← Chapters

ယွမ်ကျိရန်

Vol. 6 Ch. 80

ယွမ်ကျိရန်

Vol. 6 Ch. 80

ဖုန့်ချန်းနှင့် ထျန်းလုံချီကြားမှ ပြင်းထန်သောထိပ်တိုက်ရင်ဆိုင်ပွဲအပြီးတွင် အရှေ့ပိုင်းစုဝေးပွဲမှာ ပုံမှန်လိုပင်ဆက်လက်ကျင်းပလျက်ရှိလေသည်။ ရန်ပွဲ၏တင်းမာမှုမှာ လေထုထဲတွင်ဝေ့ဝဲကျန်ရှိနေသေးသော်ငြား လူအုပ်ကြီးမှာတော့ အစောကလိုဝိုင်းဖွဲ့မနေတော့ဘဲ လူစုကွဲသွားပြီး အချင်းချင်းသာတီးတိုးဆွေးနွေးနေကြတော့၏။

ဖုန့်ချန်းနှင့် ဖုန့်အကြီးအကဲတို့၏ အင်အားမှာ လူတိုင်းကိုအံ့အားသင့်သွားစေသည်။ အထူးသဖြင့် တစ်ချိန်ကအထင်လေးလှောင်ပြောင်ခဲ့ကြသူများကိုပင်။

ဖုန့်ချန်းအင်အားမည်မျှကြီးမားလှပါပေသည်ဟူသော ကောလဟာလသတင်းများကို နားနှင့်မဆံ့အောင်ကြားခဲ့ရပါသော်လည်း လူချင်းတွေ့သော် ငယ်ရွယ်နုနယ်ဟန်ရသောထိုလူငယ်လေးအား သူတို့သိပ်အထင်မကြီးခဲ့ကြပါ။

ထိုအဖြစ်အပျက်အပြီးမှာတော့ ဖုန့်ချန်းအပေါ်ထင်မြင်ချက်များ စတင်ပြောင်းလဲလာကြတော့သည်။ ဤလူငယ်သည်ကား နုနယ်သေးသည်မှန်သော်လည်း မည်သူ့ကိုမျှဦးမညွှတ်မည့် အင်အားကြီးမိသားစုခေါင်းဆောင်တစ်ဦးပင်။

မည်သို့ပင်ဖြစ်စေ အခြားမိသားစုများမှာ ဖုန့်မိသားစုနှင်ဝေးဝေးနေဖို့ကိုတော့ အတတ်နိုင်ဆုံးကြိုးစားလာကြသည်။ ထျန်းလုံမိသားစုကိုလည်း သူတို့မစော်ကားရဲသလို ဖုန့်မိသားစု၏ရန်သူကြီးများကိုလည်း သူတို့မထိပါးရဲပါ။ တစ်ချိန်တည်းမှာပင် ဖုန့်ချန်းကိုလည်းရန်သွားမစရဲတော့ပါ။

မိသားစုအများစုမှာ ပိုင်မိသားစုနှင့် အင်အားအတူတူလောက် သို့မဟုတ် ပို၍ပင်အားနည်းသည့်အဆင့်တွင် ရှိကြတာဖြစ်၏။

ဖြစ်ပျက်ပြီးသမျှကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပြီးနောက်တွင် သွားမထိသင့်သည့်လူအမျိုးအစားကို သူတို့ရှင်းရှင်းလင်းလင်းခွဲခြားတတ်ပါသေးသည်။

ဆန်းကြယ်မီး‌တောက်ဂိုဏ်း၏ခြေထောက်ကို ဖက်နိုင်လိုဖက်နိုင်ငြား ဖုန့်မိသားစုအားအခက်တွေ့အောင်ပြဿနာရှာရန်ကြံစည်ထားသည့် အခြားမိသားစုများအတွက်တော့ ယနေ့သည်ကား ကံကောင်းခြင်းကြီးတစ်ရပ်ပင်။

ပိုင်မိသားစုက သူတို့ထက်အရင်လက်ဦးသွားပြီး ပညာပြခံလိုက်ရသဖြင့် သူတို့၏ရေစုန်မျောခါနီးကံကြမ္မာကို အဖတ်ဆယ်ခွင့်ရလိုက်ကြသည်။ စောနကအရှက်ခွဲခံလိုက်ရသော ပိုင်မိသားစု၏နေရာတွင် သူတို့မိသားစုလည်း ဖြစ်သွားနိုင်သည်ပင်။

ဆန်းကြယ်မီးတောက်ဂိုဏ်းကို ဖြတ်လမ်းဖြင့်ကပ်ရန် ဖုန့်မိသားစုအားဒုက္ခပေးဖို့ကြိုတင်ကြံစည်ထားကြသော မိသားစုတိုင်းမှာ သူတို့၏အကြံအစည်များကို ဝေးဝေးလွှင့်ပစ်ရန်သာတတ်နိုင်တော့၏။

