← Chapters

မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့ မဟာအကြီးအကဲ

Vol. 6 Ch. 82

မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့ မဟာအကြီးအကဲ

Vol. 6 Ch. 82

စည်းမျဥ်းများမှာ ဆယ်စုနှစ်ကြာသည်အထိ တစ်ပုံစံတည်းတည်မြဲနေခဲ့သောကြောင့် လူတိုင်းသိရှိနေပြီးသားပါပင်။ ပြောင်းလဲသွားမည်မှာ ပြိုင်ပွဲရလဒ်များသာဖြစ်၏။

ရလဒ်များမှလွဲ၍ အ‌ရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် ပါဝင်ကြမည့်ပြိုင်ပွဲများမှာ အစဥ်အတိုင်းပါပေ။

"အခုတော့ ပြိုင်ပွဲမစခင်လေးမှာ ကျွန်တော်တို့ရဲ့အံ့ချီးဖွယ်အရှေ့ပိုင်းစီရင်စုစုဝေးပွဲကို မျက်မြင်ကိုယ်တိုင်လာရောက်ရှုစားပေးမယ့် ဂုဏ်သရေရှိဧည့်သည်တော်ကို ကြိုဆိုလိုက်ကြရအောင်လားခင်ဗျာ"

ဂုဏ်သရေရှိဧည့်သည်ဟု ကြေငြာလိုက်သည်နှင့် စင်အောက်မှလူများ၏မျက်နှာထက်တွင် မျှော်လင့်ချက်များအပြည့်ဖြင့် တောက်ပသွားတော့သည်။

တီးတိုးသံများ အနှံ့ထွက်ပေါ်လာပြီး ကြွရောက်လာမည့်ဂုဏ်သရေရှိဧည့်သည်တော်ကို စတင်ခန့်မှန်းဆွေးနွေးကြတော့သည်။

ထျန်းလုံကျန်းမှ ဤကဲ့သို့ရိုသေလေးစားစွာဖိတ်ကြားရသည်ဆိုလျှင် ထိုဧည့်သည်တော်မှာ ထျန်းလုံမိသားစုထက်အဆင့်အတန်းမြင့်သည့်ထဲက ဖြစ်ရမည်။

အချိန်ကိုက်ပင် စုဝေးပွဲခန်းမ၏တံခါးများပွင့်ဟသွားပြီး သက်ကြီးပိုင်းပုဂ္ဂိုလ်တစ်ဦးလှမ်းဝင်လာတော့၏။

ငွေရောင်မုတ်ဆိတ်ဖြူများမှာ ရင်ဘတ်သို့တိုင်ကျဆင်းနေပြီး အရွယ်နှင့်တမျှ ကြီးမြတ်သောအရှိန်အဝါတို့မှာ ကျက်သရေရှိစွာ ဖြန့်ထွက်လို့နေသည်။

အဖြူရောင်နှင့်အပြာ‌ရောင်စပ်ဝတ်ရုံကို ရိုးရှင်းစွာဆင်မြန်းထားသော်ငြား ‌ဘေးပတ်လည်မှပင်ခံစားမိနိုင်သော် သြဇာအငွေ့အသက်တို့အရ စွမ်းအားကြီးအဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်မလွဲပေ။

"အားလုံးတွေ့မြင်ရတဲ့အတိုင်း ဒီနှစ်အရှေ့ပိုင်းစီရင်စုစုဝေးပွဲရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ကတော့ မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့ မဟာအကြီးအကဲ ရန်တောက်ယုပဲဖြစ်ပါတယ်ခင်ဗျာ"

ထျန်းလုံကျန်းက ရိုသေ‌လေးနက်သော သံနေသံထားဖြင့် ကြေငြာလာသည်။

လူအုပ်ကြီးမှာ ရင်သပ်ရှုမောစွာအံ့အားသင့်သွားရတော့၏။ ရန်တောက်ယုဆိုသူမှာ အင်ပါယာတစ်ခုလုံး မသိသူမရှိ နာမည်ကြီးပင်။

