← Chapters

ငါတို့.. သိုင်းလောကမှာ ပြန်တွေ့မယ်

Vol. 113 Ch. 1683

ငါတို့.. သိုင်းလောကမှာ ပြန်တွေ့မယ်

Vol. 113 Ch. 1683

ဧကရာဇ် ၇ ပါးသည် ဘေးချင်းယှဉ်ရပ်နေကြပြီး အလယ်တွင် ရှိသော ပုဂ္ဂိုလ်က ကစဉ့်ကလျား အမြုတေဂိုဏ်းနှင့် သီကလန်၏ ယွီဧကရာဇ်​ ဖြစ်လေသည်။

သူ၏ တစ်ဖက်တစ်ချက်စီတွင် မိုးကြိုးလေပြေနန်းတော်၏ ခရမ်းရောင် မိုးကြိုးဧကရာဇ်၊ ဖန်သားနန်းတော်၏ ဆီးနှင်းဧကရာဇ်၊ ဓားဂိုဏ်း၏ သတ်ဖြတ်ခြင်း ဧကရာဇ်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဆိုးယုတ်ဧကရာဇ်၊ ကောင်းကင်စင်ရော်ဂိုဏ်း၏ မြောက်အရပ် မိုးကောင်းကင် ဧကရာဇ်နှင့် ဖန်းလိုင်ကျွန်း၏ ပြိုကွဲပင်လယ် ဧကရာဇ်တို့ ရှိလေသည်။

လူသားမျိုးနွယ်ရှိ ဧကရာဇ်များ၏ အရေအတွက် အတိအကျကို မည်သူကမှ မသိရှိသော်လည်း အဲဒီမှာ တစ်ကိုယ်တော်ကျင့်ကြံသူ ဧကရာဇ်များ အပါအဝင် သူတို့၏ အရေအတွက် ၃၀ ဝန်းကျင်လောက် ရှိမည်ဟု ပဟေဠိနန်းတော်က တစ်ခါ ခန့်မှန်းချက်ထုတ်ဖူးလေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာပင်လျှင်.. ဧကရာဇ်များ ပေါ်ထွက်လာခြင်းက ကြုံတောင့်ကြုံခဲ ဖြစ်လေသည်။

သို့သော် ယခုအခါ ဧကရာဇ် ၇ပါးက အတူတကွ ရောက်ရှိလာကြ၏။ အဲဒါက သမိုင်းတစ်လျှောက်မှာပင် ရှားရှားပါးပါး မြင်ကွင်းမျိုး ဖြစ်လေသည်။

လက်ရှိလူတိုင်းသည် နှစ်ပေါင်းသောင်းချီ ရှင်သန်နေထိုင်လာခဲ့သော မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြလေသည်။ သီယွီနှင့် အခြားသူများ ပေါ်ထွက်လာသည့် ခဏမှာပင်.. သူတို့က ဤနေရာကို ဘာအတွက် ရောက်လာသည်ဆိုတာကို လူတိုင်းက သိရှိလိုက်ကြပြီဖြစ်၏။

“အထီးကျန်သိုင်းသခင်ကတော့ သေပြီပဲ”

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပြုံး၍ ပြောလိုက်လေသည်။

“အရင်တစ်ခေါက်တုန်းက ယွီဧကရာဇ်က အထီးကျန်သိုင်းသခင်ကို မသတ်ဖြတ်နိုင်ခဲ့ဘူးလို့ ငါကြားတယ်.. သူက အခုတစ်ခေါက် ဧကရာဇ် ၇ပါးကိုပါ တကယ်ကြီး စည်းရုံးလာခဲ့တာပဲ.. အထီးကျန်သိုင်းသခင်ကတော့ ဘယ်လိုမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

“အဲဒါ အမှန်ပဲ”

နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပြောလိုက်၏။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က အထီးကျန်သိုင်းသခင်ကို အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု အမွေပေးခဲ့ပေမဲ့ သူက အဲဒါကို နားလည်ဆင်ခြင်ဖို့ အချိန်အကြာကြီး ယူရဦးမယ်.. ဧကရာဇ် ၇ပါးကို မပြောနဲ့.. ဧကရာဇ် ၂ပါး တိုက်ခိုက်လာမယ်ဆိုရင်တောင် သူက သေချာပေါက် သေရလိမ့်မယ်”

“ဟေး.. အဲဒီ အဖြူရောင်ဝတ် ကျင့်ကြံသူကလည်း သေခြင်းတရားက လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

မိုးကြိုးလေပြေနန်းတော်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကလည်း ပြောလိုက်၏။

“အဲဒီလူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တွေကို သတ်ဖြတ်ခဲ့တယ်.. ငါတို့ရဲ့ ခရမ်းရောင် မိုးကြိုးဧကရာဇ်က သူ့ကို သေချာပေါက် ဖိနှိမ်ပြီး သူ့ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းလိမ့်မယ်”

“အခြေအနေ မကောင်းတော့ဘူး”

လူအုပ်ကြီးထဲမှာ နတ်ဆိုးမ ကျိက တည်တံ့စွာဖြင့် ပြောလိုက်၏။

“လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်သွားပြီးတဲ့နောက်.. ဂမ္ဘီရဧကရာဇ်ဆီကနေ ဘာသတင်းမှ ရမလာတော့ဘူး.. စိန်ကျောင်းတော်၊ နှင်းပုံတောင်ကြားနဲ့ တခြားထိပ်သီးဂိုဏ်းကြီးတွေက ဧကရာဇ်တွေကလည်း သူတို့ရဲ့ ဒဏ်ရာတွေကို ကုသနေရတုန်းပဲ.. ဘယ်သူကမှ ဇီမို့ကို ကူညီနိုင်မှာ မဟုတ်တော့ဘူး”

မင်းကျန်က အလေးအနက်စဉ်းစားကာ ပြောလိုက်၏။

“ဂျူနီယာညီ မင်းရှင်က ဒီလို အခြေအနေမျိုးကို ကြိုတင်တွက်ချက်ထားလိမ့်မယ်လို့ ငါယုံတယ်.. သူက ပြင်ဆင်ထားလောက်မှာပါ”

လေထဲတွင်…

စစ်တုရင်ဧကရာဇ်က သူတို့၏ အမွေအနှစ်ကို လက်ခံရယူနေဆဲဖြစ်သော အထီးကျန်သိုင်းသခင်နှင့် ကိုယ်တော်တာမင်းကို တစ်ချက်ကြည့်ကာ သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်၏။ သူက သီယွီနှင့် အခြားသူများကို ကြည့်​ပြီး ကျယ်လောင်စွာ မေးလိုက်လေသည်။

“အားလုံးပဲ.. ဒါက ဘာသဘောလဲ”

“ဘာရယ်မဟုတ်ပါဘူး”

သီယွီက မှင်သေသေဖြင့် ပြောလိုက်၏။

“ငါက အထီးကျန်သိုင်းသခင်နဲ့ ဒီနေ့ ရန်ငြိုးရန်စ တချို့ကို ဖြေရှင်းချင်ရုံပဲ”

စစ်တုရင်ဧကရာဇ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“သီယွီ.. အထီးကျန်သိုင်းသခင်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ မဟာအကျိုးဆောင်မှုတစ်ရပ်ကို ပြုလုပ်ပြီး သူက လူသားမျိုးနွယ်ရဲ့ အနာဂတ်မျှော်လင့်ချက် ဖြစ်လာပြီ… ကမ္ဘာဦးမျိုးနွယ်တွေ အကြောက်ဆုံးက သူပဲ.. မင်းက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ပြီးလို့ ကမ္ဘာဦးမျိုးနွယ်တွေ ပြန်ပေါ်ထွက်လာမယ်ဆိုရင် ဘယ်သူက သူတို့ကို ဖိနှိမ်ပေးနိုင်မှာလဲ”

