← Chapters

ထျန်းလုံစံအိမ်တွင် ထိပ်တိုက်တွေ့ခြင်း

Vol. 6 Ch. 75

ထျန်းလုံစံအိမ်တွင် ထိပ်တိုက်တွေ့ခြင်း

Vol. 6 Ch. 75

ထျန်းလုံခန်းမ၏ ပင်မဝင်ပေါက်သို့မရောက်မီ ဖုန့်မိသားစုဝင်များသည် မြင်းများပေါ်မှကိုယ်စီဆင်းသက်လိုက်ကြ၏။

တည်ငြိမ်ရိုကျိုးလှသော အခြွေအရံတစ်စုသည် လျင်မြန်စွာချဥ်းကပ်ဆီးကြိုလာပြီး အရိုသေပေးဦးညွှတ်လျက် မြင်းဇက်ကြိုးများကို လွှဲပြောင်းဆောင်ယူသွားကြသည်။ မြင်းဇောင်များထံ ဦးတည်ခေါ်ဆောင်သွားသောကြောင့် မြင်းခွာသံများမှာ တစ်ဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားတော့၏။

စီးတော်မြင်းများလက်လွှဲပြီးသည်နှင့် ဖုန့်မိသားစုဝင်များသည် ဝတ်ရုံများကိုပြင်ဆင်ထိန်းညှိလိုက်ကြပြီး စုဝေးပွဲအတွင်းဝင်ရောက်ရန် အသင့်ပြင်လိုက်ကြသည်။

စံအိမ်ဝင်ပေါက်သို့ ဖုန့်မိသားစုဝင်များချဥ်းကပ်လာသည်နှင့် စံအိမ်တွင်းမှလျှံကျလာသော တဝေါဝေါရယ်မောသံများ၊ သက်ဝင်တက်ကြွလျက်ရှိသော စကားဝိုင်းများနှင့် ရံဖန်ရံခါထွက်ပေါ်လာသော ငြင်းခုံသံများကိုပါ ကြားလာရသည်။

ဝင်ပေါက်အလွန်တွင်တည်ရှိသော ခြံဝန်းကျယ်ကြီးထဲတွင် ရောက်နှင့်နေပြီးဖြစ်သော အင်အားကြီးမိသားစုများ၏ တသောသောပြောဆိုရယ်မောသံများပြည့်နှက်လို့နေပြီး ထျန်းလုံစံအိမ်၏ စကျင်ကျောက်တိုင်ကြီးများကိုပါ ရိုက်ခတ်မြည်ဟီးနေဟန်ထင်ရသည်။

အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှာ သိုက်မြိုက်စွာစတင်ကျင်းပလျက်ရှိကြပြီမှန်း မြင်သာပေသည်။ အင်အားကြီးပုဂ္ဂိုလ်များအချင်းချင်း ရင်းနှီးဖော်ရွှေစွာစကားစမြည်ပြောဆိုလို့နေကြပြီး အချို့မှာမူ ဟန်ဆောင်ထားသည့်အပြုံးချိုချိုအောက်တွင် သူတို့အကြံအစည်အထမြောက်ဖို့အရေး လှုပ်ရှားလို့နေကြ၏။

ဖုန့်မိသားစု ခြံဝန်းအတွင်းသို့ဝင်ရောက်ရန် နီးကပ်လာချိန်တွင်တော့ ငြိမ်သက်နေသောရေပြင်ကျယ်ကို လေပြင်းတစ်ဝှေ့တိုက်ခတ်လိုက်သည့်ပမာ ဂယက်ရိုက်သွားစေတော့သည်။

စကားပြောဆိုသံများ တစ်ခဏမျှတိတ်ဆိတ်သွားပြီး လူတိုင်းကသူတို့ထံသို့လှည့်ကြည့်လာကြသည်။ အသစ်ရောက်ရှိလာသော မိသားစုအား စူးစမ်းလိုဟန်ဖြင့် စုံချည်ဆန်ချည်အကဲခတ်လို့နေကြသည်။

"အဲ့ဒါဘယ်သူတွေလဲ"

"ကျုပ်လည်းသူတို့ကိုမမြင်ဖူးဘူး"

"ဒီတစ်ခေါက်မှစပါဝင်မယ့် မိသားစုအသစ်ဖြစ်မှာပေါ့"

--

ဖုန့်မိသားစု၏ အရှေ့ပိုင်းစီရင်စုစုဝေးပွဲ ပထမဆုံးအကြိမ်တက်ရောက်မှုဖြစ်သဖြင့် လူအများမှာ သူတို့ကိုတစ်ချက်ကြည့်ရုံဖြင့် မမှတ်မိနိုင်လိုက်ကြပေ။

သို့သော် ကိုင်ဆောင်ထားသောအလံများကိုတစ်ချက်လှမ်းကြည့်ပြီးသည်နှင့် ချက်ချင်းမှတ်မိသွားကြဟန်ပေါ်ပြီး အထင်သေးစက်ဆုပ်ဟန်များမှာလည်း တစ်ပါတည်းကပ်လိုက်လာကြတော့၏။

"‌‌ဪ ဖုန့်မိသားစုပါလား"

"ဟို သတ်လိုက်တဲ့တစ်ယောက်..."

