← Chapters

လင်းမေယု၏ပါရမီ

Vol. 6 Ch. 84

လင်းမေယု၏ပါရမီ

Vol. 6 Ch. 84

ဖုန့်ယွင်သည် ဖုန့်မိသားစုမျိုးဆက်သစ်လူငယ်အုပ်စု၏ ရှေ့ဆုံးတွင်ရပ်တည်လိုက်ပြီး စွမ်းအားစစ်ကျောက်တောင်ကို အာရုံစူးစိုက်ကြည့်လျက်ရှိ၏။

ရင်ခုန်သံများမြန်သည်အထိ စိတ်လှုပ်ရှားနေသော်ငြား မျက်နှာထားမှာတော့ တည်ငြိမ်စူးစိုက်လျက်သာ။

သူ့ဘေးတွင်ခြံရံလျက်ရှိသော ဖုန့်ရှောင်ယု၊ ဖုန့်မေ၊ ဖုန့်လျန်းနှင့် ဖုန့်ကျန်းဟောင်တို့၏မျက်နှာထက်တွင်လည်း စိတ်ပိုင်းဖြတ်ထားသောအမူအရာအထင်းသားဖြင့်ပင်။

ဖုန့်ယွင်သည် သူ့မိသားစုကပြိုင်ပွဲဝင်များကို တစ်ချက်အကဲခတ်ပြီး လျှံထွက်နေသောစွမ်းအင်များနှင့် စိတ်အားတက်ကြွမှုများကို ခံစားမိဟန်ဖြင့် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်၏။

"ပွဲကတော့ စိတ်ဝင်စားစရာကောင်းတော့မှာပဲ"

ဖုန့်ယွင်က ခပ်သာသာရယ်သွမ်းသွေးလျက် မှတ်ချက်ပြုလာသည်။

"ဟားဟား ဟုတ်တာပေါ့ကွာ တစ်ခြားမိသားစုတွေကို ငါတို့ဘာကောင်လဲဆိုတာ ပြလိုက်ရသေးတာပေါ့"

ဖုန့်လျန်းက ကြုံးဝါးလာသည်။ ထိုကောင်လေးမှာ ထျန်းလုံစံအိမ်ကိုရောက်ကတည်းက သူ့အရည်အချင်းကိုသက်သေပြချင်လှ၍ သူတကာထက်တက်ကြွနေသူပင်။

စံအိမ်သို့ဝင်ကတည်းက လှောင်ပြောင်ထေ့ငေါ့သံများနှင့် အထင်သေးသောအကြည့်များကိုသာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဖြစ်၍ သူလည်းစိတ်ပျက်အားငယ်မိသည်သာ။

နောက်ဆုံးတွင်တော့ ဖုန့်မိသားစုကိုလှောင်ပြောင်ရယ်မောခဲ့သူများအား အကြီးအကျယ်နောင်တရစေရန် လုပ်ပြနိုင်မည့်အချိန် ရောက်လာပေပြီ။ ဖုန့်ကျန်းဟောင်ကလည်း ထောက်ခံသလိုခေါင်းညိတ်လာ၏။

သူတို့အုပ်စုအချင်းချင်းစကားပြောနေစဥ် အခြားပြိုင်ပွဲဝင်များသည်လည်း တီးတိုးဆွေးနွေးကြလျက်ရှိသည်။

သို‌သော် ဖုန့်ယွင်တို့သတိမပြုမိသည်မှာ စွမ်းရည်စစ်ကျောက်တောင်အနားသို့ လာရောက်စုရုံးကြကတည်းက ယွမ်ကျိရန်မှ သူတို့ကိုတစ်ချိန်လုံးစောင့်ကြည့်နေသည်ကိုပင်။

သူတို့ပြောသမျှကိုလည်း ခိုးနားထောင်နေသော်ငြား လင်းမေယု၏ ပြတ်စဲထားသောသတို့သားလောင်းမှာ မည်သူဖြစ်မှန်း သူမခန့်မှန်းလို့မရသေးပေ။

