← Chapters

ထျန်းလုံစံအိမ်သို့ ရောက်ရှိခြင်း

Vol. 6 Ch. 74

ထျန်းလုံစံအိမ်သို့ ရောက်ရှိခြင်း

Vol. 6 Ch. 74

"ဒါက ပိုင်ဟွမြို့ကိုယ်စားပြု ရှုမိသားစုပဲ"

"ဝူယွင်မြို့ကိုယ်စားပြု ကောမိသားစုလည်း ရောက်နေပြီ"

-

အရှေ့ပိုင်းဒေသတစ်ခုလုံး၏ မြို့တော်အသီးသီးမှ စွမ်းအားအကြီးဆုံးမိသားစုများ ကြွချီတက်ရောက်လာခြင်းကို လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာစောင့်ကြည့်ကြရင်း တတွတ်တွတ်‌စကားသံများ ညံပွက်လျက်ရှိကြသည်။

တစ်ခုပြီးတစ်ခုရောက်ရှိလာသောမိသားစုများအားစောင့်ကြည့်ရင်း ဘယ်မိသားစုကမျိုးဆက်သစ်ကတော့ ဘယ်ဂိုဏ်းဂဏကြီးများထံမှ ‌ရွေးချယ်ကောက်ယူခံရသည်ဆိုသည့်အကြောင်း၊ မည်သည့်မိသားစုမှအကြီးအကဲများနှင့် မိသားစုခေါင်းဆောင်များ မကြာသေးခင်ကမှ ကျင့်ကြံဆင့်ချိုးဖျက်လိုက်နိုင်ပြီး သက်ဆိုင်ရာမြို့တော်များတွင် မည်သို့အာဏာကြီးထွားလာကြောင်း စသည်ဖြင့် ပြောဆိုဆွေးနွေးလျက်ရှိကြသည်။

မည်သို့ပင်ဖြစ်စေ အရှေ့ပိုင်းစီရင်စု စုဝေးပွဲသို့ တက်ရောက်ခွင့်ရကြသောမိသားစုကြီးတိုင်းမှာ အောင်မြင်မှုများစွာကို အရယူထားနိုင်ပြီး လူထုကြား တစ်နည်းမဟုတ်တစ်နည်း နာမည်ကြီးထားပြီသားများသာဖြစ်၏။

"ကြည့်ကြစမ်း"

လူအုပ်ထဲမှလူတစ်ယောက်က စံအိမ်ထံသို့တရွေ့ရွေ့လာနေသောမိသားစုတစ်ခုကိုလက်ညှိုးထိုးလျက် ထအော်လာသည်။

"ဖုန့်မိသားစုပဲဟေ့"

ထိုသူမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြေငြာလိုက်သည်။

ဖုန့်မိသားစုဝင်များကို သူလည်းတစ်ခါမှမမြင်ဖူးပေမယ့် ကိုင်ဆောင်လွှင့်ထူလာသောအလံများအရ ထိုမိသားစုမှာ အရှေ့ပိုင်းစီရင်စုတွင်သာမက မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးကိုပင် ဂယက်ရိုက်စေခဲ့သည် ထိုဖုန့်မိသားစုဖြစ်ကြောင်း သိနိုင်ပေ၏။

ထို့အပြင် ဤမိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးတွင် ဖုန့်မျိုးရိုးမိသားစုဟူ၍ ထိုမိသားစုတစ်ခုသာရှိသည်လေ။

ဖုန့်ချန်းနှင့် နောက်လိုက်မိသားစုဝင်များမှာ မြင်းကိုယ်စီဖြင့် ချင်းယွင်မြို့သို့ဝင်ရောက်လာပြီဖြစ်ပြီး ထျန်းလုံစံအိမ်ကို ဦးတည်ချီတက်လာကြတော့သည်။

"ဆိုတော့ ကျိုးမိသားစုရဲ့အကြီးအကဲနှစ်ယောက်ကိုသတ်လိုက်တာ သူတို့ပေါ့လေ"