“အခုအချိန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်က မျိုးနွယ်စုတစ်သောင်း အတူယှဉ်တွဲနေထိုင်တဲ့ နေရာတစ်ခု ဖြစ်လာပြီ.. ကမ္ဘာဦးမျိုးနွယ်တွေကလည်း အဲဒါကို သဘောတူထားပြီးသား.. ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်တော့ဘူး”

သီယွီက ပြောလိုက်၏။

“နောက်ပြီး.. ကမ္ဘာဦးမျိုးနွယ်တွေက လူသားဧကရာဇ်ကြောင့် တုန်လှုပ်သွားကြပြီ.. သူတို့ရဲ့ ထိပ်သီး ဧကရာဇ်တွေကလည်း သေသူသေ.. ဒဏ်ရာရသူ ရကုန်ကြပြီ.. သူတို့က အကြောက်လွန်ပြီးတော့ လူသားမျိုးနွယ်ကို ဆက်ပြီး ရန်ရှာရဲမှာ မဟုတ်တော့ဘူး”

“ဟုတ်ပြီလေ.. လူသားဧကရာဇ်အကြောင်း ပြောလာပြီဆိုမှတော့.. “

စစ်တုရင်ဧကရာဇ်က ငေါက်ငမ်းပြောဆိုလိုက်လေသည်။

“အထီးကျန်သိုင်းသခင်က ​ထာဝရ လူသားဧကရာဇ်ရဲ့ ဘွဲ့ကို ရရှိထားတယ်.. သူက ထာဝရ လူသားဧကရာဇ်ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ အရိုက်အရာ ဆက်ခံသူပဲ.. သူက လက်ရှိ လူသားဧကရာဇ်ပဲ.. မင်းတို့တွေက သူ့ကို သတ်ချင်တယ်ဆိုရင် အဲဒါက လူသားဧကရာဇ်ကို မလေးမစား ပြုမူတာနဲ့ အတူတူပဲ.. မင်းတို့တွေက လူသားမျိုးနွယ်အပေါ် သစ္စာဖောက်မှုတစ်ရပ်ကို ကျူးလွန်ချင်လို့လား”

“ဟားဟားဟားဟား”

သီယွီက အော်ဟစ်ရယ်မောလိုက်၏။

“စစ်တုရင်ဧကရာဇ်.. ငါတို့ကို ခြိမ်းခြောက်ဖို့အတွက် လူသားဧကရာဇ် နာမည်ကို အသုံးချမနေနဲ့.. အထီးကျန်သိုင်းသခင်က အခုချိန်မှာ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ.. သူက ဧကရာဇ်တစ်ပါးတောင် ဖြစ်မလာသေးဘူး.. သူ့ကို လူသားဧကရာဇ်လို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ”

“လူသားဧကရာဇ်ရဲ့ နေရာကို အစွမ်းအစနဲ့ပဲ သိမ်းပိုက်နိုင်လိမ့်မယ်.. အထီးကျန်သိုင်းသခင်က အခုချိန်မှာ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ.. သူက သူနဲ့ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်ဆိုရင်တောင် သူက ငါ့ကို နိုင်မှာမို့လား.. သူ့မှာ လူသားဧကရာဇ်ဖြစ်ဖို့ ဘာအခွင့်အာဏာရှိလို့လဲ”

ရုတ်တရက် လင်းရွှမ်ကျီက ပြောလိုက်၏။

“သီယွီ.. ခင်ဗျား အဲဒါကို သေသေချာချာ စဉ်းစားသင့်တယ်.. အထီးကျန်သိုင်းသခင်မှာ တဗူးနဂါးဖီးနစ်ဆိုတဲ့ နောက်ထပ် အစစ်အမှန်ခန္ဓာတစ်ခု ရှိတယ်”