တစ်ဖက်တွင်မူ ပိုင်မိသားစုမှာ အရှောင်ကျဥ်ခံ အပယ်ခံလေးများဘဝသို့ ကျရောက်သွားရလေပြီ။

ထိုပြဿနာအပြီးတွင် ပိုင်မိသားစုနှင့် မည်သူမျှ အဆက်အစပ် အပက်အသက်မလုပ်လိုတော့ကြောင်း ထင်ရှားလှပေ၏။

ထျန်းလုံချီထွက်ခွာသွားပြီးနောက်တွင် ဖုန့်မိသားစုမှာလည်း လာရောက်နှုတ်ဆက်စကားဆိုမည့်သူတစ်ဦးမှမရှိပါဘဲ ကျန်ရစ်ခဲ့တော့သည်။

ဖုန့်ချန်းသည်လည်း သူတို့နှင့်မိတ်ဆွေလုပ်ဖို့စိတ်ကူးရှိမနေပါပေ။ ဤစုဝေးပွဲသို့တက်ရောက်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ဖုန့်မိသားစုမှလွဲ၍ အခြားတက်ရောက်နိုင်မည့်မိသားစု မရှိတော့သောကြောင့်ပင်။

အခြားမိသားစုများနှင့် မဟာမိတ်ဖွဲ့ရန် ဘာညာကွိကွညှိနှိုင်းပေါင်းစည်းရေးများလုပ်ရန် သူတစ်ခုမှစိတ်မဝင်စားပါ။ ထို့အပြင် အရှေ့ပိုင်းစီရင်စုစုဝေးပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်လာခြင်းဖြစ်၍ နှုတ်ဆက်စရာမိတ်သဟာလည်း တစ်ဦးမျှရှိမနေပါ။

ထို့ကြောင့် တိတ်ဆိတ်သည့်နေရာတစ်ခုကိုရှာ၍ ပြိုင်ပွဲမစခင်အထိ ထိုင်စောင့်နေဖို့သာရှိပေတော့၏။

ဖုန့်မိသားစုဝင်များလည်း ဖုန့်ချန်းနောက်သို့အစီအရီလိုက်လာကြပြီး မိသားစုခေါင်းဆောင်နှင့်အကြီးအကဲများ နေရာယူပြီးချိန်တွင် သူတို့လည်းအတူဝိုင်းထိုင်လိုက်ကြတော့သည်။ ဖုန့်မျိုးဆက်သစ်လေးများမှာလည်း သိကျွမ်းခင်မင်သူတစ်ဦးမျှမရှိသေးသဖြင့် အချင်းချင်းစကားစမြည်ပြောနေကြရုံသာ။ ပြောရင်းဆိုရင်း အခြားမိသားစုများထံသို့လည်း တစ်ချက်တစ်ချက် လှမ်းအကဲခတ်ကြည့်ရသေး၏။ အထူးသဖြင့် သူတို့နှင့်ပြိုင်ဘက်ဖြစ်လာနိုင်မည့် လူငယ်ပိုင်းများထံသို့။

တစ်ခြားလုပ်စရာလည်းမရှိသဖြင့် အချင်းချင်းစကားပြောနေရင်းသာ လူစုံလို့ပွဲစမည့်အချိန်ကို စောင့်ဆိုင်းနေကြရုံပင်။

ပြဿနာဖြစ်ပွားပြီး အခြေအနေပြန်တည်ငြိမ်စတွင် ယွမ်ဟောင်၏သမီးဖြစ်သူ ယွမ်ကျိရန်သည် ဟုန်လျန်း၊ ယွမ်လင်းတို့နှင့်အတူ ပွဲသို့ရောက်လာတော့သည်။

များသောအားဖြင့် သူမ၏အချိန်အများစုကို ဆန်းကြယ်မီးတောက်ဂိုဏ်းတွင် ကျင့်ကြံအားထုတ်နေရင်း ကုန်ဆုံးတတ်ပြီး အားလပ်ချိန်လည်ဖို့ပတ်ဖို့မှာ မတွေးနိုင်အားသလောက်ပင်။

ရှားရှားပါးပါးရလာသော အားလပ်ရက်လေးဖြစ်သဖြင့် သူမမှာ ချင်းယွင်မြို့တစ်ဝိုက်သို့ လှည့်လည်စူးစမ်းနေခဲ့တာဖြစ်၏။

ထို့ကြောင့် ပွဲမစမီအချိန်လေးအတွင်းမှာမှ ထျန်းလုံစံအိမ်သို့ အချိန်မီပြန်ရောက်လာခဲ့ခြင်းပင်။

