စစ်တုရင်ကံကြမ္မာ
Vol. 113 Ch. 1684
ကိုယ်တော်တာမင်းသည် အမွေအနှစ်ကို လက်ခံရရှိပြီးနောက် သူက ထွက်ပြေးသွားခြင်းသည် ဂုဏ်သိက္ခာမဲ့ရာကျသော်လည်း အဲ့ဒါက ဉာဏ်အရှိဆုံးလုပ်ရပ်ဖြစ်လေသည်။
သူသည် ဧကရာဇ်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိလျှင်တောင် သူတို့ကို ယာယီအားဖြင့် ရှောင်လွှဲနိုင်မည်ဖြစ်၏။
“ဂျူနီယာ... မင်းဘယ်ကိုပြေးဦးမှာလဲ”
ခရမ်းရောင်မိုးကြိုးဧကရာဇ်သည် အရင်ဆုံး တုံ့ပြန်၍ အော်ငေါက်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်ကနေ လျှပ်စီးများက ပစ်လွင့်ထွက်ပေါ်လာပြီး ကိုယ်တော်တာမင်းနောက်သို့ ဆီးနှင်းဧကရာဇ်က သက်တံရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လေဟာနယ်တစ်ဝက်ကိုဖြတ်ကျော်ကာ အနည်းဆုံး ကီလိုမီတာ ၅၀၀၀ လောက်ကို ခုန်ကူးသွားလေသည်။
သတ်ဖြတ်ခြင်းဧကရာဇ်သည် သူ၏ ဓားပျံကို စီးနင်းပြီး နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွား၏။
တစ်ခဏချင်းမှာပင် ဧကရာဇ်သုံးပါးသည် ကိုယ်တော်တာမင်းနောက်သို့ ပြေးလိုက်သွားပြီး လူတိုင်း၏ မြင်ကွင်းက ပျောက်ကွယ်သွား၏။
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုက ညင်သာပြုံး၍ သူ၏ ရင်ထဲမှာ နွေးထွေးသော ခံစားချက်တစ်ခုကို ရရှိလာ၏။
ဤရလဒ်သည် ကိုယ်တော်တာမင်းအစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်လေသည်။
ကိုယ်တော်တာမင်းသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များကို အမဲလိုက်ခဲ့ရသည့်အကြောင်းအရင်းမှာ ထိုမျိုးနွယ်စုခေါင်းဆောင်များသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသောကြောင့်ဖြစ်၏။
တစ်ဘက်မှာတော့ အဲ့ဒါသည် ဆူဇီမိုကို ကူညီပေးခြင်းလည်း ဖြစ်ပေသည်။
ဤတစ်ခေါက်... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်တွင် သူ့ကိုသတ်ဖို့အတွက် ဧကရာဇ်များရောက်ရှိလာမည်ကို ဆူဖီမိုခန့်မှန်းမိသည်ဆိုလျှင် ကိုယ်တော်တာမင်းကလည်း အဲ့ဒါကို ခန့်မှန်းမိနိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် သူသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များကို အမဲလိုက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုသို့ဖြင့် ကိုယ်တော်တာမင်းသည် ဧကရာဇ်သုံးပါးကို မျှားခေါ်ထုတ်သွားနိုင်ခဲ့ပြီး ဆူဇီမိုအပေါ် ဖိအားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
တကယ်တော့ ကိုယ်တော်တာမင်းသည် အဲ့ဒါကို သေချာပေါက် ပေါ်ပေါ်ထင်ထင် ဝန်ခံလိမ့်မည် မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်... မင်းဘာလို့ မပြေးသေးတာလဲ”
သီယွီက သေလူတစ်ယောက်ကို ကြည့်ရှုနေသည့်အလား လှောင်ပြောင်သရော်လိုသောအမူအရာနှင့်အတူ ဆူဇီမိုကို ငုံ့ကြည့်လိုက်၏။ သူက ပြုံး၍ မေးလိုက်လေသည်။