နောက်တစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာဖြင့် အသံထွက်ပြောလာသည်။ တစ်တိုင်းပြည်လုံးကို မွှေချင်တိုင်းမွှေသွားသည့် ထိုဖုန့်ချန်းဆိုသူအား တစ်ခါလောက်မြင်ဖူးနိုင်ရန် လည်တဆန့်ဆန့်ဖြင့်ကြိုးစားကြည့်မျှော်လျက်။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်မှ အကြီးအကဲများကို ထိုသို့ပေါ်တင်သတ်ဖြတ်ရဲသူ သတ်ဖြတ်နိုင်သူဟူ၍ နှစ်ပေါင်းများစွာကြာသည်အထိမကြားဖူး မမြင်ဖူးကြသဖြင့် ဖုန့်ချန်း၏စွမ်းဆောင်မှုမှာ နယ်တကာအရပ်တကာ နာမည်ကြီးလို့နေပါတော့၏။

ဆန်းကြယ်မီးတောက်ဂိုဏ်းမှာ မိုးပြာကောင်းကင်အင်ပါယာတစ်လွှားတွင် အင်အားအကြီးဆုံးဂိုဏ်းအဖြစ်ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်းများစွာအခြေခိုင်လှပြီဖြစ်ပြီး မင်းနေပြည်တော်မှ ထိပ်သီးဂိုဏ်းများပင်လျှင် လက်လွတ်စပယ်သွားမဆွရဲသည့်အနေအထားပါပင်။

ယခုတွင်တော့ မြို့ငယ်ဇနပုဒ်လေးမှ မိသားစုငယ်ခေါင်းဆောင်တစ်ဦးက ဆန်းကြယ်မီးတောက်ဂိုဏ်းမှအကြီးအကဲတစ်ဦးကိုသာမက မုန်တိုင်းဝိဉာဥ်နန်းတော်မှအကြီးအကဲတစ်ဦးကိုပါ ဇီဝိန်ခြွေလိုက်သည်ဆိုသောကြောင့် ထိုသတင်းမှာ လတ်တလောရေပန်းအစားဆုံးဖြစ်လို့နေလေသည်။

အခြားသူများမှာ ထိုလူညွှန်ပြနေရာအရပ်သို့တစ်ချက်လှမ်းကြည့်လိုက်သော် လူအုပ်လေးတစ်စုကိုသာတွေ့လိုက်ရလေသည်။

"ဘာလဲဟ"

"အဲ့ဒါသူတို့လား ကျွတ် ကျွတ် ငါဆိုဘယ်လောက်ပဲအင်အားကြီးကြီး အဲ့အကြီးအကဲနှစ်ယောက်ကိုသတ်ရဲတဲ့အထိ‌တော့ မရူးမိုက်နိုင်လောက်ဘူး"

"မင်းအဲ့လိုသူရဲဘောကြောင်လို့လည်း ဖုန့်မိသားစုခေါင်းဆောင်လိုနာမည်မကြီးတာပေါ့ ဘယ်သူမဆို လုပ်ရဲကိုင်ရဲမှ အမြင့်ကိုရောက်မှာပဲ"

"ဟမ့် ဘာကိုလုပ်ရဲကိုင်ရဲတာလဲ အဲ့ဒါဦးနှောက်မရှိတာလို့ခေါ်တယ်ကွ ကြည့်နေ အဲ့မိသားစုအနှေးနဲ့အမြန်ပျောက်ကွယ်သွားမှာပဲ အစတောင်ရှာရမှာမဟုတ်ဘူး"

အချို့ကတော့ ဖုန့်ချန်း၏ရဲစွမ်းသတ္တိကို ချီးမွမ်းခန်းဖွင့်နေကြပြီး မလိုသူများကတော့ ကျိုးမိသားစုအကြီးအကဲနှစ်ဦးကိုသတ်လိုက်သည်မှာ ဦးနှောက်မရှိသောလုပ်ရပ်သာဖြစ်သည်ဟု ကဲ့ရဲ့ရယ်သွမ်းသွေးလျက်ရှိကြသည်။