ယွမ်ကျိရန်သည် လူအုပ်ကြားထဲသို့မျက်လုံးကစားလိုက်ပြီး ဖခင်ဖြစ်သူကိုရှာဖွေသော် အကြီးအကဲများနှင့်စကားကောင်းလျက်ရှိသောခေါင်းဆောင်ယွမ်အား တွေ့လိုက်ရသည်။

ဖခင်ဖြစ်သူထံဦးတည်သွားနေစဥ် စုဝေးပွဲ၏လေထုမှာ အစောကနှင့်အတူ အနည်းငယ်ကွဲပြားနေတာကို သူမခံစားလိုက်မိသည်။

"ဖေဖေ ဘာလို့အခြေအနေကြီးက တင်းမာနေတာလဲ"

ပုံမှန်မဟုတ်သော စုဝေးပွဲလေထုကြောင့် သူမမေးခွန်းထုတ်လိုက်မိသည်။ ယခင်နှစ်များတွင် ပွဲမစခင်အချိန်တွင် လူတိုင်းမှာ စကားဖောင်ဖွဲ့လျက် ရောနှောမိတ်ဖွဲ့လျက် စည်ကားသိုက်မြိုက်လေ့ရှိခဲ့ကြသောလည်း အခုချိန်တွင်တော့ တစ်စုံတစ်ခုကိုသတိထားလျက် ပြုမူပြောဆိုနေကြရဟန်ပေါ်လေသည်။

"ဟားဟား ဟုတ်ပါ့သမီးရယ် တစ်ခုခုဖြစ်သွားလို့ပေါ့"

ယွမ်ဟောင်က မြူးထူးစွာပြောလာသည်။ "သူတို့ဖြစ်တဲ့ပြဿနာလေ"

ယွမ်ဟောင်ကပြောရင်းဆိုရင်း ဖုန့်မိသားစုကိုညွှန်ပြလာသည်။ ယွမ်ကျိရန်ကြည့်လိုက်သော် လူစုလူဝေးနှင့် ခွဲထွက်နေသည့် ဖုန့်မိသားစုကိုမြင်တွေ့လိုက်ရ၏။

ပထမဆုံးမြင်ဖူးသောမိသားစုဖြစ်သဖြင့် မည်သူတွေမှန်း သူမမသိသေးသော်ငြား အလံများထက်မှ ဖုန့်ဟူသောစာလုံးကိုမြင်လိုက်ရသော် သူမမျက်လုံးများမှာ အံ့သြရိပ်ဖြင့်ပြူးကျယ်သွားရသည်။

"ဖုန့်? ဖုန့်ယွင်လား"

ဖုန့်မိသားစုဖြစ်ကြောင်း သူမသ‌ဘောပေါက်သွားသည်နှင့် လွှတ်ခနဲ‌ရေရွတ်မိသွား၏။ လင်းမေယု၏ တစ်ချိန်ကသက်ဆိုင်သူ တစ်ချိန်ကသတို့သားလောင်းကြီး ဖုန့်ယွင်၏မိသားစုပင်။

ဖုန့်မေနှင့် ကလူကျီစယ်လျက်ကြည်နူးနေသည့်ဖုန့်ယွင်မှာ သူ့နာမည်ကိုတစ်ယောက်ယောက်ကခေါ်လိုက်သံကြားသဖြင့် လှည့်ရှာကြည့်သော်ငြား သူ့ကိုဦးတည်နေသူတစ်ယောက်မှမတွေ့ရသဖြင့် နားကြားလွဲသည်ဟုသာမှတ်ယူလိုက်တော့သည်။

"ဖုန့်မိသားစုဟုတ်လား ဘယ်မှာလဲ"

ယွမ်ကျိရန်၏စိတ်လှုပ်ရှားမှုကိုမြင်လိုက်သော ဟုလျန်းမှာလည်း စိတ်အားထက်သန်စွာစပ်စုမေးမြန်းလျက် လိုက်ရှာလာသည်။ မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်ခေါင်တင်ပါရမီရှင်အား ကွာရှင်းပြတ်စဲခဲ့သူကို နောက်ဆုံးတော့ကိုယ်တိုင်ကိုယ်ကျတွေ့ရတော့မည်ပင်။

ယွမ်လင်းသည်လည်း ယွမ်ကျိရန်ကြည့်နေသာဘက်ကိုလိုက်ကြည့်သော် ဖုန့်မိသားစုကိုတွေ့လိုက်ရသည်။

"အင်း.. မိသားစုခေါင်းဆောင်က အတော်လေးငယ်သေးတာပဲ"

ယွမ်လင်းက တီးတိုးမှတ်ချက်ပြုလိုက်သည်။ များသောအားဖြင့် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့တက်လှမ်းနိုင်ပြီးဖြစ်သော မိသားစုခေါင်းဆောင်များမှာ အသက်၅၀နှင့် ၆၀ပတ်လည်တွင် ရှိတတ်ကြတာဖြစ်သည်။

