ပိုင်ကျန်းကိုချိုးနှိမ်ခြင်း
Vol. 6 Ch. 76
ဖုန့်ချန်း၏မျက်လုံးများနှင့် ဆုံလိုက်သောတစ်ခဏတွင် ပိုင်ကျန်း၏မာန်မာနများ ယိုင်လဲသွားတော့မတတ်ပင်။
ထိုအခိုက်အတန့်တွင် သူ့ကိုယ်သူ ကျားရှေ့မှောက်ရက်လဲသောယုန်သူငယ်ပမာ ခံစားလိုက်ရသည်။
သို့သော် အဘယ်မှာ လွယ်လွယ်နောက်ဆုတ်နိုင်အံ့နည်း?
စုဝေးပွဲတွင်းရှိမိသားစုတိုင်း စိတ်ဝင်တစားဝိုင်းအုံကြည့်နေသော ဒီလိုအချိန်တွင် သူ့ဘက်မှ ဘယ်နည်းနှင့်မျှအလျှော့မပေးနိုင်ပါ။
စက္ကန့်ပိုင်းမျှ ကြောက်စိတ်ကိုခံစားလိုက်ရပြီးနောက်တွင် မခံချင်စိတ်တဖွားဖွားဖြင့် ဒေါသတကြီးစတင်အော်ဟစ်တော့၏။
"မသာပေါ်ရမယ့်ကောင်ကများ လေကြီးနေနိုင်သေးတယ်"
ပြောပြောဆိုဆို ဖုန့်ချန်းထံတစ်ခါတည်းခုန်ဝင်လိုက်ပြီး အားအပြည့်ထည့်ထားသောလက်သီးကို အသင့်ပြင်လိုက်တော့သည်။
အသုံးပြုလိုက်သောအမြန်နှုန်းမှာ အထင်ကြီးစရာပင်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်ကျင့်ကြံသူများသာဆိုလျှင် နေရာတွင်ပင်ဘုန်းဘုန်းလဲနိုင်သောအနေအထားရှိသည်။
ဖုန့်ချန်းတစ်ယောက် ချက်ချင်းလက်ငင်း လဲကျရှုံးနိမ့်သွားတော့မည်အထင်ပင် လူအုပ်ကြီးမှာအံ့အားတသင့်စောင့်ကြည့်နေကြတော့သည်။
သို့သော် ဖုန့်ချန်းမှာ နေရာမှတစ်လက်မပင်မရွေ့ဘဲ နဂိုအနေအထားအတိုင်း တည်ငြိမ်စွာပင်ရပ်နေလို့နေ၏။
ပိုင်ကျန်း၏တိုက်ခိုက်မှု လက်မအနည်းငယ်မျှသာကွာဝေးတော့သောအချိန်တွင် လျှပ်စီးတမျှမြန်ဆန်သောအရှိန်ဖြင့် ဖုန့်ချန်းသည် လေထဲတွင်သာရှိနေသေးသော တစ်ဖက်လူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။
လေထုမှာ ရုတ်တရတ်တောင့်ခဲငြိမ်သက်သွားသလိုပင်။
အရှိန်ဖြင့်လာသောတိုက်ကွက်မှာ တစ်ဝက်တစ်ပျက်တွင်ဟန့်တားခံလိုက်ရပြီး အော်သံတစ်ချက်လည်းထွက်ပေါ်လို့လာသည်။ ဖုန့်ချန်းဆုပ်ကိုင်ထားသောသူ့လက်ကိုရုန်းကန်ပါသော်လည်း ကို့ရို့ကားရားဖြစ်ရသည်မှအပ ဘာမှမထူးခြားလာပေ။
လက်ကိုပြန်ဆွဲရန်ကြိုးစားသော်လည်း ဆုပ်ကိုင်ထားသောလူမှာ သံမဏိပြုတ်တူကဲ့သို့ တုတ်တုတ်မျှပင်မလှုပ်ပေ။
မျက်စိရှေ့တွင်ဖြစ်ပေါ်နေသောအခြေအနေကို မယုံကြည်နိုင်ကြဟန်ဖြင့် လူအုပ်ကြီးမှာလည်း တိတ်ဆိတ်ကြောင်အသွားရတော့သည်။
ပိုင်ကျန်း၏လက်သီးကို ဖုန့်ချန်းခုခံချိန်ရလိုက်မည်မဟုတ်ဟု လူတိုင်းတွက်ဆထားသည်ပင်။
ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး၏လက်သီးမှာ ပေါ့သေးသေးမဟုတ်ပေ။ သံမဏိကိုပင်ချိုးဖျက်နိုင်စွမ်းရှိသည်။
သို့သော် ဖုန့်ချန်းကတော့ ထိုအင်အားအပြည့်နှင့်လက်သီးကို ဟန့်တားထားသည်မှာ ရန်လိုနေသောကလေးပေါက်စကို လူကြီးတစ်ယောက်မှထိန်းသိမ်းချုပ်ကိုင်ထားသကဲ့သို့ပင်။
ထို့အပြင် ဖုန့်ချန်းမှာ မျက်နှာအမူအရာ ကိုယ်ဟန်အနေအထားတစ်ချက်မှ ပျက်မသွားခဲ့ပေ။ တည်ငြိမ်မြဲမြံစွာ မတ်မတ်ရပ်နေဆဲပင်။
"ပျင်းဖို့ကောင်းလိုက်တာ ‘ပျင်းစရာ ရှန်းရှတစ်ပုဒ်’ ကို ဖတ်နေရသလိုပဲ။ မင်းက ငါထင်တာထက်ပိုအားနည်းနေတာပဲ"
ဖုန့်ချန်းကစိတ်ပျက်သွားဟန်ဖြင့် ညည်းညူလာသည်။
မုန်တိုင်းတောင်ကြားမှ အဆင့်၅ အဆင့်၆ သားရဲကောင်များနှင့်ကြုံတွေ့လာရသော ဖုန့်ချန်းအဖို့ ပိုင်ကျန်း၏လက်သီးမှာ စက္ကူစပါးပါးလေးနှယ်။
သူ့ဘက်ကဤသို့ဆွဲမဖမ်းလိုက်ဘဲ အထိုးခံလိုက်ရင်တောင် အရာသေးသေးလေးမှထင်ကျန်နိုင်ပါ့မလားဟု စိုးရိမ်ဖွယ်ရာပင်။
ပိုင်ကျန်းကအံကြိတ်လျက် တိုက်ကွက်ကိုအားထပ်ထည့်ဖို့ကြိုးစားလာသည်။ လွတ်နေသောအခြားလက်တစ်ဖက်မှ တိုက်ခိုက်ချင်ဟန်အသည်းအသန်ကြိုးစားနေသည်မှာ သနားစရာပင်ကောင်းနေသေးတော့၏။
သို့သော် ဖုန့်ချန်းကသူ့ထက်ပိုလျင်သည်။ ထိုထပ်ပေါင်းလာသောလက်တစ်ဖက်ကိုလည်း ထပ်ဖမ်းလိုက်ပြီး လက်နှစ်ဖက်အားလိမ်ယှက်လျက် နောက်ကျောထက်ဖိတင်ထားသည်မှာ အလွန်နာကျင်ရမည့်ပုံပင်။
"အား"
ပိုင်ကျန်း၏အလန့်တကြားအော်ဟစ်သံထွက်ပေါ်လာပြီးနောက် ယခုလေးတင်မှတည်ဆောက်ပြီးစီးထားသော မာနတလူလူပုံရိပ်မှာ လျှောခနဲလွင့်ပျယ်သွားရတော့၏။
"မင်း-မင်း-ဘာလုပ်နေတာ-"
ဖုန့်ချန်းက နောက်ကျောဘက်ရှိသူ့လက်ကို ပုံစံမကျစွာတွန်းဖိလာလေလေ သူ့မှာစကားတောင်ဖြောင့်ဖြောင့်မပြောနိုင်သည်အထိ နာကျင်ရလေပင်။
သည်းမခံနိုင်သောနာကျင်မှုက တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသော် ပိုင်မိသားစု၏ ဂုဏ်ကျက်သရေပြယုဂ်ကြီး ခေါင်းဆောင်ပိုင်မှာ ထောင်ချောက်မိနေသောတိရိစ္ဆာန်ငယ်လေးသဖွယ် ရုန်းကန်အော်ဟစ်နေရလေတော့သည်။
"အား ငါ့ကိုလွှတ်စမ်း မင်း-"
-ဂျွတ်
ဖုန့်ချန်းက လိမ်ထားသောသူ့လက်မောင်းကို အားသုံး၍ထပ်ဖိလိုက်သဖြင့် အော်ဟစ်ရန်ပြင်နေသောစကားလုံးများမှာလည်း သနားစဖွယ်အော်သံအဖြစ်သာပြောင်းသွားရရှာ၏။ ဒူးတစ်ဖက်လည်း ထောက်ကျလို့သွားရလေပြီ။