အခြားသူသာဆိုလျှင် ကိုယ့်ဘက်က ဘယ်လိုပဲစွမ်းအားပိုကြီးပြီး အနိုင်ယူနိုင်ပါစေဦး၊ ထိုအကြီးအကဲနှစ်ဦး၏နောက်ကွယ်မှအင်အားကို မဆန့်ကျင်ရဲသောကြောင့် ဝန်ချတောင်းပန်ကျမည့်သူချည်းပါပင်။

သို့သော် ဖုန့်ချန်းဆိုသူမှာမူ ထိုနှစ်ဦးကိုအနိုင်ယူနိုင်လောက်သည်အထိ စွမ်းအားကြီးရုံသာမက သတ်ပါသတ်ပစ်ရဲလောက်သည်အထိ သတ္တိကောင်းလှသေးသည်။

"ဟဟ ငါတော့ အဲ့ဖုန့်မိသားစု ဒီစုဝေးပွဲတွင်းမှာကိုအသက်ရှင်နိုင်ပါ့မလားလို့စိုးရိမ်မိတယ် မိသားစုတိုင်းက အကြီးအကဲနှစ်ယောက်အတွက် ကိုယ်စားလက်တုံ့ပြန်ပေးပြီး ဆန်းကြယ်မီးတောက်ဂိုဏ်းကိုမျက်နှာလုပ်ဖို့ တက်ကြွနေကြမှာ"

"ငါလည်းအဲ့လိုထင်တယ် ဒီပွဲမှာတော့ဖုန့်မိသားစုအထိနာမှာပဲ မိုးပြာကောင်းကင်အင်ပါယာရဲ့ ထိပ်သီးဂိုဏ်းနှစ်ခုကို စော်ကားမော်ကားလုပ်ဖို့ ဘယ်သူကများမြှောက်ထိုးပင့်ကော်လုပ်လိုက်ပါလိမ့် သိချင်စမ်းလှရဲ့"

"အိုးဟိုး ဒီတစ်ခေါက် အရှေ့ပိုင်းစုဝေးပွဲကတော့ စိတ်ဝင်စားစရာကောင်းနေတော့မှာပဲ"

"ဒီစုဝေးပွဲပြီးရင် ဖုန့်မိသားစုတစ်လတောင် တောင့်မခံနိုင်လောက်ဘူးဆိုတာ ငါ‌လောင်းရဲတယ်"

"ညီနောင်ရေ ခင်ဗျားမျှော်လင့်ချက်တယ်ကြီးလှပါလား ကျုပ်က လဝက်တောင်မခံနိုင်တဲ့ဘက်ကနေ ရွှေဒင်္ဂါးတစ်ရာလောင်းမယ်ဗျာ"

"ငါက တစ်ပတ်နဲ့လောင်းတယ်ကွာ"

လူအုပ်ကြီးထဲတွင် တီးတိုးတီးတိုးသဖန်းပိုးသံများက မစဲတော့ပေ။ ဖုန့်မိသားစု၏တည်ရှိမှုကို တစ်ယောက်မှအကောင်းမြင်ကြပုံမပေါ်ပါ။

ဆန်းကြယ်မီးတောက်ဂိုဏ်းဆိုသည်မှာ မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးတွင် အင်အားအကြီးဆုံးဂိုဏ်းသာဖြစ်ပြီး သူတို့ကိုစော်ကားပုတ်ခတ်မိသူတိုင်းသည် အဆုံးသတ်လှနိုင်စရာမရှိပေ။

လူတို့၏လှောင်ပြောင်ထေ့ငေါ့သံများကြားတွင် ဖုန့်မိသားစုဝင်များ၏မျက်နှာမှာ တင်းမာခက်ထန်လို့လာတော့သည်။ လူငယ်အုပ်စုမှာ ဒေါသကိုမထိန်းနိုင်တော့ပေ။

