← Chapters

နဂါးမှန်းသိအောင် အမောက်ထောင်ပြ

Vol. 6 Ch. 77

နဂါးမှန်းသိအောင် အမောက်ထောင်ပြ

Vol. 6 Ch. 77

"ဆက်သည်းမခံနိုင်တော့ဘူးကွ"

လူအုပ်ကြီး၏ တီးတိုးတီးတိုးသဖန်းပိုးအသံများကိုလွန်လျက် ပိုင်အကြီးအကဲတစ်ဦးမှာ ထအော်လိုက်သည်။

"ငါတို့ရဲ့မိသားစုခေါင်းဆောင်ကို ဒီလိုအရှက်ခွဲနေတာ ဆက်မကြည့်နိုင်တော့ဘူး"

မည်သူမျှမတုံ့ပြန်နိုင်သေးချိန်တွင် ထိုအကြီးအကဲသည် အရှေ့သို့တစ်ဟုန်ထိုးတက်လာပြီး မိသားစုခေါင်းဆောင်ကိုကယ်တင်ရန် ဖုန့်ချန်းအား တစ်ချက်တည်းနှင့်ရိုက်ချဖို့ လက်ရွယ်လိုက်သည်။

နောက်အကြီးအကဲတစ်ယောက်ကလည်း တစ်ပါတည်းဝင်ရောက်လာပြီး ပူးပေါင်းတိုက်ခိုက်မှုမှာ အနားရှိလေထုကိုပင် အပူချိန်ပြင်းပြလာစေသယောင်။

"ပိုင်မိသားစုကို မရိုမသေလုပ်ပြီး ဒီတိုင်းဆက်နေနိုင်မယ်များထင်နေလားကွ"

ထိုသူက အော်ဟစ်ကြုံးဝါးရင်း ဖုန့်ချန်းထံသို့ စွမ်းအားအပြည့်ဖြန့်ကျက်ထားသောတိုက်ကွက်တစ်ခု ပစ်လွှတ်လိုက်သည်။ သူတို့အနေနှင့် ဖုန့်ချန်းကိုမယှဥ်နိုင်မှန်းသိသော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် သူ့လက်နှစ်ဖက်လုံးအားမနေပေ။

သို့သော် သူတို့ဘက်မှစတင်တိုက်ခိုက်သည်နှင့် ဖုန့်ချန်းတို့ဘက်မှ အရိပ်နှစ်ခုသည်လည်း တစ်ပြိုင်နက်တည်း အ‌ရှေ့သို့ခုန်တက်လာတော့သည်၊

ပိုင်မိသားစုမှအကြီးအကဲနှစ်ဦး ဖုန့်ချန်းကိုစတင်တိုက်ခိုက်လာသည်နှင့် အကြီးအကဲဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့မှာ အကြည့်ချင်းဆုံကာ အချင်းချင်းအချက်ပြလိုက်ကြခြင်းဖြစ်၏။

ပိုင်မိသားစုအကြီးအကဲနှစ်ဦးမှာ လျစ်ကနဲ ရုတ်ချည်းခုန်ထွက်လာသောအရိပ်နှစ်ခုကြောင့် အဟန့်အတားဖြစ်သွားရသည်။

မာန်မာနအပြည့်ဖြင့် ခုန်ဝင်လာကြသောပိုင်အကြီးအကဲနှစ်ဦးသည် နောက်ဆုတ်ဖို့အတွေးမရှိပါ။ သူတို့အားတားဆီးသူမှန်သမျှကို ရှင်းထုတ်ပစ်နိုင်သည်ဟူသော ယုံကြည်ချက်ဖြင့် ရှေ့ဆက်တိုးကြတော့သည်။

ဝုန်းး

အနည်းငယ်အစီအစဥ်မကျသော ပူးပေါင်းတိုက်ကွက်များဖြင့် စတင်တိုက်ခိုက်လာကြပြီး စွမ်းအင်လှိုင်းများမှာ တန်ခိုးအရှိန်အဝါကိုဖော်ပြလိုဟန်ဖြင့် ပေါက်ကွဲထွက်လာကြတော့၏။

-ရွှပ်

သတ္တုအချင်းချင်းထိခတ်သံများပေါ်ထွက်လာပြီးနောက် ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျိလန်တို့မှ တစ်ဖက်လူနှစ်ဦး၏တိုက်ကွက်များအား ပေါ့ပေါ့ပါးပါးပင်ရိုက်ချနိုင်လိုက်ကြသည်။

