ယဇ်ပလ္လင်ကို ဓားဖြင့် ပိုင်းဖြတ်ခြင်း
Vol. 89 Ch. 1358
ယဇ်ပလ္လင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်က အက်ကွဲသွားတော့မည့်ဟန် ရ၏။
ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်တွင် စိုးရိမ်ကြောက်လန့်နေကြသော ဝန်ကြီးများသည် အံ့ဩထိတ်လန့်သွားကြသည်။ သူတို့၏ နှလုံးသားထဲမှ မုန်တိုင်းက အလွန်ပြင်းထန်သည်ဟု ဆိုရမည်။
မယုံကြည်နိုင်ဖြစ်နေကြသည့် လူတချို့လည်း ရှိကြသည်။ ဤသည်မှာ သူတို့၏ အသိစိတ်က မိုးကြိုးပစ်ချခံလိုက်ရသည့်အလားပင်။
“ အဲ့ဒါ အရင်လူသားဧကရာဇ်တွေရဲ့ ခေါင်းတလားတွေပဲ ”
“ ဒါ… ဒါက နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ပဲ ”
မုန်တိုင်းသည် လူတိုင်း၏ နှလုံးသားကို မွှေနှောက်ဖျက်ဆီးပစ်လိုက်သည်။
ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအားလုံးအတွက်တော့ နတ်ဘုရားများသည် ကမ္ဘာ့ရန်သူတော်များ ဖြစ်ကြသည်။
ဝမ်ကူးကုန်းမြေသည် နတ်ဘုရားများ၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဆိုးဝါးသော ကပ်ဘေးကို တွေ့ကြုံခဲ့ရသည်။ သက်ရှိများသည်လည်း နတ်ဘုရားများကြောင့် သေကြေပျက်စီးသွားခဲ့ကြသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် မျိုးနွယ်စုအများကြီးသည် ခေါင်းငုံ့ရန် ရွေးချယ်ခဲ့ကြပြီး နတ်ဘုရားများထံ စိတ်ရောကိုယ်ပါ အညံ့ခံခဲ့ကြသည်။ ထိုနည်းဖြင့် ၎င်းတို့က အကျိုးအမြတ်များစွာကို ရရှိခဲ့ကြပြီး အစွမ်းထက် မျိုးနွယ်စုကြီးများ ဖြစ်လာခဲ့ကြသည်။
ဥပမာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ် ဖြစ်သည်။
သို့သော်လည်း ကျွန်သည် ကျွန်အဖြစ်သာ ဆက်ရှိနေလိမ့်မည်။
အတိတ်တွင် ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့သော လူသားမျိုးနွယ်အတွက်တော့ ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက် မျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် သူတို့သည် မည်သည့်အခါမှ ခေါင်းမငုံ့ခဲ့ကြပေ။
ခေတ်အဆက်ဆက်မှ လူသားဧကရာဇ်များသည် မျိုးနွယ်က မည်မျှခက်ခဲကျပ်တည်းနေပါစေ ခေါင်းမငုံ့ခဲ့ကြပေ။
သူတို့သည် ရှေးဘုရင်ရွှမ်ယုံ၏ သင်ကြားမှုများ၊ သူတော်စင်ကုန်းမြေ၏ အမိန့်တော်များနှင့် နွေဦးအင်မော်တယ်၏ ယဉ်ကျေးမှုဓလေ့များကို နှလုံးသွင်းလိုက်နာခဲ့ကြသည်။
နတ်ဘုရားများကို စူးစမ်းလေ့လာခြင်းက မရှောင်လွှဲနိုင်သော ကိစ္စဖြစ်သော်လည်း ထိုကိစ္စကြောင့်ပင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ပြဿနာက ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း အခြေခံအားဖြင့်ဆိုရသော် နတ်ဘုရားများသည် ကျင့်ကြံသူများ၏ ရန်သူတော်များ ဖြစ်ကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ မတူညီသော တာအိုလမ်းစဉ်ကြောင့် ဖြစ်သည်။