"လုပ်ချင်တာတွေလုပ်ပြီး ဒီပွဲကိုတက်ဖို့သတ္တိရှိသေးတယ်‌ပေါ့"

"သူတို့တော့ လူမှားထိမိထားတာပဲ"

ဖုန့်မိသားစု မကြာခင်ကံဆိုးမိုးမှောင်ကျလိမ့်မည်ဟု ခန့်မှန်းထားကြသည်မှာ အပြင်ကလူအုပ်တင်မကဘဲ အင်အားကြီးမိသားစုများပါ ပါဝင်၏။

ထိုမိသားစုအသစ်မှာ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို စော်ကားမော်ကားပြုထားသူများဟု သိလိုက်ရသည်နှင့် မျက်နှာများထက်ကဲ့ရဲ့ရှုတ်ချလိုဟန်တို့ဖုံးလွှမ်းသွားပြီး အတင်းအဖျင်းများစပြောကြတော့သည်။

ဖုန့်မိသားစုထက်အင်အားနည်းသူ မိသားစုများပင် ပေါ်တင်မထီမဲ့မြင်ဟန်ပြုလာကြသည်။ မကြာခင်ပျက်စီးတော့မည့်မိသားစုတစ်ခုကို ကြောက်နေစရာအကြောင်းမရှိသည့်အလား။

ထို့အပြင် ဖုန့်မိသားစုနှင့်ရင်းရင်းနှီးနှီးဆက်ဆံထားမိလျှင် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်တို့ရှေ့တွင် မျက်နှာကောင်းမရမည်ကို စိုးသောကြောင့်ပင်။

ဖုန့်မိသားစုနှင့်သွားရောလျှင် သူတို့ပါပေါင်းအဆော်ခံရနိုင်ကိန်းရှိသည်။

ထို့ကြောင့် သူတို့ကိုယ်တိုင်ဆန္ဒရှိလို့ဖြစ်စေ၊ ဆန်းကြယ်မီးတောက်ဂိုဏ်းကိုကြောက်လို့ပင်ဖြစ်စေ မိသားစုတိုင်းမှာ ဖုန့်မိသားစုကိုလျစ်လျူရှုရုံမက ကဲ့ရဲ့လှောင်ပြောင်ဖို့ပါ အသင့်ဖြစ်နေကြလေပြီ။

ဖုန့်ချန်းသည် ယုံကြည်မှုအပြည့်လွှမ်းခြုံလျက်ပင် ဦး‌ဆောင်ဝင်ရောက်လာ၏။ ဝိုင်းဝန်းအကဲခတ်နေကြသော အထင်သေးကဲ့ရဲ့ဟန်အကြည့်များကို တစ်ချက်မှအရေးမလုပ်ဘဲ ခိုင်မာတည်တံ့သောအရှိန်အဝါဖြင့်သာ လှမ်းဝင်လာသည်။

ဖုန့်ချန်း၏အနောက်တွင် ဖုန့်ယွင်၊ ဖုန့်ကျန်းဟောင်နှင့် အခြားသောမိသားစုဝင်များလည်း အတူလိုက်ပါလာကြသည်။ ဆုံးဖြတ်ချက်ပြတ်သားနေဟန်မျက်နှာထားများတွင် တီးတိုးသံများကြောင့် အနည်းငယ်သွေးဆူနေဟန်တို့ကိုလည်း မြင်တွေ့နိုင်သည်။

ဖုန့်ချန်းဦးဆောင်သော ဖုန့်မိသားစုဝင်များ ထျန်းလုံစံအိမ်သို့ဦးတည်သောလမ်းတစ်လျှောက် လှမ်းဝင်လာကြစဥ်တွင် ငွေရောင်ဝတ်ရုံဝတ် အမျိုးသားတစ်စုသည် ‌ရှေ့သို့တက်လျက် သူတို့လမ်းကိုပိတ်ရပ်လိုက်၏။