မိုးပြာကောင်းကင်အင်ပါယာ၏ ဂုဏ်သရေဆောင်ဂိုဏ်းအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သည့် မုန်တိုင်းဝိဉာဥ်နန်းတော်၏ မဟာအကြီးအကဲဖြစ်သဖြင့် ထိုသူ၏တည်ရှိမှုတစ်ခုတည်းဖြင့်ပင် သြဇာအာဏာအပြည့်ဖြင့် လွှမ်းမိုးနိုင်ပေသည်။

အင်အားအကြီးဆုံးဟူသော မိသားစုများပင် ဦးညွှတ်အရိုအသေပြုရမည့် ပုဂ္ဂိုလ်မျိုးပါပင်။

ထို့ကြောင့်ပင် စုဝေးပွဲခန်းမတွင်းရှိ လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားသွားရခြင်းဖြစ်ပေသည်။

"မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့ မဟာအကြီးအကဲဟုတ်လား သူဒီကိုလာတာပထမဆုံးအကြိမ်ပဲလား"

"ဟုတ်တာပေါ့ ဒီလိုပြိုင်ပွဲတွေလောက်နဲ့ အပင်ပန်းခံလာကြမယ့်သူတွေမဟုတ်ဘူးလေ ပြီးတော့အကြီးအကဲအဆင့်တောင်မဟုတ်ဘူး မဟာအကြီးအကဲတဲ့ အရင်ကတစ်ခါမှမလာဖူးဘူး"

"ဟားဟား ငါ့သားကတော့ မုန်တိုင်းဝိဉာဥ်နန်းတော်ကိုဝင်ခွင့်ရဖို့ အခွင့်ကြုံပြီပေါ့ကွာ ငါ့သားရဲ့အရည်အချင်းကိုမြင်လိုက်ရရင် သူတို့နန်းတော်ကိုဝင်ဖို့ခေါ်မှာသေချာပေါက်ပဲ သူ့ကိုယ်ပိုင်တပည့်အဖြစ်တောင် ခေါ်သွားလောက်ဦးမယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အိပ်မက်ဆက်မက်နေလိုက်ပါဦး မုန်တိုင်းဝိဉာဥ်နန်းတော်က မဟာအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်တဲ့လား မင်းနေပြည်တော်ကပါရမီရှင်တွေတောင် အဲ့နေရာရဖို့ မနည်းရုန်းကန်ကြိုးစားနေရတဲ့ဟာ ခင်ဗျားသားပါချီပါချက်က အသာလေးရဦးမယ်တဲ့လား"

"နေစမ်းပါဦး မဟာအကြီးအကဲက ဒီပွဲကိုဘာလို့ရောက်လာတာတဲ့လဲ"

ထိုမေးခွန်းအဆုံးတွင်တော့ မိသားစုတိုင်းက ဖုန့်မိသားစုကို သနားဟန်ဖြင့်ဝိုင်းကြည့်လာကြတော့သည်။ ပိုင်မိသားစုကတော့ ကျေနပ်ဟန်မဲ့ပြုံးများဖြင့်ပေါ့။

ဖုန့်ချန်းသည်လည်း မုန်တိုင်းဝိဉာဥ်နန်းတော်၏ ထိုမဟာအကြီးအကဲဆိုသူကို စူးစမ်းလိုဟန်ဖြင့် မော့ကြည့်လျက်ရှိသည်။

ကျန်သောဖုန့်မိသားစုဝင်များမှာတော့ စိတ်လှုပ်ရှားလျက်ပင်။ ဖုန့်ချန်းက အကြီးအကဲကျိုးထျန်းဟွာကိုသတ်လိုက်သည့်အကြောင်းရင်းမဟုတ်လျှင် ထိုမဟာအကြီးအကဲသည် ဤနေရာသို့ရောက်လာစရာ တစ်ခြားအကြောင်းရင်းမရှိပါလေ။

မဟာအကြီးအကဲမှာ ဖုန့်မိသားစုအားပစ်မှတ်ထား၍ ဤနေရာသို့လာရောက်ခြင်းဖြစ်ကြောင်း အားလုံးသေချာသိနေကြတော့၏။

ဖုန့်ချန်းကတော့ ရွှင်မြူးနေသည့်ဟန်ဖြင့် အေးအေးလူလူပင်ရှိနေသည်။

(မဟာအကြီးအကဲတဲ့လား ဓာတ်ကြီးသုံးပါးနတ်အဆင့် ထိပ်ပိုင်းအဆင့်လောက်နဲ့လေ?)