လူသားမျိုးနွယ်ထဲမှာ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာခြင်းသည် လက်မခံနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ မည်သည့်လူသားဧကရာဇ်မှ ထိုလမ်းစဉ်ကို မရွေးချယ်ခဲ့ကြပေ။
ဤသည်မှာ လူသားများက မျိုးဆက်အစဉ်အဆက် နားလည်လက်ခံထားကြသော မူဝါဒဖြစ်သလို လူသားမျိုးနွယ်၏ နောက်ဆုံးစည်းလည်း ဖြစ်သည်။ မဟာနန်းမြို့တော်ဒေသကြီးအတွင်းရှိ ကလေးငယ်မှစ၍ လူကြီးအဆုံး မည်သူမဆို ထိုသဘောတရားကို နားလည်ထားကြသည်။
သို့သော်လည်း ယခု နတ်ဘုရားမီးတောက်၏ အရှိန်အဝါသည် လူတိုင်း၏ အာရုံခံနိုင်စွမ်းအောက်မှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ အထူးသဖြင့် နတ်နန်းများနှင့် ဝိညာဉ်ကမ္ပည်းများပေါ်မှ နာမည်များ ဖြစ်ကြသည်။
ခေါင်းတလားငါးခုအနက် ခေါင်းတလားလေးခုထဲမှာ အတိတ်တုန်းက လူသားဧကရာဇ်များ၏ အလောင်းများက လဲလျောင်းနေကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်သည်။
လူသားဧကရာဇ်ရွှမ်ကျန်းသည် အတိတ်တုန်းက လူသားဧကရာဇ်များ၏ အလောင်းများမှ စွမ်းအားကို ငှားယူ၍ နတ်ဘုရားဖြစ်လာရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ဝန်ကြီးများ၏ နှလုံးသားထဲမှာ ယင်းက လုံးဝ လက်မခံနိုင်သော ကိစ္စဖြစ်သည်။ ယင်းက မင်းသားဆယ့်တစ်ကျူးလွန်နေသော ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ခြင်းရာဇဝတ်မှုထက် အဆပေါင်းများစွာ ပိုပြီးကြီးမားသည်။
အတိတ်တုန်းက လူသားဧကရာဇ်များသည်လည်း သူတို့၏ ဘဝတစ်လျှောက်မှာ စွမ်းအားကို လိုက်လံရှာဖွေခဲ့ကြသည်။ သို့သော်လည်း လူသားမျိုးနွယ်အပေါ် သူတို့၏ အကျိုးဆောင်မှုများသည် အလွန်ကြီးမားသည်။
သူတို့သည် သေဆုံးပြီးနောက် ငြိမ်းချမ်းစွာ အနားယူသင့်ပေသည်။ သို့သော်လည်း ယခု သူတို့သည် နောင်မျိုးဆက်များ၏ ရည်မှန်းချက်အတွက် လောင်စာအဖြစ် အသုံးချခံနေရသည်။ ထိုသို့လုပ်ရပ်သည် လူသားသဘာဝနှင့် လုံးဝဆန့်ကျင်နေသည်ဟု ဆိုရမည်။ ယင်းက မျိုးနွယ်အပေါ် သစ္စာဖောက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဝမ်းနည်းဖွယ်ကောင်းသော ငိုကြွေးသံများသည် ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ ပျံ့လွင့်လာသည်။
“ အရှင်မင်းကြီး… မင်း အဲ့လိုမလုပ်ရဘူး ”
“ ငါတို့က ကျင့်ကြံသူတွေရဲ့ မျိုးဆက်တွေပါ… ငါတို့က ကျင့်ကြံခြင်းလမ်းစဉ်ကိုပဲ လျှောက်လှမ်းပါတယ်… နတ်ဘုရားလမ်းစဉ်ကို လက်မခံနိုင်ပါဘူး ”