ထိုအုပ်စုကိုဦးဆောင်လာသော စူးရှသောမျက်လုံးဖြင့် မထီမဲ့မြင်ဟန်အမျိုးသားသည် ကျယ်လောင်စွာဟားတိုက်လိုက်သည်။ ပြောလာသောစကားသံမှာလည်း လှောင်ပြောင်ရိပ်တို့အပြည့်ဖြင့်။

"အားလုံးပဲ ကြည့်လိုက်ကြပါဦး နောက်ဆုံးတော့ဂူအောင်းနေရာကတွားထွက်ပြီး အရှေ့ပိုင်းစုဝေးပွဲကိုတက်ရောက်လာတဲ့ ဖုန့်မိသားစုကြီးပါလား"

ထိုသူကပြောရင်းဆိုရင်း လက်ပိုက်လျက် သူတို့ကိုမျောက်ပွဲပြနေသည့်နှယ် ပျော်ရွှင်စွာကြည့်လာသည်။

ဖုန့်ချန်းသည်စိတ်ရှုပ်ရှုပ်ဖြင့် ထိုလူကိုပြန်ကြည့်လိုက်သည်။ ထိုလူမည်သူမှန်းလည်းသူမသိသလို ဘာလိုချင်လို့ ပေါတောတောလာလုပ်နေမှန်းလည်း သူစဥ်းစားမရပါ။

"‌ဟေ့ ကြည့်စမ်း အဲ့ဒါပိုင်မိသားစုခေါင်းဆောင် ပိုင်ကျန်းမဟုတ်လား"

"ပိုင်ကျန်းက ဓာတ်ကြီးသုံးပါးနတ်အဆင့် အလယ်အလတ်အဆင့်ကိုတောင် ချိုးဖျက်ထားနိုင်ပြီးပြီလို့ ပြောကြတယ်"

"ကျွတ် ကျွတ် ဖုန့်မိသားစုကတော့ စလာကတည်းကဒုက္ခရောက်နေပြီ"

"ဘာဒုက္ခရောက်ရမှာလဲ ဖုန့်ချန်းက အကြီးအကဲကျိုးထျန်းဟွာကိုတောင် သတ်လိုက်သေးတာပဲ ပိုင်ကျန်းကလည်း သူနဲ့ယှဥ်ရင် ဘာထူးမှာလဲ"

"ဟမ့် မင်းဘာမှမသိဘဲဝင်ပြောမနေနဲ့ ပိုင်ကျန်းကတတိယမင်းသားဆီမှာ သစ္စာခံပြီးသွားပြီ သူတို့မိသားစုအတွက် အကျိုးအမြတ်တစ်ခုခုတော့ရထားမှာပေါ့ နောက်ပြီး ဖုန့်ချန်းကိုကိုင်တွယ်ဖို့ သူ့မှာလည်းဝှက်ဖဲရှိချင်ရှိနေမှာပဲ ဘာမှမရှိဘဲနဲ့တော့ အသားလွတ်သွားမဆွရဲပါဘူး"

"အိုး အဲ့လိုလား ဒါပေမယ့်ပိုင်ကျန်းကဘာလို့ ဖုန့်မိသားစုကိုမှရွေးပြီးရန်စတာလဲ နှစ်ဖက်ကြားပြဿနာဖြစ်ဖူးတယ်လို့လည်း မကြားမိပါဘူး"

"အဲ့ဒါတော့ ငါလည်းမသိဘူး ငါတို့မသိတဲ့အတိတ်ရန်ငြှိုးတစ်ခုခု ရှိချင်လည်းရှိနေမှာပေါ့"

လူအုပ်တွင်းမှအသံများကိုနားထောင်ပြီး ပိုင်ကျန်းဘက်က တမင်ပြဿနာရှာချင်လို့ချဥ်းကပ်လာတာမှန်း ဖုန့်ချန်းနားလည်လိုက်သည်။

ပိုင်ကျန်းမှာ တတိယမင်းသား၏သစ္စာခံဖြစ်သည်ဆိုကတည်းက လူအများခန့်မှန်းမရသည့်အကြောင်းရင်းကို ဖုန့်ချန်းကတော့ဒက်ထိသိလိုက်သည်။

တတိယမင်းသား၏ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သဖြင့် သူတို့မိသားစုမှာ တတိယမင်းသား၏ရန်သူစာရင်းဝင်ဖြစ်သွားလောက်လေပြီ။

ပိုင်ကျန်းမှာ ဖုန့်မိသားစုကိုကိစ္စရှင်းလိုက်ရန် တတိယမင်းသားထံမှ ညွှန်ကြားချက်ရပြီးဖြစ်လိမ့်မည်။