“ခင်ဗျားက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရဲမယ်ဆိုရင်.. တဗူးနဂါးဖီးနစ်က သေချာပေါက် နဂါးမျိုးနွယ်ကို ဦးဆောင်ပြီး ကစဉ့်ကလျား အမြုတေဂိုဏ်းနဲ့ သီကလန်ကို ဖျက်ဆီးချေမှုန်းလိမ့်မယ်.. အဲဒီအခါကျရင် ခင်ဗျားက ကစဉ့်ကလျား အမြုတေဂိုဏ်းနဲ့ သီကလန်ရဲ့ အပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မယ်”

“ရတယ်လေ”

သီယွီက ထိုစကားကို ကြားသောအခါ အကြောက်အလန့် မရှိပေ။ ထိုအစား သူက သဘောကျစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သတ်ဖြတ်စမ်းပါစေ.. သီကလန်တစ်ခုလုံးနဲ့ ကစဉ့်ကလျား အမြုတေဂိုဏ်းက ကျင့်ကြံသူတွေ အားလုံးကို သတ်ပစ်လိုက်”

“အဲဒါဆိုရင်.. အထီးကျန်သိုင်းသခင်က ကမ္ဘာဦး တဗူးမျိုးနွယ် ဘယ်လောက်ပီသကြောင်း.. လူသားကျင့်ကြံသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်ကြောင်း.. တစ်လောကလုံးက သိသွားလိမ့်မယ်”

လင်းရွှမ်ကျီက မျက်မှောင်ကြုတ်လိုက်၏။

ဤကိစ္စက တကယ်ပင် ကိုင်တွယ်ရ ခက်ခဲလေသည်။

သီယွီက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်လိုက်မည် ဆိုလျှင်တောင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအနေဖြင့် တိုက်ခိုက်ဖို့က အခက်တွေ့ရပေလိမ့်မည်။

ပထမတစ်ချက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာမှာ တဗူးမျိုးဆက်သွေး ရှိပြီး သူက လူသား မဟုတ်တော့ပေ။ သူ၏ သရုပ်သကန်က ဆတ်ဆတ်ထိမခံဘဲ သူသည် လူသားကျင့်ကြံသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပါက စွပ်စွဲအပြစ်တင်ခြင်း သေချာပေါက် ခံရပေလိမ့်မည်။

ဒုတိယတစ်ချက်.. အဲဒါကို သီယွီက ပြုလုပ်ခြင်းဖြစ်ပြီး အခြားလူများနှင့် မသက်ဆိုင်ပေ။

အထီးကျန်သိုင်းသခင်၏ စိတ်နေစရိုက်အရ.. သူသည် သီယွီကြောင့်နှင့် ကစဉ့်ကလျား အမြုတေဂိုဏ်းနှင့် သီကလန်ကို သေချာပေါက် ဖျက်ဆီးချေမှုန်းလိမ့်မည် မဟုတ်ပေ။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်တွင် ဆူဇီမိုနှင့် ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်က တဖြည်းဖြည်း ဖျော့တော့လာခဲ့၏။

အမွေဆက်ခံခြင်းဖြစ်စဉ်က အဆုံးသတ်တော့မည်ဟု အဓိပ္ပာယ်ရလေသည်။

အမွေဆက်ခံခြင်း ပြီးဆုံးသွားသည်နှင့် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်တစ် နေရာအောက်ရှိ ရွှေရောင်အလင်းကလည်း ပျက်ပြယ်သွားမည် ဖြစ်လေသည်။

ထိုအချိန်ကျလျှင် ဆူဇီမိုနှင့် ကိုယ်တော်တာမင်းသည် ဧကရာဇ် ၇ပါး၏ ရှေ့မှာ လုံးလုံးလျားလျား ပေါ်ထွက်လာပေလိမ့်မည်။

စစ်တုရင် ဧကရာဇ်က စိုးရိမ်ကြောင့်ကျနေသော်လည်း သူက ကောင်းမွန်သော ဖြေရှင်းချက်ကို မထုတ်ဖော်နိုင်ပေ။