“ ငါတို့ရဲ့ ဧကရာဇ်ကိုယ်တိုင်က နတ်ဘုရားဖြစ်လာဖို့ ရွေးချယ်မှတော့ ငါတို့မျိုးနွယ်က လူသားမျိုးနွယ်အဖြစ် ဆက်ရှိနေပါဦးမလား ”
“ ဧကရာဇ်က နတ်ဘုရားဖြစ်လာမယ်ဆိုရင် ငါတို့ရဲ့ နောက်ဆုံးစည်းကို ဆုံးရှုံးသွားရုံတင်မကဘူး သူတော်စင်ကုန်းမြေကလည်း ငါတို့အပေါ် စိတ်ပျက်သွားလိမ့်မယ်… ”
“ အရှင်မင်းကြီး… ကျေးဇူးပြုပြီး ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးတော်မူပါ ”
“ နတ်ဘုရားတွေက ငါတို့ရဲ့ မဟာရန်သူတော်တွေပါ… တကယ်လို့ ဧကရာဇ်က နတ်ဘုရားဖြစ်လာမယ်ဆိုရင် မျိုးဆက်အစဉ်အဆက် နားလည်လက်ခံထားကြတဲ့ မူဝါဒက ဘယ်ရောက်သွားမှာလဲ… ဒီနှစ်တွေမှာ သူတော်စင်ကုန်းမြေက ငါတို့အပေါ် တိတ်တဆိတ် ထောက်ပံ့ပေးခဲ့တဲ့ အကူအညီတွေက ဘာအကျိုးရှိတော့မှာလဲ ”
ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ အရာရှိများသာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြခြင်းမဟုတ်ပေ။ ဤဘိုးဘေးကန်တော့ပွဲကို ကြည့်ရှုနေကြသော လူတိုင်း၏ နှလုံးသားထဲမှာလည်း ဖော်မပြနိုင်သော ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။
မင်းသားဆယ့်တစ်က ထုတ်ဖော်ပြခဲ့သော ယဇ်ပလ္လင်သည် ကြီးမားသော မုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။
ရွှီချင်းသည်တော့ ချွင်းချက်ဖြစ်သည်။
လူသားဧကရာဇ်က နတ်ဘုရားဖြစ်လာရန် ကြိုးစားနေခြင်းကို သူဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ယဇ်ပလ္လင်ထွက်ပေါ်လာသည့်အခိုက် သူ၏ စိတ်အာရုံအားလုံးက တခြားနေရာဆီသို့ ရွှေ့ပြောင်းသွားသောကြောင့် ဖြစ်သည်။ ယင်းက ယဇ်လ္လင်၏ အလယ်မှ ခရမ်းရောင်မီးအိမ်ဖြစ်သည်။
အကြည့်တစ်ချက်ဖြင့်ပင် ထိုမီးအိမ်ကို ချက်ချင်း သူမှတ်မိသွားသည်။ ယင်းက ရှေးဘုရင်ဂြိုလ်ဆီသို့ သူရောက်လာရသည့် ရည်ရွယ်ချက်ဖြစ်သည်။
ယင်းက နတ်မိမယ်ကျစ်ရွှမ်း၏ သက်စောင့်မီးအိမ်ဖြစ်သည်။
ယင်းကို မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ဟု ခေါ်သည်။
ခရမ်းရွှမ်မီးအိမ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကြောင်း သူသတိထားမိသွားသည်နှင့်ချက်ချင်း ရွှီချင်းက စိတ်မသက်မသာ ခံစားမိသွားသည်။
သူက ဆိုးဝါးသော နိမိတ်ကို ခံစားမိသွားသောအခါ သူ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။
‘ ရိုးရာဓလေ့က… လောလောဆယ် မပြီးမြောက်သေးဘူး ’
‘ လောင်ကျွမ်းနေတဲ့ ခရမ်းရွှမ်မီးအိမ်က ရိုးရာဓလေ့ရဲ့ ဇစ်မြစ်ပဲ… ဇစ်မြစ်က ငြိမ်းသတ်သွားတာနဲ့ ရိုးရာဓလေ့က အောင်မြင်သွားပြီး မီးအိမ်က အက်ကွဲသွားလိမ့်မယ်… အဲ့လိုဆိုရင်… ’
ဤအခိုက်အတန့်မှာ ဝိညာဉ်လှုပ်ခတ်စေနိုင်သော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ မင်းသားဆယ့်တစ်၏ စကားသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
