ထိုက်သင့်သော လျော်ကြေးငွေ
Vol. 6 Ch. 79
ဖုန့်ချန်း၏စကားကိုကြားလိုက်ရသောလူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ဤဖုန့်ချန်းကား ထျန်းလုံချီ၏ဒေါသကို ပေါ်တင်ဆွနေခြင်းပင်။
ဖုန့်ချန်း၏ အကြောက်အလန့်မရှိသောစကားလုံးများကိုကြားလိုက်ပြီးနောက် ထျန်းလုံချီ၏မျက်နှာမှာ မည်းမှောင်သွားလေတော့၏။
"ဖုန့်ချန်းက တကယ်စိတ်လွတ်သွားပြီပဲ"
"ဆရာသခင်ထျန်းလုံကိုတောင် တည့်တိုးသွားပြီးစိန်ခေါ်နေတာ တကယ်တိုက်ရင်သူနိုင်မယ်လို့များထင်နေလားမသိဘူး"
"ထျန်းလုံချီကို သူ့ပြိုင်ဘက်အဆင့်များမှတ်နေလားပဲ ကိုယ့်သေလမ်းကိုယ်ရှာနေတယ်"
ဖုန့်ချန်းသည် ထျန်းလုံမိသားစုကိုနည်းနည်းမှအမှုမထားဟန်ဖြင့် တိုး၍သာဆန့်ကျင်နေသည်မှာ လူအများကိုအံ့အားသင့်သွားစေသည်။
ယွမ်မိသားစုခေါင်းဆောင် ယွမ်ဟောင်သည်လည်း နံဘေးမှစိတ်ဝင်တစားရပ်ကြည့်နေသည်။ မျက်နှာထားမှာ အများနည်းတူမယုံနိုင်ဟန် အံ့အားသင့်ဟန်ရနေသော်လည်း မျက်လုံးများထဲတွင် ရွှင်မြူးရိပ်အနည်းငယ်ကိုမြင်တွေ့နိုင်ပေသည်။
ယွမ်ဟောင်မှာ ဖြစ်ပျက်နေသောပြဿနာများကိုကြည့်ရင်း စိုးရိမ်ကြောင့်ကြရမည့်အစား ဖျော်ဖြေပွဲဟုမှတ်ယူထားလေသလားမသိပါ။ ဘေးတွင်ခြံရံနေသော ယွမ်အကြီးအကဲများထံပင် ကိုယ်ကိုစောင်း၍ တီးတိုးပြောဆိုနေလိုက်သေးသည်။
"ဖုန့်ချန်းရဲ့သတ္တိကတော့ ချီးမွမ်းထိုက်ပါပေတယ် ထျန်းလုံမိသားစုကို တော်ရုံလူမဆန့်ကျင်ရဲဘူးလေ"
အကြီးအကဲကလည်း ခေါင်းကိုလျင်မြန်စွာညိတ်၍ ထောက်ခံလိုက်သည်။
"ဟုတ်ပါ့ဗျာ ဒါနဲ့ ဒီပွဲကပြင်းထန်မလားမသိဘူးနော် ခေါင်းဆောင်ဘယ်လိုထင်လဲ"
ယွမ်ဟောင်၏နှုတ်ခမ်းများကော့တက်လျက် ခပ်ပါးပါးပြုံးလိုက်သည်။
"ခုကတည်းကပြင်းထန်နေပါပြီ"
"ဖုန့်မိသားစုနဲ့ ဖုန့်ချန်းကတော့ အတော်ဟုတ်နေတာပါကလား ဒီလောက်သတ္တိကောင်းနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ထျန်းလုံချီ၏စကားလုံးများမှာ ကြက်သီးထဖွယ်အေးစက်လို့နေ၏။
ဖုန့်ချန်းကမူ ထျန်းလုံချီ၏စကားကိုကြားပင်မကြားလိုက်သည့်အလား ပျင်းတိပျင်းရွဲဟန်ပြုံးနေသည်။
ထျန်းလုံချီ၏မျက်နှာထားမှာ ကျောက်တုံးကဲ့သို့ မပြောင်းမလဲရှိနေသေးသော်လည်း သူ့အရှိန်အဝါကိုစတင်ဖြန့်ကျက်လို့လာပြီး ဤနေရာတွင်ရှိနေသောလူတိုင်းထံ သတိပေးချက်တစ်ခုပို့လွှတ်လိုက်သလိုပင်။
"ဒါက သူ့ဘက်ကိုယ့်ဘက်ညှိနှိုင်းနေတဲ့ကိစ္စမဟုတ်ဘူးဖုန့်ချန်း ငါမင်းကိုလွှတ်ပေးဖို့ပြောလာရင် မင်းအနေနဲ့ ပြောတဲ့အတိုင်းသာလုပ်ပေးလိုက်သင့်တယ် အကျိုးဆက်တွေကိုမသိချင်ဘူးဆိုရင်ပေါ့"