“ဘာလို့လဲ…. မင်းက အညံ့ခံဖို့ ပြင်ဆင်ထားပြီးပြီလား”
“သူက လိမ္မာသားပဲ... သူမပြေးနိုင်တော့ဘူးဆိုတာ သူသိနေတာပဲ”
ကောင်းကင်စင်ရော်ဂိုဏ်း၏ မြောက်အရပ်ကောင်းကင် ဧကရာဇ်ကလည်း လှောင်ပြောင်သရော်လိုက်၏။
ပြိုကွဲပင်လယ်ဧကရာဇ်ကပြောလိုက်၏။
“ငါတို့... ဆွေးနွေးကြမလား... အထီးကျန်သိုင်းသခင်က လူသားဧကရာဇ်ရဲ့ချိပ်စည်းကို ထုတ်ပေးပြီး သနားညှာတာဖို့အတွက် ငိုယိုတောင်းပန်မယ်ဆိုရင် ငါတို့က သူ့ကို အခွင့်အရေးတစ်ရပ် ပေးလိုက်ကြမလား”
ကျန်ရှိနေသော ဧကရာဇ်လေးပါးသည် စိတ်လက်ပေါ့ပါးသော အမူအရာများနှင့်အတူ လှောင်ပြောင်ထေ့ငေါ့လိုက်ကြ၏။
ဆူဇီမိုက ပြုံးလိုက်လေသည်။
“တကယ်တော့... ငါမပြေးဘူးဆိုတာ အဲ့ဒါက မလိုအပ်လို့ပဲ”
ဆူဇီမို ဣန္ဒြေရနေသည်ကို တွေ့မြင်သောအခါ သီယွီ၏ အမူအရာက ညိုမည်းလာပြီး သူက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“အထီးကျန်သိုင်းသခင်... မင်းက ဆယ်ကြိမ်သေရမယ်ဆိုရင်တောင်... မင်းနဲ့ ကစဉ့်ကလျားအမြုတေဂိုဏ်းကြားက... ပြီးတော့ မင်းနဲ့ သီကလန်ကြားက ရန်ငြိုးရန်စကို အဆုံးသတ်ဖို့ လုံလောက်မှာမဟုတ်ဘူး”
“ငါက မင်းရဲ့ အမြုတေစိတ်ဝိညာဥ်ကို ချုပ်နှောင်ထားဖို့ ပြင်ဆင်ထားတယ်... ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာ... မင်းမှာ လာလျှို့ဝှက်ချက်တွေရှိလဲ ကြည့်ရတာပေါ့”
သူ့စကားမဆုံးသေးခင်မှာပင် သီယွီက သူ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ ဆူဇီမိုပေါ်ကို ဖိချလိုက်ပြီဖြစ်၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါး....
အဲ့ဒါသည် နတ်ဘုရားစွမ်းအားတစ်ခုမဟုတ်သော်လည်း ဧကရာဇ်တစ်ပါးက ထုတ်ဖော်လိုက်သောအခါ မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားသည် မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းလာ၏။ ၎င်းသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကိုပင် အလွယ်တကူ ခြေမွဖျက်ဆီးပစ်နိုင်လေသည်။
“သီယွီ... မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
စစ်တုရင်ဧကရာဇ်က ဒေါသတကြီးဖြစ်သွားပြီး ချက်ချင်းပင်တိုက်ခိုက်လိုက်၏။
သူသည် သူ၏ ကျောကိုပုတ်ပြီး သူ၏ ကျောပေါ်မှ ကျောက်ချပ်ကို ပစ်ထုတ်လိုက်လေသည်။
ထိုကျောက်ချပ်ပေါ်တွင် ယှက်လိမ်နေသော ဒေါင်လိုက်မျဥ်းကြောင်းများရှိပြီး ကျောက်ချပ်တစ်ခုလုံးကို သေးငယ်သော အတုံးလေးများအဖြစ် အုပ်စုခွဲထားလေသည်။
ကျောက်ချပ်သည် နတ်ဆိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ထင်ရလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် ထိုကျောက်ချပ်ကိုကြည့်ပြီး သူတို့၏ အကြည့်များနှင့် စိတ်များက ၎င်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အလား အဆက်မပြတ် လှည့်ပတ်သွားလေသည်။
ကျောက်ချပ်က စစ်တုရင်ခုံဖြစ်လေသည်။
ရွှစ်...
