ထွက်လာတုန်းက ကမ္ဘာဦးမျိုးနွယ်တွေရဲ့ အန္တိမ နတ်ဘုရားစွမ်းအားတွေတောင်မှ အဲဒါကို မခုခံနိုင်ဘဲ ချက်ချင်းပြိုကျသွားရတယ်”
မျိုးနွယ်စုခေါင်းဆောင်များစွာက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုလိုက်ကြ၏။
“ကြည့်စမ်း”
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ကိုယ်တော်တာမင်းကို လက်ညိုးထိုးပြီး ရုတ်တရက် ပြောလိုက်၏။
“အဲဒီလူရဲ့ ဦးခေါင်းထက်မှာ သတ်ဆိုတဲ့ စကားလုံး ပေါ်လာပြီ.. ကြည့်ရတာ သတ်ဖြတ်ခြင်း စကားလုံးပညာရပ်ကို အဲဒီလူက အမွေဆက်ခံရရှိသွားတဲ့ပုံပဲ”
“အာ.. အထီးကျန်သိုင်းသခင်ရဲ့ ဦးခေါင်းထက်မှာလည်း မှော်စာလုံးတွေနဲ့ ရွှေရောင်တံတားတစ်စင်း ပေါ်လာပြီ”
“အထီးကျန်သိုင်းသခင်က ပါရမီတံတား အမွေအနှစ်ကို ရရှိသွားတာပဲ”
များစွာသော မျိုးနွယ်စုခေါင်းဆောင်များထံမှ မနာလိုအားကျသော အမူအရာများ ထွက်ပေါ်လာကြ၏။
ထိုစဉ်မှာပင် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ဆင်းသက်လာပြီး လောကတစ်ခုလုံးက မှောင်မည်းသွားသည်ဟု ထင်ရ၏။ တိမ်ညိုတိမ်မည်းများက တလိပ်လိပ် ထိုးတက်လာပြီး လေထုက သိပ်သည်းလေးလံလာခဲ့၏။
မျိုးနွယ်စုခေါင်းဆောင်များက အလိုလို မော့ကြည့်လိုက်ကြ၏။
ကြောက်စရာကောင်းသော ပုံရိပ် ၇ခုက မိုးကောင်းကင်ထက်မှာ မတ်တတ်ရပ်နေ၏။ သူတို့သည် အေးစက်နေသော အမူအရာများနှင့် အတူ လောကကို ငုံ့ကြည့်ကာ ဧကရာဇ်တာအို အော်ရာများကို ထုတ်ဖော်နေကြ၏။
ဧကရာဇ် ၇ပါး… ။