ဖုန့်ချန်းတွေးနေမိသည်။ အကယ်၍မုန်တိုင်းဝိဉာဥ်နန်းတော်ဘက်က ဝိဉာဉ်သန္ဓေကျင့်ကြံသူတစ်ဦးပို့လိုက်လျှင်ပင် သူ့အတွက် အခက်အခဲဖြစ်ကောင်းဖြစ်ပေဦးမည်။ သို့သော် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူကတော့ ပြိုင်ဘက်ဟုပင်သတ်မှတ်စရာမရှိပေ။ သူ အိပ်ရင်းချတောင် နိုင်သည်။

ထျန်းလုံကျန်းက ရှေ့သို့တစ်လှမ်းတိုးလာသော် တီးတိုးသံများလည်းတိတ်ကျသွားရ၏။

"မဟာအကြီးအကဲရန်တောက်ယုဟာ အရှေ့ပိုင်းဒေသရဲ့ပါရမီရှင်လေးတွေကို မျက်မြင်ကိုယ်တွေ့ရှုစားချင်လို့ ဒီလိုကြွရောက်လာတာဖြစ်ပါတယ် မဟာအကြီးအကဲရဲ့အချိန်နဲ့ အထူးဂရုပြုပေးမှုတို့အတွက် ထိုက်တန်အောင် ပြိုင်ပွဲစွမ်းဆောင်ရည်တွေလည်း အမြင့်ဆုံးအထိချပြနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်"

ရန်တောက်ယုလည်း လူအုပ်ကြီးကိုအကဲဖြတ်သလိုကြည့်နေရင်း အသာအယာခေါင်းညိတ်ပြလာသည်။

"မျိုးဆက်သစ်လေးတွေအနေနဲ့ ကိုယ့်ရဲ့ထိုက်တန်မှုကို သက်သေပြနိုင်ဖို့ ကျုပ်လည်းမျှော်လင့်မိပါတယ်"

သြဇာအပြည့်ပါသော ခပ်နိမ့်နိမ့်အသံဖြင့် သူကဆက်ပြောလာသည်။

"ဒီတစ်ခေါက်လာရောက်ရတဲ့အကြောင်းရင်းက ပြိုင်ပွဲတွေကိုကိုယ်တိုင်ရှုစားချင်လို့တင်မကဘဲ မုန်တိုင်းဝိဉာဥ်နန်းတော်အတွက် တပည့်သားသုံးဦးရွေးချယ်ဖို့လည်းပါပါတယ်"

ရန်တောက်ယု၏စကားလုံးများ ခန်းမတစ်လျှောက်လွင့်ပျံသွားသည်နှင့် စိတ်လှုပ်ရှားမှုများမှာ လူတိုင်းကိုလွှမ်းခြုံသွားတော့သည်။

မုန်တိုင်းဝိဉာဥ်နန်းတော်မှ တပည့်သားသုံဦးရွေးချယ်မည်ဆိုသောအခွင့်အရေးမှာ ရှားပါး၍တပ်မက်ချင်စရာကောင်းလှသော ကံကောင်းမှုကြီးပင်။ လူတစ်ဦးတစ်ယောက်ကိုသာမက မိသားစုတစ်ခုလုံး၏ကံကြမ္မာကိုပင် ပြောင်းလဲနိုင်စွမ်းရှိပေ၏။

ရင်ခုန်စိတ်လှုပ်ရှားမှုများ မျှော်လင့်ချက်များဖြင့်ပြည့်အံနေသော တီးတိုးသံများ တစ်ဖန်ထွက်ကျလာပြန်သည်။

"တပည့်သားသုံဦး ဟုတ်လား" တစ်ယောက်က မယုံကြည်နိုင်သလို ရေရွတ်လာ၏။

"မကြားစဖူးအခွင့်အရေးပါလား"