ထျန်းလုံချီသည် ပြောရင်းဆိုရင်းနှင့်ပင် အင်အားကောင်းလှသောချီစွမ်းအင်များကို တစ်ဟုန်ထိုးဖြန့်ထုတ်လာပြီး ဖုန့်ချန်းကိုဖိအားပေးရန်ရည်ရွယ်လိုက်သည်။
အနီးအနားရှိလူများမှာ ထျန်းလုံချီ၏အားကောင်းလှသောချီစွမ်းအင်လှိုင်းများနှင့် ပြင်းထန်သောဖိအားကြောင့် တုန်လှုပ်အံ့သြသွားကြရတော့၏။
ဓာတ်ကြီးသုံးပါးနတ်အဆင့် ထိပ်ပိုင်းကျင့်ကြံဆင့်သို့ရောက်ရှိနေကြသော ကျင့်ကြံသူများပင် ထျန်းလုံချီ၏အရှိန်အဝါမှ ခြိမ်းခြောက်မှုကို ခံစားသိမြင်နိုင်ကြသည်။
"ထျန်းလုံချီကတော့ တကယ်ကိုပဲ အရှေ့ပိုင်းဒေသရဲ့ အင်အားအကြီးဆုံးတွေထဲကတစ်ယောက်ဖြစ်ထိုက်ပါတယ် ချီစွမ်းအင်ပဲထုတ်ရသေးပေမယ့် ငါ့ဘက်ကဒူးထောက်ချင်ချင်ဖြစ်နေပြီ"
"သူ့အင်အားတွေ ထပ်ပြီးတောင်တိုးလာတဲ့ပုံပဲ ဒီအတိုင်းဆို ဝိဉာဉ်သန္ဓေအဆင့်ကိုချိုးဖျက်ဖို့လည်း သိပ်လိုတော့မယ်မထင်ဘူး"
"ဖုန့်ချန်းဒီအချိန်လောက်ဆို နောင်တရသင့်နေပြီ ဆရာသခင်ထျန်းလုံက အပီတွယ်တော့မယ့်ပုံပဲ"
သို့သော် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး၏ချီစွမ်းအင်များက ဝိဉာဥ်သန္ဓေအဆင်ကျင့်ကြံသူကို အဘယ်နည်းနှင့် ထိခိုက်နိုင်စေပါမည်နည်း?
ချီစွမ်းအင်သက်သက်ဖြင့် သူ့ကိုခြိမ်းခြောက်ရန်ကြိုးစားနေသောထျန်းလုံချီကို စေ့စေ့ကြည့်လျက် သူလှောင်ရယ်ရယ်လိုက်သည်။
"ကလေးသာသာ မဖြစ်စလောက်ချီစွမ်းအင်ဖိအားလေးနဲ့ ငါ့ကိုဖြဲခြောက်လို့ရမယ်ထင်တယ်ပေါ့လေ။ အဖိုးကြီး ခင်ဗျား အိုနေပြီ"
ဖုန့်ချန်းလှောင်ပြောင်လိုက်သည်။ သူ့အနေနှင့် စွမ်းအားပမာဏကိုထုတ်ပြဖို့စိတ်ကူးမရှိပေသည့် ဤအရူးအုပ်၏လက်မလျှော့ပုံနှင့်ဆိုလျှင် အသာနေလို့မရတော့ပေ။
ထျန်းလုံချီသည် သူ့ဖိအားအောက်တွင် ဖုန့်ချန်းတစ်ယောက် မည်သို့မျှမနေသည်ကိုမြင်သော် ခေတ္တမျှအံ့သြတကြီးဖြစ်သွားရသည်။ သို့သော် ထိုလူဆက်ပြောလာသောစကားများကြောင့် ဒေါသအမျက်ခြောင်းခြောင်းထွက်လာရတော့၏။
သူ့ဘဝတွင် တစ်ခါမျှဤသို့ အရှက်တကွဲအကျိုးနည်းမဖြစ်ခဲ့ရဘူးပေ။ အင်ပါယာတွင်းရှိ မည်သည့်အင်အားကြီးဂိုဏ်းဂဏမဆို သူ့ကိုတလေးတစားဆက်ဆံခဲ့ကြပြီး အရှေ့ပိုင်းဒေသအတွင်းမှ ထိုနာမည်ဖော်ပြဖို့ပင်မထိုက်တန်သည့်မိသားစုငယ်လေးက သူ့ကိုဤသို့စော်ကားမော်ကားပြုမူလာနေသည်။
(ဖုန့်ချန်းကဘယ်လိုလုပ် ငါ့ချီစွမ်းအင်တွေကို ရှိတောင်မရှိသလိုပြုမူနေနိုင်တာလဲ ငါရထားတဲ့သတင်းတွေကများ မှားနေသလား)
