အတင်းအဖျင်းများ
Vol. 6 Ch. 73
“ ဟေးဟေး ကြည့်ရသလောက်ကတော့ လင်းမေယုရဲ့ သတို့သားလောင်းနဲ့ ငါတို့တော့ တွေ့ဖို့ ကံပါပြီထင်တယ်။ “
ဟုလျန်းက ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခုကို ဖော်ဆောင်ပြသထားပါ၏။ သူမ၏ နံဘေးတွင်တော့ ယွမ်ကျိရန်က ဒေါသထွက်စွာဖြင့် နှာမှုတ်လိုက်ပါသည်။
“ ဒီသောက်ကောင်လေးက ဘယ်လိုလူကို ပြစ်မှားမိလဲဆိုတာကို သူ သေချာသိအောင် ငါလုပ်ပစ်မယ်။ သူ့လိုကောင်မျိုးက အမှိုက်ပဲ၊ အမှိုက်ဆိုတာ အမှိုက်နေရာမှာပဲ နေသင့်တယ်။ ငါတို့ရဲ့ ဂျူနီယာညီမလေးမေယုနဲ့ လုံးဝကို သူက မထိုက်တန်ဘူး။ “
ဟုလျန်းနှင့် ယွမ်ကျိရန်တို့သည် ဆန်းကြယ်မီးတောက်ဂိုဏ်းမှ တပည့်များဖြစ်ပြီး အရှေ့ပိုင်းစီရင်စု၏ စုဝေးပွဲသို့ ရောက်လာရခြင်းမှာ သူမတို့၏ မိသားစုများသည် ဤစုဝေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ယွမ်ကျိရန်က ဆန်းကြယ်မီးတောက်ဂိုဏ်းမှ ဂိုဏ်းဝင်ဖြစ်သောကြောင့် ဖုန့်ယွင်ကို အကောင်းမမြင်ပါ။ သူမအမြင်တွင်တော့ ဖုန့်ယွင်ကြောင့် သူမ၏ ဂျူနီယာညီမလေး၏ ဂုဏ်သိက္ခာ ညစ်နွမ်းရသည်ဟူ၍ပင် ဖြစ်သည်။
“ လာစမ်းပါ အစ်မရဲ့ “
ယွမ်လင်းက ဝင်ပြောလိုက်သည်။ သူက ယွမ်ကျိရန်ကို မျက်ခုံးပင့်ပြလိုက်ပြီးနောက်
“ သူ့ကို အမှိုက်လို့ မပြောပါနဲ့၊ သတင်းတွေ မကြားရသေးဘူးလား၊ သူက အခြေတည်ထောင်ခြင်းအထွဋ်အထိပ်အဆင့်ကို ရောက်သွားပြီတဲ့လေ။ “
ဖုန့်ယွင်ကို သူ့အစ်မက ဘာကြောင့် ကြည့်မရဖြစ်နေလဲဆိုတာကို သူ နားမလည်ပါ။ ထိုကဲ့သို့ တစ်ဖက်သတ်ကြည့်မရဖြစ်နေသော်လည်း ယောက်ျားတစ်ယောက်ကို အကြောင်းသေချာမသိဘဲ ထိုကဲ့သို့ မှိုချိုးမျှစ်ချိုးပြောမည်ကိုတော့ သူ လက်မခံနိုင်ပါ။
တစ်စုံတစ်ဦးကို မိမိက မကြိုက်နှစ်သက်ပေမဲ့ အချက်အလက်က အချက်အလက်သာ ဖြစ်ပါသည်။ ယခု သတင်းအချက်အလက်အရ ဖုန့်ယွင်သည် အမှိုက်ကောင် မဟုတ်ဘဲ အသက်ဆယ့်ခြောက်နှစ်တွင် အခြေတည်ထောင်ခြင်းအထွဋ်အထိပ်အဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သော ပါရမီရှင်တစ်ဦး ဖြစ်ပါသည်။
သူတွေးတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ဦးသည် အမှန်တရားကို လက်ခံနိုင်ရမည်ဖြစ်သည်။ အစ်မဖြစ်သူ၏ အမှန်တရားကို လက်မခံနိုင်ဘဲ စိတ်ခံစားချက်အတိုင်း လျှောက်ပြောတတ်သည့် အကျင့်စရိုက်ကို သူ သဘောမကျပါ။ သူ့အစ်မကို သူ စိတ်ပျက်ပါသည်။
ယွမ်ကျိရန်က ဒေါသတကြီး တောက်တစ်ချက် ခေါက်လိုက်သည်။
“ အခြေတည်ထောင်ခြင်းအဆင့် အထွဋ်အထိပ်က ဘာလုပ်ရမှာလဲ၊ ငါတို့ရဲ့ ဂျူနီယာညီမလေးနဲ့ ယှဉ်မယ်ဆိုရင်တောင်မှ အဲ့ကောင်က အမှိုက်ပဲ ဖြစ်နေသေးတာ၊ ငါနဲ့ ယှဉ်ရင်တောင်မှ သူက အမှိုက်ပဲ ရှိသေးတယ်ဟာ။ “