“ လူသားဧကရာဇ်ရွှမ်ကျန်းဟာ ရူးသွပ်သွားပြီ… သူက ရှေးဘုရင်ရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ သူတော်စင်ကုန်းမြေရဲ့ အမိန့်ကို မလိုက်နာဘူး… သူက အတိတ်တုန်းက လူသားဧကရာဇ်တွေရဲ့ မွန်မြတ်တဲ့ ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပြီး နတ်ဘုရားဖြစ်လာဖို့အတွက် လောင်စာအဖြစ် အသုံးချခဲ့တယ် ”
“ ဒီလမ်းစဉ်ဟာ အင်မော်တယ်တာအိုနဲ့ သွေဖယ်နေပြီး လူသားမျိုးနွယ်အပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ပဲ ”
“ လူသားဧကရာဇ်ရွှမ်ကျန်းဟာ ဘိုးဘေးတွေကို မလေးစားဘဲ ပြည်သူပြည်သားတွေအပေါ် ဆင်းရဲဒုက္ခတွေ ခေါ်ဆောင်လာခဲ့တယ် ”
“ ကောင်းကင်ဘုံက အဲ့ဒါကို သက်သေပြုပေးနိုင်ပြီး ကမ္မက အဲ့ဒါကို အာရုံခံနိုင်တယ်… ဒီလိုပုဂ္ဂိုလ်က လူသားဧကရာဇ်ဖြစ်ထိုက်လား ”
မင်းသားဆယ့်တစ်၏ အသံက ကမ္ဘာတုန်ဟီးသွားစေသည်။ သူ၏ စကားလုံးတိုင်းက လူသားမျိုးနွယ်မှ ဝန်ကြီးများ၏ နှလုံးသားကို ပရမ်းပတာ လှိုင်းထသွားစေသည်။ တစ်ချိန်တည်းမှာ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
“ ဘုရင်ကျန်းကန်… အဲ့ဒီမီးအိမ်ကို မင်းလိုအပ်တယ်ဆိုတာ ငါသိတယ် ”
“ မီးအိမ်အက်ကွဲသွားတာကို မင်းမြင်ချင်လား ဒါမှမဟုတ် ရိုးရာဓလေ့ကို အတင်းအဓမ္မ ချိုးဖြတ်ပြီး အဲ့ဒါကို ပြန်ယူမလား ”
ရွှီချင်းသည် မည်သည့်စကားမှ မပြောဘဲ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ထိုအခိုက်အတန့်မှာ ဘုရင်ကျန်းယန်နှင့် တိုက်ခိုက်နေသော မိန်းမစိုးအဖိုးအို၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ သူက ရွှီချင်းကို တားဆီးချင်သည်။ သို့သော်လည်း သူက ဘုရင်ကျန်းယန်၏ တားဆီးခံလိုက်ရသည်။
ထို့ကြောင့် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဘုရင်ကျန်းကန်… လူသားဧကရာဇ်ရဲ့ လုပ်ဆောင်မှုတွေမှာ နက်နဲတဲ့ အဓိပ္ပာယ်ရှိတယ်… ပုန်ကန်သူတစ်ယောက်ရဲ့ စကားကို နားမယောင်ပါနဲ့… အနောက်ပြန်ဆုတ်ပါ ”
သို့သော်လည်း သူ့ကို ပြန်တုံ့ပြန်လိုက်သည်မှာ ရွှီချင်း၏ အေးစက်စက် အကြည့်နှင့် ခြေလှမ်းသာ ဖြစ်သည်။
ခြေတစ်လှမ်းနှင့်အတူ လောကကြီးက တုန်လှုပ်သွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် အကြမ်းပတမ်း ပေါ်ထွက်လာသည်။ ထို့နောက် ဝိညာဉ်ချည်မျှင်သန်းပေါင်းများစွာသည် ဝုန်းခနဲ မြည်သံများနှင့်အတူ ထွက်ပေါ်လာကြပြီး မဟာလောကတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဓားဟိန်းသံသည်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး ကောင်းကင်ကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။ ဧရာမဓားပုံရိပ်သည် ရှေးဘုရင်ဂြိုလ်၏ ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ယင်းကို မြင်သောအခါ မင်းသားဆယ့်တစ်က ရယ်မောလိုက်သည်။