သူက မျက်မှောင်ကြုတ်ပြီး သီယွီဘေးတွင် ရှိသော ဧကရာဇ်များကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ခရမ်းရောင်မိုးကြိုး၊ ခုနှစ်မျိုး သတ်ဖြတ်ခြင်း.. ခင်ဗျားတို့တွေက အထီးကျန်သိုင်းသခင်နဲ့ နက်ရှိုင်းတဲ့ ဘာရန်ငြိုး ရန်စမှ မရှိဘူးမလား”

“အထီးကျန်သိုင်းသခင်က ငါ့ရဲ့ မည်ကာမတ္တ တပည့်ကို သတ်ဖြတ်ခဲ့တယ်.. အဲဒါကို ထည့်တွက်လို့ မရဘူးလား”

သတ်ဖြတ်ခြင်းဧကရာဇ်က ပြန်လှန်မေးလိုက်လေသည်။

စစ်တုရင်ဧကရာဇ်က လှောင်ရယ်လိုက်လေသည်။

“ငါတို့ ဂိုဏ်းတွေက မည်ကာမတ္တ တပည့်တွေ သေဆုံးမှုအတွက် ငါတို့လို ဧကရာဇ်တွေက ကိုယ်တိုင်ထွက်ပြီး လက်စားချေ သတ်ဖြတ်ဖို့ ဘယ်လိုလုပ် သင့်လျော်ပါ့မလဲ”

ခရမ်းရောင် မိုးကြိုးဧကရာဇ်က ဆူဇီမို၏ ဘေးတွင် ရှိသော ကိုယ်တော်တာမင်းကို လက်ညိုးထိုးပြလိုက်၏။

“ငါတို့ ၃ယောက်က အဲဒီလူကို သတ်ဖို့ ဒီနေရာကို ရောက်လာတာပဲ”

“အဲဒီလူက ငကြောက်တစ်ကောင်လို ပုန်းကွယ်နေပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က ငါတို့ဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်တွေကို အမဲလိုက်ခဲ့တယ်.. သူ ဘယ်သူလဲ ကြည့်ရသေးတာပေါ့”

ဖန်သားနန်းတော်၏ ဆီးနှင်းဧကရာဇ်က အေးစက်စွာ ပြောလိုက်၏။

“စစ်တုရင်ဧကရာဇ်.. ခင်ဗျားက ဘေးရှောင်နေပြီး ခင်ဗျားရဲ့ စစ်တုရင်အကွက်တွေကို အသေးစိတ် လေ့လာနေတာ ပိုကောင်းလိမ့်မယ်”

ဆိုးယုတ်ဧကရာဇ်က သူ၏ သိုလှောင်အိတ်ထဲကနေ အမည်မသိ တောကောင်အရိုးတစ်ခုဖြင့် ပြုလုပ်ထားသော လှံတစ်လက်ကို ဆွဲထုတ်လိုက်၏။ ၎င်းလှံမှ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခု ဖြာထွက်နေပြီး သူက စစ်တုရင်ဧကရာဇ်ကို ထိုးညွှန်ကာ အေးစက်စွာ ပြောလိုက်၏။

“မင်းက ငါတို့ရဲ့ လမ်းမှာ ပိတ်ပြီး ရပ်နေမယ်ဆိုရင် ငါတို့က မင်းကိုပါ သတ်ရလိမ့်မယ်”

စစ်တုရင်ဧကရာဇ်၏ အမူအရာက ထိုစကားကို​ ကြားသောအခါ အေးစက်လာခဲ့၏။

သူသည် စစ်တုရင်အပေါ် လွန်စွာ ခုံမင်​ပြီး အခြားသူများနှင့် တိုက်ခိုက်လေ့ မရှိသော်လည်း သူက ဧကရာဇ်တစ်ပါး ဖြစ်နေဆဲဖြစ်ပြီး မနှိုင်းယှဉ်သာအောင် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူ့ကို ဤကဲ့သို့ စွပ်စွဲစော်ကားလာသည်ကို သူက ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