ယွမ်ကျိရန်က နှုတ်ခမ်းကို မဲ့ရွဲ့ကာ ပြောလိုက်သည်။ သူ၏ ထိန်းမနိုင်သိမ်းမရဖြစ်နေသော အစ်မကို ကြည့်ပြီး ယွမ်လင်းသည် ခေါင်းသာ ခါရမ်းလိုက်သည်။ ထိုကဲ့သို့သော စိတ်ပင်ပန်းရမည့် အကြောင်းအရာကို ဆက်မပြောချင်သောကြောင့် သူ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ အစ်မက လွဲပြီးတော့ တခြား ဂိုဏ်းရဲ့ အတွင်းတပည့်တွေ ဘယ်သူတွေ ပါဦးမှာလဲ။ “
ယွမ်လင်း မေးလိုက်သည်။ ဤစုဝေးပွဲတွင် သူနှင့် ယှဉ်ပြိုင်နိုင်မည့် ထိုက်တန်သော ပြိုင်ဘက်သည် တခြားသော စွမ်းအားကြီးမိသားစုများမှ မိသားစုဝင်များဖြစ်ပြီး နောက်ထပ်က ဂိုဏ်းများမှ လွှတ်လိုက်သော အတွင်းစီးတပည့်များ ဖြစ်ပါသည်။
စွမ်းအားကြီးမိသားစုများသည် မိမိတို့၏ သားသမီးများကို စွမ်းအားကြီးဂိုဏ်းများထံသို့ အပ်ကာ ကျင့်ကြံစေသည်။ ဂိုဏ်းများက ပိုမိုများပြားသည့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ထောက်ပံ့နိုင်သောကြောင့် ဖြစ်၏။
ဒါပေါ့၊ သူ့လိုမျိုး လူများစွာလည်း ရှိပါသေးသည်။ သူ့လိုမျိုး လူဆိုသည်မှာ ဂိုဏ်းများသို့လည်း မဝင်ဘဲ မိမိမိသားစုတွင်း၌ မိမိဘာသာကျင့်ကြံသော သူများ ဖြစ်ပါသည်။
“ မုန်တိုင်းဝိဉာဉ်နန်းတော်က တစ်ယောက်ရှိတယ်၊ ငါထင်တာကတော့ သူက ထျန်းလုံမိသားစုက လူ ထင်တယ်။ “
ဟုလျန်းက ဝင်ပြောသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းအတွက်တော့ ထိုကဲ့သို့သော သတင်းအချက်အလက်မျိုးကို ရရှိရန်မှာ လွယ်ကူလွန်းလှပါသည်။
“ မုန်တိုင်းဝိဉာဉ်နန်းတော် ဟုတ်လား၊ ဟင်းးး မဆိုးဘူးပဲ။ သူ့နာမည်သိလား။ “
ယွမ်လင်းက ထပ်မေးလိုက်သည်။ မုန်တိုင်းဝိဉာဉ်နန်းတော်သည် ထိပ်သီးဂိုဏ်းများထဲမှာ တစ်ခုဖြစ်ပြီး ထိုကဲ့သို့ ထိပ်သီးဂိုဏ်း၏ အတွင်းစည်းတပည့်အဆင့်သို့ ရောက်နေရခြင်းမှာ ထိုတပည့်က ပါရမီရှင်ဖြစ်ပြီး မလွယ်ကူဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။
ဟုလျန်းက ခေါင်းညိတ်ပြလိုက်၏။
“ သူ့နာမည်က ထျန်းလုံယုလို့ ခေါ်တယ်၊ သူက တိုက်ပွဲမှာ အရမ်းကို သွက်လက်ပြီး မြန်ဆန်လွန်းတဲ့ အရှိန်နှုန်း ပိုင်ဆိုင်ထားတယ်။ ပြောကြတာကတော့ သူက မွေးကတည်းက လေဓာတ်သဘာဝကို ပိုင်ဆိုးနိုင်တယ်လို့ ပြောတယ်။ “
ယွမ်ကျိရန်က ဒေါသတကြီးဖြင့် လှောင်ပြောင်လိုက်ပြန်သည်။
“ ခွန်အားမရှိဘဲ အရှိန်နှုန်းမြန်တာက အလကားပဲ၊ သူ့လိုလူမျိုးက ဒုတိယအဆင့်ကျွမ်းကျင်သူလို့ပဲ ပြောလို့ရမယ်။ “
ယွမ်ကျိရန်က ဝင်ပြောလိုက်သည်။ သူမ၏ လေသံက မာနကြီးနေသည့်ဟန် ရှိသော်လည်း ထိုကဲ့သို့ မာနကြီးနေရခြင်းမှာ ဂိုဏ်းပြိုင်ပွဲတွင် ထိုကောင့်ကို သူမက လက်သီးတစ်ချက်ဖြင့် ကျွေးကာ အနိုင်ယူနိုင်ခဲ့သောကြောင့် ဖြစ်၏။ ထိုအကောင့်ကို သူမသည် လုံလောက်သော ပြိုင်ဘက်ဟု မသက်မှတ်ထားပါ။