ထျန်းလုံချီမှာ စက္ကန့်ပိုင်းမျှတွေဝေသွားရသည်။ ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် ဖုန့်ချန်းအား ပိုင်ကျန်းကိုလွှတ်ပေးလောက်သည်အထိတော့ ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်ပင်။
ကြည့်ရသည်မှာ ဒီနေ့တော့စီစဥ်ထားသမျှ တစ်ခုမှအောင်မြင်မည့်ပုံမပေါ်ချေ။ မုန်တိုင်းဝိဉာဥ်နန်းတော်မှပေးပို့လာသော ဖုန့်ချန်း၏သတင်းအချက်အလက်များကိုပင် စစ်မှန်ရဲ့လားဟု သူသံသယဝင်မိလာသည်။
ထျန်းလုံချီသည် တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာပြီး ချီစွမ်းအင်များကိုလည်းပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုလူကိုသူမခြိမ်းခြောက်နိုင်မှန်း သေချာသွားသည့်အခါမှာတော့ ဆက်လုပ်နေရင် ပိုအရှက်ကွဲဖို့သာရှိပေတော့မည်။
"ဖုန့်ချန်း ဒါက အရှေ့ပိုင်းစီရင်စုစုဝေးပွဲပါ ဘာပဲဖြစ်ဖြစ် ပိုင်ကျန်းကို ဒီလိုဆက်ဆံနေတာမဖြစ်သင့်ဘူးလေ ပိုင်မိသားစုကို သူတို့ရဲ့လုပ်ရပ်အတွက် လျော်ကြေးငွေနဲ့ပဲဖြစ်ဖြစ် ပြန်လည်ပေးဆပ်ခိုင်းမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"
ထျန်းလုံချီက ဆက်လက်ညှိနှိုင်းလာသည်။
"လျော်ကြေးငွေကို ရွေဒင်္ဂါးတစ်သိန်းအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်ရော ဒီအဖြစ်အပျက်ကိုမေ့ဖျောက်ပေးနိုင်မလား"
ထျန်းလုံချီက ပြောလာသည်။
"ဆရာသခင်ထျန်းလုံ ခင်ဗျားမလုပ်-အားးး"
ပိုင်ကျန်းကတော့ ထိုအဆိုကို သဘောတူချင်ပုံမရပေ။
အရှက်ခွဲခံရပြီး နာကျင်အောင်နှိပ်စက်ခံရရုံသာမက လုပ်သည့်တရားခံကိုပင် လျော်ကြေးငွေပြန်ပေးရဦးမည်ဆိုပါလား?
ထို့အပြင် ရွေဒင်္ဂါးတစ်သိန်းဆိုသည်မှာ ပိုင်မိသားစုအတွက် တော်တော်အထိနာမည့်ပမာဏပင်။
"အား-ဟုတ်ပြီ ဟုတ်ပြီ သဘောတူတယ် ပေးပါ့မယ်"
လက်ကောက်ဝတ်မှ တိုးသည်ထက်တိုးလာသောနာကျင်မှုကြောင့် ခေါင်းညိတ်ရုံကလွဲပြီး သူဘာမှမတတ်နိုင်ပါချေ။
-ဂျွတ်
ဖုန့်ချန်းကတော့ လွှတ်ပေးဖို့နေနေသာသာ ပို၍ပင်ဖိချိုးလာသည်။
"ဖုန့်ချန်း ငါသဘောတူတယ်လို့ပြောပြီးပြီလေ ငါ့ကိုလွှတ်-အားးးး"
"ဟာသပဲ မင်းတို့ဘာသာ အရူးချီးပန်း လျှောက်ပြောပြီး ဆုံးဖြတ်နေတာ၊ ငါကသဘောတူတယ်လို့ ပြောမိလိုက်လို့လား"
ဖုန့်ချန်းက တစ်ခွန်းတည်းဖြင့်တုံ့ပြန်လာသည်။
ထျန်းလုံချီ၏မျက်နှာအရောင်မှာ တစ်ဖန်မည်းနက်သွားပြန်လေပြီ။ သူ့ဘက်မှအတတ်နိုင်ဆုံးလိုက်လျောပေးထားတာတောင် ထိုလူကမကျေနပ်နိုင်သေးပေ။