ထိုသူကို တစ်ယောက်ယောက်နာမည်ခေါ်လိုက်လေမလား ဒါမှမဟုတ် သိသာစေမည့်အချက်တစ်ချက်လောက်ရှာတွေ့မည်လားဟု သူမစောင့်ကြည့်နေသော်လည်း တစ်ခုမှဖြစ်မလာခဲ့ပါ။

"ဟမ့်"

မည်သို့ပင်ဖြစ်စေ သူမအနေနှင့် ထိုဖုန့်ယွင်ကို သူ့နေရာသူသိအောင်၊ သူနှင့်ဂျူနီယာညီမလေး ဘယ်လောက်အဆင့်ကွာခြားသလဲ နားလည်သွားအောင် သူမဒီနေ့ပညာပြရပေမည်။

"နင်တို့ကြားပြီးပြီလား"

ယွမ်ကျိရန်သည် သူမအသံကိုဖုန့်ယွင်ကြားစေရန် တမင်အသံမြှင့်လျက်ပြောလာ၏။

ဟုလျန်းနှင့်ယွမ်လင်းကို ဦးတည်စကားပြောနေဟန်ဆောင်နေပေမယ့် တကယ်တမ်းဖုန့်ယွင်ကြားဖို့ရည်ရွယ်ထားသည်ပင်။

"ငါတို့ဂျူနီယာညီမလေး လင်းမေယုက ဆန်းကြယ်မီးတောက်ဂိုဏ်း တပည့်ရွေးတဲ့ပွဲမှာ စွမ်းရည်စစ်ကျောက်တောင်ကို ၁၇ဆင့်ထိရောက်အောင်တက်နိုင်ခဲ့တာလေ ငါတို့ဂိုဏ်းရဲ့ရာဇဝင်မှာတောင်မှ အဲ့လောက်မြင့်အောင်တက်နိုင်တဲ့သူ မရှိခဲ့ဖူးဘူး"

သူမစကားလုံးများကြောင့် ပြိုင်ပွဲဝင်အားလုံး လန့်ဖျပ်သွားရသည်။

"၁၇ဆင့်ထိ"

တစ်ယောက်က အာမေဋိတ်ပြုလျက်မေးလာသည်။ ထိုသူမှာ စွမ်းရည်စစ်ကျောက်တောင်တက်ဖူးသည့်အတွေ့အကြုံရှိသဖြင့် မည်မျှခက်ခဲမှန်းလည်း နားလည်သူဖြစ်၏။

၁၇ဆင့်ထိတက်ရောက်နိုင်သောလူသားရှိနေသည် ဆိုသည့်သတင်းမှာ အမှန်တကယ်ကိုအံ့သြချီးမွမ်းဖွယ်ပင်။

"ဒါကြီးက ကြောက်စရာကောင်းလောက်အောင်တော်တာပဲ"

"မိုးပြာကောင်းကင်အင်ပါယာရဲ့ နံပါတ်တစ်ပါရမီရှင်လို့သတ်မှတ်ခံထားရတာ မထူးဆန်းတော့ပါဘူး ထိုက်တန်ပါပေတယ် နောင်အနာဂတ်မှာ ဘယ်လောက်များထူးခြားကြီးမြတ်လာမလဲ ခန့်မှန်းလို့တောင်မရဘူး"

"ကျွတ် ကျွတ် ငါတို့မိသားစုတွေက ငါတို့ကိုပါရမီပါလှပြီဆိုပြီး အထင်ကြီးနေကြတာ တကယ်တော့ မိန်းကလေးလင်းနဲ့ယှဥ်လိုက်ရင် ပါမွှားပါပဲလား"

ပြိုင်ပွဲမစခင်ဆွေးနွေးခန်းများမှာ လင်းမေယုအကြောင်းဖြင့်သာဖုံးလွှမ်းသွားပြီး ထိုအထဲတွင် ဖုန့်ယွင်တို့အုပ်စုလည်းပါသည်ပင်။

(လင်းမေယု)

ဖုန့်ယွင် ထိုနာမည်ကို စိတ်ထဲမှအံကြိတ်သံဖြင့်ရေရွတ်လိုက်ပြီး ယွမ်ကျိရန်ဘက်သို့ မကျေမနပ်လှည့်ကြည့်လိုက်သည်။

လင်းမေယုကို သုံးနှစ်အကြာတွင်ရင်ဆိုင်တိုက်ခိုက်ကြရန် စိန်ခေါ်ထားသူတစ်ဦးအနေဖြင့် ယွမ်ကျိရန်၏စကားလုံးများကို သူစိတ်မဝင်စားဘဲမနေနိုင်။

"ဟမ့် အဲ့တော့ဘာဖြစ်သတဲ့လဲ ၁၇ဆင့်ကိုတက်နိုင်တာ လင်းမေယုတစ်‌ယောက်တည်းပဲရှိတယ်လို့ထင်နေတာတော့ မဟုတ်ပါဘူးနော်"

ယွမ်ကျိရန်၏စကားများကိုကြားသော် ဖုန့်မေ၏မျက်လုံးများလည်းမကြည်လင်တော့ ဒေါသဖြင့်စကားတစ်ခွန်းထွက်သွားသည်။ ဖုန့်မေတစ်ယောက် စိတ်မထိန်းနိုင်ဖြစ်သည်မှာ ရှားပါးလှသော်လည်း လင်းမေယုဆိုသည့်နာမည်ဖြင့်ပင် သူမဒေါသကို ကောင်းကောင်းကြီးဆွနိုင်ပေသည်။

ထိုနာမည်ကိုကြားလိုက်ရုံဖြင့် ထိုမိန်းမလက်ထဲမှာ အရှက်ခွဲခံခဲ့ရသော ဖုန့်ယွင်၏ထိုအဖြစ်အပျက်ကို သူမစိတ်နာစွာပြန်မြင်‌‌ယောင်မိလေ့ရှိသည်။ သူမကိုယ်တိုင်မျက်မြင်ကြုံခဲ့ရသော အထက်စီးဆန်မောက်မာမှုပါပေ။ စွမ်းရည်စစ်ကျောက်တောင်ကိုတက်ရာတွင်လည်း သူမသေချာပေါက် ၁၇ဆင့်ထိရောက်အောင်တက်ပြီး လူတိုင်းအထင်ကြီးနေကြသောထိုလင်းမေယုမှာ ဘာမှမထူးခြားမှန်း သိသွားစေချင်လှသည်။

"အဲ့ကောင်မကိုတော့ အရှုံးမပေးနိုင်ဘူး"

ဖုန့်ကျန်းဟောင်လည်း ထပ်ဖြည့်ကြုံးဝါးလာသည်။ ရိုင်းစိုင်းမောက်မာသောမိန်းမမျိုးကို လူတိုင်းကအထင်တကြီးချီးကျူးစကားဆိုနေကြသည်အား ကြားရသော် ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုချင်သည့်ဆန္ဒကို မထိန်းနိုင်လိုက်။

ပြိုင်ဘက်ကင်းပါရမီရှိသည်ကို သူမနာလိုမဖြစ်လှသော်ငြား အကြီးအကဲများကိုပါလေးစားမှုမပြနိုင်သည်အထိ ရိုင်းစိုင်းခြင်းကိုတော့ သူသည်းမခံနိုင်ပါ။ ဖုန့်ချန်း၏မွေးနေ့ပွဲတွင် ဖြစ်ပွားခဲ့သော ထိုအရှက်ရစရာအဖြစ်အပျက်ကိုပြန်တွေးမိတိုင်း ထိုမိန်းမကိုသူနည်းနည်းမှခွင့်မလွှတ်နိုင်ပါ။

ပျော်ပွဲရွှင်ပွဲများကျင်းပ၍ စိတ်လက်ကြည်သာနေရမည့် နေ့ကောင်းနေ့မြတ်မျိုးမှာ ထိုမိန်းမကြောင့် လူအများလှောင်ပြောင်ရယ်သွမ်းသွေးစရာနေ့ရက် ဖြစ်သွားရ၏။

"ဒါပေမယ့် ခေါင်းအေးအေးထားဖို့ကိုမမေ့နဲ့ တစ်ခြားအကြောင်းအရာတွေတွေးပြီး စိတ်ရှုပ်ခံဖို့အချိန်မရှိဘူး စွမ်းရည်စစ်ကျောက်တောင်တက်ပွဲက ထင်သလောက်လွယ်မှာမဟုတ်ဘူး ဒီပြိုင်ပွဲရဲ့ရမှတ်က ငါတို့မိသားစုအဆင့်ကိုသက်ရောက်မှာမလို့ သေချာလေးအာရုံစိုက်ကြပါ"

ဖုန့်လျန်းက သတိပေးစကားဆိုလာသည်။ မည်မျှပင်စိတ်ပိုင်းဖြတ်ထားစေကာမူ ခေါင်းအေးအေးမထားနိုင်လျှင် အလွဲလွဲအချော်ချော်ဖြစ်မည်သာပင်။

အားလုံးခေါင်းညိတ်လက်ခံလိုက်ကြသည်။ လင်းမေယုနာမည်ကိုကြားသည်နှင့် သူတို့အားလုံးခေါင်းရှုပ်သွားကြသည်မှာတော့ အမှန်ပင်။

ဖုန့်ယွင်သည် ယွမ်ကျိရန်ကို မထီမဲ့မြင်ဟန်ဖြင့် စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ လင်းမေယုကို ဂျူနီယာညီမလေးဟု ဂုဏ်ယူစွာခေါ်ဆိုနေပုံ‌ထောက်လျှင် သူမသည်လည်း ဆန်းကြယ်မီးတောက်ဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်လောက်သည်ပင်။

ထို့အပြင် သူမနှင့်လင်းမေယုမှာ အတော်လေးရင်းနှီးကျွမ်းဝင်ပုံလည်း ရလေ၏။

လင်းမေယုအကြောင်းကိုလည်း သူတို့ကြားအောင်တမင်ပြောနေမှန်း ဖုန့်ယွင်ရိပ်မိလိုက်သည်။

(ဟမ့် လင်းမေယုကပြိုင်ဘက်ကင်းအောင်တော်လွန်းလို့ ငါကသူနဲ့မထိုက်တန်ပါဘူးဆိုတဲ့သဘောပေါ့)

"ငါတို့ထဲကတစ်ယောက်မှ သူမကိုယှဥ်နိုင်မှာမဟုတ်လောက်ဘူး"

ပြိုင်ပွဲဝင်တစ်ဦးက ရေရွတ်နေသည်။

"အဆင့်၁၀ထိတက်ဖို့တောင်ဒီလောက်ခက်ခဲနေတာ ၁၇ဆင့်ဆိုတာကို မျှော်မှန်းမနေနဲ့တော့"

"မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးမှာ အမြင့်ဆုံးတက်နိုင်တဲ့အဆင့်ဖြစ်မယ်နော်"

အားလုံးက လင်းမေယု၏စွမ်းရည်စစ်ကျောက်တောင်အဆင့်ကို ဆွေးနွေးကြရင်း သူမကအမြင့်ဆုံးတက်နိုင်သူဖြစ်မလားဆိုသည့်ခေါင်းစဥ်ဘက် ရောက်သွားကြသည်။

သူတို့အားလုံး အဖြေမသိကြသဖြင့် ယွမ်ကျိရန်ဘက်သို့ပင် ဦးလှည့်လာကုန်ကြသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်း၏အဖွဲ့ဝင်က သူတို့ထက်တော့ပိုသိနိုင်သည်လေ။

"မိန်းကလေးယွမ် စွမ်းရည်စစ်ကျောက်တောင်ကို ၁၇ဆင့်ထက်ပိုတက်နိုင်တဲ့သူ ရှိခဲ့ဖူးလားဟင်"

တစ်‌ယောက်ကထုတ်မေးလာသည်။

"အင်း အမှန်တော့ တစ်ယောက်ရှိဖူးတယ်"

ယွမ်ကျိရန်ကပြန်ဖြေလာသည်။

"ဘယ်သူလဲဟင်"