သို့သော်လည်း သူရယ်လိုက်သည်နှင့် ရွှီချင်းက အနောက်လှည့်လိုက်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် မင်းသားဆယ့်တစ်၏ နှလုံးက ရုတ်တရက် တင်းကျပ်သွားသည်။
ရွှီချင်းသည် မည်သည့်စကားမှ မပြောဘဲ အကြည့်ပြန်ရုပ်လိုက်သည်။
မီးအိမ်ကို သူလိုအပ်ကြောင်း တစ်ဖက်လူက မည်သို့သိနေကြောင်းကိုတော့ ယခုအချိန်မှာ သူမစဉ်းစားနိုင်သေးပေ။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ထိုကိစ္စက သူ့အား မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ကို မြန်ဆန်စွာ ရှာတွေ့စေသည်။ သို့သော်လည်း ထိုနောက်ကွယ်တွင် လှည့်စားမှုရှိကြောင်း ထင်ရှားပေသည်။
သို့သော်လည်း ယခုအချိန်မှာ ထိုအရာအားလုံးက အရေးမကြီးတော့ပေ။
ရွှီချင်းသည် အရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် ယဇ်ပလ္လင်ဆီသို့ မြန်ဆန်စွာ ဦးတည်သွားသည်။
သူက မင်းသားဆယ့်တစ်ကို မကူညီပေးချင်သလို လူသားဧကရာဇ်၏ ကိစ္စမှာလည်း မပါဝင်ချင်ပေ။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ခရမ်းရွှမ်မီးအိမ်ကို မဖြစ်ဖြစ်သည့်နည်းနှင့် သူရယူရမည်။ ထိုအတွက် သူက လူသားဧကရာဇ်၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို ဖျက်ဆီးပစ်ရမည်ဆိုလျှင်ပင် လုပ်ဆောင်လိမ့်မည်။
နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က ယဇ်ပလ္လင်၏ အပြင်ဘက်မှာ ထွက်ပေါ်လာပြီး မီးတောက်ပင်လယ်ထဲသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ ဧကရာဇ်ဓားပုံရိပ်က လှုပ်ရှားလိုက်သည်။
ဓားသည် ယဇ်ပလ္လင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။
မိန်းမစိုးအဖိုးအို၏ အမူအရာသည် မည်းမှောင်သွားသည်။ သူက ရပ်တန့်ချင်သော်လည်း ထိုသို့မလုပ်ဆောင်နိုင်ပေ။ ရှေးဘုရင်ဂြိုလ်ပေါ်မှ တခြားလူများသည်တော့ သူတို့အားလုံးက တုံ့ဆိုင်းနေကြသည်။
အကယ်၍ ထိုအရာက နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့မဟုတ်လျှင် သူတို့က ရွှီချင်းကို သေချာပေါက် တားဆီးကြလိမ့်မည်။
သို့သော်လည်း ယခုတော့…
လူတိုင်းက နှုတ်ဆိတ်သွားကြသည်။
ဧကရာဇ်ဓားပုံရိပ်သည် ကမ္မစွမ်းအားကို လှုပ်ခတ်စေမည့် ကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့်အတူ စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ယင်းက ကမ္ဘာမြေကို ဆုတ်ဖြဲပစ်နိုင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားနှင့်အတူ ဆင်းသက်လာသည်။