ထက်ရှသောဓားသွားများ လေထုကို ဆုတ်ဖြဲလာသံများ ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက် အော်မြည်တိုက်ခတ်လာ၏။
သေးငယ်သော အနက်ရောင်အလင်းတစ်ခုက စစ်တုရင်ခုံကို ပြင်းထန်စွာ ထိခတ်ပြီး မီးပွားများက လွင့်စင်ထွက်လာ၏။ သတ္တုချင်းထိခတ်သံက အလွန်တရာစူးရှလွန်းလေသည်။
မျိုးနွယ်စုခေါင်းဆောင် များစွာက ဆတ်ခနဲတုန်ယင်သွားပြီး နိုးထလာကြ၏။
ဘေးတွင်ရှိသော ဆိုးယုတ်ဧကရာဇ်က သူ့လက်ထဲရှိ အရိုးလှံကို ပစ်ထုတ်လိုက်ခြင်းဖြစ်လေသည်။
သူက အေးစက်စွာ ပြောလိုက်၏။
“စစ်တုရင်ဧကရာဇ်... ငါက မင်းရဲ့ပြိုင်ဘက်ပဲ”
တစ်ချိန်တည်းမှာပဲ မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်နှင့် ပြိုကွဲပင်လယ်ဧကရာဇ်ကလည်း တိုက်ခိုက်လာကြ၏။
မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်သည် လေဟာနယ်ကနေတစ်ဆင့် ဆူဇီမိုထံသို့ ပစ်ထိုးလိုက်ပြီး ကောင်းကင်ထက်မှာ ဧရာမကြယ်တစ်စင်းပေါ်ထွက်လာကာ ၎င်းသည် ဆူဇီမိုကို အသားပြားဖြစ်အောင်ကြိတ်ခြေနေချင်သည့်အလား အဆုံးမဲ့စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးလာ၏။
ပြိုကွဲပင်လယ်ဧကရာဇ်က သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး ဆူနာမီသံက တလိပ်လိပ်ထွက်ပေါ်လာ၏။
အဆုံးမဲ့သမုဒ္ဒရာတစ်စင်းက တိုက်ပွဲမြေပြင်မှာ ခမ်းနားထည်ဝါသော စွမ်းပကားတစ်ခုနှင့်အတူ ပေါ်ထွက်လာ၏။
ပြိုကွဲပင်လယ်ဧကရာဇ်သည် အရှေ့ပင်လယ်တစ်ခုလုံးကို ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့သည့်အလားပင်။
စစ်တုရင်ဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်ပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ အနက်နှင့်အဖြူ စစ်တုရင်အရုပ်များကို စစ်တုရင်ခုံပေါ်သို့ ဖြန့်ချလိုက်လေသည်။
“စစ်တုရင်ကံကြမ္မာ”
သူက အော်ငေါက်လိုက်ပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ချွင်... ချွင်.... ချွင်...
အနက်ရောင်နှင့် အဖြူရောင် သစ်တုရင်အရုပ်များက စစ်တုရင်ခုံပေါ်သို့ ဆင်းသက်သွားပြီး ဖြည်းဖြည်းချင်း လည်ပတ်ကာ သက်ရှိများအားလုံးကို စစ်တုရင်အရုပ်များအဖြစ် စုပ်ယူချင်နေသည့်အလား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
ထိုအနက်ရောင်နှင့် အဖြူရောင် စစ်တုရင်အရုပ်များသည် ဤစစ်တုရင်ခုံကနေ မလွတ်မြောက်နိုင်မည့် လောကရှိ သက်ရှိများအားလုံးကို ရည်ညွှန်းလေသည်။
ထိုအန္တိမနတ်ဘုရားစွမ်းအား ထွက်ပေါ်လာသောအခါ သီယွီ ၊ ပြိုကွဲပင်လယ်ဧကရာဇ်နှင့် မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်တို့၏ စွမ်းအားက လည်ပတ်နေသော စစ်တုရင်ခုံ၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
“ဟမ့်...”