"တော်တော်လွန်နေပြီ သူတို့ဘက်က ငါတို့မိသားစုကို အရင်ရန်လာစလို့ မိသားစုခေါင်းဆောင်ကသတ်လိုက်ရတာလေ ခွင့်လွှတ်ချမ်းသာပေးစရာအကြောင်းမှမရှိတာ ကျားကိုလွှတ်ပေးမှတော့ ပြန်အကိုက်ခံရဖို့ပဲရှိမှာ‌ပေါ့"

ဖုန့်ကျန်းဟောင်မှာ မျက်မှောင်တင်းတင်းကြုတ်ထားပြီး မကြည်လင်လှသောမျက်နှာထားဖြင့် ဒေါသတကြီးပြောလာသည်။

ဖုန့်ရှောင်ယုအာသည်လည်း သဘောတူစွာခေါင်းညိတ်ထောက်ခံလာသည်။ ဝိုင်းကြည့်နေကြသောလူအုပ်ကြီးထံမှ ရွံရှာဖွယ်အပြုံးများကိုမြင်တိုင်း သူမ၏မျက်လုံများမှာလည်း ဒေါသဖြင့်ကျဥ်းမြောင်းလာရ၏။

"မိသားစုခေါင်းဆောင်သာ ဆုံးဖြတ်ချက်မပြတ်သားခဲ့ရင် ကျိုးမိသားစုအကြီးအကဲတွေရဲ့လက်အောက်မှာသေရတော့မှာလေ ဒီလူတွေကအမှန်ကိုမမြင်နိုင်လောက်အောင် ကန်းနေကြတာပဲ"

"အဲ့လိုတွေးလို့မရဘူး ရှောင်ယုအာ အခုမှန်တယ်မှားတယ်ပြောနေကြတာက ငါတို့လုပ်ရပ်ကိုမဟုတ်ဘဲ ငါတို့လုပ်လိုက်တဲ့လူကိုဦးတည်နေတာ အကြီးအကဲကျိုးက ဆန်းကြယ်မီးတောက်ဂိုဏ်းကလူဆိုတော့ ချန်းအာဘာပဲလုပ်လုပ် အပြစ်တင်ခံရမှာငါတို့ပဲ"

မဟာအကြီးအကဲကျန်းရှန်မှ ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။ ကျန်းရှန်ပြောသည်မှာ မှန်လှပေ၏။ အကြီးအကဲကျိုးနှင့် ကျိုးထျန်းဟွာသာ နာမည်မရှိသည့်မိသားစုငယ်လေးတစ်ဦးမှဖြစ်လျှင် ဖုန့်ချန်း၏ဆုံးဖြတ်ချက်ကို ဘယ်သူမှအရေးတယူဝေဖန်ပြစ်တင်နေမည်မဟုတ်ပါချေ။

ထိုသူတို့မှာ ကျိုးမိသားစုဝင်များဖြစ်ရုံသာမက ထိပ်သီးဂိုဏ်းအဖွဲ့ဝင်များလည်းဖြစ်နေကြသဖြင့် ဖုန့်ချန်းဤသို့ဝေဖန်ထေ့ငေါ့ခံနေရခြင်း ဖြစ်ပေသည်။

"ဘာပဲဖြစ်ဖြစ် စုဝေးပွဲမှာကောင်းကောင်းစွမ်းဆောင်နိုင်ရင် ဒီပါးစပ်ပေါက်တွေ သူ့အလိုလိုပိတ်သွားကြလိမ့်မယ်"

မဟာအကြီးအကဲကျိလန်းမှလည်း ဝင်ပြောလာသည်။ ဤတစ်ခေါက်တွင် ဖုန့်မိသားစု မဟာအကြီးအကဲများဖြစ်ကြသော ကျန်းရှန်နှင့်ကျိလန်းတို့မှ ဖုန့်ချန်းကို တစ်ဖက်တစ်ချက်ခြံရံလိုက်ပါလာခဲ့ကြသည်။