မင်းသားဆယ့်တစ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက တစ်ချိန်လုံး နှုတ်ဆိတ်နေသော လူသားဧကရာဇ်ကို ကြည့်လိုက်ပြီး ပြောသည်။
“ ခမည်းတော်… မင်းရှုံးသွားပြီ ”
လူသားဧကရာဇ်သည် မည်သည့်စကားမှ မပြောဘဲ နှုတ်ဆိတ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးများက ဆက်လက် ပြိုကွဲနေဆဲဖြစ်သော်လည်း သူက ဂရုစိုက်သည့်ပုံမပြချေ။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ယဇ်ပလ္လင်၏ အပြင်ဘက်မှ ရွှီချင်းပေါ်သို့ ကျရောက်နေသည်။
သူတစ်ယောက်တည်းသာ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ ယဇ်ပလ္လင်၏ အပြင်ဘက်မှ လူတိုင်းသည် ရွှီချင်းကိုသာ အာရုံစိုက်နေကြသည်။
လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ ဧကရာဇ်ဓားပုံရိပ်သည် နောက်ဆုံးမှာတော့ ယဇ်ပလ္လင်၏ အပြင်ဘက်မှ မီးတောက်ကို ပိုင်းဖြတ်လိုက်သည်။
မီးတောက်များသည် ရုတ်တရက် ပရမ်းပတာ လှုပ်ရှားထကြွလာပြီး ဧရာမမျက်နှာတစ်ခုကို ဖွဲ့စည်းသွားသည်။
၎င်းက ဧကရာဇ်ရွှမ်ကျန်း၏ မျက်နှာဖြစ်သည်။
မီးတောက်မျက်နှာသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဧကရာဇ်ဓားဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ကမ္ဘာတုန်ဟီးသွားစေမည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။
ဧကရာဇ်ဓားပုံရိပ်က လွင့်ပြယ်သွားပြီး မျက်နှာက ပျောက်ကွယ်သွားသည်။
မီးတောက်များသည် လေကြမ်းဖြင့် တိုက်ခတ်ခံလိုက်ရသည့်အလား အပြင်းအထန် လောင်ကျွမ်းလာသည်။
ရွှီချင်းသည် မရပ်တန့်ခဲ့ပေ။ သူက ထိုအခွင့်အရေးကို အသုံးချ၍ အလျင်ကုန်ကို အသုံးပြုလိုက်ပြီး ယဇ်ပလ္လင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူ၏ အလျင်က အလွန်အံ့ဖွယ်ကောင်းလေရာ ကြွင်းကျန်ပုံရိပ်များပင် လေထဲမှာ ကျန်ရစ်နေခဲ့သည်။
သို့သော်လည်း သူက အနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း ယဇ်ပလ္လင်၏ အပြင်ဘက်မှ မီးတောက်ထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များက ထွက်ပေါ်လာကြသည်။
ထိုပုံရိပ်များထဲတွင် လူသားများ၊ မျိုးနွယ်ခြားများ၊ သားရဲများနှင့် နတ်ဘုရားများပင် ပါဝင်ကြသည်။
၎င်းတို့အားလုံးက အတိတ်တုန်းက လူသားဧကရာဇ်များ၏ အကြွင်းအကျန် အရှိန်အဝါများမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