အားလုံးကတစ်ပြိုင်နက်တည်း မေးခွန်းထုတ်လာသည်။ လင်းမေယုမှာ သူတို့အားလုံးမမျှော်မှန်းနိုင်သည့်အဆင့်ထိရောက်နိုင်ခဲ့သဖြင့် သာလွန်ထူးကဲလှသည်ဟုထင်ခဲ့ကြသော်ငြား သူမကိုကျော်တက်နိုင်ခဲ့သူလည်း ရှိဖူးသည်တဲ့။

မယုံနိုင်စရာ အကြောင်းအရာပေ။

"အဲ့ဒါတော့ ငါလည်းမသိဘူး" ယွမ်ကျိရန်၏အဖြေက အားလုံးကိုစိတ်ရှုပ်ထွေးသွားစေ၏။

စွမ်းရည်စစ်ကျောက်တောင်ကို အမြင့်ဆုံးတက်ရောက်နိုင်သူရှိခဲ့တာကိုကျသိပြီး သူ့နာမည်ကိုမသိတာကတော့မဖြစ်နိုင်ပေ။

အားလုံး၏အမူအရာကိုမြင်သော် ယွမ်ကျိရန်လည်း ပျာပျာသလဲရှင်းပြလာသည်။

"သိတဲ့အတိုင်းပဲ ပြိုင်ပွဲဝင်တွေက သူတို့တက်ရောက်နိုင်တဲ့အဆင့်မှာ ဘုတ်ပြားပေါ်နာမည်ထိုးထားခဲ့ရတယ်လေ အဲ့ဒီဘုတ်ပြားက ပြိုင်ပွဲဝင်တိုင်းရဲ့အဆင့်ကို ပြပေးထားမှာ‌ပေါ့"

ယွမ်ကျိရန်ကဆက်ပြောသည်။

"မင်းနေပြည်တော်က စွမ်းရည်စစ်ကျောက်တောင်မှာ တစ်ယောက်ယောက်က အဆင့်၂၀ထိရောက်အောင်တက်သွားပေမယ့် နာမည်ချန်မသွားဘူး အဲ့ဒါကြောင့် မှတ်တမ်းမှာတော့ အဆင့်၂၀ထိရှိပေမယ့် နာမည်ကျကွက်လပ်ဖြစ်နေခဲ့တာ"

ယွမ်ကျိရန်ကိုယ်တိုင်လည်း ကြားခါစက စိတ်ရှုပ်ထွေးဖူးသည်သာ။ တစ်ယောက်ယောက်က အဆသ့်၂၀ထိကျတက်သွားခဲ့ပြီး ထိုသူဘယ်သူမှန်း တစ်ယောက်မှမသိမမြင်လိုက်ကြသည်က အဓိပ္ပာယ်မရှိလှ။

သို့သော် ထိုတစ်ယောက်ယောက်က အဆင့်၂၀အထိ သေချာပေါက်တက်ရောက်သွားခဲ့ပါကြောင်း မှတ်တမ်းမှတ်ရာကတော့ ရှင်းလင်းစွာကျန်ရှိနေခဲ့ပေသည်။

"အများစုကတော့ ကျောက်တောင်အမှားအယွင်းဖြစ်သွားတာလို့ထင်ကြပေမယ့် တစ်ချို့ကကျတော့လည်း တကယ်တက်သွားတာလို့ထင်ကြတာပဲ ဒါပေမယ့် မျက်မြင်သက်သေလည်းမရှိလိုက်ဘူးဆိုတော့ အဲ့ကိစ္စကိုဘယ်သူမှသိပ်ထည့်မပြောကြဘူး အမြင့်ဆုံးအဆင့်လို့လည်း သတ်မှတ်မထားကြတော့ဘူး"

(ဟဲဟဲ ဖုန့်ချန်းလေ)

"ဒါပေမယ့် သေချာတိကျတဲ့အောင်မြင်မှုတွေအရတော့" ယွမ်ကျိရန်၏အသံက ရှင်းလင်းပြတ်သားကာ ယုံကြည်မှုပြည့်ဝနေသည်။

"ပါရမီအစစ်အမှန်ကိုချပြပြီး ၁၇ဆင့်ထိ လူသိရှင်ကြားတက်ရောက်ပြနိုင်ခဲ့တာက ငါရဲ့ဂျူနီယာညီမလေး လင်းမေယုပဲ"

All Chapters