ဒါပေါ့၊ အရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် အနိုင်ရရှိမည်ဟု လူတိုင်းက သက်မှတ်နေကြသည်မှာ ယွမ်မိသားစုမှ ယွမ်လင်းနှင့် ယွမ်ကျိရန်တို့ နှစ်ယောက်သာ ဖြစ်ပါသည်။ ယွမ်ကျိရန်က ဆန်းကြယ်မီးတောက်ဂိုဏ်းမှ ဂိုဏ်းဝင်တပည့်ဖြစ်သောကြောင့် အရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် သူမကို အနိုင်ယူနိုင်မည့် လူဟူ၍ တစ်ယောက်မှ ရှိမည်မဟုတ်ပါ။
“ အာ နေဦး သံလက်သီးဂိုဏ်းမှာ ရွှမ်ယွမ်ဖန်းဆိုတဲ့ လူတစ်ယောက် ရှိသေးတယ်၊ ပြောကြတာကတော့ သူက ဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေမှာ တံခါးပိတ်ကျင့်ကြံနေတာတဲ့။ “
ဟုလျန်းက ဆက်ပြောသည်။ သူ့မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်ပလာသည်။
“ ရွှမ်ယွမ်ဖန်း ဟုတ်လား။ အင်း သူ့ကိုတော့ ငါကြားဖူးတယ်၊ သူက တကယ့်ကို စွမ်းအားကြီးကျင့်ကြံသူပဲ။ ဒါပေမဲ့ ငါနဲ့ ယှဉ်လို့ရှိရင်တော့ လုံးဝကို ဆယ်ကွက်အတွင်း ရှုံးသွားမယ်လို့ ငါ အာမခံတယ်။ “
ယွမ်လင်းက ပြောလိုက်သည်။
“ ပြီးတော့ ယွင်ဟိုင်မိသားစုက ယွင်ဟိုင်မေ့ကိုလည်း မမေ့နေနဲ့ဦး။ သူမလေးကလည်း သာမန်လူမဟုတ်ဘူး၊ အရမ်းကို ပါရမီပါတဲ့ ဆေးပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ လူငယ်မျိုးဆက်တွေထဲမှာ နာမည်စကြီးလာတာ မကြာသေးဘူး။ “
ယွမ်ကျိရန်က သူမ၏ မျက်လုံးများကို အနောက်သို့ စိတ်ပျက်လက်ပျက်ဖြင့် လှန်လိုက်ပြီး
“ ဆေးပညာရှင်တွေက အသုံးတော့ ဝင်ပါတယ်၊ ဒါပေမဲ့ သူတို့က တိုက်ခိုက်ရေးသမား မဟုတ်ဘူးလေ။ ဆေးလုံးတွေကိုသာ ဖော်စပ်နိုင်ပြီးတော့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်လို့ရှိရင် အလကားပဲ။ “
“ မှန်တယ်၊ ဒါပေမဲ့ သတင်းကြားရသလောက်ကတော့ အဲ့ကောင်မလေးက စိတ်ကျင့်စဉ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ထားတယ်လို့ ပြောတယ်၊ သူမရဲ့ ပြိုင်ဘက်တွေက ဘာဖြစ်သွားမှန်းမသိဘဲနဲ့ကို ရှုံးသွားတာဆိုပြီးတော့လည်း နာမည်ကြီးနေတာ။ ဂိုဏ်းက အကြီးအကဲတွေက သူမကို ဂိုဏ်းထဲကို ရောက်အောင် နည်းမျိုးစုံနဲ့ သွတ်သွင်းမယ်လို့ ပြောနေကြတာကို ငါ ကြားမိတယ်။ “
ဟုလျန်းက ထောက်ပြသည်။
“ ဘာပဲဖြစ်ဖြစ်ပါ အရေးမပါပါဘူး။ “
ယွမ်ကျိရန်က စိတ်တိုစွာ ပြောလိုက်သည်။ ထိုကောင်မလေးကို သူမ အထင်မကြီးပါ။
“ အဲ့လူတွေကို ဖုန့်ယွင်ဆိုတဲ့ အမှိုက်ကောင်က ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ ငါသိချင်တယ်၊ ဒီလိုအမှိုက်တွေကိုတောင် မနိုင်ရင်တော့ ဂျူနီယာညီမလေးမေယုကို နိုင်ဖို့ဆိုတာ တစ်သက်လုံး အိပ်မက်မက်နေလိုက်တော့။ “
“ ဟင်းးး ငါလည်း သိချင်တယ်၊ ဖုန့်ယွင်က စိန်ခေါ်မှုတွေကို အောင်နိုင်ပြီးတော့ အနိုင်ရမလား၊ ဒီပြိုင်ဘက်တွေရဲ့ လက်ချက်အောက်မှာပဲ ရှုံးနိမ့်သွားမလားဆိုတာ သိချင်နေပြီ။ “