ဖုန့်ချန်း၏ငယ်ရွယ်သောသွင်ပြင်သည် စုဝေးပွဲသို့တက်ရောက်လာကြသော လူအိုခေါင်းဆောင်ကြီးများကြားတွင် ထူးဆန်းစွာကွဲထွက်နေသေည်ပင်။

ယွမ်ကျိရန်က ဖုန့်မိသားစုကိုစေ့စေ့စပ်စပ်ကြည့်လျက် ဖုန့်ယွင်ကို ကျီးကန်းတောင်းမှောက်လိုက်ရှာတော့သည်။ ဖုန့်မိသားစုမှန်းသိလိုက်ရသော်ငြား ထိုဖုန့်ယွင်ကမည်သူမှန်းတော့ သူမမသိနိုင်သေးပါလေ။

သို့သော် ထိုမိသားစုထဲမှ ထူးကဲစွာချောမောခန့်ညားသော လူငယ်တစ်ဦးကိုသူမမြင်လိုက်ရပြီး နှစ်ခါပြန်ပင်ငေးမောမိသွားတော့၏။ ထိုသူမှာဖုန့်ယွင်ဖြစ်မှန်းတော့ သူမလည်းမသိ‌သေးပါပေ။

"ဖေဖေ ဘာဖြစ်သွားတာလဲပြောပြဦး" လေထုဒီလောက်တင်းမာသွားအောင် ဖုန့်မိသားစုဘာများလုပ်လိုက်သလဲ သူမသိချင်စမ်းလှသည်။

ဖြစ်ပျက်သွားသည့်အကြောင်းစုံကို ယွမ်ဟောင်ကဖြည်းဖြည်းချင်းရှင်းပြလာပြီး ဖုန့်ချန်းကိုချီးကျူစကားပင်ဆိုလိုက်သေးသည့်အတွက် ယွမ်ကျိရန်မှာ အံ့သြစိတ်ပျက်သွားရ၏။

ဖုန့်ယွင်ကို နဂိုကအမြင်မကြည်သည့်အတွက် ဖုန့်ယွင်နှင့်ပက်သက်နေသော ဖုန့်ချန်းအပါအဝင် ဖုန့်မိသားစုတစ်ခုလုံးကို သူမအထင်ကြီးမနေပါ။

ဖုန့်ယွင်နှင့် အခြားမိသားစုဝင်များလည်း ထိုနည်း၎င်းပင်။ စေ့စပ်ပွဲဖျက်သိမ်းရန်လာရောက်ခဲ့ကြသည့် လင်းမေယုနှင့် နောက်ပါတပည့်သားများ၏အပြုအမူကြောင့် ဆန်းကြယ်မီးတောက်ဂိုဏ်းတစ်ခုလုံးကို သူတို့အမြင်ကြည်မနေကြပါ။

လင်းမေယု၏လုပ်ရပ်များနှင့် မည်သို့ပင်မဆက်စပ် မပက်သက်သူ ဖြစ်နေလျှင်တောင် ထိုဂိုဏ်းဝင်အဖွဲ့သားဖြစ်သည်နှင့် သူတို့ရွံရှာစက်ဆုပ်ကြပေမည်။

ထိုသို့သော အငြှိုးကြီးရန်ဘက်ကြီးများဖြစ်နေချိန်တွင် ဖခင်ဖြစ်သူကဖုန့်ချန်းကိုချီးမွမ်းမဆုံးသောကြောင့် ယွမ်ကျိရန်မှာစိတ်ပေါက်လာတော့၏။

"ဖေဖေ သူတို့ကိုဘာကိစ္စချီးကျူးနေတာလဲ ကိုယ့်နေရာကိုယ်မသိဘဲ ဘဝင်မြင့်နေတဲ့အောက်တန်းစားတစ်သိုက်ပဲကို"

အကြောင်းစုံကြားသိရပြီးနောက် ပိုင်မိသားစုဘက်ကအမှားစတင်ကျူးလွန်ခဲ့သည်မှန်း သိလိုက်ရသော်ငြား ဖုန့်မိသားစုကိုအမြင်မကြည်ရင်းစွဲရှိသည်မလို့ ဖုန့်ချန်းအမှားဟုသာ တပ်အပ်စွပ်စွဲလိုက်သည်။

"ဟားဟား ဘယ်သူကကိုယ့်နေရာကိုယ်မသိလဲတော့ ငါလည်းမပြောနိုင်ပေမယ့် ဒီတစ်ခေါက်မှာတော့ ကိုယ့်နေရာကိုယ်မသိဘဲ အကျနာသွားတာတော့ ပိုင်ကျန်းပဲကွ"

All Chapters