အရှေ့ပိုင်းစီရင်စုစုဝေးပွဲသို့ သူတို့ပါဝင်လာခြင်းမှာ မဖြစ်မနေတက်ရောက်ရမည်ဆိုသောစည်းကမ်းကြောင့်မဟုတ်ဘဲ ဖုန့်မိသားစု၏အင်အားကို တိုးမြှင့်ရန်ခြေတစ်လှမ်းဖြစ်သည့်အတွက် သူတို့လိုက်ပါလာဖို့လိုအပ်၏။

ထို့အပြင်ဖုန့်ချန်းအပါဝင် ပါရမီရှင်ငယ်လေးများဖြစ်ကြသော ဖုန့်ယွင်နှင့်အခြားလူငယ်လေးများကို အန္တရာယ်တစ်စုံတစ်ရာဖြစ်လာပါက ကာကွယ်ရန်လည်းဖြစ်သည်။

ဖုန့်ချန်း၏သာလွန်သောစွမ်းအားကို သူတို့သိထားသော်လည်း ပိုမိုသာလွန်သောရန်သူများနှင့်ကြုံတွေ့လာရပါက ဘာမှတတ်နိုင်မည်မဟုတ်ချေ။ ခေါင်းဆောင်နှင့်မျိုးဆက်သစ်လေးများ‌ဘေးကင်ရန်အတွက် မဟာအကြီးအကဲနှစ်ဦးမှာ သူတို့ကိုယ်သူတို့စတေးရမည်ဆိုလျှင်ပင် ပြဿနာမရှိပါ။

"ဟမ့် ပြိုင်ပွဲကျမှ ပါးစပ်ပေါက်တွေအကုန်ပိတ်သွားအောင် လုပ်ပြလိုက်ဦးမယ်"

ဖုန့်လျန်းကယုံကြည်မှုအပြည့်ဖြင့် ကြေညာမောင်းခတ်လာသည်။

ဖုန့်မိသားစု တဖြည်းဖြည်းနီးကပ်လာသည်နှင့် လူအုပ်ကြီးမှာ သူတို့၏အသွင်အပြင်ကို ပိုမိုထင်ရှားကွဲပြားစွာမြင်တွေ့နိုင်လာသည်။ ရှေ့ဆုံးမှဦးဆောင်လာသူမှာ နှစ်ယောက်မရှိသည့် ထိုဖုန့်ချန်းဖြစ်ပြီး ယုံကြည်မှုအပြည့်လွှမ်းခြုံထားသည့်အရှိန်အဝါမှာ လူတိုင်း၏အာရုံကို ဆွဲဆောင်ထားလျက်ပင်။

"အိုး အဲ့ဒါဖုန့်ချန်းပေါ့" တစ်ယောက်က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ‌ရေရွတ်လာသည်။ "သူက...ငယ်ရွယ်နုပျိုနေပြီး ခန့်ညားလိုက်တာနော်"

"ဟုတ်ပါ့ဟယ် ချောမောကြည်စင်နေတာပဲ ဒီမျက်နှာလေးနဲ့ ဘယ်လိုလုပ်ပြီးများ အဲ့လောက်စွမ်းအားကြီးနေရတာပါလိမ့်" အမျိုးသမီးတစ်ဦးကလည်း ဝင်ပြောလာသည်။

ဖုန့်ချန်းမှာ နဂိုကတည်းကခန့်ညားချောမောသူတစ်ဦးဖြစ်ပြီး ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်သို့တက်လှမ်းနိုင်လိုက်ပြီးနောက် အရှိန်အဝါအပြည့်ဖြင့် ပို၍ပင်သန့်ပြန့်ကြည့်ကောင်းလာတော့၏။

"ခေါင်းဆောင်ဖုန့်ရေ ကျွန်မကိုတစ်ချက်လောက်ကြည့်ပါဦး ရှင့်အတွက်ကလေးဆယ်ယောက်မကမွေးပေးနိုင်ပါတယ်"

"ရှင့်ဇနီးဖြစ်ရဖို့ ကျွန်မအသက်ကိုတောင်စွန့်လွှတ်နိုင်ပါတယ် အကြည့်လေးတစ်ချက်လောက်များ စွန့်ကြဲပါဦးလားရှင်"