"မိသားစုခေါင်းဆောင်"
ဘေးတွင်ခြံရံလိုက်ပါလာသော ပိုင်မိသားစုဝင်နှစ်ဦးမှာလည်း လန့်ဖျပ်စွာပြိုင်တူအော်လာကြသည်။
သူတို့မိသားစု၏အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော၊ ခွန်အားဗလကြီးထွားခြင်းဖြင့်ကျော်ကြားသော ပိုင်ကျန်းသည် ဖုန့်ချန်းဆိုသူလက်ထဲတွင် ယက်ကန်ယက်ကန်အဖမ်းခံနေရလိမ့်မည်ဟု သူတို့တစ်ခါမှမတွေးမိခဲ့ကြပါ။
"ငါတို့ခေါင်းဆောင်ကိုလွှတ်လိုက်စမ်း မင်းဘာလုပ်နေမှန်းရောသိရဲ့လား ဒါအရှေ့ပိုင်းစီရင်စုစုဝေးပွဲကွ လက်လွတ်စပယ်ရမ်းကားနေလို့မရဘူး"
ပိုင်မိသားစုအကြီးအကဲတစ်ဦးက ပျာပျာသလဲဖြင့်ပြစ်တင်ပြောဆိုလာသည်။ အရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် အသားလွတ်ကြီး အရင်ရိုင်းစိုင်းရန်စခဲ့သူများမှာ ဘယ်သူတွေမှန်း ချက်ချင်းမေ့သွားကြပုံပင်။
အခြားအကြီးအကဲတစ်ဦးကလည်း တစ်လေသံတည်းဖြင့်ဝင်ပြောလာသည်။
"ပိုင်မိသားစုကိုအရှက်ခွဲစော်ကားပြီး ဘာအကျိုးဆက်မှရမလာနိုင်ဘူးလို့ထင်နေတာလား ငါတို့မိသားစုက တတိယမင်းသားကိုသစ္စာခံထားတာကွ မင်းလုပ်ရပ်ကြောင့် အဆပေါင်းများစွာပိုပြီး ပြန်ပေးဆပ်ရလိမ့်မယ်"
သူတို့လို ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတွေက ဖုန့်ချန်းကိုလက်ဖျားနှင့်ပင်သွားမထိနိုင်မှန်း သိသိရက်နှင့်လေကြီးလို့ကောင်းကြဆဲပင်။
စကားလုံးနဲ့ပဲ တိုက်ခိုက်ခြိမ်းခြောက်နိုင်မည်မှန်း သူတို့ကိုယ်သူတို့သိပါသည်။
ဖုန့်ချန်းမှာမူ ခြိမ်းခြောက်ခံလိုက်ရသောလူတစ်ယောက်နှင့်မတူဘဲ အေးအေးလူလူပင် ဖမ်းဆုပ်ထားသောပိုင်ကျန်း၏လက်ကို ပို၍အားထည့်ဖိလိုက်ပြီး ရှေ့သို့ကိုင်းကာ လေသံခပ်နိမ့်နိမ့်ဖြင့်ပြောလာသည်။
"အဲ့လိုလား တတိယမင်းသားကဘာလုပ်ပေးမှာတဲ့လဲ ပိုင်ကျန်းရဲ့အသုဘကို ဝမ်းနည်းခြင်း လွမ်းသူပန်းခွေလေးတွေပို့ပေးမှာလား"
ဖုန့်ချန်းသည် တတိယမင်းသားကိုပင် အကြောက်အလန့်မရှိစွာစော်ကားပြောဆိုလာသည်။ တကယ်လည်းကြောက်နေစရာအကြောင်းမရှိတော့ပေ။ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်တို့ဖြင့် ယှဥ်ကြည့်လိုက်ပါက ထိုမင်းသားမှာကလေးသာသာအနေအထားပင်။
ထိပ်သီးဂိုဏ်းနှစ်ခု၏ အဓိကရန်သူတော်ကြီးကို နောက်ထပ်ဘာကများကြောက်လန့်စေနိုင်ဦးမည်နည်း?
