← Chapters

ထျန်းလုံချီ၏ ဝင်ရောက်စွက်ဖက်ခြင်း

Vol. 6 Ch. 78

ထျန်းလုံချီ၏ ဝင်ရောက်စွက်ဖက်ခြင်း

Vol. 6 Ch. 78

အသံမှာ မိုးခြိမ်းသံပမာ လေထုထဲသို့ပျံ့နှံ့တုန်ဟီးသွားပြီး လူတိုင်း၏အာရုံသည်လည်း အသံလာရာဆီသို့ လွှဲပြောင်းလာကြတော့သည်။

ရှိန်ချင်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးသည် စံအိမ်၏ပင်မလမ်းသွယ်တစ်လျှောက် လျှောက်လှမ်းလို့လာသည်။ ကျက်သရေထည်ဝါသော ကျောက်စိမ်းရင့်ရောင်ဝတ်ရုံကိုဆင်မြန်းထားပြီး ရိုသေလေးစားချင်စရာအငွေ့အသက်အပြည့်ဖြင့် တည်ရှိမှုတစ်ခုပါလေ။

စူးရှသောမျက်လုံးများသည် ဖြစ်ပျက်နေသောမြင်ကွင်းထက် အကဲခတ်ဟန်‌ရွေ့လျားဖြတ်သန်းသွားပြီး ဖုန့်ချန်းနှင့်ပိုင်ကျန်းတို့၏အ‌ရှေ့သို့ ဆိုက်ရောက်လာတော့၏။

"ဆရာသခင်ထျန်းလုံ"

လူအုပ်ကြီးမှာ ရင်သပ်ရှုမောစွာရေရွတ်လာကြပြီး ဘေးသို့ကပ်ကာလမ်းဖယ်ပေးကြကုန်သည်။

စုဝေးပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်သောမိသားစုများမှာ မြို့တော်အလိုက်အင်အားအကြီးဆုံးများဖြစ်ကြသော်လည်း ထျန်းလုံမိသားစုနှင့်ယှဥ်လို့ရနိုင်သည့်အနေအထား မဟုတ်ကြပေ။

ထျန်းလုံမိသားစုခေါင်းဆောင်သည် ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ အထွဋ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ပြီးဖြစ်ရာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်သို့ချိုးဖျက်နိုင်ရန် ခြေတစ်လှမ်းသာလိုပေတော့သည်။

ထိုကျင့်ကြံဆင့်ကြောင့် ထိုသူမှာ အရှေ့ပိုင်းဒေသတစ်ခုလုံးတွင်သာမက မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံး၏ စွမ်းအားအကြီးဆုံးကျင့်ကြံသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်သည်။

တစ်နေ့နေ့တွင် ထိုကျင့်ကြံဆင့်ကိုချိုးဖျက်နိုင်သွားပါက မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်သီးကျင့်ကြံသူများကြား တစ်ဦးအပါအဝင်ဖြစ်လာပေမည်။

ထျန်းလုံမိသားစုတွင် နောက်ထပ် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူနှစ်ဦး ရှိနေသေးသဖြင့် ထျန်းလုံမိသားစုမှာ အရှေ့ပိုင်းဒေသ၏ အင်အားအကြီးဆုံးမိသားစုကြီးသုံးခုထဲမှ တစ်ခုအပါအဝင်အဖြစ် အခိုင်အမာရပ်တည်ထားနိုင်ခြင်းဖြစ်ပေသည်။

ဆရာသခင်ထျန်းလုံ၏အမိန့်စကားကို စံအိမ်တစ်ခုလုံးကောင်းကောင်းကြားလိုက်ရသော်ငြား ဖုန့်ချန်းကတော့ ပိုင်ကျန်းအားချုပ်ထားသောလက်ကို မလွှတ်ပေ။

လွှတ်ပေးဖို့နေနေသာသာ အားပင်ထပ်ထည့်ပြလိုက်သေးသည်။

-ဂျွတ်

"အားးး သေပါပြီ"

ဆရာသခင်ထျန်းလုံရောက်လာသဖြင့် ကယ်ဆယ်ခံရဖို့မျှော်လင့်ချက်ရှိလာသောပိုင်ကျန်းမှာ ပိုတိုးလာသောဖိအားကိုသာ ခံစားလိုက်ရတော့၏။