သို့မဟုတ်ပါက ပိုင်ကျန်းဘက်မှ ဒီလိုရန်လာစစရာအကြောင်းရှိမနေပေ။

သို့သော်ငြား ဤသူကို ဘယ်သူမြှောက်ပေးလိုက်မှန်း သူစဥ်းစားမရပါ။

(ပိုင်ကျန်းက ကျိုးထျန်းဟွာနဲ့ ဘယ်လောက်မှကွာတဲ့သူမဟုတ်ဘူး သူတို့မိသားစုအကြီးအကဲတွေကလည်း ငါတို့အကြီးအကဲတွေထက် ဘယ်လောက်မှစွမ်းအားပိုကြီးပုံမပေါ်ဘူး ရန်လာစဖို့ ဘယ်ကနေသတ္တိရလာပါလိမ့်)

ဖုန့်ချန်းတွေးတောနေမိသည်။

"ဘေးဖယ်စမ်း"

ဖုန့်ချန်းပြောလိုက်သည်။ ပိုင်ကျန်းနှင့်ပိုင်မိသားစု ဘာပဲလုပ်ချင်နေနေ သူစိတ်မဝင်စားအားပါ။

ပိုင်မိသားစုနှင့် တတိယမင်းသားချိတ်ဆက်နေလည်း သူ့အတွက်အရေးမကြီးပါ။ ထျန်းလုံခန်းမသို့စဝင်ဝင်ချင်း သွေးထွက်သံယိုကိစ္စများမဖြစ်ချင်သေးသလို ပြဿနာအရှုပ်အထွေးကြားတွင်လည်း ဝင်ပါရန်ဆန္ဒမရှိ။

ဒေါသထွက်ဟန်လည်းမပါသလို ကြောက်ရွံ့ဟန်လည်းမရသည့် ဖုန့်ချန်းအပြုအမူကြောင့် ပိုင်ကျန်းအံ့သြသွားရသည်။ တိုက်ရိုက်ရန်စခံရသော်လည်း ဘာမှတုံ့ပြန်မလာသည်ကိုပါ သူအံ့အားသင့်သွားသည်။

သို့သော် ပိုင်ကျန်းမှာ နောက်ဆုတ်ရန်စဥ်းစားရမည့်အစား ပို၍ပင်ယုံကြည်မှုရှိသွားတော့၏။

ဖုန့်ချန်းထံမှ စိတ်ထိန်းလိုက်သည့်အပြုအမူကို သူတို့နှင့်တိုက်ခိုက်ရမှာ တွန့်ဆုတ်နေခြင်းဖြစ်နိုင်သည်ဟု တလွဲကောက်ချက်ချလိုက်တော့သည်။

ပိုင်ကျန်း၏အတွေးတွင် ဒေါသပင်ထွက်မပြနိုင်သော ဖုန့်မိသားစုမှာ စကားကျွံလျှင် ပြန်လည်ခုခံနိုင်သောအင်အားမရှိသောကြောင့်ဟု တွေးထင်လိုက်ပေသည်။

အကြီးအကဲကျိုးထျန်းဟွာကို သတ်လိုက်နိုင်ခြင်းမှာလည်း ဖုန့်ချန်း၏‌ကောက်ကျစ်သောလှည့်ကွက်များကြောင့် ဟူသည့် ကောလဟာလကို သူစတင်ယုံစားမိလာသည်။

ရင်ဘတ်ကိုပိုကော့လိုက်ပြီး ထောင်လွှားဝင့်ကြွားနေဟန်ဖြင့် ပိုင်ကျန်းသည် ရှေ့ကိုပိုတိုးသွားလိုက်၏။

ဖုန့်ချန်း၏ မတုန်မလှုပ်အမူအရာမှာလည်း အခြားမိသားစုများရှေ့မျက်နှာမပျက်ချင်၍သာ အပေါ်ယံထိန်းထားရခြင်းဖြစ်သည်ဟု တစ်ထစ်ချတွေးလိုက်ကာ ပိုင်ကျန်း၏မဲ့ပြုံးမှာ ပိုလို့ပီပြင်လာသည်။

တတိယမင်းသား၏ကျောထောက်နောက်ခံဖြင့် အခြားအင်အားကြီးမိသားစုများလည်းဝိုင်းကြည့်နေကြသည့်အခြေအနေတွင် ဖုန့်ချန်းကိုလူသိရှင်ကြားအရှက်ခွဲလိုက်နိုင်လျှင် တတိယမင်းသားနှင့်ဆက်ဆံရေးပိုကောင်းမွန်လာမှာဖြစ်ပြီး ပိုင်မိသားစု၏တက်လမ်းကိုလည်းအထောက်အကူဖြစ်ပေလိမ့်မည်။