စောစောက လှောင်ပြောင်ထေ့ငေါ့ခဲ့သော အမျိုးသမီးများပင် ဖုန့်ချန်း၏အသွင်အပြင်ကိုသေချာမြင်လိုက်ရသော် နှစ်သက်ပျော်ဝင်စွာ အော်ဟစ်ချီးကျူးကုန်ကြလေတော့၏။

သို့သော် အမျိုးသားများမှာမူ မနာလိုအားကြီးစွာ အထင်သေးလှောင်ပြောင်နေသည့်အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက်အချက်ပြလို့နေကြသည်။ တစ်ယောက်က လက်နှစ်ဖက်ကိုပိုက်လျက် ထေ့ငေါ့လာသည်။

"မိန်းမတွေအော်ဟစ်နေကြတာများကြည့်စမ်းပါဦး သနားစရာ နှာဘူးမတွေ"

"ရုပ်ချောရုံနဲ့ အစွမ်းထက်တယ်လို့ပြောလို့ရမတဲ့လား ဒီစုဝေးပွဲမှာ ဒင်းအသက်ရှင်နိုင်မလားကြည့်ကြသေးတာ‌ပေါ့"

"ဟုတ်တယ် ဟိုအကြီးအကဲနှစ်ယောက်ကိုသတ်နိုင်လိုက်တာလည်း ကံကောင်းလို့ပါပဲ ငါတို့ထျန်းလုံခေါင်းဆောင်နဲ့ယှဥ်ရင် ဖွတ်ချီးသာသာပါကွာ" တစ်ယောက်မှလည်း ဝင်ရောက်ကဲ့ရဲ့သည်။

"ဟင်း ခေါင်းဆောင်လုပ်တမ်းကစားနေတဲ့ ကောင်ချောလေးသာသာပါကွာ ဒုက္ခရောက်မှ အဲ့ရုပ်လေးကိုသုံးပြီးဘယ်လိုရုန်းထွက်မလဲကြည့်ရဦးမယ်" နောက်တစ်ယောက်ကလည်း ခေါင်းတစ်ခါခါဖြင့်‌ လှောင်ရယ်လာသည်။

"ဟုတ်ပါ့ သူတို့လည်းမကြာခင်ကိစ္စချောတော့မှာပါကွာ ဆန်းကြယ်မီးတောက်ဂိုဏ်းဘက်က တစ်ယောက်ယောက်လွှတ်ပြီးကိစ္စမရှင်းခိုင်းခင်အထိပါပဲ"

အမျိုးသမီးများ ဖုန့်ချန်းအားအရူးအမူဖြစ်နေကြတာကိုမြင်သော် ယောကျ်ားသားများထံမှ မနာလိုစိတ်ဖြင့် စော်ကားရှုံ့ချသံများပို၍ထွက်လာကြတော့၏။

မကြာမီပင် ဖုန့်မိသားစုဝင်များကိုဦးဆောင်လာသောဖုန့်ချန်းသည် လူအုပ်ကိုတစ်ချက်ပင်ငဲ့မကြည့်ဘဲကျော်ဖြတ်၍ ထျန်းလုံစံအိမ်သို့ တန်းတန်းမတ်မတ်ဝင်‌ရောက်သွားလေတော့သည်။

ဖုန့်ကျန်းဟောင်နှင့် အခြားလူငယ်များသည်လည်း ထိုစော်ကားမော်ကားလူစုကို အကြည့်ဖြင့်သာသတိပေးလိုက်ပြီး ဒေါသတကြီးသွားရောက်တိုက်ခိုက်တာမျိုးမလုပ်ပါ။ ထိုသို့လုပ်ရပ်မျိုးက မိသားစုဂုဏ်သိက္ခာကိုသာထိခိုက်စေလိမ့်မည်။ မကြာခင်တွင် သူတို့မိသားစုက ထင်သလောက်ရိုးရှင်းမနေမှန်း အင်အားနည်းမနေမှန်း လူတိုင်းစေ့မျက်မြင်သိရှိသွားကြပေမည်။

All Chapters