ဖုန့်ချန်း၏အာခံမှုများကို လျစ်လျူရှုပေးလိုက်ရုံသာမက လျော်ကြေးငွေတစ်ခုကိုပင် ညှိနှိုင်းပေးခဲ့သော်လည်း ထိုသူက မသိတတ်စွာငြင်းဆန်ရဲသေးသည်။ ထျန်းလုံချီမှာ ဒေါသဖြင့်ရှူးရှူးရှားရှားဖြစ်လာတော့သည်။
"ဖုန့်ချန်း မင်းဘာထပ်လိုချင်သေးတာလဲ အားလုံးရဲ့အချိန်ကိုဆက်ဖြုန်းမနေတော့ဘဲ ပြောစရာရှိတာတည့်ပြောလိုက်တော့"
ထျန်းလုံချီအတွေးထဲတွင် သူရှင်း၍မနိုင်တော့သောဖုန့်ချန်းကို အခြားမိသားစုများနှင့်ရန်လှည့်တိုက်ရန်တစ်နည်းသာကျန်တော့သည်ဟု တွေးနေမိသည်။
"ဟမ့် ကျုပ်ကရော အချိန်ဖြုန်းချင်လို့ဖြုန်းနေရတယ်ထင်သလား"
ဖုန့်ချန်းက ထီမထင်ဟန်ဖြင့်ပင် ဆက်ပြောလာသည်။
"ပိုင်ကျန်းဘက်ကသာစမနှောင့်ယှက်ခဲ့ရင် ကျုပ်လည်းဒါတွေဆက်လုပ်စရာအကြောင်းမရှိပါဘူး သူ့လိုကောင်ကိုအကြောင်းမဲ့နှိပ်စက်နေရအောင်ထိ ကျုပ်က ခင်ဗျား မိန်းမလို အားယားမနေဘူး"
ဖုန့်ချန်းကဆက်ပြောလာသည်။
"ကောင်းပါပြီ ကျုပ်လည်းအချိန်မရှိတော့တာမလို့ လျော်ကြေးငွေကိစ္စကိုသဘောတူပါတယ် ဒါပေမယ့်ဈေးကိုတော့မြှင့်ရလိမ့်မယ် ရွေဒင်္ဂါးနှစ်သိန်းပဲ တစ်ပြားမှမလျော့ရဘူး"
ဖုန့်ချန်းစကားဆုံးသည်နှင့် ပိုင်ကျန်းမှာ ဒူးအစုံထောက်ကျလုဆဲဆဲပင်။
ထိုသူ့မျက်နှာမှာ ပြိုတော့မည့်မိုးအလား။
ရွေဒင်္ဂါးနှစ်သိန်း? မင်းငါ့ကိုလာနောက်နေတာလား?
တစ်သိန်းကိုပင် တော်တော်လွန်နေပြီဟု သူခံစားရသော်ငြား နှစ်သိန်းတောင်းလာတော့လည်း သူဘာလုပ်နိုင်အံ့နည်း? သဘောတူရုံသာပင်။
ရွေဒင်္ဂါးနှစ်သိန်းဆိုသည်မှာ သူအနှစ်နှစ်အလလကစုဆောင်းထားသော ရတနာများကိုအပြောင်ရှင်းရန်နှင့် ပိုင်မိသားစုဒေဝါလီခံရစေရန်အတွက် ကောင်းကောင်းကြီးလုံလောက်ပါပေသည်။
"ဖုန့်ချန်း မင်းငါ့ကိုဓားပြသာတိုက်လိုက်ပါတော့လား -အားးးး"
ပိုင်ကျန်းမှာ ပြောချင်တာပြောအပြီး နာကျင်မှုဖြစ်အော်ဟစ်ငိုကြွေးလာသည်။
"မင်းမတတ်နိုင်ရင် အစကတည်းကလာမစနဲ့ပေါ့"
ဖုန့်ချန်းကအေးစက်စက်ပင် ပြန်ပြောလိုက်သည်။
ဖုန့်ချန်း၏စကားလုံများအောက်တွင် ပိုင်ကျန်းမှာ ငိုချချင်စိတ်ပေါက်လာရသည်။ သူလည်းအချိန်ကိုနောက်ပြန်ဆုတ်နိုင်မည်ဆိုလျှင် အသက်ဆယ်သက်ပါနေရင်တောင် ထိုသူကိုသွားမစဝံ့တော့ပါ။
တတိယမင်းသားညွှန်ကြားသမျှလိုက်လုပ်ရန် သူ့ကိုဘယ်သူကတွန်းအားပေးခဲ့တာလဲ? ဖုန့်ချန်းက အကြီးအကဲကျိုးထျန်းဟွာကို လှည့်ကွက်တွေသုံးပြီးသတ်ခဲ့တဲ့ သူရဲဘောကြောင်ကောင်လို့ သူ့ကိုဘယ်သူကလာအယုံသွင်းလိုက်တာလဲ?
(ချီးပဲ ဒါတွေအကုန်လုံးအတွက် တတိယမင်းသား ငါ့ကိုပြန်အလျော်ပေးဖို့ မျှော်လင့်ရမှာပဲ)
လောလောဆယ် ဖုန့်ချန်းစကားမှန်သမျှကို လိုက်လျောရုံသာတတ်နိုင်တော့သည်မလို့ သူ၏ကျောထောက်နောက်ခံတတိယမင်းသားမှ သူ့ကိုပြန်လည်ငဲ့ကြည့်ဖို့သာ ဆုတောင်းရပေတော့မည်။
"ကောင်းပြီ ကောင်းပြီ ငါမင်းကိုရွေဒင်္ဂါးနှစ်သိန်းပေးပါ့မယ် အခုတော့ငါ့ကိုလွှတ်ပေးလိုက်ပါတော့" ပိုင်ကျန်းမှာ လက်ကျိုးတော့မတတ်ဒဏ်ကိုမခံနိုင်တော့သည့်အလား တုန်တုန်ယင်ယင်ဖြင့်အသနားခံလာ၏။
ဖုန့်ချန်းလည်းသူ့ကို လွှတ်ပေးလိုက်ပါသည်။ ပိုင်ကျန်းမှာ တုန်ယင်စွာဖြင့်နောက်သို့ဆုတ်သွားပြီး နာကျင်မှုကြောင့်ဖြူဆုတ်နေသောမျက်နှာဖြင့်ပင် လေကိုအသည်းအသန်ရှူသွင်းနေရသည်။
"မင်းကိုလွှတ်ပေးလိုက်ပြီး ဒါပေမယ့် တစ်ခုတော့မှတ်ထား ပိုင်ကျန်း" ဖုန့်ချန်းကသတိပေးလာသည်။
"နောက်တစ်ခါ ငါတို့ကိုပြဿနာလာရှာရဲမယ်ဆိုရင်တော့ ထပ်ပြီးအလျှော့မပေးနိုင်လောက်တော့ဘူး"
ပိုင်ကျန်းမှာ အားတက်သရောခေါင်းညိတ်လက်ခံလာသည်။ ဘုရားကစေခိုင်းမည်ဆိုလျှင်တောင် သူထပ်လုပ်ရဲဖို့သတ္တိမရှိတော့ပါချေ။
"ငါ-ငါနားလည်ပါပြီ နောက်ထပ်လုံးဝမနှောင့်ယှက်တော့ဘူး"
လက်ရှိအခြေအနေကနေထွက်ပြေးဖို့အတွက်သာ စိတ်ရောက်နေပြီး စကားများမှာလည်းထစ်အထစ်အနှင့်ပင်။
ပိုင်ကျန်းတစ်ယောက် ဒယိမ်းဒယိုင်ဖြင့် လူအုပ်ကြားသို့ပြန်လျှောက်သွားသော် လှောင်ပြောင်သနားဟန်အကြည့်များက သူ့နောက်ကျောသို့ ကပ်ပါလာကြတော့၏။
ပိုင်ကျန်းဤသို့ အရှက်တကွဲအဖြစ်နှင့်ကြုံရမည်ဟု မည်သူမှထင်မှတ်မထားခဲ့ပါ။ စုဝေးပွဲအပြီးတွင် ပိုင်မိသားစုမှာလည်း ဂုဏ်သိက္ခာအဖတ်ဆယ်လို့ရမှာမဟုတ်တော့သလို မျက်နှာပင်ထွက်ပြရဲတော့မည်မထင်ပါ။
ဒါပေမယ့် ဘယ်သူ့ကိုများသွားအပြစ်တင်နိုင်မှာတဲ့လဲ? သူတို့လုပ်ရပ်ကို သူတို့ကိုယ်တိုင်ပဲတာဝန်ယူရမှာပါပဲ။
ဦးနှောက်ကိုမသုံးတဲ့လူက မသုံးတဲ့အလျောက် အကျိုးဆက်ကိုခံစားရပေမည်။