"တစ်သက်မှတစ်ခါရနိုင်တဲ့ အခွင့်အရေးကြီးပေါ့ကွာ" မျှော်လင့်ချက်အပြည့်မျက်လုံများဖြင့် တစ်ယောက်ကမှတ်ချက်ပြုလာသည်။

မိသားစုများကြားတွင် တင်းမာမှုများ ရုတ်တရတ်မြင့်တက်ကုန်တော့၏။

မုန်တိုင်းဝိဉာဥ်နန်းတော်ထဲတွင် တစ်နေရာစာယူလိုက်နိုင်ပါက ထိုသူ၏ဘဝပြောင်းလဲသွားရုံသာမက မိသားစုတစ်ခုလုံးကိုပါ ဂုဏ်သိက္ခာနှင့် သြဇာအာဏာအပြည့် ဆောင်ယူလာနိုင်ပေမည်။

"ဟမ့်"

ဖုန့်ယွင်ကမကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မဟာအကြီးအကဲမှာ သူတို့အစ်ကိုကြီးကြောင့် စုဝေးပွဲကိုရောက်ရှိနေခြင်းဖြစ်ပြီး တပည့်သားသုံးဦးဆိုသည်မှာ အသိသာကြီးကို အကြောင်းပြချက်သက်သက်သာပင်။

တပည့်သားရွေးချယ်ရုံသက်သက်ဖြင့် မဟာအကြီးအကဲကြီးတစ်ယောက်လုံး ပေါက်ချလာစရာအကြောင်းမရှိပေ။

မဟာအကြီးအကဲမှာ ပြောစရာရှိတာပြောပြီးသည့်နောက် ထျန်းလုံချီ၏အနီး၌ပြင်ဆင်ထားသောထိုင်ခုံတွင် သွားထိုင်နေတော့၏။

"နှင်းသက်လေချိုင့်ဝှမ်းမြို့တော်မှ ရွှယ်မိသားစုက မဟာအကြီးအကဲရန်တောက်ယုကို အဆုံးမရှိခမ်းနားကြီးမြတ်မှုတို့ ဆောင်ကျဥ်းလာနိုင်ဖို့ ဆုတောင်‌ပေးလိုက်ပါတယ်ခင်ဗျား"

"ငွေတောင်ထိပ်မြို့တော်မှ ရွှန်းမိသားစုကလည်း မဟာအကြီးအကဲရန်ကို အရိုအသေပြုလိုက်ပါတယ် မဟာအကြီးအကဲရဲ့ သြဇာလွှမ်းမိုးမှုဟာ မြေပြင်ပေါ်နေရောင်စဥ်ဖြန့်ကျက်သကဲ့သို့ ထွန်းလင်းတောက်ပနိုင်ပါစေ"

"မိုးကြိုးတောင်ကြားမြို့တော်မှ ဝူမိသားစုကလည်း မဟာအကြီးအကဲရန်ကို အရိုအသေပြုပါတယ် မဟာအကြီးအကဲရဲ့ဘဝခရီးလမ်းဟာ အချိန်မြစ်မင်း အတားအဆီးမရှိစီးဆင်းသကဲ့သို့ ချောမွေ့ဖြောင့်တန်းနေပါစေခင်ဗျာ"

မိသားစုအမြောက်အများဟာ တက်ကြွစွာဖြင့် ချီးမွမ်းဆုတောင်းစကားများဆိုလာကြသည်မှာ သူ့ထက်ငါအလုအယက်ပင်။ မဟာအကြီးအကဲထံမှ အသိအမှတ်ပြုမှုတစ်ခုကပင် သူတို့အနာဂတ်ကို ပြောင်းလဲသွားနိုင်သည်လေ။

ရန်တောက်ယုသည် အပြုံးပါးပါးလေးကိုချိတ်ဆွဲထားပြီး ချီးကျူးထောပနာစကားများကို အလွန်အင်မတန်မှနှစ်သက်လှဟန်ဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်လို့နေ၏။

"ဒါကတော့ ကျွန်တော်တို့ဝူမိသားစုရဲ့ အကြီးမြတ်ဆုံးပါရမီရှင်လေး ဝူရှီပါခင်ဗျာ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိတက်လှမ်းနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာလည်း အင်အားအကြီးဆုံးတစ်ယောက် ဖြစ်လာနိုင်ချေရှိနေတယ်ဆိုပဲ"

