အရှေ့ပိုင်းစီရင်စု စုဝေးပွဲ
Vol. 6 Ch. 81
သိပ်ကြာကြာမစောင့်လိုက်ရပါ။ ဖိတ်ကြားထားသောမိသားစုအားလုံး ထျန်းလုံစံအိမ်သို့ လူစုံတက်စုံရောက်ရှိနေကြပြီဖြစ်ပါ၏။
ယွမ်ကျိရန်ကဲ့သို့ နောက်မှရောက်လာပြီး ရန်ပွဲကိုမမီလိုက်သောလူအချို့သည်လည်း စုဝေးပွဲ၏ခပ်တောင့်တောင့်အနေအထားကိုသတိထားမိကြဟန်ဖြင့် ရောက်နှင့်နေသောမိတ်ဆွေများထံ စပ်စုမေးမြန်းလာကြသည်။
ရောက်နှင့်နေကြသူများကလည်း ဖြစ်ပျက်ပြီးသမျှကိုပြောပြလာကြပြီး ဖုန့်မိသားစုနှင့်ဝေးဝေးနေဖို့ပါ တစ်ပါတည်းမှာကြားလာကြသည်။
အကြောင်းစုံကိုကြားသိပြီးနောက် ထိုလူများမှာ အံ့သြထိတ်လန့်သွားကြဟန်ရှိပြီး ဖုန့်မိသားစုကိုကြည့်သည့်အကြည့်များကအစ ပြောင်းလဲလာကြသည်ပင်။
ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ပြဿနာအကြီးကြီးတက်ထားသည့်မိသားစုဖြစ်သည့်အလျောက် ဖုန့်မိသားစုကို သူတို့အလိုလိုအထင်သေးစိတ်အခံရှိထားကြသော်ငြား ယခုကြားသိရသလောက်တော့ သူတို့လက်လွတ်စပယ်သွားရှုပ်လို့ရမည့် မိသားစုမျိုးမဟုတ်လှပေ။
ထို့အပြင် ငယ်ရွယ်နုပျိုသောခေါင်းဆောင်ကိုမြင်လိုက်ရသော် ပိုလို့ပင်အံ့သြသွားကြရ၏။ လူငယ်ပိုင်းအသက်အရွယ်တွင်သာရှိသေးသော မိသားစုခေါင်းဆောင်တစ်ဦးသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီး အကြီးအကဲကျိုးထျန်းဟွာလိုလူကိုပင် အနိုင်ပိုင်းလက်စတုံးနိုင်ခဲ့သေးသည်။ အနာဂတ်တက်လမ်းမှာ ကြမ်းတမ်းသလောက် မြင့်မားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဖုန့်မိသားစုကို ဘယ်သူမျှမိတ်သွားမဖွဲ့ရဲကြတော့ပေ။ တစ်ချိန်တည်းမှာပဲ ဘယ်သူမှရန်သွားမစရဲကြတော့ပါ။
မှောင်စပျိုးလာချိန်တွင် စုဝေးပွဲခန်းမ၏တံခါးများကို အလုံးစုံဖွင့်ဟပေးလိုက်ပြီး မိသားစုခေါင်းဆောင်များနှင့် ကိုယ်စားပြုပုဂ္ဂိုလ်များကို ဝင်ခွင့်ပြုလိုက်တော့လေသည်။
ချိတ်ဆွဲထားသောမီးအိမ်တို့ထံမှ အလင်းရောင်များက ထျန်းလုံစံအိမ်ကို ခမ်းနားစွာဝင့်ကြွားတောက်ပနေစေပြီး ခြံဝင်းကျယ်အတွင်း အရိပ်ရှည်ရှည်များထိုးကျလျက်ရှိစေ၏။
အိမ်တော်၏ဗဟိုကျကျနေရာတွင် တည်ရှိနေသော စုဝေးပွဲခန်းမမှာ ထျန်းလုံစံအိမ်၏ သြဇာအာဏာနှင့်ကြွယ်ဝမှုကို လှစ်ဟဖော်ပြနေသကဲ့သို့ပင်။
ထျန်းလုံစံအိမ်မှာ ဖုန့်မိသားစုစံအိမ်နှင့်ယှဥ်လျှင် များစွာကြီးကျယ်ခမ်းနားပြီး အဆင်အယင်များအတွက် လက်တစ်ချက်မတွန့်ဘဲ ဖောဖောသီသီသုံးစွဲထားနိုင်ကြောင်း သိသာစေလှသည်။
မြင့်မားလှသောနံရံများနှင့် အသေးစိတ်စီခြယ်တည်ဆောက်ထားသော စံအိမ်ခေါင်မိုးများမှာ ညအချိန်တွင် ကောင်းကင်ထက်တလူလူလွင့်တက်တော့မယောင် မျက်စိလှည့်စားနေလျက်။ ညနေလေအေးအေးတွင် ရွှေရောင်နှင့်ကြက်သွေးရောင် အချိုးကျရောစပ်ထားသော အလံခေါင်းစည်းများမှာ တဖျပ်ဖျပ်လွင့်ထူလျက်ရှိကြသည်။
ဖုန့်မိသားစုစံအိမ်မှာ သပ်ရပ်ခမ်းနားသော်ငြား အနည်းငယ်နှိမ့်ချထိန်းသိမ်းထားသယောင်မြင်သာစေပြီး ထျန်းလုံစံအိမ်မှာမူ လူချမ်းသာတို့၏အလွန်အကျွံ စံစားသုံးဖြုန်းနိုင်မှုတို့ဟ လှစ်ဟဖွင့်ပြထားသကဲ့သို့ပင်။
ကြမ်းပြင်ကို ကျောက်စိမ်းကြွေပြားများဖြင့် တန်ဆာဆင်ခင်းကျင်းထားပြီး အခန်းတိုင်းတွင် ရှားပါးလှသောရှေးဟောင်းအမွေအနှစ်ပစ္စည်းများဖြင့် အလှဆင်လို့ထား၏။
စုဝေးပွဲခန်းမတစ်ခုလုံးကို နဂါးရုပ်တို့လိမ်ပတ်လျက်ရှိသောတိုင်လုံးများ ပေါလစ်တင်ထားသောကျောက်စိမ်းလှေကားများဖြင့် အဆင့်ဆင့်တည်ဆောက်ဖွဲ့စည်းလို့ထားပြီး လူရာပေါင်းများစွာကို ချောင်ချောင်ချိချိ စီစဥ်နေရာပေးနိုင်သည်အထိ ကျယ်ဝန်းသည်။
ဖုန့်မိသားစုဝင်များအပါအဝင် ဒီနှစ်မှပထမဆုံးတက်ရောက်ခွင့်ရသူ မိသားစုများမှာ ထျန်းလုံစံအိမ်၏ကြွယ်ဝမှုကိုမျက်မြင်တွေ့လိုက်ရသော် အံ့သြမင်သက်ကုန်ကြ၏။
"ဝိုး"
ဖုန့်မေမှာ အံ့သြခြင်းကြီးစွာဖြင့် တဝိုးဝိုးတဝါးဝါး ရေရွတ်လို့နေသည်။ ဤမျှခမ်းနားတောက်ပသောစံအိမ်မျိုးကို ဤတစ်သက်တွင် ပထမဆုံးအကြိမ်မြင်ဖူးခြင်းပါပေ။
ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျိလန်တို့သည်လည်း အသက်၇၀ကျော်အဘိုးကြီးများဖြစ်နေသော်ငြား ဘဝသက်တမ်းအများစုကို မြူခိုးချိုင့်ဝှမ်းမြို့တော်မှာသာ ကုန်ဆုံးခဲ့ကြခြင်းဖြစ်သည့်အတွက် ဤသို့အတွေ့အကြုံသစ်ကို မထူးဆန်းပဲမနေနိုင်ချေ။
"ထျန်းလုံမိသားစုရဲ့ ကြွယ်ဝမှုအတိုင်းအတာကတော့ ခန့်မှန်းလို့မရနိုင်လောက်အောင်ပါပဲလား"
ဖုန့်ကျန်းရှန်က မှတ်ချက်ပြုလိုက်သည်။ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်း အချမ်းသာဆုံးမိသားစုဖြစ်သော်ငြား ဤသို့သောခမ်းနားမှုမျိုးကိုတော့ စိတ်ကူးနှင့်ပင်မကြုံဖူးခဲ့ပါ။
သူတို့၏ဖုန့်မိသားစုသည်လည်း တစ်နေ့နေ့တွင် ဤမျှထိကြွယ်ဝအောင်မြင်လာရမည်ဟု သူရည်မှန်းမျှော်လင့်မိလိုက်သည်။
ဖုန့်မျိုးဆက်သစ်လူငယ်လေးများမှာလည်း စံအိမ်ကြီးကိုအထင်တကြီးလေ့လာစူးစမ်းရင်း ဖုန့်မိသားစုကိုလည်းဤကဲ့သို့တိုးတက်လာနိုင်အောင် အစွမ်းကုန်ကြိုးစားအားထုတ်ရန် တိတ်တဆိတ်သန္နိဌာန်ချလို့နေကြ၏။
ဖုန့်ချန်းကတော့ အထူးတလည်အမူအရာမရှိလှပေ။
(မင်းနေပြည်တော်ကစံအိမ်တွေနဲ့ယှဥ်ရင် ဒါကဘာမှမဟုတ်သေးပါဘူး)
ဖုန့်ချန်းဤသို့တွေးနေမိသည်။
သူ့မိဘများနှင့်အတူ မင်းနေပြည်တော်ရှိ လင်းမိသားစုအိမ်တော်သို့အလည်သွားခဲ့စဥ်က တွေ့ခဲ့ရသောစံအိမ်မှာ ဒီထက်အဆပေါင်းများစွာ ကြီးကျယ်ခမ်းနားလှပေ၏။
ထျန်းလုံစံအိမ်လိုမျိုး လှပခမ်းနားသည့်စံအိမ်များ မင်းနေပြည်တော်တွင် မရေမတွက်နိုင်အောင်များပြားလှပေရာ ဖုန့်ချန်းကတော့ အထူတလည်အံ့အားသင့်မနေတော့ပါချေ။
လင်းမိသားစုအကြောင်းတွေးမိသော် ဖုန့်ချန်းသက်ပြင်းချမိရ၏။
လင်းကျန်းသည် ဖုန့်ချန်းအပေါ်ကို ဦးလေးရင်းတစ်ယောက်ကဲ့သို့ ချစ်ခင်ဂရုစိုက်ပေးခဲ့တာဖြစ်သည်။
လင်းမေယုနှင့်ဖုန့်ယွင်တို့၏စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းသည့်ကိစ္စအား လင်းကျန်းနှင့် ဖုန့်ချန်း၏မိဘများသိလျှင် ဘယ်လိုထင်မြင်ကြမလဲ သူလည်းမတွေးတတ်ပါ။
မိဘနှစ်ပါးသာရှိနေသေးလျှင် ထိုပြတ်စဲမှုကြောင့် ဝမ်းနည်းကြေကွဲကြမည်မှာ အသေအချာပင်။
(လင်းကျန်းဘက်ကအမြင်ကိုတော့ ငါလည်းမခန့်မှန်းတတ်ဘူး)
လင်းမေယု၏ စေ့စပ်ပွဲဖျက်သိမ်းရန်ဆုံးဖြတ်ချက်ကို လင်းမိသားစုဘက်ကသဘောတူလိုက်မည်ဖြစ်ကြောင်း သူသိသော်လည်း လင်းကျန်းကိုယ်တိုင်၏အတွေးကိုတော့ သူလည်းမသိပါ။
လင်းကျန်းမှာ လင်းမေယုပြောသလိုဒဏ်ရာရနေခြင်းလည်းဖြစ်နိုင်သလို အကြောင်းရင်းမှန်ကိုဖုံးကွယ်ချင်၍ ဆင်ခြေပေးခြင်းလည်းဖြစ်နိုင်သည်။
သူ့ဘက်က လင်းမေယုကိုအားပေးအားမြှောက်မပြုခဲ့ရင်တောင် မတားဘဲလွှတ်ထားခဲ့တာလည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် ထိုအကြောင်းကိုတစ်လုံးတစ်ပါဒမှမသိလိုက်ခြင်းလည်း ဖြစ်နိုင်ပေ၏။
မည်သို့ပင်ဖြစ်စေ လာမည့်၂နှစ်လောက်အတွင်း မင်းနေပြည်တော်သို့သွားရောက်ရန် သူစီစဥ်ထား၍ ထိုအချိန်တွင်တော့ ပဟေဠိ၏အဖြေကို သိနိုင်ဖို့မျှော်လင့်ပါသည်။
ထိုင်ရန်နေရာများကို အဆင့်အလိုက်စီတန်းထားပြီး အရေးကြီးဆုံးသောမိသားစုများမှာ စင်မြင့်နှင့်အနီးဆုံးတွင် နေရာပေးခြင်းခံရသည်။ မကြာမီအချိန်အတွင်း ဒီနှစ်၏ပြိုင်ပွဲစည်းမျဥ်းများနှင့် ရည်ရွယ်ချက်များကို ကြေငြာပေးမည့်ပွဲစီစဥ်သူမှာ စင်မြင့်ပေါ်သို့ ရောက်ရှိလာတော့မည်ဖြစ်၏။
မိသားစုများ သက်ဆိုင်ရာထိုင်ခုံတွင်နေရာယူပြီးသောအခါ တီးတိုးဆွေးနွေးသံများလွင့်ပျံလို့လာသည်။
ဒီနှစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်နိုင်ချေအများဆုံးမိသားစုကို ခန့်မှန်းဆွေးနွေးနေကြခြင်းပင်။
ထင်ကြေးအများဆုံး မိသားစုအမည်သုံးခုမှာ ထျန်းလုံမိသားစု၊ ယွမ်မိသားစုနှင့် ယွင်ဟိုင်မိသားစုတို့ဖြစ်ချေ၏။
ချန်ပီယံဖြစ်နိုင်ချေအများဆုံးဟု သတ်မှတ်ထားကြသည်ကတော့ ထျန်းလုံမိသားစုပင်။ ထျန်းလုံချီမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်အဆင့်သို့ တက်လှမ်းထားနိုင်ရုံသာမက ထျန်းလုံယုသည်လည်း မုန်တိုင်းဝိဉာဥ်နန်းတော်၏ အတွင်းတပည့်တစ်ဦးဖြစ်နေသည်လေ။
ယွမ်မိသားစုတွင်လည်း ယွမ်ဟောင်မှာ ထျန်းလုံချီထက်အားနည်းသော်ငြား သမီးဖြစ်သူယွမ်ကျိရန်က ထျန်းလုံယုထက်များစွာသာလွန်သဖြင့် အတူတူလောက်ဟုဆိုနိုင်ပေသည်။
ထို့အပြင် ထျန်းလုံယုနှင့် သူမသာကိုယ်မသာအနေအထားရှိသော ယွမ်လင်းလည်း ဒီနှစ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လာမည်ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်များပြိုင်ပွဲတွင် ထျန်းလုံမိသားစုဘက်ကအားသာနေသော်ငြား မျိုးဆက်သစ်များပြိုင်ပွဲတွင်တော့ ယွမ်မိသားစုကအသာစီးရနိုင်ချေရှိနေ၏။
နောက်ဆုံးထိပ်သီးမိသားစုဖြစ်သည့် ယွင်ဟိုင်မိသားစုသည်ကား ဆေးဆရာမိသားစုဟုပင်ပြော၍ရနိုင်သည်။ မိုးပြာကောင်းကင်အင်ပါယာ၏ ဆေးပညာရှင်အဖွဲ့အစည်းတွင်လည်း တစ်စိတ်တစ်ပိုင်းအရေးပါသူများဖြစ်ကြ၏။
ထိုမိသားစုတွင် အဆင့်၂ဆေးဆရာများ ပြတ်လပ်သွားသည်ဟူ၍မရှိသည်အထိ ဆက်တိုက်ထွန်းပေါက်ထွက်ပေါ်နေကြပြီး ထိုအချက်ကြောင့်ပင် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အချမ်းသာဆုံးမိသားစုအဖြစ် ရပ်တည်နေနိုင်တာဖြစ်သည်။
ကျင့်ကြံဆင့်တိုးမြှင့်နိုင်သော အရင်းအမြစ်များ ပေါကြွယ်ဝစွာရှိနေရုံသာမက စိတ်ပိုင်းဆိုင်ရာကျင့်စဥ်များကိုလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်စွာတတ်မြောက်ထားသဖြင့် ဝိဉာဥ်စွမ်းအင်အားကောင်းလှသော မိသားစုဖြစ်၏။
ကျင့်ကြံဆင့်မြင့်သော်ငြား ဝိဉာဥ်စွမ်းအင်အားနည်းလှသော ကျင့်ကြံသူများဆိုလျှင် ယွင်ဟိုင်မိသားစု၏ကျင့်စဥ်များကြား ရှုံးနိမ့်ရမည်ဖြစ်ပေတော့သည်။
မိသားစုများအားလုံး နေရာယူပြီးကြချိန်တွင် ပွဲစီစဥ်သူအဖြစ်တာဝန်ယူမည်ဖြစ်သော ထျန်းလုံမိသားစုအကြီးအကဲသည် စင်မြင့်ပေါ်သို့ တက်ရောက်လာတော့သည်။
အဖြူရောင်ဝတ်ရုံဖြင့် ကျက်သရေရှိစွာထွက်ပေါ်လို့လာပြီး သြဇာထင်းလင်းသောပုံပန်းသဏ္ဍာန်ကြောင့် လူအုပ်ကြီးမှာ အပ်ကျသံပင်ကြားရလောက်သည်အထိတိတ်ဆိတ်သွားပြီး ပွဲစီစဥ်သူထံသို့ အာရုံစိုက်လာကြတော့၏။
ထိုအကြီးအကဲမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့် အစောပိုင်းအဆင့်ကျင့်ကြံသူဖြစ်သော ထျန်းလုံကျန်းပင်။
စုဝေးပွဲခန်းမတွင်းရှိတီးတိုးသံများ တမုဟုတ်ချင်းတိတ်ကျသွားပြီး လူတိုင်းကသူ့ထံမျှော်ကြည့်လို့လာတော့သည်။
"လေးစားအပ်ပါသော မိသားစုခေါင်းဆောင်များနဲ့ အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်လူငယ်လေးများခင်ဗျာ" တည်ငြိမ်၍ လွှမ်းမိုးနိုင်စွမ်းရှိသော အသံမှာ အပြင်ဘက်ရှိခြံဝန်းထိတိုင်အောင် ပဲ့တင်ထပ်သွားသည်။
"ဒီနှစ်ရဲ့ အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှ ကြိုဆိုလိုက်ပါတယ် ကျွန်တော်တို့ရဲ့ ထက်မြက်သန်မာလှတဲ့ မျိုးဆက်သစ်လေးများအတွက် ကိုယ်ပိုင်စွမ်းရည်သတ္တိတို့ကို ချပြပြီး မိသားစုအတွက်ဂုဏ်ကျက်သရေဆောင်ယူလာပေးနိုင်မယ့် အခွင့်အရေးကြီးတစ်ရပ်ဆိုလည်း မှန်ပါတယ်"
"ဒီနှစ်ပြိုင်ပွဲမှာလည်း စည်းမျဥ်းစည်းကမ်းတွေက မပြောင်းမလဲပါပဲ" ထျန်းလုံကျန်းက စကားဆက်သည်။
"ပထမဆုံးအနေနဲ့ မိသားစုကိုယ်စီရဲ့ ပါရမီရှင်များရဲ့ပြိုင်ပွဲသုံးချီ စတင်မှာဖြစ်ပြီး အဆင့်အလိုက် မိသားစုရမှတ်များလည်းကွဲပြားသွားပါမယ် အဲ့ဒီနောက်မှ မိသားစုခေါင်းဆောင်တွေရဲ့ပြိုင်ပွဲ စတင်မှာဖြစ်ပြီး အဆင့်အလိုက် အမှတ်တွေခွဲခြားပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်"
"မိသားစုတိုင်းရဲ့ နောက်ဆုံးရမှတ်စုစုပေါင်းက အဲ့ဒီပြိုင်ပွဲများအပေါ် မူတည်ပါတယ်"