“အဝါရောင်စိမ့်စမ်းလက်ညိုး”
ဆိုးယုတ်ဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို အလောတကြီးလှည့်ပတ်ပြီး ရှေ့သို့စေညွှန်လိုက်လေသည်။
ရုတ်တရက် နောက်ကျိနေသော အဝါရောင်မြစ်တစ်စင်းက သူ၏ လက်ညိုးအောက်မှာ ပေါ်ထွက်လာပြီး လေထဲရှိ စစ်တုရင်ခုံရှိရာသို့ တလိပ်လိပ်တိုးဝင်သွားလေသည်။
အဝါရောင်စိမ့်စမ်းရေသည် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး အတွင်းမှာ အလောင်းများက အဆုံးမဲ့လွင့်မျောနေ၏။ သူတို့သည် ထာဝရတည်မြဲပြီး အညစ်ညမ်းဆုံးဖြစ်လေသည်။
စစ်တုရင်ခုံသည် အဝါရောင်စိမ့်စမ်းထဲမှာ နစ်မြုပ်သွားပြီး ၎င်း၏ ရောင်ဝါက ချက်ချင်းပင်မှေးမှိန်သွားလေသည်။
စစ်တုရင်ခုံပေါ်ရှိ အနက်ရောင်နှင့်အဖြူရောင် သစ်တုရင်အရုပ်များက စတင်၍ ကွာကျလာ၏။
“ဟမ့်...”
သီယွီက လှောင်ရယ်လိုက်၏။
“စစ်တုရင်ဧကရာဇ်... မင်းက မင်းကိုယ်မင်းအထင်ကြီးနေတာပဲ... မင်းက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားတာနဲ့ပဲ... ငါတို့ ဧကရာဇ်လေးယောက်နဲ့ ဆန့်ကျင်တိုက်ခိုက်ချင်တယ်ပေါ့... မင်းက သေချင်နေတာပဲ”
“ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ”
သီယွီသည် သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး လေထဲရှိ လေဟာနယ်က ရုတ်တရက်ပြိုကျကာ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုနှင့်အတူ အဆက်မပြတ်လည်ပတ်လာသည့် ဧရာမနက်ရှိုင်းသော တွင်းပေါက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ကောင်းကင်ဘုံလိုဏ်ဂူသည် နက်မှောင်နေပြီး အေးစက်နေသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
စစ်တုရင်ဧကရာဇ်၏ မျက်နှာက ဖြူဖျော့သွားလေသည်။ သူက သူ၏သွေးချီကို ဘယ်လိုပင်လှည့်ပတ်သည်ဖြစ်စေ သူသည် သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူရှိရာသို့ စတင်ရွေ့လျားသွားလေသည်။
သူက ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူထဲသို့ စုပ်ယူသွင်းခြင်းမခံရခင်မှာပင် ထိုအတွင်းမှာရှိသော ဖျက်ဆီးခြင်းအော်ရာကို သူက ခံစားမိနေပြီဖြစ်၏။
၎င်းသည် အရာရာတိုင်းကိုဆုတ်ဖြဲ၍ ခြေမွှဖျက်ဆီးပစ်ချင်နေသည့်အလားပင်။
ထိုအန္တိမနတ်ဘုရားစွမ်းအားက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ စစ်တုရင်ဧကရာဇ်က ကောင်းကောင်းသိလေသည်။
သူက အဲ့ဒီထဲသို့ ကျဆင်းသွားသည်နှင့် သွေးကနေ ပြန်လာ်မွေးဖွားခြင်းကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူသည် အဆုံးမဲ့ချောက်နက်ထဲသို့ ကျဆင်းသွားပြီး သေသည့်တိုင်အောင် ကြိတ်ခြေခံရမည်ဖြစ်၏။
သူသည် သူ၏ အစွမ်းကုန်ရှိသမျှနှင့် ရုန်းကန်နေသော်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။