ဟုတ်တယ်၊ သူစော်ကားတယ်၊ ရိုင်းစိုင်းတယ်၊ အဲ့တော့ဘာဖြစ်လဲ?
ထို့အပြင် ခြိမ်းလုံးခြောက်လုံးတွေလောက်ဖြင့် ပိုင်ကျန်းကိုလွှတ်ပေးလိုက်လျှင် အခြားမိသားစုများအမြင်တွင် ဖုန့်မိသားစုကို ပေါပေါပဲပဲဟုသာ ထင်မြင်ကုန်ကြမည်။
-ဂျွတ်
အားးးးးးးးး
တိုးဖိလာသောအင်အားကြောင့် ပိုင်ကျန်း၏ခန္ဓာကိုယ်မှာ ဆတ်ခနဲတုန်ယင်သွားရသည်။ သူအတတ်နိုင်ဆုံးကြိုးစားရုန်းကန်ပါသော်လည်း ရုန်းလေလေ အားပိုပြင်းလေလေပင်။ ခြေလက်များတွင် အားအင်ကုန်ခမ်းသလောက်ဖြစ်လာသည်ကို ခံစားမိသော် သူပျာယာခတ်လာသည်။ သူ့ကိုယ်သူ ဖုန့်ချန်၏ပြိုင်ဘက်မဖြစ်နိုင်သေးကြောင်းကိုလည်း တဖြည်ဖြည်းနားလည်လို့လာ၏။
"ရပ်လိုက်တော့ မင်းတော့အမှားကြီးကြီးကျူးလွန်မိနေပြီနော်"
အကြီးအကဲတစ်ဦးက ရှေ့သို့တိုးလာပြီး ဖျန်ဖြေသလိုလို အသနားခံသလိုလိုပြောလာသည်။ အသံမှာ စိုးရိမ်စိတ်များဖြင့် ကပျာကယာဖြစ်လို့နေသည်။
"ငါတို့ခေါင်းဆောင်သာတစ်ခုခုဖြစ်သွားရင် ပိုင်မိသားစုက ဒီတိုင်းလွှတ်ထားလိမ့်မယ်မထင်နဲ့"
ထိုအကြီးအကဲနှစ်ဦးကိုလျစ်လျူရှုလိုက်ပြီး ဖုန့်ချန်းသည် ပိုင်ကျန်းကိုသာအာရုံပြန်စိုက်လိုက်သည်။
စိုးရိမ်ကြောက်လန့်နေကြသောအကြီးအကဲနှစ်ဦးမှာ မျှော်လင့်ချက်မဲ့စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ဖုန့်ချန်း၏ချုပ်ကိုင်မှုတွင် ဈေးဗန်းထဲမှငါးကဲ့သို့ မလူးသာမလွန့်သာဖြစ်နေရှာသော သူတို့၏မိသားစုခေါင်းဆောင်ကို သူတို့လည်းကြည့်နေရုံသာတတ်နိုင်သည်ပင်။
ပိုင်ကျန်း၏ရုန်းကန်မှုများမှာ တဖြည်းဖြည်းအားပျော့လို့လာသည်။ တကယ်တမ်းအရှက်ကွဲနေရသည်မှာ သူတို့ပိုင်မိသားစုသာဖြစ်ကြောင်း သတိထားလာမိကြပြီးနောက် တစ်ဖွဲ့လုံးဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါချေ။