နောက်ထပ်အစီအစဉ်တွေ ရှိသေးလား
Vol. 89 Ch. 1356
ထိုစကားများသည် နင်ယန်၏ ပါးစပ်ထဲမှ ပဲ့တင်ထွက်လာခြင်း ဖြစ်သည်။
သူ၏ အသံက အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေကာ သူတို့၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။
ရွှီချင်းသည် နင်ယန်ကို ကြည့်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ နင်ယန်အပေါ် သူ၏ နားလည်မှုအရ သဲလွန်စတချို့ကို ထုံးစံအားဖြင့် သူမြင်နိုင်သည်။ သို့ဖြစ်၍ မည်သူက နင်ယန်ကို ထိန်းချုပ်ထားကြောင်း သူခန့်မှန်းနိုင်သည်။
‘ ဒါကြောင့် သူက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာကို… ’
နင်ယန်သည် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ လူသားဧကရာဇ်ကို စိန်းဝါးစွာ စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးက ဓားသွားပမာ ထက်ရှနေသည်။
“ ခမည်းတော်… သားတော်ပြောတာ မှားသလား ”
နင်ယန်က ပြောလိုက်သည့်အခါ တော်ဝင်မျိုးဆက်သွေး၏ အားလှိုင်းအတတ်အကျများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး လေထဲသို့ မြှောက်တတ်သွားသည်။ ယင်းက လူသားမျိုးနွယ်၏ ကမ္မကို ရိုက်ခတ်သွားလေရာ ကမ္မစွမ်းအားက တစ်ဟုန်ထိုး အားကောင်းလာသည်။
သူက အရှေ့သို့ ခြေချလိုက်သည်နှင့်ချက်ချင်း ရှည်လျားသော အနက်ရောင်ခြည်မျှင်တစ်မျှင်သည် သူ၏ ဘေးမှ လေထဲမှာ ထွက်ပေါ်လာသည်။ ချည်မျှင်သည် သူ့ကို အကြိမ်ရေအနည်းငယ် လှည့်ပတ်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။
“ ဒီနေ့ သားတော်မှာလည်း ခမည်းတော်ကို ပေးဖို့ ယဇ်ပူဇော်မှု(၃)ခုရှိတယ် ”
နင်ယန်၏ စကားသံက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်သို့ ပျံသန်းသွားနေသော ချည်မျှင်သည် အနက်ရောင်နဂါးတစ်ကောင်သဖွယ် ကြီးမားလာသည်။ နောက်ဆုံးမှာတော့ ၎င်းက စာလိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
မရေမတွက်နိုင်သော မြင်ကွင်းပုံရိပ်များသည် ထိုစာလိပ်ထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့ထဲမှာ အော်ဟစ်ငိုကြွေးနေကြသော လူသားများနှင့် ဒုက္ခရောက်နေကြသော လူသားများကို ဖော်ပြနေသည်။
အစားအစာအတွက် ရောင်းစားခံရသော ကလေးငယ်များ၏ ဆိုးဝါးသော အဖြစ်အပျက်များ၊ နှင်းတောထဲမှာ ရေခဲရုပ်တုပမာ အေးခဲနေသော အလောင်းများ၊ မီးတောက်များကြားထဲမှာ အော်ဟစ်ငိုကြွေးနေကြသော သေမျိုးများနှင့် ဒြပ်နှောများကြောင့် သန္ဓေပြောင်းလဲသွားသော လူသားများ အစရှိသော အဖြစ်အပျက်ဆိုးများက ထိုစာလိပ်ထဲမှာ ထွက်ပေါ်လာကြသည်။
မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် အားနည်းသူအပေါ် အနိုင်ကျင့်ခြင်း ထိုအရာအားလုံးက စာလိပ်ထဲမှာ ပါဝင်နေသည်။ သေမျိုးလောကထဲမှာ ဖြစ်ပျက်နေသော ဝမ်းနည်းပူဆွေးမှုသည် အဆုံးမသတ်နိုင်သည့်အလား အစဉ်အမြဲ ဆက်ပြီး ဖြစ်ပွားနေသည်။
တချို့သည် ငတ်မွတ်ခြင်းကြောင့် သေဆုံးသွားကြသည်။ တချို့သည် သေသည်အထိ သန့်စင်ခံခဲ့ရသည်။ တချို့သည်တော့ မွေးဖွားပြီး သိပ်မကြာခင်မှာ အသက်ရှင်လျက် ယဇ်ပူဇော်ခံလိုက်ရသည်။
လူကောင်းများသည် ကြင်နာမှုကြောင့် သေဆုံးသွားကြသည်။ လူဆိုးများသည် ပိုပြီးယုတ်မာသော လူများ၏ လက်ထဲမှာ အသတ်ခံခဲ့ရသည်။ အားကြီးသူသည် အားနည်းသူများကို အနိုင်ကျင့်ကြသည်။ ရာဇဝတ်သားများသည် နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။ တချို့သည် ချောက်ချားဖွယ်ကောင်းစွာ ရယ်မောနေကြသည်။
ထိုမြင်ကွင်းများသည် ထိတ်လန့်ဖွယ်ကောင်းသည်။
ရွှီချင်းသည် ထိုမြင်ကွင်းများကို ကြည့်လိုက်သည်။ ယင်းတို့အားလုံးကို သူတွေ့ကြုံခဲ့ဖူးသည်။ ငယ်စဉ်ကလေးဘဝတုန်းက မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
ထိုအချိန်တုန်းက လူသားများက မည်သို့ကြောင့် ထိုသို့ဖြစ်နေရသနည်း။ လောကကြီးက မည်သို့ကြောင့် ထိုသို့ဖြစ်နေရသနည်းဟု သူမေးမြန်းခဲ့သည်။
မည်သို့ကြောင့် ဤလောကထဲမှာ မကောင်းမှုများသာ ရှိနေရသနည်း။
ကောင်းမွန်စွာ အသက်ရှင်နိုင်ရန်က မည်သို့ကြောင့် သူ၏ အိမ်မက်ဖြစ်လာသနည်း။
အလင်းရောင်က မည်သည့်နေရာမှာ ရှိနေသနည်း။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။
လောကကြီးသည် ငြိမ်သက်သွားသည်။
နှုတ်ဆိတ်နေသော လူသားဧကရာဇ်ကို အေးစက်စွာ စိုက်ကြည့်နေသည့် နင်ယန်၏ မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
“ အဲ့ဒါက မကျေမချမ်းစာလိပ်ပဲ… အဲ့ဒီထဲမှာ ခမည်းတော်ရဲ့ ပိုင်နက်အတွင်းမှာရှိတဲ့ သေမျိုးလူသားတွေရဲ့ ကံကြမ္မာဆိုးတွေကို ဖော်ပြပေးလိမ့်မယ်… သူတို့ရဲ့ အော်ဟစ်သံတွေ၊ နာကျင်မှုတွေနဲ့ မကျေမချမ်းမှုတွေ… လူသားဧကရာဇ်… ဒီနေ့ မင်း အဲ့ဒီအသံတွေကို နားထောင်ရဲလား ”
“ ဒါက ဧကရာဇ်တစ်ပါးအနေနဲ့ မင်းရဲ့ အုပ်ချုပ်မှုလား ”
“ ငါတို့ရဲ့ လူသားဘိုးဘေးတွေ ဂုဏ်ယူရအောင် မင်းလုပ်ပြမယ်ဆိုတာက ဒီဟာလား ”
“ မင်းက အရှက်မရှိဘဲ အောင်မြင်မှုတွေအကြောင်း ပြောရဲတယ် ”
“ ဒီနေ့ မင်းကို ငါလက်မခံဘူး… လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀)အတွင်းမှာ သေဆုံးသွားကြတဲ့ လူတွေကလည်း လက်ခံမှာမဟုတ်ဘူး ”
နင်ယန်သည် စကားပြောပြီးသည်နှင့် ရုတ်တရက် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ မကျေမချမ်းစာလိပ်သည် ရုတ်တရက် တုန်ယင်သွားပြီး မရေမတွက်နိုင်သော အနက်ရောင်အစက်အပြောက်များအဖြစ် အက်ကွဲသွားသည်။ ထိုအလင်းစက်များသည် နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး ကမ္မဖြင့် ပေါင်းစပ်သွားသည်။
ချက်ချင်းဆိုသလို လူသားမျိုးနွယ်၏ ကမ္မသည် တစ်ခါမှမဖြစ်စဖူး ပရမ်းပတာ လှုပ်ခတ်သွားသည်။ နောက်ဆုံးမှာတော့ ဝဲကတော့တစ်ခုသည် ကောင်းကင်ဘုံယဇ်ပလ္လင်၏ အထက်မှာ ကျယ်လောင်သော မြည်သံနှင့်အတူ ထွက်ပေါ်လာသည်။
အားလှိုင်းအတတ်အကျများသည် ပိုပြီးပြင်းထန်လာပြီး ကမ္ဘာမြေသည် တုန်လှုပ်သွားသည်။
“ ငါကိုယ်တော် ရွှမ်ကျန်းဟာ ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးခဲ့တယ် ဟုတ်လား… မင်းက ဘယ်လိုတောင် အဲ့လိုစကားကို ပြောရဲတာလဲ ”
“ မင်းယဇ်ပူဇော်ခဲ့တဲ့ လူသားမြေပုံက သက်ရှိတွေရဲ့ ဒုက္ခဆင်းရဲတွေကို မဖော်ပြပေးဘူးလား ”
“ မင်းယဇ်ပူဇော်ခဲ့တဲ့ သူရဲကောင်းဝိညာဉ်မှတ်တမ်းတွေက သူတို့ရဲ့ နောင်မျိုးဆက်တွေ ဘယ်လိုတောင် ဝမ်းနည်းပူဆွေးနေလဲဆိုတာ မှတ်တမ်းမတင်ထားဘူးလား ”
“ လူသားမျိုးနွယ်အတွက် မင်းယဇ်ပူဇော်ခဲ့တဲ့ သာယာတဲ့ ရာသီဥတုဆိုတာ ဘယ်မှာလဲ ”
နင်ယန်၏ ဝမ်းနည်းကြေကွဲသော အော်သံသည် အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားပြီး ကောင်းကင်အထိ ပျံ့လွင့်သွားသည်။ ရှေးဘုရင်ဂြိုလ်သည် တုန်ယင်သွားပြီး ကောင်းကင်ဘုံယဇ်ပလ္လင်သည်ပင် တုန်ယင်သွားသည်။ ကြောက်စရာကောင်းသော ဖိအားသည် အနက်ရောင်အစက်အပြောက်များဖြင့် စွန်းထင်ခံလိုက်ရသော လူသားမျိုးနွယ်၏ ကမ္မထဲမှ ထွက်ပေါ်လာသည်။
လူသားဧကရာဇ်သည် မည်သည့်စကားမှ မပြောပေ။ သူက နင်ယန်ကို တည်ငြိမ်စွာ ကြည့်နေသည်။
ယင်းကို နင်ယန်မြင်သောအခါ သူ၏ မျက်လုံးက ပိုပြီးနီရဲလာသည်။ သူက အရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ ခမည်းတော်က စကားမပြောချင်ဘူးဆိုမှတော့ မင်းရဲ့ သားတော်အနေနဲ့ ငါက ဒုတိယယဇ်ပူဇော်မှုကို ပေးမယ် ”
ထိုသို့ပြောပြီးနောက် နင်ယန်က လက်မြှောက်လိုက်လေရာ ဒုတိယစာလိပ်က ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံသန်းသွားသည်။
စာလိပ်သည် အနီရောင်ဖြစ်သည်။ စာလိပ်က ကောင်းကင်ပေါ်မှာ ကျယ်ပြန့်လာသည့်အခါ မရေမတွက်နိုင်သော မြင်ကွင်းများက ထွက်ပေါ်လာကြသည်။
ယင်းတို့က လူသားမျိုးနွယ်၏ ရာထူးအမျိုးမျိုး ဖြစ်ကြသည်။
သူတို့အားလုံးစီမှာ လောဘ၊ အပြစ်တော်များနှင့် သတ်ဖြတ်မှုများ ရှိကြသည်။ ယင်းတို့အားလုံးက စာလိပ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာကြသည်။ လူသားဧကရာဇ်၏ အုပ်ချုပ်မှုအောက်မှာ မိသားစုတစ်ခုစီသည် ကိုယ့်ကျိုးစီးပွားအတွက် မရေမတွက်နိုင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။ သူတို့က ရည်ရွယ်ချက်အမျိုးမျိုးနှင့် မတူကွဲပြားသော ရပ်တည်မှုများအတွက် သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ကြသည်။
သူတို့အများစုသည် ရက်စက်ကြမ်းကြုတ်သော လူများ ဖြစ်ကြသည်။
ဤသည်မှာ မင်းမှုထမ်းများ၏ ရာဇဝတ်မှုစာရင်းဖြစ်သည်။
ရာဇဝတ်မှုစာရင်းထွက်ပေါ်လာသည့်အခါ ဝန်ကြီးအများစု၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ သူတို့၏ အသိစိတ်က တုန်လှုပ်သွားပြီး သူတို့က ချောက်ချားသွားကြသည်။
စိတ်မသက်မသာဖြစ်သော ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ပိုပြီးအားကောင်းလာသည်။
“ ဧကရာဇ်ရွှမ်ကျန်း… ဒါက မင်းရဲ့ အုပ်ချုပ်မှုလား… ဒါက မင်းရဲ့ အင်ပါယာလား ”
နင်ယန်က သရော်လှောင်ပြောင်စွာ ရယ်မောလိုက်သည်။ ချက်ချင်းဆိုသလို အနီရောင်စာလိပ်က အက်ကွဲသွားပြီး မရေမတွက်နိုင်သော အနီရောင်အစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က လူသားမျိုးနွယ်၏ ကမ္မဖြင့် ပေါင်းစပ်သွားသည်။
မြင့်တတ်နေသော ကမ္မသည် ဤအခိုက်အတန့်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ကောင်းကင်ဘုံယဇ်ပလ္လင်ဆီသို့ ဦးတည်သွားသည်။ ဤသည်မှာ ရှေးခေတ်ဘီလူးတစ်ကောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လူသားဧကရာဇ်ကို မေးခွန်းထုတ်နေသည့်အလားပင်။
သို့သော်လည်း လူသားဧကရာဇ်က မည်သည့်စကားမှ မပြောပေ။ သူက နင်ယန်ကို ဆက်ပြီး ကြည့်နေသည်။
ယင်းကို မြင်သောအခါ နင်ယန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တတိယပစ္စည်းကို ထုတ်လိုက်သည်။
ယင်းက အနီရောင်အရိုးခေါင်းဖြစ်ပြီး လူသားအရိုးခေါင်းဖြစ်သည်။
ထို့ပြင် အရိုးခေါင်းက ကလေးငယ်တစ်ယောက်၏ အရိုးခေါင်းဖြစ်ပုံပေါ်သည်။
ကလေးငယ်မသေဆုံးခင် သွေးက ခန္ဓာကိုယ်အတွင်းမှာ စီးဆင်းနေခဲ့သည့်အလား အရိုးခေါင်းက အနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။
နင်ယန်သည် အရိုးခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် လူသားဧကရာဇ်ကို စိုက်ကြည့်လိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး လူတိုင်း၏ အမူအရာကို ထပ်မံပြောင်းလဲသွားစေမည့် တစ်စုံတစ်ခုကို ပြောလိုက်သည်။
“ ဧကရာဇ်ရွှမ်ကျန်း… မင်း ဒီအရိုးခေါင်းကို မမှတ်မိဘူးမလား… ကိစ္စမရှိဘူး… ဒီနေ့ ငါမင်းကို ပြောပြမယ် ”
ထိုသို့ပြောပြီးနောက် နင်ယန်၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ရွှေ့ပြောင်းသွားသည်။ သူက ရွှီချင်းနှင့် တခြားလူများကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်သို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူက ကမ္မဝဲကတော့ကို စိုက်ကြည့်လိုက်သည်။
သူက ကျယ်လောင်စွာ ပြောသည်။
“ ငါ့ရဲ့ ဘိုးဘေးတွေ… ငါ့မျိုးနွယ်ရဲ့ ကမ္မနဲ့ မရေမတွက်နိုင်တဲ့ လူသားတွေ… ”
“ လူသားဧကရာဇ်ရွှမ်ကျန်းက ထီးနန်းအရိုက်အရာကို ဘယ်လိုဆက်ခံနိုင်ခဲ့လဲ မင်းတို့သိကြလား ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ထိတ်လန့်မှုက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ အဘယ့်ကြောင့်ဆိုသော် လူသားဧကရာဇ်က ထီးနန်းအရိုက်အရာကို မဆက်ခံခင် အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။
“ အပြင်လူတွေ သိထားတာက ဧကရာဇ်ရွှမ်ကျန်းဟာ ဝိညာဉ်စုစည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီး အုပ်ချုပ်သူအဆင့်ကို တတ်လှမ်းဖို့ သူ့ရဲ့ အင်ပါယာသွေးမျိုးဆက်ပေါ်မှာ မှီခိုအားထားခဲ့တယ်… ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့… သူက တခြားဒေသကြီးရဲ့ ဒေသငယ်ကိုးခုက သက်ရှိတွေကို အဆင့်တတ်ဖို့အတွက် ယဇ်ပူဇော်ခဲ့တာပဲ ”
“ အဲ့ဒါက မျိုးနွယ်ခြားတစ်ခုရဲ့ ဒေသကြီးဖြစ်လို့ ပြဿနာကြီးမဟုတ်ဘူး… ဒါပေမဲ့ ယဇ်ပူဇော်ခံလိုက်ရတဲ့ ဒေသငယ်ကိုးခုထဲမှာ မျိုးနွယ်ခြားတွေအများကြီးအပြင် လူသားမျိုးနွယ်တချို့လည်း ပါဝင်ခဲ့ကြတယ် ”
“ ဧကရာဇ်ရွှမ်ကျန်း… လူသားဧကရာဇ်ဆိုတာ လူသားအားလုံးရဲ့ ဧကရာဇ်ပဲ… သူတို့က တခြားဒေသကြီးမှာ ရှိနေပေမဲ့လည်း မင်းရဲ့ ပြည်သူပြည်သားတွေပဲ မဟုတ်ဘူးလား ”
“ ဒါပေမဲ့ မင်းက ကိုယ့်ပြည်သူပြည်သားတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ ဒီလိုရက်စက်ယုတ်မာတဲ့ ကိစ္စကို ပြုလုပ်ခဲ့တယ်… မင်းရဲ့ လူမဆန်တဲ့ လုပ်ရပ်က ကောင်းကင်ဘုံနဲ့ လူသားတွေကို ဒေါသထွက်စေတယ် ”
“ အုပ်ချုပ်သူအဆင့်ကို တတ်လှမ်းနိုင်ဖို့အတွက် ကိုယ့်အမျိုးအနွယ်ရဲ့ အသွေးအသားနဲ့ ဝိညာဉ်တွေကို ယဇ်ပူဇော်ခဲ့တယ် ”
နင်ယန်၏ အသံသည် အလွန်ကျယ်လောင်သည်။ ယင်းက ကောင်းကင်ဘုံမိုးကြိုးအဖြစ် အသွင်ပြောင်းလဲသွားပြီး နန်းမြို့တော်ထဲမှာ ပေါက်ကွဲထွက်သွားသည်။
သူက လက်မြှောက်လိုက်ပြီး အနီရောင်အရိုးခေါင်းကို လူသားမျိုးနွယ်၏ ကမ္မဝဲကတော့ထဲသို့ ပစ်ထည့်လိုက်သည်။
“ လူသားမျိုးနွယ်ရဲ့ ကမ္မ… ကျေးဇူးပြုပြီး အဲ့ဒါကို သက်သေပြုပေးပါ ”
အနီရောင်အရိုးခေါင်းသည် ကောင်းကင်အောက်မှာ ပျောက်ကွယ်သွားပြီး လူတိုင်း၏ အကြည့်အောက်မှာ ကမ္မဝဲကတော့ထဲသို့ ချက်ချင်း ဆင်းသက်သွားသည်။ နောက်အခိုက်အတန့်မှာ ကမ္မနဂါးသည် ဝဲကတော့ထဲမှ ပျံသန်းထွက်လာပြီး လူသားဧကရာဇ်ကို ဟိန်းဟောက်လိုက်သည်။
နဂါးဟိန်းသံထဲမှာ နှလုံးကွဲကြေသော ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်မှာ လူတိုင်း၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။
ကမ္မဝဲကတော့သည်တော့ ကမ္မနဂါး၏ နှလုံးကွဲကြေသော ဟိန်းဟောက်သံအောက်မှာ ပိုမိုမြန်ဆန်စွာ လှည့်ပတ်သွားသည်။ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေမည့် ကျယ်လောင်သော မြည်သံက ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာ ဝဲကတော့သည် အနီရောင်နှင့် အနက်ရောင်ဖြင့် စွန်းထင်ခံလိုက်ရသည်။
ဝဲကတော့ထဲမှ မကျေမချမ်းစိတ်က တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။ ပင်လယ်ရေက မြင့်တတ်လာသည့်အခါ လှေက ပြိုကွဲပျက်စီးသွားလိမ့်မည်။ ထိုသဘောတရားအတိုင်းပင် နောက်အခိုက်အတန့်မှာ ကျယ်လောင်သော မိုးခြိမ်းသံများက ပဲ့တင်ထပ်လာသည့်အခိုက် အနီရောင်နှင့်အနက်ရောင် ရောစပ်ထားသော သံကြိုးများက ကမ္မဝဲကတော့အတွင်းမှာ ဒြပ်ထည်ဖြစ်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က ဝဲကတော့၏ အောက်ဘက်သို့ လွင့်မျောသွားကြသည်။