“ဟုတ်ပြီလေ.. ငါ့ကို မင်းတို့တွေက ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့”

ထိုစဉ်မှာပင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က တုန်ခါသွား၏။

ဆူဇီမိုနှင့် ကိုယ်တော်တာမင်းအပေါ်ရှိ အလင်းတန်းနှစ်ခုက ပျက်ပြယ်သွားခဲ့ပြီဖြစ်​ပြီး ဘေးပတ်လည်ရှိ ရွှေရောင်အလင်းများကလည်း ဖျော့တော့သွားခဲ့လေပြီ။

သူတို့နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြ၏။

ရွှစ်.. ရွှစ်… ရွှစ်..

သီယွီနှင့် အခြားဧကရာဇ်များ၏ အကြည့်များက သူတို့နှစ်ယောက်ပေါ်သို့ ချက်ချင်းပင် ဆင်းသက်လာပြီး ကြောက်စရာကောင်းသော ဖိအားတစ်ရပ်ကို ထုတ်ဖော်လိုက်ကြ၏။

ဧကရာဇ် ၇ပါး၏ ဖိအားနှင့် ရင်ဆိုင်ရချိန်မှာတောင် ဆူဇီမိုနှင့် ကိုယ်တော်တာမင်း၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

တကယ်ဆို သူတို့နှစ်ယောက်သည် သူတို့ထက်တွင် ရှိသော ဧကရာဇ် ၇ပါးကို မော့ပင် မကြည့်ကြပေ။

သူတို့နှစ်ယောက်သည် သူတို့ မျက်လုံးထဲရှိ တိုက်ပွဲဝင် စိတ်ဝိညာဉ်နှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

စောစောက သူတို့နှစ်ယောက်ကြား တိုက်ပွဲက မပြီးဆုံးသေးပေ။

“ညီအစ်ကိုဆူ.. ငါတို့က ငါတို့ရဲ့ တိုက်ပွဲကို ထပ်ပြီး မဆက်နိုင်တော့မှာ စိုးရိမ်မိတယ်”

ကိုယ်တော်တာမင်းက ရုတ်တရက် ပြုံးပြလိုက်၏။

“ဒါပေမဲ့ ငါတို့မှာ အဲဒါကို လုပ်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိတယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိလိုက်၏။

“ဒီနေရာမှာ ဧကရာဇ် ၇ယောက် ရှိတယ်ကွာ.. သူတို့ထဲက ၃ယောက်က ငါ့အတွက် ရောက်လာတာလို့ ပြောတယ်”

ကိုယ်တော်တာမင်း၏ မျက်လုံးက ဝင်းလက်လာခဲ့၏။

“နောက်ပြီးကျရင် ဒီ ဧကရာဇ်တွေက ငါတို့နောက်ကို ကောက်ကောက်ပါအောင် လိုက်လာမှာပဲ.. အဲဒီအချိန်ကျရင် ငါတို့ထဲ ဘယ်သူက ရှင်သန်နိုင်မလဲ ကြည့်ရသေးတာပေါ့”

“ရတယ်လေ”

ဆူဇီမိုက ခေါင်းညိတ်ပြ​ပြီး ပြုံးစစဖြင့် ပြန်ပြောလိုက်၏။

“ဒါပေမဲ့.. ခင်ဗျားပဲ သေချာပေါက် ရှုံးမှာ”

ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံးပြလိုက်၏။

“အပြောမစောစမ်းပါနဲ့.. ငါ မင်းကို အသက်ရှင်လျက် ပြန်တွေ့ရဖို့ မျှော်လင့်တယ်.. ငါတို့ သိုင်းလောကမှာ ပြန်တွေ့ကြတာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် ကိုယ်တော်တာမင်း၏ သွေးချီက တလိပ်လိပ် တက်လာပြီး မြေပြင်ကို ဆွဲချုံ့နိုင်သော အဆင့်မြင့် နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာကာ သူသည် အဝေးသို့ ပြေးထွက်သွားလေသည်။

All Chapters