၎င်းတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း မီးတောက်ပုံရိပ်များ၏ အရှိန်အဝါက တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာသည်။ ၎င်းတို့အားလုံးက ရွှီချင်းဆီသို့ ဦးတည်သွားကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ယဇ်ပလ္လင်၏ အလယ်ဗဟိုမှ မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်က ရုတ်တရက် တုန်ယင်သွားသည်။ ဤသည်မှာ ရွှီချင်း၏ ထွက်ပေါ်လာမှုက လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် ၎င်းကို တုံ့ပြန်သွားစေသည့်အလားပင်။
သို့ဖြစ်၍ ရွှီချင်းဆီသို့ ဦးတည်သွားနေကြသော မီးတောက်ပုံရိပ်များသည် ချက်ချင်း နှေးကွေးသွားကြသည်။
ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူ၏ အလျင်က ထပ်မံ ပေါက်ကွဲထွက်လာသည်။ ဝိညာဉ်ချည်မျှင်သန်းလေးဆယ်ဖြင့် ဖွဲ့စည်းထားသော မဟာလောကက သူ့အား အဆုံးမဲ့သော စွမ်းအားကို ထောက်ပံ့ပေးထားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိကုန်းမြေသည်လည်း နတ်ဘုရားအခွင့်အာဏာများနှင့်အတူ လင်းလက်တောက်ပလာသည်။
အနက်ရောင်မြူခိုးက ရွှီချင်း၏ အနောက်မှာ တအိအိလှုပ်ခတ်သွားပြီး မင်ဖေးက ဟိန်းဟောက်လိုက်သည်။
ရွှီချင်း၏ ဦးခေါင်းပေါ်တွင် ခရမ်းလက မြှောက်တတ်လာသည်။ အစွန်းရောက်ယင်ငရဲပိုးစုန်းကြူးက ထွက်ပေါ်လာပြီး သူ၏ ဆံပင်ရှည်ကို ခရမ်းရောင်သို့ ပြောင်းလဲသွားစေသည်။
ကံကြမ္မာဆိုးစွမ်းအားသည် ချက်ချင်း ပျံ့နှံ့ထွက်လာသည်။ အသက်မဲ့နေကြသော မီးတောက်ပုံရိပ်များသည်ပင် ကံကြမ္မာဆိုးစွမ်းအား၏ သက်ရောက်မှုအောက်မှာ မလွတ်မြောက်နိုင်ကြချေ။
မဟာရွှမ်ထျန်းစစ်ချပ်ဝတ်သည်လည်း ထွက်ပေါ်လာသည်။ မီးအိမ်ကိုးခုက သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်နေကြသည်။ မီးအိမ်တစ်ခုစီ၏ မျက်နှာပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သော နဂါးဦးခေါင်းက ထွက်ပေါ်လာပြီး အသံမဲ့သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ ညာလက်က ကြည်လင်တောက်ပလာသည်။ သူက ညာလက်ကို သူ၏ ရင်ဘက်ထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်ပြီး အသိစိတ်ပင်လယ်ထဲသို့ ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်က ဗလာနတ္ထိကုန်းမြေထဲသို့ ဝင်ရောက်သွားပြီး ဧကရာဇ်ဓားတည်ရှိသော ရတနာသိုက်ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။
ရတနာသိုက်ထဲတွင် လက်သည် အင်ပါယာဝိညာဉ်ဖြင့် ပေါင်းစပ်သွားပြီး ဧကရာဇ်ဓားကို ဆုပ်ကိုင်လိုက်သည်။
ဧကရာဇ်ဓားသည် တုန်ယင်သွားသည်။ သို့သော်လည်း ၎င်းက မခုခံပေ။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက မီးလျှံလဆီမှ ပြန်ရောက်လာပြီးနောက် မဟာဧကရာဇ်ဖြင့် သွားတွေ့ဆုံခဲ့ပြီး တစ်ဖက်လူထံမှ အဖြေကို ကြားခဲ့ရသည်။ မဟာဧကရာဇ်၏ ပြောစကားအရ ရွှီချင်းသည် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒကို အသုံးပြု၍ ဧကရာဇ်ဓားကို ထိန်းချုပ်နိုင်သည်။