သံကြိုးများသည် စုစုပေါင်း တစ်ထောင်ရှိသည်။
ယင်းတို့က ယဇ်ပလ္လင်ပေါ်မှ လူသားဧကရာဇ်ထံသို့ ဦးတည်သွားကြသည်။ သို့သော်လည်း လူသားဧကရာဇ်သည် လုံးဝမခုခံပေ။ သူက သံကြိုးများကို သူ့အပေါ်သို့ ကျဆင်းသွားစေပြီး သူ၏ ခန္ဓာကိုယ်အား တင်းကျပ်စွာ တုတ်နှောင်သွားစေရန် ခွင့်ပြုထားသည်။
သံကြိုးများ၏ ချုပ်နှောင်မှုအောက်မှာ လူသားဧကရာဇ်သည် လေထဲသို့ ဆွဲခေါ်ခံသွားရသည်။
နောက်အခိုက်အတန့်မှာ ပိုမိုများပြားသော သံကြိုးများက ကမ္မဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က ကောင်းကင်ဘုံ၏ ချုပ်နှောင်မှုနှင့် အပြစ်ဒဏ်ပေးခြင်းကို ပိုပြီးအားကောင်းလာစေသည်။
နင်ယန်က လူသားဧကရာဇ်ကို စိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက တောက်ပသွားသည်။
“ စောစောက မင်းက စကားပြောရမှာကို ရှုံ့ချခဲ့တယ်… အခုရော… မင်းဘာမှ မပြောတော့ဘူးလား ”
လူသားဧကရာဇ်၏ အမူအရာသည် တည်ငြိမ်နေဆဲပင်။
သူက လူသားမျိုးနွယ်၏ ကမ္မဖြင့် ဖိနှိပ်ခံထားရပြီး သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသော်လည်း နင်ယန်ကို တည်ငြိမ်စွာ ကြည့်နေဆဲပင်။ ဤသည်မှာ သူက နင်ယန် တစ်ခုခုလုပ်မည်ကို စောင့်ဆိုင်းနေသည့်အလားပင်။
ထိုမြင်ကွင်းက ဝန်ကြီးများကို ဇဝေဇဝါဖြစ်သွားစေသည်။ နင်ယန်သည်လည်း နှလုံးတုန်သွားသည်။
သို့သော်လည်း နင်ယန်သည် သူ၏ ပြင်ဆင်မှုများအပေါ် ယုံကြည်မှုရှိသည်။ ထို့ပြင် မျှားက ဒူးလေးပေါ်သို့ ရောက်ရှိပြီးနေပြီ ဖြစ်သည်။ ပစ်လွှတ်ရန်သာ ကျန်တော့သည်။
ထို့ကြောင့် သူက အော်ပြောလိုက်လေရာ သူ၏ မျက်လုံးက ပိုပြီးနီရဲလာသည်။
“ မင်းဘာလို့ မလှုပ်ရှားသေးတာလဲ ”
ထိုစကားများက လူသားဧကရာဇ်ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။
အဘယ့်ကြောင့်ဆိုသော် နင်ယန်က စကားပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ အသက်ရှူမှုကို တဒင်္ဂရပ်တန့်သွားစေမည့် မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။
သူ၏ ဘေးမှ ဘုရင်ကျန်းယန်သည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ဘုရင်ကျန်းယန်၏ ပုံရိပ်သည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာသည်။ သူက အမူအရာကင်းမဲ့စွာရှိနေပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုစွမ်းအားသည် မဟာလောကရှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားဖြစ်သည်။ ဤသည်မှာ သူက အရာအားလုံးကို ဖိနှိပ်ပစ်နိုင်စွမ်းရှိသည့်အလားပင်။
သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ၏ အရှိန်အဝါက သက်တံ့သဖွယ် ပေါ်လျှိုးလာသည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ ဆေဘာဓားတစ်လက်က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက ဆေဘာဓားကို ဆုပ်ကိုင်၍ လူသားဧကရာဇ်ထံသို့ ချိန်ရွယ်လိုက်သည်။
ထို့နောက် သူက ဆေဘာဓားဖြင့် လွှဲယမ်းလိုက်သည်။
ထိုဆေဘာဓားချက်နှင့်အတူ မဟာလောကရှစ်ခုက ထွန်းလင်းတောက်ပလာပြီး ဝုန်းခနဲ မြည်ဟိန်းသွားသည်။ မဟာလောကရှစ်ခု၏ စွမ်းအင်အားလုံးက ဆေဘာဓားအလင်းထဲမှာ စုဝေးသွားပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထိုအရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ရှေးဘုရင်ဂြိုလ်ပေါ်မှ လူများသည် အချိန်မီ မတုံ့ပြန်နိုင်ကြချေ။ အထူးသဖြင့် ဘုရင်ကျန်းယန်၏ သစ္စာဖောက်မှုက လူတိုင်း၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။
သင့်တင့်သော အကြောင်းပြချက် သို့မဟုတ် အကျိုးအမြတ်ရမည်ဆိုလျှင် မည်သူမဆို သစ္စာဖောက်နိုင်ပေသည်။ သို့သော်လည်း လူတိုင်း၏ နှလုံးသားထဲမှာတော့ လူသားမျိုးနွယ်အတွက် နှစ်ပေါင်းများစွာကြာအောင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပေးခဲ့ပြီး လူသားမျိုးနွယ်အတွက် အသက်နှင့် ဝိညာဉ်ကို နစ်မြှုပ်ထားသော ဘုရင်ကျန်းယန်က သူတို့ကို သစ္စာဖောက်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုတော့ မယုံကြည်နိုင်စရာကောင်းသော ထိုကိစ္စက အမှန်တကယ် ဖြစ်ပေါ်လာသည်။
ဘုရင်ကျန်းယန်သည် နင်ယန်၏ ဝှက်ဖဲကတ်ဖြစ်သည်။
ချက်ချင်းဆိုသလို လူတိုင်း၏ နှလုံးသားထဲမှ မုန်တိုင်းသည် ပိုပြီးပြင်းထန်လာသည်။ သူတို့က အလွန်ထိတ်လန့်သွားလေရာ သူတို့၏ အသိစိတ်သည်ပင် ဟာလာဟင်းလင်းဖြစ်သွားသည်။ သို့သော်လည်း သူတို့မှာ စဉ်းစားနေရန် အချိန်မရှိပေ။ ဘိုးဘေးကန်တော့ပွဲက ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်မှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားကြောင်း သူတို့မြင်သွားသောအခါ ရှေးဘုရင်ဂြိုလ်၏ အတွင်းနှင့် အပြင်မှ ကျင့်ကြံသူများသည် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
အမြန်ဆုံး ထွက်ပေါ်လာသူသည် အရွယ်အိုမင်းနေသော အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူက လူသားဧကရာဇ်၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက မိန်းမစိုးနန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားသည်။ သူက အမြဲတမ်း ဤနေရာမှာ ရှိနေသည့်အလားပင်။ သို့သော်လည်း ယခုမှသာ သူ့ကိုယ်သူ ထုတ်ဖော်ပြလာခြင်း ဖြစ်သည်။ သူက ညာလက်ကို မြန်ဆန်စွာ မြှောက်တင်လိုက်ပြီး လူသားဧကရာဇ်ဆီသို့ ဦးတည်လာနေသော ဆေဘာဓားထံသို့ တွန်းထုတ်လိုက်သည်။
မိန်းမစိုးအဖိုးအိုထံမှ ထုတ်လွှတ်လိုက်သော ကျင့်ကြံခြင်းစွမ်းအားသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ဖြစ်သည်။