ဖုန့်ချန်းမှာ နဂိုအနေအထားအတိုင်းမပြောင်းမလဲ၊ ချုပ်ကိုင်ထားသောလက်ကိုလည်း တုတ်တုတ်မျှမလှုပ်ဘဲ ဆရာသခင်ထျန်းလုံအား စိန်ခေါ်သည့်အလား တည်ငြိမ်ပြတ်သားစွာပြန်လည်စိုက်ကြည့်လိုက်သည်။

ထျန်းလုံမိသားစုခေါင်း‌ဆောင်ကိုယ်တိုင်ရောက်လာသော်လည်း ဤဖုန့်ချန်းကား လက်လျှော့မည့်အရိပ်အယောင်မပြ။

(ဟမ့် ပိုင်မိသားစုဘက်ကမီးစမွှေးတုန်းကတော့ရပ်ကြည့်နေပြီး သင်ခန်းစာပြန်ပေးမှ ဒီလိုပေါ်လာသေးတယ်‌ပေါ့)

မိသားစုခေါင်းဆောင် အစောကတည်းကရှိနေပြီး စောင့်ကြည့်နေခဲ့သည်ကို ဖုန့်ချန်းအာရုံခံမိသော်ငြား မသိချင်ယောင်ဆောင်ဖို့ကိုသာရွေးချယ်ခဲ့သည်။

သို့သော် ပိုင်ကျန်းဒုက္ခရောက်ချိန်မှ အလျင်အမြန်ထွက်လာသောအခါ တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သူရိပ်စားမိလိုက်ပေပြီ။

ပိုင်ကျန်းနှင့်မဟာမိတ်ဖွဲ့ထားပေ၍လား၊ သူ့ကိုတမင်သက်သက်ဆန့်ကျင်ချင်၍လား တွေးစရာနှစ်ခုရှိပေမင့် ဖုန့်ချန်းကတော့ ဒုတိယတစ်ခုကိုပိုထင်မိသည်။

မည်သို့ပင်ဖြစ်စေ ဆရာသခင်ထျန်းလုံပြောလာသည်နှင့် သူပိုင်ကျန်းကိုလွှတ်ပေးမည်မဟုတ်ပေ။ "ဖုန့်ချန်းက ဆရာသခင်ထျန်းလုံကိုပါ ဆန့်ကျင်နေတာလား"

"ဟမ့် ဒီကောင်လည်းတော်တော်ရူးတာပဲ ဆန်းကြယ်မီးတောက်ဂိုဏ်း၊ မုန်တိုင်းဝိဉာဥ်နန်းတော်နဲ့ တတိယမင်းသားကိုပါ သူရန်စပြီးနေပြီ အခုလည်းထျန်းလုံမိသားစုနဲ့ စစ်ခင်းဖို့ကြံနေပြန်ပြီပေါ့"

"နာမည်ကြီးချင်ဇောလောကြီးပြီး လျှောက်လုပ်ကုန်ပြီထင်တယ် သူက ဆရာသခင်ထျန်းလုံကို အကြီးအကဲကျိုးထျန်းဟွာလိုမျိုး အလွယ်တိုက်နိုင်မယ်ထင်နေလားမသိဘူး ဟိုကဆေးဆရာ၊ဒီကတိုက်ပွဲအကျော်အမော်ကို"

"ရှင်းထုတ်မခံရချိန်ထိတော့ ကြက်ဥပုပ်လို့ပဲသဘောထားလိုက်ရအောင်ပါကွာ ပွဲကြည့်ရတာပေါ့"

လူအုပ်ကြီးမှာ ဆရာသခင်ထျန်းလုံ၏အမိန့်စကားကို ဖုန့်ချန်းငြင်းဆန်လိုက်သည်အား ဝမ်းသာအားရစွာအခွင့်ကောင်းယူလျက် ဖုန့်မိသားစုကို နောက်တစ်ဖန်မစာမနာ လှောင်ပြောင်ထေ့ငေါ့လာကြပြန်သည်။

သို့သော် ဖုန့်မိသားစုအား အားပေးသည်လည်းမဟုတ် ရှုတ်ချသည်လည်းမဟုတ်သည့် ကြားနေမိသားစုများလည်းရှိပါသေးသည်။ ဥပမာအားဖြင့် ယွမ်မိသားစုပင်။ ယွမ်မိသားစုမှာ ထျန်းလုံမိသားစုနှင့်ရင်ဘောင်တန်းနိုင်ပြီး အရှေ့ပိုင်းဒေသ၏အင်အားအကြီးဆုံးမိသားစုသုံးခုထဲက တစ်ခုအပါအဝင်ဖြစ်၏။

ယွမ်မိသားစုခေါင်း‌ဆောင် ယွမ်ဟောင်မှာ ဆရာသခင်ထျန်းလုံနှင့် ဖုန့်ချန်းကြားက ပဋိပက္ခကို စိတ်ဝင်တစားစောင့်ကြည့်လိုနေသည်။

သမီးဖြစ်သူ ယွမ်ကျိရန်မှာ ဆန်းကြယ်မီးတောက်ဂိုဏ်း၏တပည့်သားတစ်ဦးဖြစ်သော်ငြား သူ့အနေနှင့် ဖုန့်မိသားစုကို မဖြစ်မနေဆန့်ကျင်ရန်မလိုအပ်လှပေ။

သမီးဖြစ်သူ၏ဂိုဏ်းနှင့် ဖုန့်မိသားစုပြဿနာရှိသည်မှာ သူနှင့်ဆိုင်သည့်ကိစ္စမဟုတ်ပေ။ ဖုန့်မိသားစုကိုအသားလွတ်ရန်လိုပြီး ဆန်းကြယ်မီးတောက်ဂိုဏ်းကိုကပ်ဖားရမည့်အရေးကိုလည်း သူစိတ်မဝင်စားလှ။

“ဒီဖုန့်မိသားစုက စိတ်ဝင်စားစရာပဲ”

ထျန်းလုံချီကို ဆန့်ကျင်အာခံနေသောဖုန့်ချန်းမှာ ထျန်းလုံချီထက်အားမနည်းသောစွမ်းအားပမာဏတစ်ခု ရှိကိုရှိရမည်ဟု သူ့ခန့်မှန်းမိလိုက်သည်။

ထို့အပြင် ဖုန့်ချန်း၏သတ္တိကိုလည်း သူအထင်ကြီးလေးစားမိသည်။ ထျန်းလုံမိသားစုကို ဆန့်ကျင်ရန်ဆိုသည်မှာ သာမန်လူများတွေးကိုမတွေးရဲသောအရာပါပင်။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်မှ အကြီးအကဲနှစ်ဦးကို သတ်ဖြတ်ခဲ့သောဖုန့်ချန်းပဲလေ။ သိပ်တော့မထူးဆန်းပါ။

ဆရာသခင်ထျန်းလုံသည် ဖုန့်ချန်းကိုစူးရှစွာစိုက်ကြည့်လာပြီး ခေါင်းဆောင်နှစ်ဦးကြားတင်းမာမှုမှာလည်း မြင့်တက်လို့လာတော့၏။

စကားတစ်လုံးမှပင်မပြောကြသေးသော်ငြား ထိုအကြည့်ဆုံချက်၏တင်းမာမှုဖြင့်ပင် လေထုမှာပေါက်ကွဲထွက်တော့မယောင်။ လူအုပ်ကြီးမှာလည်း အသက်ကိုပင်ရဲရဲမရှူနိုင်ဘဲ ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်လို့နေကြသည်။

ပိုင်ကျန်းကိုချုပ်ကိုင်ထားသော ဖုန့်ချန်း၏လက်များမှာ အလျှော့ပေးဖို့ရာ စဥ်းကိုမစဥ်းစားထားသည့်နှယ် ပို၍ပင်အားပြင်းလာတော့သည်။ ဂျွတ်ခနဲမြည်သံနောက်တစ်ချက်မှာ စံအိမ်တစ်လွှားပဲ့တင်ထပ်သွားလျက်။

“အားးးး ခွေးမသား”

ပိုင်ကျန်းမှာ နာကျင်မှုဖြင့်လူးလွန့်နေပြီး နောက်တစ်ကြိမ်အော်လိုက်ရပြန်သည်။ ထျန်းလုံချီကို အသနားခံသောမျက်လုံများဖြင့်လှမ်းကြည့်လာပြီး သူ့ကိုဒီအခြေအနေမှကယ်တင်ပေးရန် အကူအညီတောင်းရတော့သည်။

ဆရာသခင်ထျန်းလုံသည် အနည်းငယ်စိတ်ပျက်ဒေါသထွက်နေသောမျက်လုံးများဖြင့် ပိုင်ကျန်းကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။

(စောက်ရူးကောင်)

ထျန်းလုံချီ ဒေါသထွက်ထွက်ဖြင့် စိတ်တွင်းမှဆဲမိသည်။

ဖုန့်ချန်းလောက်ကိုတော့ ပိုင်ကျန်းကိုင်တွယ်နိုင်လိမ့်မည်အထင်ဖြင့်လွှတ်ထားလိုက်သော်လည်း သူထင်သလိုမဖြစ်ခဲ့ပေ။

ဖုန့်ချန်းထင်သလိုပင် ထျန်းလုံသည် ဖုန့်မိသားစုကို ပစ်မှတ်ထားကြံစည်ခဲ့ပါသည်။ မုန်တိုင်းဝိဉာဥ်နန်းတော်နှင့် ထျန်းလုံမိသားစုမှာ ရင်းနှီးသောဆက်ဆံရေးတစ်ခု ရှိသောကြောင့်ပင်။

သို့သော် စုဝေးပွဲကိုဦးဆောင်ကျင်းပရသည့်မိသားစုဖြစ်သည်နှင့်အညီ ပေါ်တင်ကြီးရန်သွားစလို့ကလည်းမဖြစ်သဖြင့် ပိုင်ကျန်းဘက်မှပြဿနာလုပ်ချိန်တွင် ပျော်ပျော်ကြီးမသိချင်ယောင်ဆောင်လိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်၏။

သို့သော် ရလဒ်မှာမူ ပိုင်မိသားစုမရှုမလှရှုံးနိမ့်နေခြင်းပင်။ ဤဖြစ်စဥ်ကို ဒီအတိုင်းလွှတ်ထားလိုက်ပါက ဖုန့်မိသားစုနာမည်ပိုကျော်ကြားသွားရုံသာမက ပေးအပ်ထားသောတာဝန်ကိုမကျေပွန်နိုင်သော သူတို့မှာလည်း မျက်နှာမပြနိုင်ဖြစ်ရပေမည်။

ထို့ကြောင့် ထျန်းလုံချီမှာ ဝင်ရောက်စွက်ဖက်ဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာမရှိခဲ့ပါ။

သူ့ဘက်ကလူလုံးထွက်ပြလာသည်နှင့်တစ်ပြိုင်နက် ဖုန့်ချန်းတစ်ခါတည်းနောက်ဆုတ်လက်လျှော့သွားလိမ့်မည်ဟု သူတွက်ထားသော်လည်း ထင်ထားသည်နှင့်တက်တက်စင်လွဲအောင် ဖုန့်ချန်းမှာ တိုး၍ပင်ဆန့်ကျင်နေသေးသည်။

“ဖုန့်ချန်း” ဆရာသခင်ထျန်းလုံက သြဇာအပြည့်ဖြင့် စကားစလိုက်သည်။

“ဒီအချိန်က ကိုယ်ထိလက်ရောက်ခိုက်ရန်ဖြစ်ပွားရမယ့်အချိန်မဟုတ်ဘူး ပိုင်မိသားစုဘက်က အရင်စခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့် ငါကဒီစုဝေးပွဲရဲ့ဦးဆောင်သူဖြစ်လို့ အနှောင့်အယှက်တစ်ခုကိုမှ အဝင်မခံနိုင်ဘူး”

ဖုန့်ချန်းသည် အကြောက်အလန့်ကင်းစွာပင် ပြန်လည်စိုက်ကြည့်လို့သာနေသည်။

“ဟင်းဟင်း ဟုတ်ပါပြီ ဒါဆိုပိုင်ကျန်းဘက်ကပြဿနာစရှာတုန်းကရော စုဝေးပွဲရဲ့ဦးဆောင်သူကဘယ်ရောက်နေပါလိမ့် ပိုင်ကျန်းနဲ့ပိုင်အကြီးအကဲတွေ စပြီးလက်ပါတုန်းကရော ခင်ဗျားကို ကျုပ်မမြင်မိဘူးနော်၊ အသက်ကြီးလာလို့ ဒူးမကောင်းတော့တာလား”

ဖုန့်ချန်းကစကားပြောနေစဥ်အတွင်း အေးစက်စက်အကြည့်များကို ဆရာသခင်ထျန်းလုံထံတွင်သာ မြဲမြံစွာတည်ထား၏။

ဖုန့်ချန်း၏စကားများအရ ဆရာသခင်ထျန်းလုံ၏အမိန့်ကိုနားထောင်ရန်အတွေးလုံးဝမရှိကြောင်း နားထောင်နေသူများအားလုံးသိလိုက်ရသည်။

ဆရာသခင်ထျန်းလုံ မျက်နှာပျက်လာသော်လည်း တည်ငြိမ်သောပုံစံကို ထိန်းသိမ်းထားမြဲပင်။

“မင်းဘက်ကနစ်နာမှုကို ငါနားလည်ပါတယ် ဖုန့်ချန်း”

ခပ်အေးအေးပုံစံဖြင့်ပင် ဖုန့်ချန်းကိုသူတုံ့ပြန်လိုက်သည်။ ဒေါသထွက်ပြမိသွားပါက သူ့သိက္ခာကိုသာထိခိုက်လိမ့်မည်ဖြစ်ကြောင်း သူနားလည်ပါ၏။

“ဒါပေမယ့် ဒါက အရှေ့ပိုင်းစီရင်စုစုဝေးပွဲပါ ကိုယ်ရေးကိုယ်တာပြဿနာတွေကို ယူဆောင်လာခွင့်မပြုဘူး ရုတ်ရုတ်သဲသဲအဖြစ်တွေမရှိအောင် တားဖို့လိုတယ်”

ပိုင်ကျန်းကိုခုချိန်ထိလွှတ်မပေးသေးဘဲ ဖုန့်ချန်းကနှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

“ရုတ်ရုတ်သဲသဲအဖြစ် ဟုတ်လား”

လှောင်ပြောင်လိုဟန်ဖြင့် ဖုန့်ချန်းကပြောလာသည်။

“အခုဖြစ်နေတဲ့ပုံကြည့်ရတာ ခင်ဗျားက အမိန့်တစ်ခုခုကိုနာခံနေရသလိုပဲနော် ပိုင်ကျန်းတစ်ယောက် မောက်မာရိုင်းစိုင်းနေတုန်းကကျ ကွယ်ရာကနေပဲကြည့်ခဲ့တာဆိုတော့လေ။ မေးပါဦးမယ် ခင်ဗျားကကော ဘယ်သူ့ခွေးလဲ”

ဖုန့်ချန်းသည် ပြောရင်းဆိုရင်း ပိုင်ကျန်း၏လက်ကောက်ဝတ်ကို တိုး၍လိမ်ချိုးလိုက်သဖြင့် နာကျင်လှသော ငြီးတွားအော်ဟစ်သံမှာ ဘေးကပွဲကြည့်သူများကိုပါ ကြက်သီးဖြန်းဖြန်းထစေနိုင်သည်အထိ။

“အားးး”

အော်ရလွန်းသဖြင့် ပိုင်ကျန်းမှာအသံပြာအက်အက်ပင်ဖြစ်လို့နေပြီး မျက်နှာမှာလည်းဖြူဆုတ်လို့နေလေပြီ။ ဖုန့်ချန်း၏ချုပ်ကိုင်မှုအောက်တွင် သူ‌တောင့်ခံနိုင်စွမ်းကုန်ဆုံးနေပြီဖြစ်သည်။

ဆရာသခင်ထျန်းလုံ၏အကြည့်မှာ ပို၍တင်းမာလို့လာလေပြီ။

“ဖုန့်ချန်း သူ့ကိုလွှတ်ပေးလိုက်တော့”

အသံမှာတည်တည်ငြိမ်ငြိမ်ပင်ဖြစ်သော်လည်း နောက်ကွယ်မှသြဇာအာဏာမှာ ပြင်းထန်လှသည်။ သို့တိုင်အောင် ဖုန့်ချန်း၏လက်များမှာတော့ တုတ်တုတ်ပင်မလှုပ်။

“မလွှတ်ဘူးဆိုရင်ရော?”

ဖုန့်ချန်းသည် တစ်ဖက်လူကိုအေးစက်စက်စိုက်ကြည့်လိုက်ပြီး စိန်ခေါ်သောအပြုံးတစ်ပွင့်ကို လှစ်ပြလာသည်။

All Chapters