ယခင်က အကန့်အသတ်များက ယခု မရှိတော့ပေ။
သို့ဖြစ်၍ သီအိုရီအရ ရွှီချင်းမှာသာ ခွန်အားအလုံအလောက်ရှိမည်ဆိုလျှင် သူက ဧကရာဇ်ဓားကို အပြင်သို့ ထုတ်ယူနိုင်ပြီး သူ၏ လက်ထဲမှာ ဆုပ်ကိုင်နိုင်ပေသည်။
သို့သော်လည်း ထိုအချိန်က ယခုမဟုတ်သေးသည်မှာ ထင်ရှားသည်။
မည်သို့ဖြစ်ပါစေ သူက ဧကရာဇ်ဓား၏ အစစ်အမှန်ကိုယ်ထည်ကို အပြင်သို့ မထုတ်ယူနိုင်သေးသော်လည်း ဓားချီတစ်ခုကိုတော့ ထုတ်ယူနိုင်သေးပေသည်။
ဓားချီသည် အပြင်သို့ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဧကရာဇ်ဓားပုံရိပ်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ယင်းက အစောနက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာခဲ့သော ဧကရာဇ်ဓားပုံရိပ်နှင့် တစ်ပုံစံတည်း တူညီသည်။ သို့သော်လည်း ဤဓားပုံရိပ်က ပိုပြီးသိပ်သည်းပြီး ပိုပြီးထက်ရှသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက ဧကရာဇ်ဓားကို ဆုပ်ကိုင်လိုက်လေရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ဓားကိုင်ဆွဲလျက် အရှိန်နှေးကွေးသွားသော မီးတောက်ပုံရိပ်များဆီသို့ ဦးတည်သွားသည်။
အဝေးမှကြည့်လျှင် ရွှီချင်း၏ အရှိန်အဝါက နဂါးတစ်ကောင်နှင့် ဆင်တူသည်။
ဝုန်းခနဲ မြည်သံက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဧကရာဇ်ဓားဖြတ်သန်းသွားသည့်နေရာတိုင်း မီးတောက်ပုံရိပ်တစ်ခုပြီးတစ်ခုက ချက်ချင်း ပြိုကွဲပျက်စီးသွားကြသည်။ နတ်ဘုရားအခွင့်အာဏာ၏ အစွမ်းများသည်လည်း ပျံ့နှံ့ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာ နွယ်ပင်သည် ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် မီးတောက်ပုံရိပ်များကို မတိုက်ခိုက်ပေ။ ယင်းအစား ၎င်းက ဤနေရာမှ မီးတောက်များကို ဝါးမျိုလိုက်သည်။
မီးတောက်များကို ဝါးမျိုလိုက်သည်နှင့် ၎င်းက ဝမ်းသာပျော်ရွှင်သော စိတ်ခံစားချက်ကို ထုတ်လွှတ်လာသည်။
အရိပ်လေးသည်လည်း နောက်ကောက်ကျန်နေရန် ဆန္ဒမရှိပေ။ ၎င်းက မြန်ဆန်စွာ ပျံ့ပွားထွက်လာပြီး မီးတောက်များထဲသို့ ခုန်ဆင်းသွားသည်။ ၎င်းက ပင်လယ်ထဲမှ ငါးတစ်ကောင်နှယ် မီးတောက်ပင်လယ်ထဲမှာ လွတ်လပ်စွာ ရွေ့လျားနေသည်။
ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို လှိုင်းထသွားစေသည်။
ဤသည်မှာ လူသားမျိုးနွယ်အတွင်း လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းက အစွမ်းကုန်ထုတ်သုံး၍ ပထမဆုံးအကြိမ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။