သူက လူသားမျိုးနွယ်၏ ပုန်းကွယ်နေသော ပညာရှင်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဤအခိုက်အတန့်မှာ မိန်းမစိုးအဖိုးအိုက ဘုရင်ကျန်းယန်၏ ဆေဘာဓားချက်ကို တားဆီးလိုက်လေရာ ကမ္ဘာမြေက တုန်ဟီးသွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။
သို့သော်လည်း သူ့မှာ မဟာလောကကိုးခု ကျင့်ကြံခြင်းစွမ်းအားရှိသည့်တိုင် ထိုဆေဘာဓားချက်ကြောင့် သူက ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားရပြီး သွေးတစ်ပွက် အန်လိုက်ရသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ဘုရင်ကျန်းယန်က မည်မျှအစွမ်းထက်ကြောင်း မြင်နိုင်ပေသည်။
ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်တွင် အင်ပါယာအစောင့်အကြပ်များက ပြေးလာကြသည်။ သို့သော်လည်း သူတို့က ရှေးဘုရင်ဂြိုလ်ထဲသို့ ဝင်ရောက်တော့မည့်အချိန် လူသားမျိုးနွယ်၏ စည်းချအစီအရင်က အင်ပြည့်အားပြည့် ထွက်ပေါ်လာပြီး သူတို့ကို အပြင်ဘက်မှ တားဆီးပိတ်ပင်လိုက်သည်။
အရည်အချင်းမပြည့်မီသူများသည် ရှေးဘုရင်ဂြိုလ်ပေါ်သို့ ခြေမချနိုင်ကြပေ။
ရှေးဘုရင်ဂြိုလ်ပေါ်မှ လူများသည်တော့ သူတို့အားလုံးနီးပါးက အရှေ့သို့ ပြေးထွက်သွားကြသော်လည်း ဘုရင်ကျန်းယန်၏ အစွမ်းထက် တိုက်ခိုက်မှုများအောက်မှာ အတင်းအဓမ္မ အနောက်ဆုတ်သွားကြရသည်။
သို့သော်လည်း မိန်းမစိုးအဖိုး၏ တိုက်ခိုက်မှုအောက်မှာ ဘုရင်ကျန်းယန်သည် လှုပ်ရှားမှုအများကြီး မပြုလုပ်နိုင်ပေ။
ရွှီချင်းသည် နင်ယန်ကို ကြည့်လိုက်သည်။
နင်ယန်က လူသားဧကရာဇ်ထံသို့ ပြေးသွားသည့်အခါ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်က ပိုပြီးအားကောင်းလာသည်။ သူက လေဟာနယ်ကို ဖမ်းဆုပ်လိုက်လေရာ လှံတစ်ချောင်း ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ လေထဲ၌ လူသားမျိုးနွယ်၏ ကမ္မသံကြိုးများဖြင့် ချုပ်နှောင်ခံထားရသော လူသားဧကရာဇ်၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ယမ်းသွားသည်။ ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သံကြိုးတစ်ချောင်းက ပြိုကွဲသွားသည်။
ချက်ချင်းဆိုသလို လူသားဧကရာဇ်၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒနှင့်အတူ ပေါ်လျှိုးထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးများသည် ထိုအရှိန်အဝါကို မတောင့်ခံနိုင်သောကြောင့် တစ်ချောင်းပြီးတစ်ချောင်း ပြိုကွဲသွားကြသည်။
သံကြိုးများက ပြိုကွဲသွားနေစဉ် လူသားဧကရာဇ်သည် အမူအရာကင်းမဲ့စွာ ခေါင်းမော့လိုက်ပြီး နင်ယန်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ပထမဆုံးအကြိမ် နင်ယန်ကို တည်ငြိမ်စွာ စကားပြောလိုက်သည်။
“ သားတော်ဆယ့်တစ်… မင်းမှာ နောက်ထပ်အစီအစဉ်တွေ ရှိသေးလား ”