ဖုန့်အကြီးအကဲနှစ်ဦး၏ခုခံကာကွယ်မှုမှ လျှံထွက်လာသောတွန်းအားသည် ပိုင်အကြီးအကဲနှစ်ဦးကိုဟန့်တားလိုက်နိုင်ရုံသာမက မယုံကြည်နိုင်သည့်အမူအရာများဖြင့် ယိုင်တိုင်တိုင်နောက်ဆုတ်သွားစေသည်အထိ ဖိနှိပ်နိုင်လိုက်၏။

တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်မှာ သူတို့မျက်နှာများထက်အထင်းသားပေါ်လာသည်။ သူတို့ဘက်မှအပြည့်အဝထုတ်သုံခဲ့ရသော စွမ်းအားများသည် ဖုန့်အကြီးအကဲများနှင့်ယှဥ်လျှင် ဖုန်မှုန့်ပမာပင်။

"မင်း-"

အခြေအနေအရပ်ရပ်ကို နားလည်သွားသောအခါ နှုတ်မှထွက်မည့်စကားလုံများသည်လည်း လည်ချောင်းထဲတွင်ပင် တိမ်ဝင်ပျောက်ကွယ်သွားရတော့သည်။

ပြောစရာစကားမရှိတော့ပေ။ တစ်ဖက်လူရှေ့တွင် အသုံးမကျစွာပျောက်ကွယ်သွားသော စွမ်းအားများအလား သူတို့၏ဝင့်ကြွားသောမျက်နှာထားများမှာလည်း အစပင်ရှာမရတော့ချေ။

ပိုင်အကြီးအကဲနှစ်ဦးသည် အခြေအနေမဟန်တော့ကြောင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အသိပေးလိုက်ကြသည်။ ဖုန့်အကြီးအကဲနှစ်ယောက်ကိုပင် ယှဥ်မတိုက်နိုင်သောအခြေအနေတွင် သူတို့ခေါင်းဆောင်ဖုန့်ချန်းကိုတိုက်ခိုက်ဖို့ရန် ယုံကြည်မှုတစ်စမှမကျန်ရှိတော့ပါချေ။

တိုက်ကွက်တစ်ကွက်ကိုသာ ဟန့်တားခံလိုက်ရပါသော်လည်း သူတို့ကိုယ်သူတို့ အခြေအနေဘယ်လောက်ဆိုးနေမှန်း အမြင်မှန်ရသွားခဲ့ရပါ၏။

"အဲ့လောက် သနားစရာအင်အားနဲ့ ကျုပ်တို့ကိုအရှက်ခွဲချင်သေးတယ်ပေါ့လေ"

ထျန်းလုံစံအိမ်တစ်ဝန်းလုံး ကြားနိုင်လောက်သောအသံဖြင့် ဖုန့်ချန်းကမှတ်ချက်ပြုသည်။

ထိုစကားသည် ပိုင်မိသားစုကိုသာမက ဖုန့်မိသားစုကိုချိန်ရွယ်ကြံစည်လျက်ရှိကြသော အခြားမိသားစုများအတွက်လည်း သတိပေးချက်တစ်ခုပင်။

စုဝေးနေကြ‌သော မိသားစုများအနက် အများစုမှာ ဖုန့်မိသားစုကိုပစ်မှတ်ထားစောင့်ကြည့်နေကြမည်မှန်း ဖုန့်ချန်းသိနေပါသည်။

သို့သော် အတိတ်တစ်ချိန်တုန်းကလို စော်ကားပြုမူသမျှကို လျစ်လျူရှုပေးလိုက်မည့်ရည်ရွယ်ချက်မျိုး သူ့ထံမရှိတော့ပါ။

ဤတစ်ကြိမ်တွင်မူ အကြမ်းဖက်နည်းကိုအသုံးပြု၍ ဖုန့်မိသားစုကိုလာရှုပ်လို့မရကြောင်း အားလုံးကိုရှင်းရှင်းလင်းလင်းအသိပေးလိုက်ခြင်းဖြစ်၏။

အမှတ်မရှိ ဆက်သွားချင်သူများမှာ ပိုင်ကျန်းကဲ့သို့အဆုံးသတ်ရပေမည်။

နာကျင်မှုဖြင့်ရှုံ့မဲ့လျက်ရှိသော ပိုင်ကျန်းသည် တစ်စထက်တစ်စတိုးလာသောဝေဒနာကို လူအမြင်မှဖုံးကွယ်ရန် အတတ်နိုင်ဆုံးကြိုးစားရင်း နဖူးများချွေဒီးဒီးကျလျက်ရှိပေသည်။

"ငါ..ငါမင်းကိုသတ်ပစ်မယ်"

စကားဖြင့်သာကြုံးဝါးနိုင်သောအခြေအနေတွင် ကြောက်စိတ်ကြောင့်တုန်ယင်နေသောအသံကပါ သူ့အားသစ္စာဖောက်နေချေ၏။ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ပိုင်အကြီးအကဲများသည်လည်း သိသိသာသာအ‌ရေးနိမ့်သွားရပြီ။

"မင်းက အခုလက်ရှိ အဲ့လိုခြိမ်းခြောက်နိုင်တဲ့အနေအထားတော့ဟုတ်မနေဘူနော် ပိုင်ကျန်း"

ဂုဏ်ယူဝင့်ကြွားစွာ အထက်စီးမှရှိခဲ့သောထိုလူမှာ ယခုလူတိုင်း၏ရှေ့တွင် ဒူးထောက်အရှုံးပေးနေရလေပြီ။ လူအုပ်ကြီးမှာ တိတ်ဆိတ်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ချေ။

ဖုန့်မိသားစုအား လှောင်ပြောင်ရယ်မောခဲ့သောအသံများလွင့်ပျယ်လျက် မယုံကြည်နိုင်မှု ထိတ်လန့်အံ့သြမှုတို့ဖြင့်သာ ကျောက်ရုပ်လို့ရပ်နေကြနိုင်တော့သည်။

ဖုန့်ချန်းမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူကိုသတ်နိုင်သည်အထိ အင်အားကြီးမှန်းကြားဖူးသော်လည်း ဤမျှသန်မာနေမည်ဟုတော့ထင်မထားခဲ့ကြပါ။ ဘာစွမ်းအားမှထုတ်မသုံးသေးဘဲ ခန္ဓာကိုယ်အင်အားတစ်ခုတည်းနှင့်ပင် ပိုင်ကျန်းကိုမလှုပ်အောင်ချုပ်ထားနိုင်‌သော ထိုယောကျ်ားသည် မည်မျှပင်သန်မာလောက်မည်နည်း?

"အားးးးးး"

ဖုန့်ချန်းသည် နောက်ပြန်ချုပ်ကိုင်ထားသောလက်နှစ်ဖက်ကို ကျိုးခါနီးအခြေအနေအထိဖိချလိုက်ပြီးနောက် ပိုင်ကျန်း၏စူးစူးနစ်နစ်အော်သံမှာ စံအိမ်တစ်လွှား ပဲ့တင်ထပ်လို့သွားလေသည်။

"ဒီတိုင်းပဲဆက်သွားချင်သေးသလား ဒါမှမဟုတ် အသနားခံဖို့အဆင်သင့်ဖြစ်ပြီလား"

အေးစက်သောလေသံဖြင့် ဖုန့်ချန်းမှအမေးရှိလာ၏။

"မင်း-မင်း ခွေးကောင် မင်းကိုငါ-အားးးး"

တောင့်ခံနိုင်ရန်မစွမ်းသာသောနာကျင်မှုကြောင့် ပိုင်ကျန်းသည်ဆက်ဟန်မလုပ်နိုင်တော့ဘဲ သနားစဖွယ်အသံဖြင့် အော်ဟစ်အကူအညီတောင်းလာသည်။ စုဝေးနေသောလူအုပ်ကြီးရှေ့တွင် သူ့သိက္ခာမှာ အဖတ်ဆယ်၍မရနိုင်တော့ပြီ။

ဖုန့်ချန်းဘက်မှ နောက်ဆုံးအကြိမ်အဖြစ် အဆုံးထိဖိချတော့မည်မလုပ် နက်ရှိုင်း၍ သြဇာအပြည့်ပါသောအသံတစ်သံထွက်ပေါ်လာပြီး စံအိမ်တစ်ခုလုံးသို့ဖုံးလွှမ်းသွားသည်။

"တော်လောက်ပြီ"

All Chapters