စစ်တုရင်ဧကရာဇ်၏ စစ်တုရင်ခုံက အဝါရောင်စိမ့်စမ်း၏ ရေဖြင့် ချုပ်နှောင်ခံထားရပြီး ယခုအချိန်ထိ ရုန်းထွက်မလာနိုင်သေးပေ။
သူသည် ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို ခုခံကာကွယ်ဖို့အတွက် သူ၏ သိုလှောင်အိတ်ထဲကနေ ဓမ္မရတနာတချို့ကိုသာ ထုတ်ယူလိုက်ရလေသည်။
သို့သော်လည်း ထိုဓမ္မရတနာများကို ထုတ်ယူလိုက်သည့်ခဏမှာပင် သူတို့သည် ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ၏ စုပ်ယူခြင်းကိုခံရပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။
ဓမ္မရတနာများပင်လျှင် ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို မခုခံနိုင်ပေ။
“စစ်တုရင်ဧကရာဇ်... မင်းဘာမှ ရုန်းကန်နေစရာ မလိုတော့ဘူး”
ပြိုကွဲပင်လယ်ဧကရာဇ်က ညင်သာစွာ ပြုံးလိုက်လေသည်။
“ငါမင်းရဲ့ နောက်ဆုံးခရီးကို ပို့ပေးမယ်”
“အားနည်းသောရေ”
ပြိုကွဲပင်လယ်ဧကရာဇ်က သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။
အလွန်တရာကြွယ်ဝသော နတ်ဘုရားစွမ်းအားတစ်ခုက သူ၏ လက်ဖဝါးကနေ ထွက်ပေါ်လာပြီး လက်မောင်းလုံးလောက်သာ တုတ်ခိုင်သော သေးငယ်သည့် ရေစီးကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း ထိုရေစီးကြောင်းပေါ်ထွက်လာပြီးနောက် လောကတစ်ခုလုံးက ၎င်းထဲသို့ ကျဆင်းသွားတော့မည့်အလားပင်။
အားနည်းသောရေသည် အထက်ဘုံမှ မချိုးဖောက်နိုင်သည့် ဒဏ္ဍာရီလာ အင်မော်တယ်ရေဖြစ်လေသည်။ ငှက်မွေးတစ်တောင်ပင်လျှင် ၎င်းပေါ်မှာ ပေါလောမပေါ်နိုင်ပေ။
အားနည်းသောရေထဲမှာ တစ်စုံတစ်ယောက်သည် တစ်မူထူးခြားသော နည်းလမ်းများရှိသည်ဆိုလျှင်တောင် ထိုအရာများသည် ၎င်းထဲသို့ ကျဆင်းသွားပေလိမ့်မည်။ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မပညာရပ်အချို့ပင်လျှင် လုံးဝသုံးစားရတော့မည် မဟုတ်ပေ။
ရေစီးကြောင်းသည် လက်မောင်းလုံးလောက်သာ တုတ်ခိုင်ပြီး အလျင်အဟုန်များစွာမရှိသော်လည်း ထိုအန္တိမနတ်ဘုရားစွမ်းအား၏ ထွက်ပေါ်လာမှုက စစ်တုရင်ဧကရာဇ်၏ နောက်ဆုံးမျှော်လင့်ချက်ကို နစ်မြုပ်သွားစေ၏။
စစ်တုရင်ဧကရာဇ်သည် အားနည်းသောရေဖြင့် ဆေးကြောခြင်းခံရပြီး မျေးမှိန်သွားသောအကြည့်၊ မျှော်လင့်ချက် ကုန်သွားသော အမူအရာနှင့်အတူ နက်မှောင်နေသော ကစဉ့်ကလျားအမြုတေ ကောင်းကင်လိုဏ်ဂူထဲသို့ ကျဆင်းသွားလေသည်။
လင်းရွှမ်ကျီနှင့် အခြားသူများက ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။
အဲ့ဒါသည် ဧကရာဇ်များကြားတိုက်ပွဲတစ်ပွဲဖြစ်လေသည်။
ထိုအရာများက အန္တိမနတ်ဘုရားစွမ်းအားများဖြစ်ပြီး သူတို့နှင့် ရင်ဆိုင်ရချိန်မှာ သူ၏ ခွန်အားက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါ အရာမရောက်နိုင်တော့ပေ။
ထိုစဥ်မှာပင် လင်းရွှမ်ကျီ၏ အကြည့်က ဆူဇီမိုဘက်သို့ ရွေ့လျားသွားပြီး တဖြည်းဖြည်း အေးခဲတောင့်တင်းသွားလေသည်။