"ကျွန်‌‌တော်တို့ရွှန်းမိသားစုရဲ့ ပါရမီရှင်လေးဟာဆိုရင် အသက်၁၉နှစ်နဲ့တောင် အမြုတေဖွဲ့စည်းခြင်းအဆင့်ရောက်နေနိုင်တာဗျာ"

မိသားစုများမှာ မဟာအကြီးအကဲထံမှ တစ်ချက်လောက်စောင်းငဲ့ကြည့်ခံရပြီး တပည့်သားအဖြစ်ရွေးချယ်ကောက်ယူခံရဖို့ သူတို့၏မျိုးဆက်သစ်ပါရမီရှင်များကို အလုအယက်ရှေ့သို့တွန်းတင် မိတ်ဆက်ပေးကြတော့သည်။

သူတို့၏ပါးစပ်ထဲမှ ရှာမှရှားပါရမီရှင်များကို စိတ်အားထက်သန်စွာဖော်ပြလာပြီး အသိအမှတ်ပြုခံရဖို့အစွမ်းကုန်ကြိုးစားနေကြသော်ငြား မဟာအကြီးအကဲရန်တောက်ယု၏မျက်နှာအမူအရာမှာ စိုးစဥ်းမျှပင်မလှုပ်ခတ်။

မဟာအကြီးအကဲသည် သူတို့၏စကားလုံးတိုင်းကို အကြိမ်ရေရာထောင်မကကြားဖူးနေဟန်ဖြင့် ယဥ်ကျေးသောသာမန်အပြုံးတစ်ခုဖြင့်သာနားထောင်နေသည်။ မီးတောက်ပင်လယ်ပြင်တွင် ထူးခြားကွဲထွက်နေသောတောက်ပမှုကိုရှာဖွေဖို့ မဖြစ်နိုင်လောက်သကဲ့သို့ပင်။

ရန်တောက်ယုမှ လက်တစ်ဖက်မြှောက်၍အချက်ပြလိုက်သော် ခန်းမတစ်ခုလုံးတစ်ဖန်တိတ်ဆိတ်သွားခဲ့သည်။ ညင်သာသောလည်း လေထုကိုဖြတ်ပိုင်းနိုင်လောက်သည့် သြဇာအရှိန်ရှိသောအသံဖြင့် သူကပြောကြားလာသည်။

"ပါရမီရှင်မျိုးဆက်သစ်လေးတွေဆိုတာက အင်အားကြီးဂိုဏ်းဂဏတစ်ခုရဲ့ အသက်သွေးကြောပါပဲ"

"သူများထက်သာလွန်ထူးကဲတဲ့စွမ်းဆောင်ရည်ရှိနေမယ်ဆိုရင် သေချာပေါက်သတိပြုခံရမှာပါပဲ ပြောခဲ့တဲ့အတိုင်း အနည်းဆုံးတပည့်သားသုံးဦးရွေးချယ်ဖို့ ရည်ရွယ်ထားတယ်ဆိုပေမယ့် အရည်အချင်းကိုသာကောင်းကောင်းထုတ်ပြနိုင်မယ်ဆိုရင် အရေအတွက်တိုးဖို့လည်း တွန့်ဆုတ်မနေပါဘူး"

မိသားစုခေါင်း‌ဆောင်များ၏ တက်ကြွသောဟန်ပန်မှာ အနည်းငယ်မှိန်ဖျော့သွားပြီးနောက် ပြန်လည်တည်ကြည်သွားကြတော့၏။

မဟာအကြီးအကဲ၏မျက်နှာသာပေးမှုကိုလိုချင်လျှင် စကားလုံးများဖြင့်မလုံလောက်ကြောင်း သူတို့ကောင်းကောင်းသိပါသည်။

သူတို့၏ပါရမီရှင်လေးများမှာ မုန်တိုင်းဝိဉာဥ်နန်းတော်၏တပည့်သားဖြစ်ဖို့ထိုက်တန်ကြောင်း သေချာပေါက် ချပြမှဖြစ်တော့မည်။

All Chapters