"ဘေးဖယ်ရမယ်? ငါ့ကိုအမိန့်လာပေးနေရအောင် မင်းကိုယ်မင်းဘာကောင်များထင်နေသလဲ ခပ်တုံးတုံးခေါင်းဆောင်ကိုရထားတဲ့ ကြမ်းပိုးလောက်မိသားစုလေးကများ မင်းတို့အချိန်မီကိုယ့်နေရာကိုယ်သိပြီး ကောင်း၏မကောင်း၏ခွဲခြားတတ်မယ်ဆိုရင် တတိယမင်းသားကိုဝန်ချတောင်းပန်ပြီး သစ္စာကတိခံဖို့ငါအကြံ‌ပေးလိုက်မယ်"

ပိုင်ကျန်းသည် မောက်မာစွာဖြင့် အမိန်ပေးလာ၏။

လူအုပ်ကြီးမှာ ပိုင်ကျန်း၏စကားလုံးများကြား နစ်မျောသွားကြသည်။ အချို့မှာ တိတ်တိတ်လေးကြိတ်ရယ်နေကြပြီး အချို့မှာမူ ဖုန့်မိသားစု၏ကံကြမ္မာကိုခန့်မှန်းမိဟန်ဖြင့်‌ ခေါင်းအသာယမ်းလျက်ရှိကြသည်။

ဖုန့်မိသားစုမှာ ထိပ်သီးဂိုဏ်းနှစ်ခုနှင့်သာမက တတိယမင်းသားနှင့်ပါ ရန်ဘက်ဖြစ်နေချေပြီ။

ဖုန့်မိသားစု၏ကံကြမ္မာမှာတော့ ဤအရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် အဆုံးသတ်ပြီထင်ပါ၏။

ပိုင်ကျန်းမဟုတ်လျှင်တောင် ဆန်းကြယ်မီးတောက်ဂိုဏ်း သို့မဟုတ် မုန်တိုင်းဝိဉာဥ်နန်းတော်နှင့် ဆက်စပ်နေသောဂိုဏ်းတစ်ချို့က ဖုန့်မိသားစုကို အလွတ်ပေးကြမည်မဟုတ်။

ပိုင်ကျန်းမှာ လက်ဦးသွားခဲ့ရုံသာဖြစ်သည်။

ဖုန့်ကျန်းဟောင်မှာ ဘေးနှစ်ဖက်တွင်ချထားသောလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် စိတ်ထိန်းထားရသည်။ ဖုန့်ယွင်အပါအဝင် အခြားဖုန့်မိသားစုဝင်များမှာလည်း မိသားစုခေါင်းဆောင်ကို စော်ကားပြောဆိုနေသောပိုင်ကျန်းကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်နေကြလေပြီ။ ဖုန့်ချန်းမှ သူတို့ကိုငြိမ်ငြိမ်နေရန် အချက်ပြမထားပါလျှင် ချက်ချင်းခုန်ဝင်လို့တိုက်ခိုက်မိကြပေမည်။

ပိုင်မိသားစုခေါင်းဆောင်မကလို့ ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်ပင်ဖြစ်ပါစေ သူတို့မိသားစုခေါင်းဆောင်ကိုစော်ကားလာလျှင် တစ်ယောက်မှသည်းခံနိုင်ကြမည်မဟုတ်ပေ။

ဖုန့်ချန်းသည် ပိုင်ကျန်းကို အေးအေးလူလူပင်ကြည့်လာပြီး ခေါင်းကိုအသာခါယမ်းမိသည်။

ဒီစောက်ရူးကတော့ သင်ခန်းစာကောင်းကောင်းမပေးမချင်း ပြောစကားနားထောင်မှာမဟုတ်ဘူးပဲ။

"ငါကြားထားတာတော့ အရှေ့ပိုင်းစီရင်စုစုဝေးပွဲက မိသားစုအချင်းချင်း အင်အားပြိုင်ဖို့ရည်ရွယ်တာပါဆို လူပြက်တွေပါ ပြဇာတ်လုပ်လို့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ဖုန့်ချန်းသည် ရှေ့တစ်လှမ်းထပ်တိုးလျက် ပိုင်ကျန်းကိုတေ့တေ့ဆိုင်ကြည့်လိုက်သည်။

"မင်းကရှိုးလုပ်ရတာပျော်တယ်ဆိုရင်လည်း မြန်မြန်တော့လုပ်ကွာ ငါတို့မှာအရေးကြီးလုပ်စရာတွေကျန်သေးတယ်"

All Chapters